ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇော်သစ် ● နင်လားဟဲ့အမှန်တရား

ဇော်သစ် ● နင်လားဟဲ့အမှန်တရား
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၆

အမှန်တရားတဲ့…

လူပြောလည်းများသလို၊ လူကြိုက်လည်းများပါ့။ ဒါပေမဲ့ ဒီမြေ၊ ဒီရေ၊ ဒီနေရာမှာနေပြီး အမှန်တရားဆိုတဲ့ အသံကို ခြောက်ကပ်ကပ်ကြားလိုက်ရရင် သေပြီးသားလူရဲ့အမည်ကို အော်ခေါ် သလို ကျွန်တော့်စိတ်က ထင်နေမိတယ်။ ကြွေသွားတဲ့ ပန်းကလေးတပွင့်ကို ရိုးတံပေါ် ပြန်တင်ဖို့ ကြိုးစားခိုင်းသလိုလည်း မချိတင်ကဲဖြစ်ရတယ်။

အမှန်တရားဆိုတာ…

တခါတရံမှာ စက္ကူတရွက်ကို သူ့ဖက်ကိုယ့်ဖက် ဆွဲလုကြသလိုလုကြရင်း၊ တပိုင်းစီ ပြတ် ပါသွားတာမျိုးလည်း ကျနော်ကြုံခဲ့ဖူးပါတယ်။ အဲဒီအခါ အမှန်တရားဟာ ဘယ်သူ့ဘက်မှာမှ အပြည့်အဝမရှိတော့ပဲ တဖက်စီမှာ တဝက်စီ၊ ဒါမှမဟုတ် တပိုင်းစီရှိနေတတ်ကြတယ်။ ဒါကို ကျနော်က တဝက်တပျက်အမှန်တရားလို့ ခေါ်ချင်တယ်။ ဘိုလိုဆို SEMI-TRUTHလို့ ပြောရ မလား။
××× ××××××

တခါတုန်းကပေါ့ဗျာ…

မြေကွက်တကွက်ကို မြေရှင်က ငွေရှင်တယောက်စီမှာ ပေါင်တယ်။ မြေကွက်က အိမ် ဆောက်မထားသလို၊ ဝန်းခြံလည်း ခတ်မထားဘူး။ မြေချည်းပဲ။ အကွက်လွတ်ဆိုပါတော့။ ဒါပေမဲ့ ဂရံအပြည့်အစုံတော့ ပါတယ်။ စာရွက်စာတမ်းလည်း မှန်ကန်တယ်။ ငွေရှင်ကလည်း မြေကွက်ကို ကြိုက်တယ်။ မြေရှင်ကလည်း ချပေးမယ့်ငွေနဲ့သူပေးရမယ့်အတိုးနှုန်းကို သဘောတူတယ်။ အလုပ် ဖြစ်ရော။

တလကို ၆% နှုန်းအတိုးနဲ့၊ လစဉ်မှန်မှန်ပေး၊ ခြောက်လအတွင်းရွေး။ မြေရှင်ဆိုသူက လက်မှတ်ထိုးပေးတယ်။ မြေရှင်နာမည်မှတ်ပုံတင်တွေကို လူနဲ့တိုက်စစ်။ အရောင်းအဝယ်စာချုပ် ချုပ်။ မြေရှင်က လက်မှတ်ထိုးယုံမက လက်ဗွေပါနှိပ်ပေး။ ဒီလိုနဲ့…

ခြောက်လလောက်တော့ အတိုးမှန်မှန်သတ်တယ်။ ဒါပေမဲ့ အတိုးမှန်မှန်သတ်တဲ့ကြားက အရင်းပြန် မဆပ်နိုင်တော့ဘူး။ ဒီတော့ အပေါင်သက်တမ်းကို အိတ်စတမ်းရှင်းတိုးရတော့တာပေါ့။ နောက်ထပ် ခြောက်လ၊ ငွေရှင်က တိုးပေးတယ်။ ငွေရှင်ပြောတာကလည်း ရှင်းပါတယ်။

