ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

(ယက္ခ) ရဲကြီး- ပေး

 ပေး
  " ဗန်းစကားဆိုတာ ရှင်သန်နေဆဲဘာသာစကားတိုင်းမှာ ရှိတယ်။ ဗန်းစကားများ ပေါ်ပေါက်လာခြင်း၊ ဗန်းစကားများသုံးစွဲခြင်းဟာ အပြစ်မဟုတ်ပါ။ ဗန်းစကားများဟာ သမိုင်း တလျှောက် ပေါ်ပေါက် ခဲ့ ပေါ်ပေါက်ဆဲ ဖြစ်တယ်။ သို့သော် ဘာသာစကားတမျိုးရဲ့ ဗန်းစကားအသစ်တွေကို စိစစ်ကြည့်ရင် ထွက်ပေါ်လာရာနေရာဇစ်မြစ်ကတဆင့် ဒီဘာသာစကား သုံးစွဲသူတွေရဲ့ အဆင့် အတန်း၊ လားရာ၊ အခြေအနေများ၊ စရိုက်၊ စိတ်အခြေခံ ရင်းမြစ်တွေကို ချောင်းကြည့်နိုင်ပါတယ် "
---------------------------------



. . . အသက်လေး ၃၀ကျော်လာပြီးတဲ့အခါမယ် ကျွန်တော့်ကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံး စကားလုံးက "ပေး"ဆိုတာပဲ။

  . . . ဘာသာစကားကို ကျွမ်းဝင်လေ့လာခဲ့ခြင်းက တချို့အချိန်တွေမှာ သူလိုငါလိုလူတွေထက် စိတ်ထိရှမှု ပိုများစေသလားမဆိုနိုင်ဘူး။ "ဟေ့ရောင် သားကြီး" လို့ အခေါ်ခံရရင်လည်း နားထဲမှာ ထောင့်ခနဲ ဖြစ်ဖြစ် သွားရ။ "ဒစ်လည်နေတယ်ဟ" လို့ ကြားရင်လည်း မျက်နှာမှာ စပ်ဖျဉ်းဖျဉ်းဖြစ်ရ။ "တိုင်ပတ်နေတယ်" ဆိုတာရော မူလရင်းမြစ်ကဘာလဲသိကြရဲ့လားမသိ။



ညကလပ်တွေဆီက အဖော်အချွတ်နဲ့တိုင်လုံးပတ်ပြီးက (ကတယ်ဆို) တဲ့ဆီက ဆင်းသက်လာပုံပါ။ "လန်ထွက်" ဆိုတာ .. ပိုဆိုးသွားပြီ။ ချရေးပြီး ရှင်းပြလို့ မကောင်းတော့ဘူး။ မအင်္ဂါကိုပြောတာလို့သာ သိထားလိုက်ပါတော့။ "မှတ်တောင်ထားရဦးမယ်" က ပြည့်တန်ဆာရပ်ဝန်းက စကားလုံးဖြစ်ပါတယ်။ ညမယ်တွေဆိုတာ လူတယောက်ကို မှတ်မထားနိုင်ကြဘူးလေ၊ သူတို့ကို 'မှတ်ထားနော်'လို့ပြောရင် "အင်း မှတ်တောင်ထားရဦးမယ်ဆိုပဲ" ဆိုတာမျိုး တုံ့ပြန်တတ်ကြတာကိုး။
. . . ဗန်းစကားဆိုတာ ရှင်သန်နေဆဲဘာသာစကားတိုင်းမှာ ရှိတယ်။ ဗန်းစကားများ ပေါ်ပေါက်လာခြင်း၊ ဗန်းစကားများသုံးစွဲခြင်းဟာ အပြစ်မဟုတ်ပါ။ ဗန်းစကားများဟာ သမိုင်း တလျှောက် ပေါ်ပေါက် ခဲ့ ပေါ်ပေါက်ဆဲ ဖြစ်တယ်။ သို့သော် ဘာသာစကားတမျိုးရဲ့ ဗန်းစကားအသစ်တွေကို စိစစ်ကြည့်ရင် ထွက်ပေါ်လာရာနေရာဇစ်မြစ်ကတဆင့် ဒီဘာသာစကား သုံးစွဲသူတွေရဲ့ အဆင့် အတန်း၊ လားရာ၊ အခြေအနေများ၊ စရိုက်၊ စိတ်အခြေခံ ရင်းမြစ်တွေကို ချောင်းကြည့်နိုင်ပါတယ်။

