ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ - အပိုင်း (၄)

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ - အပိုင်း (၄)
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆

(၆)
ဒီနေ့လည်း ရန်သူမတက်ဘူးခင်ဗျာ။ ကျနောနဲ့ ချစ်ပိုလည်း နေရောညပါ ၃..၄ ရက် ကင်းစောင့်လိုက်ရတော့ အိပ်ရေးပျက်ပြီး ပင်ပမ်းနေပါပြီ။ ဒါနဲ့ နှစ်ယောက်သားတိုင်းပင်ပြီး နေရာလဲပေးဖို့ ကိုစောထူးကိုသွားပြောပါတယ်။ သူက "ခင်ဗျားတို့ နှစ်ယောက်နဲ့သင့်တော်လို့ ဒီနေရာမှာ နေရာချထားတာ.ဒီနေရာမှာဘဲ နေပေးပါ” လို့ တောင်းဆိုတာနဲ့ သူ့ကို အားနားတာ ရော ကိုယ့်ကို အားကိုးတယ်ဟဲ့လို့ စိတ်နဲ့ (နည်းနည်းမြှောက်သွာတာလည်း ပါတယ်) လက်ရှိနေရာမှာဘဲနေဖို့ သဘောတူ လိုက်တယ်။

ပြသာနာက နေလည်ထမင်းစားချိန်မှာ စပါပြီ။ လေက ရန်သူ့ဘက်အခြမ်းကနေ ကျနော်တို့ဘက်ကို တိုက်လာလို့ပါ။ ဒီတော့ လေနဲ့အတူ ရန်သူ့ရဲ့ အလောင်းပုတ်နံ့ဟာ ရောပါလာပြီး ကျနော်တို့ ထမင်းစားမရအောင် လုပ်လာပါတော့တယ်။ ဒါပေမဲ့ မောင်ကျောင်းသားတွေဘဲ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြတာပေါ့။ ကေအန်ယူက ကျနော်တို့ကို ယမ်းမူး မှာ (သေနတ်ကျည်ဆန် ယမ်းခိုးတွေကြောင့် မူးမေ့လဲမှာ) စိုးလို့ နှာခေါင်းကာတွေ ပေးထားပါတယ်။ ဒီနှာခေါင်းကာတွေကို ထမင်းစားချိန်မှာ မျက်နှာမှာစွပ်၊ ထမင်းလုပ်ထည့်တဲ့အချိန်မှာ အသာလေမပြီး ထည့်၊ ထမင်းဝါးချိန်မှာ ပြန်အုပ်ထားလိုက်နဲ့ ဒီလိုဘဲ စားရတာဘဲ။ ဒီနှာခေါင်းကာတွေကို တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရှုပ်လို့ ဘယ်သူမှမတပ်ကြဘူး။ ထမင်းစားချိန်မှ သုံးတာ။

ကျနေတို့နှစ်ယောက်လည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဖြစ်နေပြီနဲ့တူတယ်။ ဘာကြောင့်ဆို ညနေစောင်းကတည်း က သဲကြီးမဲကြီး မိုးကရွာလိုက်တာ နောက်နေ့အထိပဲ။ ရေတွေက ဆက်သွယ်ရေးမြောင်းထဲတင်မက ကျနော်တို့နေတဲ့ ဘန် ကာထဲပါဝင်လာတော့ ကျနော်တို့နှစ်ယောက်လည်း ဘန်ကာပေါ်မှာ တက်နေရပါပြီ။ ဘန်ကာအပေါ်မှာ ဖက်မိုးထားပေမဲ့ လည်း လက်နက်ကြီးကျည်ဒဏ်တွေကြောင့် ပေါက်ပြဲနေပြီး လုံးဝမိုးမလုံတော့ပါဘူး။

