နရီမင်း - အရူး​ချေးပန်း​ ရထား



နရီမင်း  -  အရူး​ချေးပန်း​ ရထား
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆


ညဘက်​မှာ
ပိုက်​ဆံ ပို​တောင်းရ​အောင်
လိုင်းကား​တွေ ​ဈေး​ခေါ်သလိုမျိုး
သူက
နောက်​ဆုံးရထား လို့ လှည့်​ဖျားတယ်​။

ငကန်း​သေရင်​ င​စွေ​ပေါ်လိမ့်​မယ်​၊ 
နောက်​ဆုံးရထား ရှိရိုးလားကွာ။

ဘာပဲဖြစ်​ဖြစ်
ပင်​ပန်းလှတဲ့ ဘဝ​တွေက
မိသားစု၊ ညစာနဲ့ အိပ်​ရာ
အဲ့ဒီလို​နွေး​ထွေးမှု​တွေကို
တ​နေကုန်​ ငတ်​မွတ်​ခဲ့တာမို့
အိမ်​ပြန်​ချင်​​ဇောနဲ့
ကျေနပ်​စွာ အလိမ်​ခံခဲ့ကြတယ်​။

လမိုက်​ညမှာ
ရထားက ဥသြ​တောင်​ မဆွဲဘဲ
မီး​တွေလည်း အ​မှောင်​ချထားတာမို့
ခွေး​ဟောင်​သံ​တွေ ကြားရရင်
ဘူတာတစခု ဝင်​တာပဲလို့
ကြံဖန်​​တွေးယူရတယ်​။

ငါတို့ ဘယ်​​ရောက်​​နေလဲ
မသဲကွဲဘူး။

အချိန်​ကြာလာတာနဲ့အမျှ
ဘယ်​ကို ဦးတည်​သွား​နေလဲ​တောင်​ မသိ​တော့ဘူး။

အင်း ...
ရထားသံ တဒုတ်​ဒုတ်​ကလွဲရင်
ရထားက
တကယ်​ခုတ်​​နေရဲ့လား​တောင်
မ​သေချာ​တော့ဘူး။

ညက ​မှောင်​မြဲ​မှောင်​ဆဲပါ။

ငါတို့ အိမ်​ပြန်​​ရောက်​ချင်​လှပါပြီ။

နရီမင်း ၇ - ၇ -၂၀၁၆