. . . ဆိုတော့ ဗန်းစကားများရဲ့ ထွက်ပေါ်ရာရင်းမြစ် source of origin ဟာ စိတ်ဝင်စား စရာ ကောင်းပါ တယ်။ အိမ်တအိမ်ကို နောက်ဖေးပေါက်ကတက်ကြည့်ရသလို ရှိတတ်တယ်။ အထက်ကပခဲ့တဲ့ ဗန်းစကား များရဲ့ ရင်းမြစ်ဟာ ရုန့်ရင်းညစ်ညမ်းတယ်။ ဒါကြောင့် ကျွန်တော်ဆို မပြောဘူး။ ခင်ဗျားလည်း ခု နားလည် သွားရင် ပြောချင်မယ် မထင်တော့ဘူး။ မပြောတဲ့သူများလာရင် ဗန်းစကားသေပြီ။ ပျောက်သွားမယ်။ မကောင်းတဲ့ဘက်ကဲတဲ့ ၊ မူရင်းအဓိပ္ပာယ်ကို မောင်နဲ့နှမ ပြောလို့မကောင်းတဲ့ဗန်းစကားတွေ သေသွား တာမကောင်းဘူးလား။
. . . ဟော့ချင်လို့ ပေါ့ချင်လို့ဆိုရင် ဘေးလွတ်တဲ့ မရိုင်းတဲ့ ဗန်းစကားတွေပြောကြတာပေါ့။ ရိုးရိုးရှင်းရှင်း အပြစ်ကင်းတဲ့ဗန်းစကားတွေ အများအပြားရှိပါတယ်။ "အကိတ်ကြီး"လို့ပြောပါ ၊ cake က လာတယ်။ "အလန်းလေး" လို့ပြောပါ ၊ မြန်မာစကား 'လန်း'ကနေ လာတယ်။ "ကွီး"လို့ခေါ်ပါ ၊ "ခေး ၊ ညလေး" လို့ ပြန်ခေါ်မယ်။ ရင်ဘတ်ချင်း ပလပ်ထိုးကြတာပေါ့။ မရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ မော်ဒန်လူ့ဘောင် တည်ဆောက်လို့ရပါတယ်။
. . . ဗန်းစကားတွေကို တော်လှန်ဖို့ မလိုပါဘူး။ တော်လှန်လို့လည်းမရဘူး။ ခင်ဗျားနဲ့ ကျွန်တော် မမွေးခင် ကတည်းက ကျွန်တော်တို့ အဖေတွေက "ဇေပဲ" လို့ ပြောကြတာ။ ကျွန်တော်တို့အမေတွေက "ဒီလိုဆို လွန်တာပေါ့" လုပ်နေတာ။
. . . မကောင်းတဲ့ဗန်းစကားကို မကောင်းမှန်းသိရင် မသုံးပဲ မပြောပဲနေပြီး သတ်ပစ်လိုက်ဖို့သာ လိုအပ် တာ။ မဟုတ်ရင် ဗန်းစကားတွေကနေ တရားဝင်စကားလုံးအဖြစ် ဝေါဟာရအသစ်ဖြစ်လာမယ်။ ဒီအခါမှာ စကားလုံးရဲ့ရင်းမြစ်ဟာ မြန်မာ(ဗမာ)ဘာသာစကားကို ပြဋ္ဌာန်းပေးသွားမှာပဲ။