“ငါတို့က ပင်စင်စားတွေ၊ ဘာစီးပွားရေးမှမလုပ်တတ်ဘူး၊ လုပ်ရမယ့်အရွယ်လည်းမဟုတ် တော့ဘူး။ ဒါကြောင့် ရှိတဲ့ငွေလေးကို ရင်းပြီး စား၊ ဝတ်၊ နေရေးကို ဖြေရှင်းရတာ။ နင်တို့ မြေလည်း ငါတို့က မလိုချင်ဘူး။ ဒီတော့ အတိုးမှန်ရင်ပြီးတာပဲ။ တသက်လုံးပဲ ထားထား။”တဲ့။
××× ××××××

ဒီလိုနဲ့ ဒုတိယအကြိမ် အပေါင်သက်တမ်းအတွင်းမှာ ပြဿနာက ပေါ်ပါလေရော။ မြီစား တို့ရဲ့ထုံးစံအတိုင်း အရင်းမဆပ်နိုင်တဲ့အပြင် အတိုးပါမသတ်နိုင်တော့ဘူး။ ဒီတော့ မြီရှင်က ပြော။ မြီစားက မခြေမငံဆက်ဆံ။ တိုင်ချင်ရာ တိုင်တွေ၊ ဘာတွေ ဖြစ်ကုန်ရော။

မြီရှင်ကလည်း ငွေဆုံးမယ့်အတူမထူးဘူးဆိုပြီး မြေကိုယူဖို့ကြိုးစားပါတော့တယ်။ ဖြစ် ချင်တော့ မြေရှင်က ငွေရှင်ကိုပြခဲ့တဲ့မြေဟာ သူ့အပိုင်မဟုတ်ဘဲ၊ သူများမြေ ဖြစ်နေပြန်တယ်။ အဆိုးဆုံးကတော့ မြေရှင်မစန်းဆိုပြီး လက်မှတ်ထိုး၊ တရားရုံးကျမ်းကျိန်ပြုလုပ်ခဲ့သူဟာ မစန်း ကိုယ်တိုင်မဟုတ်ဘဲ၊ မစန်းနဲ့ရုပ်ချင်းဆင်တဲ့ မစန်းရဲ့ညီမ မသန်းတဲ့။ ကဲ… ဒီပြဿနာက ပွဲစား ကျပ်ချွတ် မောင်ဇော်သစ် ခေါင်းပေါ်ကျကရော။

ငွေရှင်က ကျနော့်မိတ်ဆွေ။ မြေရှင်က မန်းမြို့ကြီးအနီးက ရွာလေးတရွာက။ ကျနော်နဲ့ မောင်နှမလိုနေတဲ့ ရွာခံပွဲစားကောင်မလေးတယောက် စပ်ပေးလို့ ဒီကိစ္စလုပ်ဖြစ်ခဲ့တာ။

“ဟဲ့ မိနက် ငါက မစန်းတွေ၊ မသန်းတွေ သိတာမဟုတ်ဘူး၊ နင်က ရွာခံ၊ နင်က ဒီမိန်းမကြီး မစန်းအစစ်ဟုတ်မဟုတ် နင်မသိဘူးလား”ဆိုတော့ မိနက်က ပြန်ဖြေတယ်။ “သိသားပဲ”တဲ့။

“ဟဲ့…ဒါဆို၊ နင်ဘာလို့ မစန်းမဟုတ်ပဲနဲ့မစန်းဆိုပြီး လက်မှတ်ထိုးတာ ဘာလို့မပြောတာ လဲ”

“အို… ဒီလို ဖြစ်လိမ့်မယ်လို့ ကျုပ်လည်း ဘယ်ထင်မလဲ”

ကဲ… ပြတ်သားလိုက်တဲ့ အဖြေ။ ဒီတိုင်းတော့ ကျနော်က ဘယ်နေလိမ့်။ သူ့ငွေ ပြန်ရ ရင်ရ၊ မရရင် ကျနော်တာဝန်ယူလုပ်ထားတဲ့ကိစ္စအတွက် နာမည်တော့ အပျက်မခံနိုင်ဘူး။ ကိုယ်စိုက် လျော်ရမှာပဲ။ ငွေအမောင့်ကလည်း ကိုယ်တာဝန်ယူလို့ရတဲ့ အတိုင်းအတာ ဆယ်ဂဏန်းလောက် ပဲဟာ ပြဿနာမရှိပါဘူး။ တခုတော့ ရှိတယ်။ ပြန်ရအောင်တော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစား ရဦးမယ်။ မရတော့မှ လှော်တာပေါ့။

