ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ပြောင်းလဲချိန်တန် ကြာခဲ့ပေါ့


ဇွန်မိုး  - မြန်မာပြည်သို့ပေးစာ - ပြောင်းလဲချိန်တန် ကြာခဲ့ပေါ့
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆
ချစ်သူငယ်ချင်းတို့ရေ …

ဒီနေ့တော့ မြန်မာနိုင်ငံ ခြေပြန်ချခဲ့တဲ့ ရက်တိုအတွင်းမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစု၊ အဖွဲ့အစည်း (တပ်မတော်) အကျိုးစီးပွားကလွဲရင် ပြည်သူ့အရေးကိစ္စ၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှု ဘာဆိုဘာမှ စိတ်မဝင်စား၊ လုပ်ဆောင်ဖို့ စိတ်ကူးစိတ်သန် တစက်မရှိတဲ့ စစ်ဗိုလ်ချုပ်အာဏာရှင်တွေ နေမြဲခြေကုပ်ယူထားတဲ့ နေပြည်တော်မြို့ တော်သို့ အစိုးရသစ် ပညာရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်ထားတဲ့ Alternative Education Forum ခေါ်တဲ့ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားတခု တက်ရောက်ဖို့ ရောက်ရှိခဲ့တယ်။

လူထုဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ ဦးစီးကျင်းပတဲ့ အခမ်းအနားဖြစ်လို့ ဒီနယ်မြေကို ခြေချခဲ့တာပါ။ ဒါပေမဲ့ စိတ်သဏ္ဍာန်မှာတော့ သားရဲတွေ စောင့်ကြည့်ဝိုင်းရံနေတဲ့ နယ်မြေတွင်းကို ဆင်းသက်နေရသလို ခံစားနေမိသေးတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပညာရေးဆွေနွေးပွဲအကြောင်းကို အကျဉ်းချုပ် ပြောရရင် နှစ်ပေါင်း (၅၀) ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စစ်အစိုးရလက်ချက်ကြောင့် အဖတ်ဆယ်ဖို့ခက်အောင် ပြိုပျက်သွားခဲ့တဲ့ အလွန်ခေတ်နောက်ကျ၊ အရေးပေါ် ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ မြန်မာ့ပညာရေးစနစ် နဲ့ သန်းပေါင်းများစွာသော ကျောင်းမတက်၊ ကျောင်းထွက်အလုပ်လုပ်နေကြတဲ့ ကလေးလူငယ်များကို ပုံမှန်ပညာရေးစနစ်အပြင် အခြားနည်းလမ်းတွေနဲ့ ဘယ်လို ဝိုင်းဝန်ပူးပေါင်းလုပ်ဆောင်မလဲ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပုံစံမျိုးစုံနဲ့ ဘာတွေဖြည့်ဆည်း လုပ်ဆောင်နေကြသလဲ။ လိုအပ်ချက်တွေ၊ ဆက်လိုက်လုပ်ဆောင်သင့်တာတွေကို ဆွေးနွေးတင်ပြကြတဲ့ အခမ်းအနားဖြစ်တယ်။

တကယ်တော့ ဒီဆွေးနွေးပွဲမှာ ပြောဆိုဆွေးနွေးချက်တွေက အသစ်အဆန်တော့ မဟုတ်ဘူး၊ အားလုံးသိပြီသားဖြစ်တဲ့ ဒို့နိုင်ငံရဲ့  ထိတ်လန့်စရာကောင်းလောက်တဲ့ ချို့ တဲ့နှိမ့်ကျတဲ့ ပညာရေးနဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်အစိုးရတွေ ပျက်ကွက်မလုပ်ဆောင်ခဲ့တဲ့ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို မတူကွဲပြား ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတဲ့ အစိုးရမဟုတ်တဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့  လှုပ်ရှားလုပ်ကိုင်မှုတွေ၊ ရှာဖွေတွေ့ရှိတဲ့ အကြောင်းအရာ အချက်အလက်တွေကို တနေကုန် အတွေ့အကြုံဖလှယ် ဆွေးနွေးကြခြင်းဖြစ်တယ်။

ဆွေးနွေးပြောဆိုမှုတွေက သိနေပြီတဲ့ အကြောင်းအရာတွေ ဖြစ်နေပေမယ့် မလုပ်မဖြစ် ပြန်လည်တည်ဆောက်ရမယ့် ပညာရေးလုပ်ငန်းစဉ်များကို passionately တက်တက်ကြွကြွ ပြောဆိုဆွေးနွေးသွားကြတဲ့ အဖွဲ့အစည်းတွေ၊ အခမ်းအနား တက်ရောက်လာကြသူတွေရဲ့  တင်ပြချက်တွေက အနည်းနဲ့အများတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေ ထပ်ခါတလဲလဲ ပြောဆိုချက်တွေထဲ ခေါင်းထဲစွဲကျန်ခဲ့တဲ့ အချက်တချက်က စစ်အစိုးရ ကျေးဇူးကြောင့် ငါတို့ နိုင်ငံမှာ ဒီနေ့အထိ ကျောင်းမတက်နိုင်တဲ့၊ ကျောင်းတက်ခွင့် မရှိတဲ့ ကလေးလူငယ်ကျောင်းသား အရေအတွက် (၃) သန်းကနေ (၅) သန်းကျော်အထိ ရှိနေသေးတယ်ဆိုတဲ့ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ကိန်းဂဏန်းနံပတ် ဖြစ်တယ်။