"မိုက်တယ်" ဆိုတဲ့ စကားဟာ ဒီနေ့အားလုံးလက်ခံပြီးသားမြန်မာစကားဖြစ်နေပြီ။ တရားဝင် မဝင်ဆိုတာ စာအုပ်ကြီးထဲရေးထည့်မှ မဟုတ်ဘူး။ "မိုက်တယ်"ဆိုတာ ဒီနေ့မြန်မာစကားလုံး အစစ်အမှန် ဖြစ်ပါတယ်။ ဒီစကားလုံးရဲ့ထွက်ပေါ်လာပုံကို ဆန်းစစ်ကြည့်ပါ။ "ကောင်းတယ်" ဆိုတာကို "မိုက်တယ်" လို့ ပြောင်း သုံးတယ်။ မိုက်=ကောင်း ပဲ။ မူရင်းမှာ "မိုက်"ဆိုတာသည် "မကောင်း"။ ဆိုတော့ .. ဒီစကားလုံး ထွန်းကားတဲ့ကာလမှာ မြန်မာလူထုသည် "မိုက်ပြခြင်း"များကို သဘောကျကြသည်လို့ မတွေးနိုင်ဘူးလား။

ရဲကိုကို၊ ရဲမင်းပိုင်တို့ရဲ့ ဖိုက်တာကားတွေနဲ့ စည်ကားတဲ့ မြန်မာဗွီဒီယိုခေတ်ဦးရယ် 'မိုက်တယ်' ဗန်းစကား ထွန်းကားချိန်ရယ် တိုက်ဆိုင်မှုဟာ ဆက်စပ်မှုမရှိဘူးလို့ ပြောနိုင်မလား။ ဒီစကားလုံးအပေါ်တည်ပြီး "မြန်မာလူမျိုးတွေဟာ ရုန့်ရင်းကြမ်းတမ်းမိုက်မဲမှုကို သဘောကျတတ် ကြသည်" လို့ ဥရောပသား တယောက်က ကောက်ချက်ဆွဲပြရင် .. ။

. . . ပိုဆိုးတဲ့ ဥပမာက "စော်"ပါ။ ကျွန်တော်တို့လည်းပြောကြတာပဲ။ ရှောင်လို့မရနိုင်အောင်ဖြစ်နေပြီလေ။ ကျွန်တော်တဦးတည်းရဲ့အသိစိတ်မှာ "စော်"ဆိုတဲ့ စကားလုံးကို မူရင်းအဓိပ္ပာယ်လည်းမသိပါ၊ 

ရိုင်းတယ်လို့လည်းမထင်ပါ ၊ လူကြီးတွေရှေ့မပြောသင့်တဲ့ ဗန်းစကား လောက်သာအသိရှိတယ်။
သို့သော် .. "စော် ဆိုသည်မှာ မိန်းမတို့၏ မအပ်မရာကိုခေါ်ညွှန်းခြင်း"လို့ ဆရာမြသန်းတင့်ရေးတာကို ငယ်ငယ်ကဖတ်ခဲ့ဘူးတဲ့အတွက် ခပ်ရိုင်းရိုင်းစကားလုံးကြီးဖြစ်မယ်လို့ တွေးယူကြည့်လို့ ရပါတယ်။ တွေး ကြည့်လို့ရသော်လည်း ခံစားလို့မရပါ။ ရိုင်းတယ်လို့ မခံစားရ။ ကျွန်တော်ချာတိတ်ဘဝမှာ အကြီးတွေက "ဟိုစော်လေး ၊ ဒီစော်လေး" တွင်တွင်ကျယ်ကျယ်ပြောနေပါပြီ။ ကျွန်တော်လည်း ကြီးလာတော့ ပြော ပါတော့တယ်။ ဘာသာစကားကိုကျွမ်းဝင်တတ်တဲ့ စာဖတ်အလေ့ရှိသော လူတယောက်မှာတောင် မကောင်းမှန်းလည်းသိပါလျက်နဲ့ "စော်"ဆိုတဲ့ ဗန်းစကားကို ဒူးထောက် ရခြင်းပါ။