ကျနော်တို့နှစ်ယောက်လည်း မိုးကာစတွေကိုယ်စီပတ်ပြီး ဘန်ကာပေါ်မှာ ငုပ်တုတ်ပေါ့။ အရင်ညတွေက ကင်းစောင့်လို့ အိပ် ငိုက်ရင် ဆက်သွယ်ရေးမြောင်းမှာ လမ်းလျှောက်၊ ဒါမှမဟုတ် ဆေးလိပ်ခိုးသောက်ပြီး အိပ်ငိုက်ဖြေရတယ်။ ဒီနေ့တော့ ဆက် သွယ်ရေးမြောင်းမှာလည်း ရေတွေပြည့်နေလို့ လမ်းကလည်း ဆင်းလျှောက်လို့မရ၊ ဆေးလိပ်ခိုးသောက်ဖို့ဟာလည်း မိုးက သဲသဲမဲမဲရွာနေတော့ သောက်လို့မရ။ ကြံရမရတဲ့အဆုံး မသင်္ကာရင် ပစ်ဆိုတဲ့အမိန့်ရထားတော့ အိပ်ငိုက်တိုင်း စွပ်ပစ် နေတော့တာပဲ။ ပစ်လွန်းလို့ ကိုစောထူးတောင် လာမေးယူရတယ်။ ဘာတွေ့လို့လဲတဲ့။ မသင်္ကာလို့ ပစ်တာလို့ ပြောလိုက် တယ်။ အမှန်တော့ အိပ်ငိုက်လွန်းလို့။ ကဲ ဒီနည်းလဲ ကြာရင်မကောင်းဘူး။ တခြားနည်းပြောင်းမှဆိုပြီး ဘာလုပ်လဲဆိုတော့..ကိုယ့်ပေါင် ကိုယ်လိမ်ဆွဲတာ။ ဒီနည်းလည်း ပထမတချက်တော့ ဟုတ်မယ်လိုလိုနဲ့ ရေရှည်ကျတော့  ဆွဲတုန်းတချက်ဘဲ အိပ်မငိုက်တာ။ လက်လွှတ်တာနဲ့ အိပ်ငိုက်ပြန်ရော။ ဒီမှာဘဲ သူပုန်ဘ၀မှာ ပထမဆုံးအကြိမ် မျက်ရည်ကျပါပြီ။ အော်..ဒီလိုညမျိုး အိမ်မှာများရှိနေခဲ့ရင် မွေ့ယာပေါ်မှာ ဂွမ်းစောင်ထူထူခြုံပြီး စာအုပ်လေးဖတ်ရင် ဇိမ်ယူနေလောက်ပြီးလို့ တွေးမိပြီး မျက်ရည်တွေက အလိုလိုကျလာတော့တယ်။ မိုးရေတွေနဲ့အတူ ကျသောမျက်ရည်ပေါ့ဗျာ။ နောက်တော့ စိတ်ကိုပြန်တင်း ကိုယ်လက်ရှိလုပ်နေတဲ့ ကင်းစောင့်တာကို အာရုံပြန်ပြောင်းရတယ်။

ဒီလိုနဲ့ဘဲ အိပ်ငိုက်ရင် သေနတ်ပစ်လိုက် ကိုယ်ကိုကိုယ် ဆွဲလိမ်လိုက်နဲ့ လုပ်လာလိုက်တာ ည ၁၀ နာရီလောက်ကျတော့ ဘယ်လို့မှ မတတ်နိင်တော့ဘူး။ သေနတ်ကိုပိုက် မတ်တပ်ရပ်နေရင် အိပ်ငိုက်လဲကျချင်လာတယ်။ ဒါနဲ့ဘဲ ခြေထောက်ကြား မှာ အိပ်နေတဲ့ချစ်ပိုကို နှိုး..မင်းစောင့်အုံးကွဆိုပြီး ကင်းချိန်းရတယ်။ သူလည်း အိပ်မှုန့်စုံပွားနဲ့ မတ်တပ်ရပ်ရော ကျနောလည်း သူ့ခြေထောက်အောက်ထဲဝင် ခွေအိပ်လိုက်တော့တာဘဲ။ ကျနောစိတ်ထင် ခေါင်းနဲ့ မြေကြီးမထိခင် အိပ်ပျော်သွားတယ် ထင်တာဘဲ (မြန်မာပြည်မှာတုန်းက တခါတရံ အိမ်မှာမိုးယိုရင် အိပ်မရခဲ့တဲ့သူ) အဲဒီလောက်တောင် အိပ်ချင်နေတာပါ..ဒီအ ချိန်မှာ ငယ်ငယ်ချောချော ကောင်မလေးတယောက် စိန်ကို တောင်းနဲ့ရွက်ပြီးလာလည်း အိမ်ချင်တာနဲ့ မလဲနိင်ဘူး။