နောက်တော့ သူတို့ကို ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်။ အဲ… မှားလို့။ အမှုဖွင့်ချင်ယောင် ဆောင်လိုက်တယ်။ မြေလိမ်လည်ရောင်းဝယ်မှု၊ လက်မှတ်အတုထိုးမှု၊ လိမ်လည်ကျမ်းကျိမ်မှု ပုဒ်မတွေက များမှ များ။ ဟား… ဟား… ဟားးးးး (ဗိုလ်အောင်ဒင်လို ရယ်သည်)။

ကြောင်ကြာကြာ ရေမငုပ်ပါဘု
စောင်ပါတာ ဖေအုပ်ပါလို့
အသေတုပ်တဲ့ ဂျပိုး
အသေဆိုး…လို့တောင် စာပြောင်လေးစပ်မိသေးတော့။ ပယောဂမှန်တော့ တုန်ဆင်းလာ တာပဲ။

“ကိုဇော်သစ်ရေ…၊ အိမ်မှာ ဘယ်ချိန်လောက်ရှိမလဲရှင်။ ပိုက်ဆံပေးပြီး မြေကွက်လေး လာရွေးချင်လို့ပါ”

တပတ်လောက်ရှိတော့ ဖုန်းဆက်တော့တာပဲ။ သူတို့ ဖုန်းချသွားတော့များဆို ကျနော့်မှာ ပျော်လွန်းလို့ဆမ်းဆောင်းဟန်းဆက်ကလေးကို ‘မွှ… မွှ… မွှ’ နဲ့ နမ်းလိုက်ရတာအမော။ ဘယ်နှစ် ကြိမ်မှန်းတောင်မသိဘူး။

မပျော်ခံနိုင်မလားဗျာ။ ငွေထက် နာမည်ကို အဓိကထားလို့သာ။ ငွေဆယ်ဂဏန်းဆိုတာ ရှာလို့လွယ်မှတ်လို့။ ကိုယ်လုပ်တဲ့အလုပ်တခုကို အဆုံးထိတာဝန်ယူရမယ်ဆိုတဲ့အသိဟာ ကျနော့် အမှန်တရားပဲ။ ပါးစပ်ကလေးတပေါက်ရင်းပြီး လွယ်လွယ်ရတဲ့ပွဲစားခ သိန်းဂဏန်းဟာ တာဝန် ယူမှုမပါရင် ပေးရတာ ဘယ်တန်မလဲ။

တကယ်တော့… ဒါ…

ကျနော့်အမှန်တရားသက်သက်ပါ။ မြေရှင်နဲ့မဆိုင်ဘူး။ မြေရှင်မှာလည်း သူ့ရဲ့ ကိုယ်ပိုင် အမှန်တရားက ရှိပြီးသား။
××× ××××××

မြေရှင်ရဲ့အမှန်တရားက…

ငွေသိန်းနှစ်ဆယ်ကို ၆% အတိုးနဲ့၊ တစ်လကို တစ်သိန်းနှစ်သောင်း။ တစ်နှစ်အတွက် ဆယ့်လေးသိန်း လေးသောင်း။ အတိုးအရင်းပေါင်းရင် သုံးဆယ့်လေးသိန်းလေးသောင်းနဲ့ သိန်း သုံးရာလောက်တန်တဲ့ သူ့မြေကို ပြန်ရွေးလိုက်ရတယ်။

မရွေးလို့လည်းမရဘူးလေ။ သူလုပ်တာက လိမ်လည်မှု။ လက်မှတ်အတုထိုးမှု။ လိမ်လည် ကျမ်းကျိမ်ဆိုမှု။ လိမ်လည်မှုက အာမခံရတယ်။ ဒါပေမဲ့ နောက်ကအမှုနှစ်ခုကတော့ လုံးဝ အာမခံ မရဘူး။ ငွေရှင်က အရောင်းအဝယ်စာချုပ်နဲ့ အရောင်းအဝယ်လို့ တိုင်တယ်။ မြေရှင်ရဲ့အမှန်တရား က ဒါဟာ အပေါင်ပြဿနာ။