. . . "စောက်" ဆိုရင်လည်း ရှောင်မရတဲ့ နေ့စဉ်သုံးဝေါဟာရဖြစ်နေပြီ။ သူ့ရဲ့နောက်မျိုးဆက်(next generation) "စောက်ရမ်း" တောင် ပုံမှန်စကားဖြစ်နေပြီ။ "စောက်" ဆိုတာ တော်တော်ရိုင်းပြတဲ့ မြန်မာ စကားမှန်းကျွန်တော်ကောင်းကောင်းသိပေမယ့် အပြောခံရလို့သော်လည်းကောင်း ပြောမိလို့ သော် လည်းကောင်း နင့်နင့် နဲနဲ မခံစားရပါဘူး။ "အဲဒီကောင်မကိုစောက်မြင်ကပ်တယ်"၊ "စောက်ရမ်း မိုက် တယ်ဟေ့ရောင်" .. ကြားရတာရှောရှောရှူရှူပါပဲ။ "စောက်သည်းပေါက်တယ်"ဆိုတဲ့ ဗန်းစကားလေး ဆိုသဘောကျလို့ တခါတခါပြောမိသေး။
 
. . . "ပြိုင်းနေပြီ"၊ "ဥထားတာ"၊ "ဖုသွားတယ်"၊ "ဖီးကွေးတယ်၊ ဖီးကျဲတယ်"၊ "နားကားသွားမယ်"၊ "ဆေးထိုးပြီ"၊ "ဘာလား"၊ "ပလပ်ကျွတ်တယ်"၊ "ဂါမယ်"၊ "စကီလေး"၊ "ဘီးကျဲ".. ပြောမကုန်ဘူး။ ရှောင်လို့ မလွတ်ဘူး။ ရှောင်ဖို့လည်း အထူးမလိုပါဘူး။

. . . ဗန်းစကားတခုရဲ့အစပြုရာဇစ်မြစ်ကို သိမြင်နိုင်ရင် လုံလောက်ပါတယ်။ သိပြီးမှ ပြောချင်တယ် မပြောချင်ဘူးဆိုတာ၊ ပြောသင့်တယ် မပြောသင့်ဘူး ဆုံးဖြတ်တာတွေက လူတဦးချင်းရဲ့ လွတ်လပ်တဲ့ ကိစ္စဖြစ်တယ်။ လူတဦးစီဟာ သူ့ရဲ့ဉာဏ်ပညာအဆင့်အတန်း၊ စရိုက်၊ အတွင်းစိတ်အခံ၊ ဘဝခံယူ ချက်၊ ကိုယ်ရည်ကိုယ်သွေးအလျောက် သူနှစ်သက်သလို ဗန်းစကားတွေကို သူ့ဘဝမှာ အသုံးပြုသွား ကြမှာပါပဲ။ ကိုယ်ပိုင်သမိုင်း ကိုယ်စီပေါ့။

. . . "ပေး" ဆီလည်း ခုမှရောက်တော့တယ်။ ဗန်းစကား to အဆန်းအလန်းတွေ လူတိုင်းမသုံး ဘူး။ နေရာတိုင်း မသုံးဘူး။ "ပေး"ကတော့ နေရာမရွေး ၊ လူမရွေး ကြားရနိုင်တယ်။ တိုက်ပုံအင်္ကျီနဲ့စင်ပေါ်ကပုဂ္ဂိုလ်ကြီးဟာ "ဟိုစကီလေး"လို့ မပြောမှာသေချာပေမယ့် .. "အခုကျွန်တော်ပြောပြပေးမှာက" လို့တော့ ပြောတတ်တယ်။ ခင်ဗျားလည်းကြုံဖူးမှာပါ။ အရင်ကသတိမထားမိရင်တောင် ဒီစာဖတ်ပြီးချိန်ကစပြီး သတိပြုမိသွားလိမ့်မယ်။