ကိုယ်ကိုလှုပ်နေတယ်ထင်လို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ချစ်ပိုက ကင်းချိန်းဖို့ ကျနော်ကို နှိုးနေတယ်။ ဟင်..အခုဘဲ ခေါင်းချရသေးတယ်၊ ကင်းချိန်ပြီးလာ မေးလိုက်တော့ ကိုစိုးလွင်အိပ်တာ ၂ နာရီလောက်ရှိသွားပြီးတဲ့။ ကျနော့စိတ်ထဲမှာ တော့ အခုဘဲ ခေါင်းချရသေးတယ် ထင်တာ။ ဒါနဲ့ဘဲ သေနက်ကောက်လွယ် မတ်တပ်လည်းရပ်ရော ချစ်ပိုလည်း ကျနော့် ခြေထောက်ကြားထဲဝင် အိပ်ပါလေရော။ (ကျနောအိပ်တဲ့အချိန်တုန်းက သူဘယ်လို ခံစားရမှန်မသိပေမယ့် သူအိပ်တဲ့ အချိန်မှာ ကျနောတွေးမိတာက.. အော်..ငါ့ညီအရွယ် ကောင်လေးတယောက် ရေစိုစိုမြေကြီးမှာ ခေါင်းအုံးမပါဘဲ အိပ်နေရပါ လားလို့ တွေးမိပြီး မျက်ရည်က စိုချင်ချင်) ဒီလိုနဲ့ သူ့နဲ့ကျနောလည်း ကင်းချိန်တွေမသတ်မှတ်တော့ဘဲ သူအိပ်ငိုက် ကိုယ် စောင့်၊ ကိုယ်အိပ်ငိုက် သူစောင့်နဲ့ ကင်းစောင့်လိုက်တာ မနက် ၄ နာရီ ထိုးတဲ့အထိဘဲ။

ဒီနေ့တော့ ရန်သူလက်နက်ကြီး ပစ်ပြန်ပါပြီ။ အလင်ပျိုးတာနဲ့ မီးကုန် ယမ်းကုန် ပစ်ကြပြန်ပြီ။ ဒီတခါ..အိပ်ရေးပျက်များ လို့ပဲလား မိုးတွေရွာနေလို့ပဲလား..ပစ်တာပဲများလို့လာမသိဘူး။ ကျနော်ပစ်တာ ကျနော့်သေနတ်က ကျည်ဆန် ထွက်လား မထွက်လား မသိတော့ဘူး (သေနတ်က ဗွက်တွေလူးနေတာလည်း ပါမယ်ထင်တယ်) ဒါနဲ့ သေနတ်ကို မျက်နှာနဲ့ ကန့်လန့် ဖြတ်ထားပြီး ပစ်ကြည့်တော့မှ သေနတ်ပြောင်းဝက မီးထွက်တာတွေ့မှ အော် ငါသေနတ် ကျည်ထွက်ပါသေးလားပေါ့ စိတ် ချမ်းသာသွားတယ်။

ထုံးစံအတိုင်း ညနေစောင်းကျတော့ မတိုက်နိင်တာနဲ့ ရန်သူလည်း  ပြန်ဆုတ်သွားပြီ။ (ဒီနေရာမှာ ရန်သူ့အကြောင်းပြောရရင်..သူတို့ တပ်အချိန်းအပြောင်းလုပ်တဲ့အခါမှာ ပြန်ဆင်းသွားတဲ့တပ်နဲ့ တက်လာတဲ့တပ်ကို ပေးမတွေ့ပါဘူးတဲ့။ အတက်တလမ်း အဆင်းတလမ်းလုပ်တယ်တဲ့။ ဘာကြောင့်ဆို ပြန်ဆင်းလာတဲ့တပ်နဲ့တွေ့လို့ အသေအပျောက်သတင်းသိရင် တက်လာတဲ့ တပ်တွေ စိတ်ဓာတ်ကျမှာမို့တဲ့)။