ရောင်းတာလား၊ ပေါင်တာလားဆိုတဲ့ အမှန်တရားက တရားရုံးရောက် အမှုရင်ဆိုင်ကြမှ ပေါ်လာမယ့်အမှန်တရား။ လက်တွေ့ကတော့ ရာဇဝတ်မှုမြောက်ပြီး ချက်ချင်းဖမ်းချုပ် ခံရမယ့်ကိစ္စ။ အာမခံလည်း မရဘူး။ (၄၀၆)ဆိုလား။ (၄၀၇)ဆိုလား။

မြေရှင်ဘက်က အမှန်တရားက မှန်ပင်မှန်သော်ငြား၊ ငွေရှင်ရဲ့အမှန်တရားလောက် အား မကောင်းဘူး။ အပေါင်ဆိုတာ ရုံးရောက်တဲ့အခါ ပေါ်သွားဦးတောင်၊ ငွေရှင်က ငွေဆုံးရုံအပြင် ဘာ မှမရှိဘူး။ (ဒါကလည်း ကျနော်က စိုက်လျော်ပါ့မယ် အာမခံထားတော့ သူ့ဘက်က အသာချည်းပဲ) မြေရှင်ကတော့ အပေါင်ကိစ္စပေါ်သွားတောင် လက်မှတ်အတုကိစ္စ၊ တရားရုံးကျမ်းကျိမ်ကိစ္စနဲ့တင် အနည်းလေး လေးငါးနှစ်ပဲ။

ဒီတော့ မြေရှင် ဘယ်လာက်မှန်မှန်။ သူ့အမှန်တရားက အားပျော့တယ်။ သိန်းရာချီတန်တဲ့ မြေကိုနှစ်ဆယ်နဲ့ ပေါင်တယ်။ တစ်လတစ်သိန်းကျော် အတိုးထမ်းရတယ်။ နောက်ဆုံး မဖြေ ရှင်းနိုင်တဲ့အခါ စင်းခံဖို့ ကြိုးစားရရှာတယ်။ ဒါနဲ့လည်း မပြီးဘူး။ ပုဒ်မအကြီးကြီးတွေအောက် နား မလည်ပါးမလည် ပြားပြားမှောက်ရပြန်သေးတယ်။ အော်… တကယ်တော့ ဆင်းရဲသား နင်းပြား တွေရဲ့ဘဝဟာ သနားစရာပါ။

အမှန်က ကျနော်က သနားစရာဖြစ်အောင်ရေးပြီး သနားစရာပါလို့ မှတ်ချက်ချလိုက်လို့ ခင်ဗျားက သနားသွားတာ။ အဲဒါ အမှန်တရားမဟုတ်သေးဘူး။ အမှန်တရားက သူ့ဘက်မှာတင် ရှိတာမှ မဟုတ်တာ။

ငွေရှင်ဘက်မှာလည်း အမှန်တရားရှိတယ်…
××× ××××××

“မသနားနိုင်ပေါင်တော်…၊ ဘယ်နှယ့်…နင့်ကိုလည်း ငါမသနားနိုင်ဘူး။ ငါ့ငွေကို လိမ်ယူတဲ့ ဟိုကောင်မတွေကိုလည်း ငါမသနားနိုင်ဘူးဇော်သစ်ရဲ့။ ငါတို့မှာ အိုကြီးအိုမအရွယ် ဘာမှ လုပ်ကိုင် လည်း မစားတတ်။ လုပ်လို့လည်းမရ။ အစိုးရ ပင်စင်လစာဆိုတာကလည်း ရေဖိုး၊ မီးဖိုးမှ အနိုင်နိုင်။ ဒီအိမ်နဲ့ ဒီငွေလေးစုမိတာတောင် နင့်အဘ ရာထူးရှိတုန်းက အကြံအဖန်ကောင်းလို့ဟဲ့။ နင်သိတဲ့ အတိုင်းပဲ။ အဂတိလိုက်စားတယ်၊ လာဘ်ယူတယ်ဆိုတာ တော်ရုံသတ္တိနဲ့များ လုပ်ရတယ် မှတ် နေလား။ အများပြည်သူရဲ့ချွေးနှဲစာကို ငရဲမကြောက်၊ ဘာမကြာက် ယူရတာဟဲ့။”
××× ××××××