ဘဝပေးကုသိုလ် (ဒို့လူမျိုးတွေ အလွယ်ပြောတတ်တဲ့ ဖြေရှင်းမှုတခု) အကြောင်းအမျိုးမျိုးကြောင့် စာမသင်ကြားနိုင်တဲ့ ဒီကလေးတွေရဲ့  ဒီနေ့နဲ့ မနက်ဖြန် အနာဂတ်အတွက် အဓိက တာဝန်ယူဖြေရှင်းလုပ်ကိုင်ရမယ့် အဖွဲ့အစည်းက နိုင်ငံတော်အစိုးရ ဖြစ်တယ်။ အထူးသဖြင့် ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ စစ်အစိုးရ၊ အာဏာရှင်အစိုးရတွေနဲ့မတူ ပညာရေးဘဏ္ဍာငွေကို ရာခိုင်နှုန်းများစွာ သုံးစွဲပြီး နည်းပညာ၊ သင်ကြားမှု (သင်ရိုးညွှန်တမ်း)၊ ဘက်ပေါင်းစုံ ထောက်ပံ့မှုတွေနဲ့ အချိန်မဆွဲ လုပ်ကိုင်သွားမယ်ဆိုရင် အချိန်ကာလတိုအတွင်း ဖြေရှင်းနိုင်ပါတယ်။

ကြုံလို့ပြောရရင် ကွန်မြူနစ်နိုင်ငံများဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်နိုင်ငံတွေမှာတောင် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ချိန်မှာ အစိုးရက ဘတ်ဂျက်များစွာသုံးစွဲပြီး နိုင်ငံတွင်း ပညာရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံခြားကို အစိုးရစရိတ်နဲ့ ပညာတော်သင်တွေလွှတ်ပြီး အဆင့်မြင့် ပညာရေး နည်းပညာများ လေ့လာသင်ကြားနိုင်ခွင့်တွေကို ပံ့ပိုးလုပ်ဆောင်ပေးခဲ့လို့ အချိန်တိုအတွင်းမှာ များစွာသော နိုင်ငံ့ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖော် ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။

ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ဝေးလံခေါင်ပါးတဲ့ တိုင်းရင်းသားဒေသ၊ ကျေးလက်တောရွာတွေ မပြောနဲ့ ရန်ကုန်လို မြို့ မှာတောင် မိုးမလုံ၊ ကြမ်းပေါက်၊ စာရေးစားပွဲခုံကျိုး မလုံမလောက် (မရှိ)၊ သန့်ရှင်းတဲ့အိမ်သာ၊ သောက်ရေသန့်မရ (လွန်လေပြီသော သမ္မတ ဦးသိန်းစိန်ကတော့ ကျောင်းသားတွေကို နွားနို့တိုက်ဖို့ တိုက်တွန်းပြောဆိုခဲ့တာကို မှတ်မိသေးတယ်)၊ ဆော့ကစား နားနေရာမရှိတဲ့ ကျောင်းပညာရေး ဝန်းကျင်ကို ပြန်လည်တည်ဆောက်ဖို့ အစိုးရ၊ လူမှု့အဖွဲ့အစည်း၊ ဆရာမိဘ ငွေကြေး၊ စိတ်ဓါတ်၊ နည်းမှန်လမ်းမှန်နဲ့ အားလုံးပေါင်းစပ် တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်နိုင်မှ အချိန်(တို)ကာလအတွင်းမှာ ပညာရေးဝန်ကြီး ပြောဆိုသွားတဲ့ အရည်အသွေးအဆင့်မီ (Quality Education) ကို ပြန်လည်တည်ဆောက် ရရှိနိုင်လိမ့်မယ်။

အချုပ်ပြောရရင် ပြောဆိုဆွေးနွေးစရာမလို လက်ရှိ ရှိနေတဲ့ အခြေအနေမှန်တွေကို လူထုအစိုးရအနေနဲ့ ဘာမှစွမ်းဆောင် မလုပ်ဆောင်ခဲ့တဲ့ အာဏာရှင်အစိုးရနဲ့ မတူကွဲပြား၊ မှန်ကန်တိကျတဲ့ ပေါ်လစီ နည်းဥပဒေသစ်တွေ ပြင်ဆင်ပြဌာန်း ရေးဆွဲမလုပ်ဆောင်ဘဲ Forum, Seminar တွေခေါ်ယူ ပြောဆိုကြပြီး လက်တွေ့ကျတဲ့ ဖြေရှင်းလုပ်ကိုင်မှုတွေနဲ့ အကောင်အထည်ဖော် မလုပ်ဆောင်နိုင်ရင်တော့ ဒို့တိုင်းပြည် အနာဂတ် ဒီထက်မက ဆိုးဝါးသွားလိမ့်မယ်။ တကယ်တော့ ပညာရေးစနစ် တည်ဆောက်ဖို့ ပြောင်လဲချိန်တန်ခဲ့တာ ကြာခဲ့ပါပြီ။

ချစ်ခင်စွာဖြင့် .. မင်းတို့ရဲ့ 

ဇွန်မိုး