ဒီနေ့ သတင်းဆိုးကြားရပြီ။ ကျနော်တို့နဲ့အတူ တွဲတိုက်နေတဲ့ ဆရာဘာဘူ (ကေအန်ယူ) ရန်သူ့လက်နတ်ကြီးကျည်အစ ခေါင်းကိုထိပြီးကျသွားပြီတဲ့။ ရဲဘော်အာလုံး စိတ်မကောင်းကြဘူး။ ကျနော်ကတော့ ကိုယ့်ပယောဂကြောင့် ဆရာဘာဘူ တိုက်ပွဲကျသွားလေသလားလို့တွေးပြီး ပိုစိတ်မကောင်းဖြစ်မိတယ်။ ၀မ်ခ (သစ်) မှာနေတုန်းက ဆရာဘာဘူနဲ့ ကျနော်နဲ့က အိမ်ခြင်းကပ်ရက်နေကြတာ။ ကျနော်တို့နဲ့အတူနေတဲ့ အဘဗိုလ်မန်းပိုဆီ သူလာလည်ရင် ရီစရာပြောတတ်တဲ့ကျနော်နဲ့ ရင်း နှီးသွားတယ်။ တနေ့တော့ သူက ကျနော့်ကို ..ခင်ဗျားကို ပျောက်ကျားဝတ်စုံတစုံ လက်ဆောင်ပေးမယ်လို့ ပြောတယ် (ဒီတုန်းက ကျနောဝတ်ထားတဲ့စစ်ဝတ်စုံက သင်တန်းတုန်းကပေးထားတဲ့ ၀တ်စုံ။ ပေးတုန်းကတော့ အစိမ်းရောင်ပါ။ လျှော် ပါများလို့ အဖြူရောင်ပေါက်နေပြီ) ကျနော်လည်း တသက်နဲ့တကိုယ် တခါမှမ၀တ်ဘူးတော့ လိုချင်တာပေါ့။ ဒါပေမဲ့ သူလည်း  မအားတာနဲ့ မဆုံဖြစ်တော့ဘူး။ ဒါနဲ့ ၀မ်ခစစ်ပူလာရော။ တနေ့ သူက ၀မ်ခ (ဟောင်း) သွားဖို့ ကျနော့်အိမ်ရှေ့က အဖြတ်..ကျနော် သူ့ဆီက တောင်းတော့တာပေါ့။ သူလည်း အခုပေးဖို့ အချိန်မရှိတော့ဘူး။ နောက်မှပေးမယ်လို့ပြောပြီး လောလော နဲ့ ထွက်သွားရော။ ဒီအချိန်မှာ ကိုစောထူးရောက်လာပြီး သူတို့ ကရင်ယုံကြည်မှုအရ ရှေ့တန်းထွက်ခါနီး လူတယောက်ဆီ မှာ လက်ဆောင်မတောင်းကောင်းဘူး။ အတောင်းခံရတဲ့သူ တခုခုဖြစ်တတ်တယ်လို့ ပြောတယ်။ (ကရင်တွေမှာလဲ သူ့ယုံ ကြည်မှုကလည်း အများကြီး။ သေနတ်ပြောင်ဝကို ပါးစပ်နဲ့မှုတ်ရင် တိုက်ပွဲဖြစ်တယ်တို့၊ ကြက်သားပေးရင် ခေါင်း၊ ခြေ ထောက်၊ တောင်ပံအစုံပေးမှ ကောင်းတာတို့) ဒါကြောင့် သူတိုက်ပွဲကျတာ ကိုယ့်အပြစ်များလာလို့တွေးရင် စိတ်မကောင်းဖြစ် မိတယ်။

ကဲ ... ဖြစ်ပြီးတာတွေကိုလည်း နောင်တမရနဲ့တော့။ လက်ရှိပြဿနာကိုပဲ ရှင်းရအောင်။ ပြဿနာက ကျနော့်နဲ့ ချစ်ပိုတို့နှစ် ယောက်လုံး ဒီည ကင်းမစောင့်နိုင်တော့ဘူး။ ကင်းစောင့်ရင်း အိပ်ပျော်သွားမှာ ကြောက်လို့။ နှစ်ယောက်သားတိုင်ပင်ပြီး ကိုစောထူးကိုသွားပြောတယ်။ ကျနော်တို့နှစ်ယောက်ကို နေရာချိန်းပေးပါ။ မပေးရင် ကိုယ့်ပေါင်ကိုယ် သေနတ်နဲ့ဖြတ်ပစ်ပြီး ဆေးနားလုပ်တော့မယ်ဆိုပြီး သွားပြောတယ်။ ဒီတော့မှ ကိုစောထူးက ဒီလိုတော့မလုပ်ပါနဲ့ ...။ သူလုပ်ပေးပါမယ်ပြောပြီး ကျနော်တို့နှစ်ယောက်စလုံးကို ကင်းမစောင့်ခိုင်းပဲ ဘန်ကာကောင်းကောင်းတလုံးမှာ သွားအိပ်ခိုင်းတယ်။ ရှေ့တန်းမှာ ထီပေါက်တယ်ပြောရမှာပေါ့။ လူ့စိတ်များ ခက်သေး။ ကောင်းကောင်းအိပ်ဆိုတော့လည်း သေနတ်သံကြားရင် ကိုယ့်သူငယ်ချင်းတွေကို စိတ်ပူပြီး ထ ထ ကြည့်မိတယ်။