“အလိုတော်….၊ ဗုဒ္ဓဘာသာဝင်ပါဆို ဒါတွေ မသိပဲနေမလား။ ဒါတွေ သိရက်နဲ့ယူရတာ။ မယူရင် ငါတို့ဒီအချိန် လမ်းဘေးရောက်နေတာကြာပေါ့။ ငရဲဆိုတာ မမြင်နိုင်တဲ့၊ လက်တွေ့မဟုတ် တဲ့အရာမို့ မကြောက်ဘူးပဲထား။ ကိုယ်လာဘ်ယူတာ အထက်ကသိသွားရင်၊ အတိုင်ခံရရင် ရာထူး ပြုတ်တဲ့အပြင်၊ ထောင်ပါကျဦးမှာ။ ဘဝတလျှောက်လုံးလည်း နာမည်ပျက်ပြီး အဖတ်ဆယ်ရမှာ မဟုတ်တော့ဘူး။ ဒီလိုစွန့်စားမှုတွေကြားက ကိုယ်တွက်ကျန်အောင် လုပ်ခဲ့ရတာ နည်းတဲ့အရည် အချင်းလားဟဲ့”
××× ××××××

“ဒီလိုအန္တရာယ်တွေနဲ့ ရင်းပြီးရှာခဲ့ရတဲ့ငါတို့ငွေကို လုံးဝအဆုံးမခံနိုင်ဘူးဟေ့။ ဒီမှာ စက တည်းက ငါပေးမယ့်ငွေနဲ့ ငါတောင်းတဲ့အတိုးတွက်ကို သူတို့ကျေနပ်လို့ ချေးတာလေ။ ကိုယ့်ဝင်ငွေ နဲ့ကိုယ် ချိန်မှပေါ့။ ဘယ်လောက်ရင်းရင် ဘယ်လောက်မြတ်မယ်ဆိုတာ။ ငါ့အတိုးဖိုးကို ထမ်းနိုင် လား။ မထမ်းနိုင်လားစဉ်းစားကြလေ။ မင်းမှာသစ္စာ၊ လူမှာကတိတဲ့။ စပေါင်ကတည်းက သဘော တူညီချက်အတိုင်းမလုပ်နိုင်ရင် ဒါ… လိမ်တာပဲ။ အမလေး…အရပ်ကတို့ရေ…

ကျွန်မတို့မှာ အန္တရာယ်တွေနဲ့ရင်းပြီးရှာထားခဲ့ရတဲ့ချွေးနှဲစာလေးနဲ့ မဖြစ်ညစ်ကျယ် ရပ် တည်နေရတာပါတော့။ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေအတွက် စားဖို့လေးအပြင် လှူဖို့တန်းဖို့လေး ရမလားလို့ ငွေတိုးပေးမိပါတယ်။ ဒုက္ခတော့ ရောက်ပါပြီတော့”
××× ××××××

“အေးနင်က မငိုစေချင်ရင် ငါမငိုတော့ပါဘူး ဇော်သစ်ရယ်။ ငါ့ငွေလေး မဆုံးအောင်တော့ နင်တာဝန်ယူပါ။ ငါ့မှာ သားအတွက် ဖုန်းဆိုင်ထောင်ပေးရတာနဲ့။ သမီးအငယ်မကို ရတနာပုံဈေးမှာ အထည်ဆိုင်ဖွင့်ပေးရတာနဲ့ဆိုတော့ အခုတလော အတော့်ကိုငွေကြပ်နေပါတယ်ဟယ်။ ငါ့ကို သနားပါနော်။ ဒီကြားထဲ ဟိုမသာကြီးကလည်း ပင်စင်ယူပြီး အိမ်မှာ တရားလေးဘာလေး အား ထုတ်လို့ ဘာဝနာပွားမယ်မရှိဘူး။ ညနေဆို ဂေါက်ကလေးက ပြေးပြေးရိုက်ချင်တော့ ငါ့မှာ တနေ့သုံးသောင်းလောက်က အလကားနေအလကား သူ့ကိုပေးနေရသေးတယ်။ ဒီငွေသာ ပြန် မရရင် ငါ ဘဝပါပျက်မှာ။ မှာထားတဲ့ စိန်တဆင်စာအတွက် ငွေအကြေချေရမယ့်ရက်ကလည်း နီးလာပြီ။ ဒီငွေသာမရလို့မချေနိုင်ရင် အရှက်ပါကွဲဦးမှာ။ မှန်ရာကို သစ္စာဆိုပါတယ်တော်။ တပည့် တော်မ ဒီရက်ပိုင်း ငွေအတော်ကြပ်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် အတိုးချထားတဲ့ ငွေလေး အရင်းရောအညွှန့်ပါ အမြန်ဆုံးပြန်ရပါစေရဲ့။ နတ်ကောင်း၊ နတ်မြတ်များကလည်း ဒီအမျိုး ကောင်းသား ကဇော်သစ်ကို မစကြပါ။ စောင့်ရှောက်ကြပါ။ လူနဲ့ပြော ချော…။ လူနဲ့ပြိုင်နိုင်..  …..”