စတိုးဆိုင်က အရောင်းဝန်ထမ်းမလေးကလည်း "အကြွေအမ်းပေးမယ်"၊ ကောင်တာထဲကပစ္စည်း "ထုတ်ပြပေးမယ်" ပြောတယ်။
နာ့စ်မလေးကလည်း "တိုင်းပေးမယ် ၊ ရေးပေးတယ် ၊ ထိုးပေးတာ" ပြောတယ်။
အယ်ဒီတာက "ဖတ်ပေးပါ့မယ်" တဲ့။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် တန်းစီပြီးဝယ်ရတဲ့ လက်မှတ်ကိုတောင် လက်မှတ်ရောင်းက သူ"ရောင်းပေးလိုက်တယ်" ဆိုပဲ။
တရက်နဲ့ ပြီးရမယ်လို့ တရားဝင်ဆိုထားတဲ့ ရုံးအလုပ်ကို တလနီးပါးကြာအောင် အခေါက်ခေါက် အခါခါသွားရပြီးတဲ့အဆုံးမှာ လက်မှတ်ထိုးပေးတဲ့ အရာရှိကြီးက ဘောပင်ကိုင်ရင်း "လုပ်ပေးလိုက် တယ်နော်" လို့ပြောတတ်တယ်။
တက္ကစီဒရိုင်ဘာက "အထဲဝင်ပေးရမှာလား" လို့မေးတယ်။ "ရပ်ပေးမယ် ၊ စောင့်ပေးမယ်" ဆိုတယ်။
ဘတ်စ်ကားစပယ်ယာက "မှတ်တိုင်ရပ်ပေးမယ်" တဲ့။ "အဆင်ပြေအောင်ရပ်ပေးမယ်" တဲ့။
ထိုးထည့်ပေးတဲ့လက်ဘက်ရည်ဖိုး လက်ထဲရောက်တော့မှ "လုပ်ပေးလိုက်ပါကွာ" လို့ အပြောမခံဖူး ဘူးလား။
ယဉ်ထိန်းရဲကြီးကတော့ "ကျွန်တော်က ကူညီပေးတာနော်" ဆိုတာချည်းပဲ။
မော်ဒယ်မင်းသမီးလေးက "ပရိတ်သတ်ကြီးကို ချပြပေးပါ့မယ်" တဲ့ ပြောရှာတယ်။
ဘုန်းကြီးကလည်း "ဘုန်းပေးပေးမယ်"၊ "ဟောပေးမယ်" မိန့်တယ်။
ကျောင်းသားက "အိမ်စာလုပ်ခဲ့ပေးတယ်" လို့ ပြောတာကြားရတယ်။
စစ်ဗိုလ်ကြီးက "ကျုပ်တို့က ခင်ဗျားတို့ကို ကာကွယ်ပေးနေတာ" တဲ့။
စင်ပေါ်က အဆိုတော်တွေက "ဒီသီချင်းဆိုပေးမယ်" လို့ ပြောကြတယ်။
လက်ဖက်ရည်ဆိုင်ထဲဝင်လာတောင်းတဲ့ သူတောင်းစားကို "အကြွေမရှိသေးလို့" လို့ပြောတော့ "ပြန်အမ်းပေးမယ်" လို့ ပြောပါတယ်။

