ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သျှင်မျိုးငယ် ● ခေါင်းလောင်းသံ

သျှင်မျိုးငယ် ● ခေါင်းလောင်းသံ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆

ခေါင်းလောင်းသံတချက်အောက်မှာ ကျနော်တို့ဘဝတွေ နိုးထလာခဲ့တယ်။ ဘဝရထားရဲ့ ဆွဲဆွဲငင်ငင်အူသံတွေအကြား ကျနော်ပြန်လည်နားဆင်ချင်ခဲ့သော ခေါင်းလောင်းသံလေး... လွှင့်ပျံလာစေချင်ပါရဲ့။ ဟုတ်တယ်၊ ကျောင်းတက်ခေါင်းလောင်း သံ တိုးတိတ်လွင့်ဝေလို့။ အနာတရ တွေထုပ်ပိုးထားတဲ့ လောကဓံတရားကိုအန်တုရင်း မနက်ခင်းတချို့က ကွဲကြေလွင့်ပျက်... ဆင်ခြင်တုံတရားများ...အဝေးလွင့်...မေတ္တာတရားများ ...ဟိုး...အနန္တအကွာအဝေး။

မိုးသားတိမ်တိုက်တွေအထက်မှာ ကျနော့်ခန္ဓာကိုမြှုပ်နှံပစ်လိုက်တဲ့နေ့က  ခေါင်းလောင်းသံဟာ ပိုချိုတယ်။

ပျော်ရွှင်မှုတွေကို ခိုးယူစားသောက်နေတဲ့ နိစ္စဓူဝ ဖိစီးမှုအာရုံများက ကျနော့်ကို ပုံသွင်းဆေးခြယ် ချင်သတဲ့။ ဒါ...မကောင်း ဆိုးဝါး နိမိတ်ပုံပဲ။ အဖြေဟာ ရိုးအီနေတဲ့ဆူးခင်းလမ်းမတွေကို ရေးဆွဲခဲ့တဲ့ ပန်းချီ။ အနားသတ်မဲ့စကြာဝဠာကို ဘောင် ခတ်နေတဲ့ စိတ်မနှံ့လူကြီးလူကောင်းတယောက်ပဲ။ မျောလွင့်ခြင်းနဲ့ လွင်မျောခြင်းအကြားက မသိမှုဗေဒကို သိမှုဆိုင်ရာ အခြေခံအချက်အလက်တွေနဲ့ ဖြေရှင်းမယ့်သူကို မရိုးဖြောင့်သူလို့ သတ်မှတ်ပစ်လိုက်တယ်။ ပစ္စက္ခခံစားမှုရသတွေရဲ့စုတ်ချက် မဲ့ အတွေးသက်သက်။ ဒါဟာ...ကျွန်တော့်ခန္ဓာဗေဒရဲ့ကွေးညွှတ်မှုအဖြစ် သိစိတ်ဟာ သတ်မှတ် ထားခဲ့တယ်။

ကျနော့်မျက်ဝန်းများမှာ ဖွဲ့သီခဲ့သောမျက်ရည်စက်တို့ဖြင့် အတိတ်ကိုလွမ်းဆွေးသတိရနေလေပြီ။

ခေါင်းလောင်းသံ၊ အညာမြေ၊ နွေခေါင်ခေါင်။ စိန်ပန်းတွေ အနီ..၊ ငုတွေက အဝါ..တမာတွေက ဖြူမြဲဖြူကြ။ ဒါဟာ ပန်မျိုး စုံတောက်ပလင်းလက်နေတဲ့ ကျနော်တို့ရဲ့ဥယျာဉ်။

ကြယ်စင်လေးတွေ အဆုံးမဲ့လင်းလက်နေတဲ့ ကောင်းကင်။ ရနံ့ချိုအီမွှေးပျံ့လွန်းတဲ့တော ပန်းကလေးတွေရဲ့အားမာန်။

အခု...ကျောင်းတော်ကြီးရဲ့နံရံတွေဟာ တုန်ခါ ...အက်ကွဲ။

ကျနော်တို့ရဲ့ဘဝအနာလောကဓံရိုက်ချက်၊ အဆင်မပြေမှုရသ၊ အချိုးနှိမ်ခံနေ့စွဲတွေ စသဖြင့်တွေရဲ့ကူးစက်ရောဂါ။