ဘလာ…. ဘလာ…. ဘလာ…. စသဖြင့်ပေါ့ဗျာ။ အဲဒါ သူ့အမှန်တရားပဲ။ သူ့အမှန်တရားက ဘယ်လောက်ထိမှန်လဲဆိုရင် သစ္စာတောင် စူးတယ်ဆိုရမလား။ ဟား… ဟား…ဟား (သန်းနွဲ့လေး လို ရယ်သည်)။ ငွေတွေပြန်ရသဗျ။ ကျောက်တုံးရေညှစ်တာကမှ ထွက်ချင်ထွက်ဦးမယ်။ ငွေနဲ့ပတ် သက်လာရင် အဆီရော၊ အသားရောခမ်းတဲ့အပြင်၊ အရိုးထိအောင်မွဲတဲ့ တောင်သူကလေး မစန်း ဟာ ငွေသိန်းနှစ်ဆယ် မဖြစ်ဖြစ်အောင်ရှာပြီး ရွေးလိုက်ရရှာတယ်။

တနှစ်တနှစ် သမီးလေးကျောင်းစရိတ်၊ အိမ်စပေါ်၊ စားဝတ်နေရေးတွေနဲ့ နှစ်ကူးတိုင်း မောရတဲ့ နှစ်သစ်ကူးအမွန်းရှင် မောင်ဇော်သစ်ကလည်း လူချမ်းသာသစ္စာရှင်မကြီးအတွက် လျှာ ထွက်မတတ် ကြိုးစားရပြန်ရော။

အမှန်တရားဆိုတာ…

ကျနော်တို့သုံးဦးလက်ထဲမှာ တပိုင်းစီဆုပ်ယူထားလိုက်တဲ့ အပေါင်လက်မှတ်လိုပဲ။ ကံ ကြမ္မာကို ရွေးနုတ်ချိန်တန်မှ ဆက်စပ်ပြီး ရွေးနုတ်နိုင်ခဲ့တယ်။

ဒါ့ကြောင့် ကျနော်ပြောတာ။ တခါတရံမှာ အခုလိုမျိုး တဝက်တပျက်သာမှန်တဲ့ အမှန် တရားတွေနဲ့လည်း လူတွေဟာ တဦးနဲ့တဦး သဲကြီးမဲကြီး တိုက်တတ်ပြန်သေးတယ်။

တကယ်ဆို ဒီပြဿနာမှာ သူ့ငွေဆုံးမှာကြောက်တဲ့ ငွေရှင်လည်းမမှားဘူး။ ငွေကို ပြန် မဆပ်နိုင်လို့ စင်းခံဖို့ကြိုးစားတဲ့မြေရှင်လည်း မမှားဘူး။ ကိုယ်လုပ်တဲ့အလုပ်အပေါ် တာဝန်အပြည့် အဝယူပေးတဲ့ ကျနော်လည်း မမှားဘူး။

အစွယ်လိုသူ၊ မြားမှန်သူ၊ လေးပစ်သူ။ ဒီသုံးယောက်ထဲက တယောက်မှ မမှားဘူးဆိုရင် မှားတဲ့သူက…
××× ××××××