ချရေးပြလို့ ပြည့်စုံကုံလုံမယ်မထင်ဘူး။ "ပေး"သံတွေ ကြားနေရတာကို။
"ပေး" ဆိုတဲ့စကားဟာ ကျေးဇူးတရားတစုံတရာကို ဖော်ညွှန်းပြရာရောက်တယ် ဆိုတာ အခုစာရေးတဲ့ ကျွန်တော်ရော စာဖတ်တဲ့ခင်ဗျားအပြင် မြန်မာစကားပြောကြတဲ့ အထက်ပါလူပုဂ္ဂိုလ်အားလုံး သိကြမယ်လို့ ထင်မိတယ်။ ဆိုတော့ ကျွန်တော်က/ခင်ဗျားက သူတို့တွေကို ကျေးဇူးတင်နေရမှာလား။ ကျေးဇူးတင်ဖို့ ပြောချင်ကြတာလား။
. . . ကျွန်တော်က ဆရာဝန်ဆိုတော့ လူနာကို "ဘယ်နှရက်ကြာရင်ပြန်ပြနော်" လို့ပြောတဲ့အခါမယ် တချို့က "ပြန်ပြပေးပါ့မယ်"တဲ့။ တခါတလေတော့ ပြန်ပြောဖြစ်တယ်။ "ကျွန်တော် ပိုက်ဆံရဖို့အတွက် ခင်ဗျားပြန်ပြပေးရမှာမဟုတ်ဘူး၊ ခင်ဗျားနေကောင်းဖို့အတွက် ပြန်ပြရမှာ၊ နေကောင်းဖို့အတွက် လိုမယ်ထင်ရင် ပြန်လာပါ၊ ကျွန်တော်ပိုက်ဆံရဖို့အတွက်တော့ ပြန်လာမပေးပါနဲ့" လို့။
ကိုယ့်ဝန်ထမ်းအလုပ်သမားကို "အလုပ်ချိန်မှာ ယူနီဖောင်းဝတ်" ဆိုတော့ "အခုဝတ်ပေးပါ့မယ်ဆရာ" တဲ့။
. . . ဗန်စကားတွေက လူလိုက်၊ နေရာလိုက်ပြီး ကြုံရကြားရတတ်ပေမယ့် "ပေး" ကတော့ ကျားမ ကြီးငယ် ရဟန်းရှင်လူ အဆင့်အတန်းမခွဲ ကြုံလာကြားလာရတယ်။ တိုက်ပုံကြီးကလည်း "ပေး" ၊ ဘုန်းဘုန်းက လည်း "ပေး" ၊ အလုပ်သမားကလည်း "ပေး" ၊ သူတောင်းစားကလည်း "ပေး" ၊ ဆရာသမားကလည်း "ပေး"။ နေရာလည်းမရွေးဘူး။ လမ်းဘေးကနေ နိုင်ငံတော်အခမ်းအနားထိ သုံးနိုင်တယ် ၊ သုံးနေတယ်။
. . . ကျွန်တော့်အတွက်ကတော့ ပရဟိတအနေနဲ့ အခမဲ့စေတနာ့ဝန်ထမ်း ဆေးကုထွက်တဲ့အခါ "ဆေးကုပေးတယ်"လို့ ပြောဖြစ်ပေမယ့် ၊ အခကြေးငွေယူပြီး ဆေးကုရတဲ့လူနာတွေကို "ဆေးကုတယ်"လို့ ပဲ သဘောထားသုံးနှုန်းတယ်။

စာဖတ်သူတွေအတွက် ပရိတ်သတ်ကြီးအတွက် ကျွန်တော်က "စာရေးပေးနေတာ" မဟုတ်ဘူး။ ကျွန်တော် "စာရေးနေတာ"ပါပဲ။
. . . ဒီစာကို သေသေချာချာဖတ်ဖြစ်ခဲ့ရင်တော့ နောက်များမှာ ခင်ဗျားလည်း 'ပေး'သံကြားတိုင်း ကျွန်တော့်လို မချိတရိဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် ကျွန်တော့်ကို သတိရလိမ့်မယ်။ . . . အခုလို ဖတ်ပေးတာကို ကျွန်တော်က ကျေးဇူးတင်ပါတယ်။

(ယက္ခ)ရဲကြီး
29.May မှ 7.June ထိ , 2016 .
 


https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/