ဒီလိုနဲ့ဘဲ တိုက်ပွဲဖြစ်လိုက် နားလိုက်နဲ့ ဖြစ်လာလိုက်တာ ဒီနေဆို ၁၀ ရက်မြောက်ရှိသွားပါပြီ။ ရန်သူက အသေအပျောက် များပေမဲ့ တပ်အချိန်အပြောင်းရှိတဲ့အတွက် ခံသာပေမဲ့ ကျနောတို့တွေမှာတော့ ၁၀ ရက်လုံးလုံး အပြောင်းအလဲမရှိ ဒီလူကြီး ဘဲဆိုတော့ .ပင်ပမ်းလှပါပြီ။ ဒါကြောင့်ထင်ရဲ့ ဒီနေ့ညနေ တိုက်ပွဲပြီးချိန်မှာ ဆုတ်မိန့်ရပါပြီ။ ဆုတ်မိန့်ရလို့ လူစစ်တော့ ကျ နော်တို့ကျောင်းသားထဲက ဆန်းလွင် ဒဏ်ရာရပြီး ဦးစောနဲ့ ဖားပုဆိုတဲ့ ရဲဘော်နှစ်ဦး ကျဆုံးသွားကြောင်းသိရတော့တယ်။

(ဦးစောက ကံဆိုးတယ်ပြောရမလား မသိဘူး။ နှစ်ခါထိတာ။ ဖြစ်ပုံက ဒီလို...ဦးစောက ရန်သူ့ဆီကရတဲ့ ခွင်းဗုံးတွေနဲ့ ရန်သူ ကိုပြန်ပစ်နေတုန်း ရန်သူကရိပ်မိပြီး သူပစ်တဲ့နေရာကို စုပြုံပစ်တဲ့အတွက် လက်ကိုထိပြီး လက်ကျိုးသွားတယ်..ဒါနဲ့ လက်ကို ဆေးထည့် ပတ်တီးစည်းနေတုန်း လက်နက်ကြီးကျည်က သူတို့အုပ်စုနားကိုကျပြီး သူရင်ဘတ်ထဲကို ကျည်စ၀င်ပြီး ကျဆုံး သွားတာဘဲ) (ကျနော်တာဝန်တော့ကျေပြီဆိုပြီး မသေခင် ကိုစောထူးကို ပြောသွားသေးတယ်တဲ့) ကျနောတို့လဲ သူတို့နှစ် ယောက်လုံးကို ကောင်းမွန်စွာ မြှုပ်နှံချင်သော်လည်း ဆုတ်မိန့်ရနေပြီးဖြစ်ခြင်း၊ အချိန်မရှိတော့ခြင်း၊ အကုန်လုံးလဲ ပင်ပမ်း နေပြီဖြစ်ခြင်းကြောင့် အလေးပြုပြီး နှုတ်ဆက်ခြင်းဘဲ ပြုနိုင်တော့တယ်။ အသက်ရှင်နေတဲ့ ကိုယ်တွေတောင်မှ ရှေ့ဆက် ဘာဖြစ်မှန်မသိသေးတာ။ ကျဆုံးသွားတဲ့ရဲဘော်တွေ ကိုယ်တွေကို ခွင့်လွှတ်တန်ကောင်းရဲ့ ...။

နှုတ်ဆက်ပါတယ် ၀မ်ခ (ဟောင်း) ရေ ...
စိုးလွင် (၂၁၁) (၀မ်ခ)


ဝမ်ခ (ဟောင်း) တိုက်ပွဲတွင် ပါဝင်ခဲ့သော ချစ်ပို၊ လှဆန်း၊ ဇော်လွင်မြင့်၊ မြင့်ဇော်၊ အေးကို၊ အောင်ကျောင်၊ ဒေးဗစ်ပေါလ်၊ သန့်စင်ဦး၊ သောင်းဦး၊ အောင်ဝင်း၊ ကိုဘိန်း၊ မင်းသူရ၀င်း၊ မိုးအောင်လှိုင်၊ ဆန်းလွင်၊ ကိုသိန်းထွန်း၊ မောင်မောင်မြင့်၊ အေးဝင်း၊ မောင်မောင်သန်း၊ ဖားပု၊ ဦးစောတို့အား ဂုဏ်ပြုလျှက် ....

ပြီးပါပြီ