“ဘယ်နှယ့်ကွယ်… မင့်နှယ်..မဆီမဆိုင် မင်းဧကရာဇ်ကို အပြစ်တင်ချင်ရတာတုန်း…” လို့ အပြောတင်စစ်ပြီး အပြစ်တင်မစောကြပါနဲ့အဘတို့ရယ်။ တကယ်ဆို ပြည်သူတွေကို ဆင်းရဲတွင်း ထဲ အသွားစေခိုင်းသူဟာ အရင်းစစ်တော့၊ အမြစ်မမြင်ရပဲ ရမ်းတုတ်သလို မင်းဧကရာဇ်ပါခင်ဗျ။

ရွှေနှင့်နှိုင်းအပ် ရွှေပြည်မြတ် မြန်မာနိုင်ငံတော်ကြီးဟာ အကယ်တန်တု မထွက်သဟာ မရှိပါဘူးခင်ဗျ။ ရွှေ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ပတ္တမြားမှ အစပြုပြီးသကာလ။ ရွှေ တွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာအပြင် အင်တာနေရှင်နယ်အကြိုက် ကျွန်းရွှေဝါများပါ ထွက်လိုက် သေး။ ဆေးဖက်ဝင်အပင်၊ ဂမုန်း၊ သစ်ခွ၊ တရုတ်ကြိုက်အရိုး၊ သစ်မလန်းတွေလည်း ထွက်သဗျ။

ဒါ့ကြောင့်လည်း စိန့်တိုင်းမဟာက ဆွေမျိုးပေါက်ဖော်များဟာ မြန်မာဆိုရင် လက်မလွှတ် ချင်တဲ့အပြင်၊ ရင်ဝယ်သားကဲ့သို့ဖြစ်နိုင်ရင် သူ့နိုင်ငံထဲတောင် အလကားဆွဲသွင်းချင်အောင် ခင်မင မေတ္တာ ကြီးမားရှာတာပေါ့။ ဒီလိုစိတ်ရင်းကောင်းတဲ့အိမ်နီးချင်း နိုင်ငံကြီးလည်းရှိ၊ မိမိကိုယ်၌က လည်း ကြွယ်ဝကုန်လုံတဲ့နိုင်ငံဖြစ်နေတာတောင် အစိုးရခင်မျာ မွဲလိုက်တာ ဝီခေါ်လို့။ အစိုးရသာ မွဲတာပါ။ ပြည်သူအများစုက ကုန်းကောက်စရာမရှိဘူး။

ကမ္ဘာမှာ ဘာသယံဇာတမှ မထွက်။ ပညာကမတတ်။ စိုက်မရ၊ ပျိုးမရနဲ့ အမွဲတကာ့ ထိပ် ခေါင်လို့ထင်ပြီး ကြိတ်သနားခဲ့ရတဲ့နိုင်ငံတွေထက်တောင် ကိုယ့်နိုင်ငံက အမွဲစာရင်းမှာ အောက်ကျ နေတော့ မင်းဧကရာဇ်မှအပြစ်မတင် ..အနော် ဘယ်သူ့ကို အပြစ်တင်ရပါ့။

မင်းဧကရာဇ်ဆိုတော့ ရှေးစကားပေါ့ဗျာ။ ရှေးဆိုတာက ပြီးခဲ့သော အတိတ်ကာလ။ လွန လေပြီးသော အဖြစ်အပျက်များလို့ အဓိပ္ပာယ်ရထင်ပ။ အဲဒီတော့ ပြည်သူတွေကို ဆင်းရဲတွင်း ချောက်ကမ်းပါးထဲ သနားမညှာ အသွားစေခိုင်းခဲ့သူဟာ မင်းဧကရာဇ်မှလွဲ ဘယ်သူရှိလိမ့်မလဲနော်။

မြန်မာပြည်ဟာ ရွှေ ငွေ ရတနာတွေပေါကြွယ်ဝတဲ့ သူဋ္ဌေးကြီးနဲ့တူသဗျ။ ဒါပေမဲ့ သူဋ္ဌေး ကြီးကလည်း သူ့ပိုင်ဆိုင်တဲ့ဥစ္စာဓနကို သူကိုယ်တိုင်မှပွားများအောင် မခံ့ခွဲနိုင်တဲ့အပြင်၊ သားသမီး တွေကိုလည်း ဝလင်အောင်မကျွေးနိုင်ရှာဘူး။ ပြည်သူတွေဆိုတာ ဖခင်စိတ်မရှိတဲ့ သူဋ္ဌေးစုတ်၊ သူဋ္ဌေးပဲ့ကို အဖေတော်ရတဲ့ ဖွတ်ကျောပြာစု သူဋ္ဌေးရင်သွေးကလေးတွေ ဖြစ်ရရှာတာပေါ့။

ဆင်းရဲတော့ ငွေမရှိ။ ငွေမရှိတော့ စီပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အရေးပေါ်ငွေ လိုလာရင် ချေးဖို့၊ ငှားဖို့၊ ပေါင်ဖို့၊ နှံဖို့ စဉ်းစားပြီ။ ဘဏ်တွေတော့ရှိပါ့။ ဒါပေမဲ့ အဲဒီဘဏ်တွေဟာ ရေများရာမိုးရွာသလို ပစ္စည်းရှိသူကိုသာ အရင်းထုတ်ပေးဖို့ ဖွင့်ထားတာလေ။ အောက်ခြေ လူတန်း စား ဆင်းရဲသားတွေ၊ ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာမရှိတဲ့ လူ့ငမွဲတွေ ဘဏ်ရိပ်တောင် နင်းဖို့မလွယ်ဘူး။

အခုတော့ လယ်မြေတွေကို တရားဝင်ဘဏ်အပေါင်ထားလို့ရအောင် လုပ်ပေးဆိုလား။ ဒါ ပါးစပ်ဥပဒေ။ စက္ကူဥပဒေပါ။ လယ်တကွက်ကို ခင်ဗျားဘဏ်သွားပေါင်ကြည့်။ လွယ်လွယ်ရရင် ကျွန်တော့်လည်ပင်း ဓားတင်လို့သာ စင်းလှည့်တော့။ အကပ်အရပ်နဲ့ ကျောထောက်နောက်ခံမရှိ ရင် ဘဏ်ချေးငွေဆိုတာ နွေခေါင်ခေါင်လွင်တီးခေါင်မှာ မိုးရွာမယ်မျှော်သလို ဖြစ်နေမှာပဲ။ ဘဏ် ချေးငွေ ရအောင်လုပ်တဲ့နည်းကတော့ ရှိပါတယ်။ ခင်ဗျားရတဲ့ ချေးငွေထဲက သုံးပုံတစ်ပုံလောက်ကို ဆင်စာ၊ မြင်းစာ၊ ခွေးစာကျွေးလိုက်ရုံပါပဲ။ ဟဲ… ဟဲ… ဟဲ… (ဦးကျောက်လုံးလို ရယ်သည်)။

အဲတော့ ဒီလို ကမ္ဘာ့အမွဲဆုံး သယံဇာတပေါကြွယ်ဝသော ရွှေနိုင်ငံကြီးက သာမန်ပြည်သူ တွေဟာ ကျွန်တော်တို့လို လေးပစ်သမားပွဲစားတွေအတွက် ငွေရင်းငွေနှီးလိုနေတဲ့ ဆင်မင်းကြီး တွေ အလိုလိုဖြစ်လာကရော။ အစွယ်ကားကား အတိုးများများမက်သူတွေဟာလည်း ညှီစို့စို့ဆင် စွယ်ကိုမှ နားဝယ်ပန်သ၊ အလှဆင်လိုသူ ရွှေပေါ်မြတင် မိဘုရားခေါင်ကြီးတွေ ဖြစ်လာကြသပေါ့ ဗျာ။ ဟား… ဟား… ဟား… (သောနုတ္ထိုရ်လို ရယ်သည်)

ဆိုရရင်…
     
အောက်ခြေလူတန်းစား ပြည်သူအများကို ဆင်းရဲတွင်းမဟာမြိုင် တောနက်အတွင်း သက် ဆင်းအောင် အသွားစေခိုင်းသူ အာဏာရှင်မင်းဧကရာဇ်သာလျှင် အပြစ်ဟောင်း၊ အပြစ်သစ် အားလုံးကိုဆက်ခံသင့်တယ်။ ဒါ…

ကျနော့်အမှန်တရားပါပဲ….

ဇော်သစ်