သူ့နံရံမှာ ချိတ်ဆွဲထားတဲ့ဒဏ်ရာကို သီဆိုနေခဲ့တယ်..အဲဒါခေါင်းလောင်းသံတွေပေါ့။

မနက်ဖြန်တွေဟာ လင်းလက်ပါရဲ့လား။

အထားအသိုလွဲမှားခဲ့တဲ့ လူသားတွေဟာ အမှားတွေကို ဆက်တိုက်မှား...ဆက်မှား... ဆက်မှားကြ။ အမှားအယွင်းကပွဲမှာ အမှန်တရားဆိုတာ သရုပ်ပျက်ဝါဒသက်သက်ပေါ့။ မှိတ်ထားလိုက်တယ်...မျက်ဝန်းတွေ၊နားတွေ၊စိတ်တွေ၊ဦးနှောက်တွေ၊ မီးတွေ၊ တံခါးတွေ၊ ပြတင်းတံခါးချပ် များ...။ ဆက်ပိတ်ထားခဲ့။

ဘာမှဝင်မလာသလို ဘာမှထွက်မသွားနဲ့။ စီးမျောမှုတရားမှာ အားလုံး နေသားတကျ စီးမျောကြ။ ကောက်ကွေ့မှုဟာ တွား သွားသတ္တဝါတကောင်ရဲ့ ကိုယ်ပိုင်သံစဉ်ဖြစ်သတဲ့။ ကျနော်တို့  ကွေ့ကောက်ပစ်ခဲ့ကြတယ်...တွားသွားသတ္တဝါများအတိုင်း။ အက်ကြောင်းထရာ ဗရပွနဲ့ နံရံ ဟာငိုယိုပစ်လိုက်တယ်။ ကျောင်းတော်ကြီး...အိုမိခင်..သင့်ရင်ခွင်မှ ချစ်ခြင်းတရားအဖြစ် ခေါင်း လောင်းသံကို ချစ်တယ်...သူငယ်ချင်းတွေ၊ ဆရာ/ဆရာမတွေ၊ နံရံကြီးတွေ၊ စာသင်ခန်းတွေ၊ ကျောက်သင်ပုန်းတွေ၊ ချစ်ခြင်းမေတ္တာတရားတွေ၊ရိုသေလေးစားမှုတွေ...အားလုံးကို ချစ်တယ်။ ပြန်လည်ခိုလှုံခဲ့တဲ့ ခဏတာမှာ ခေါင်းလောင်းသံ တချက်က ကျနော့်နားမှတဆင့် စိတ်ခံစားမှု အဖြစ် ကူးစက်သွားတယ်။ ဒါ...စီးမျောမှုတခုရဲ့မှတ်တမ်း။

အခုဆိုရင်...ကျနော်ဟာ ကျောင်းတော်ကြီးရဲ့အဝေး...ဟိုအဝေးကို...ခရီးဆက်ခဲ့ရ။ ပန်းရနံ့တွေနဲ့ ထုံအီမွှေးပျံ့စေသော ပန်းခင်းလမ်းကလေးတွေကို ခေါင်းလောင်းသံက ဖန်ဆင်းသတဲ့။ လမ်းတွေ...လမ်းမတွေ...အဆုံးဘယ်တော့ရှိမလဲ။ ဒီလို မသဲမကွဲအဆုံးသတ်များသို့ ခြေလှမ်းများ ရွက်လွှင့်ထွက်ခွာ။ ဘဝဟာ ဒဏ်ရာကိုကုစားဖို့ ခေါင်းလောင်းသံကို ပြန်လည်နား ဆင်ခံစားချင်တယ်။ လောကတံခါးချပ်များကို ဆွဲဖွင့်ခဲ့သူတယောက်ရဲ့လှိုင်းထန်နေ့စွဲတချို့ရဲ့အငွေ့အသက်ကို ခံစားနားဆင် ဖို့ ကျနော်ကိုယ်တိုင် ဆေးစက်များစွာ ခြယ်သထားခဲ့တဲ့ ပန်းချီတချပ်စာ အိပ်မက် အသေတွေကိုဆုပ်ကိုင်လို့ ခရီးဆက်ခဲ့ရ။ ဒါဟာ  ခါးသီးမှု၊အဆင်မပြေထောင့်ချိုးများ၊ မီးတောက် နေသော ဝိုင်အရက်များ၊ ဖုံးလွှမ်းနေသော မောဟများ...။

တိတ်ဆိတ်မှုကို ခံစားကြည့်လိုက်တဲ့အခါမှာ ကျနော့်ရင်ဘတ်ဟာ ဆူညံလွန်းလေရဲ့။ လောကကြိုးဝိုင်းထဲက မျဉ်းပြိုင်များ၊ ဖြတ်မျဉ်းများ၊ မျဉ်းများအားလုံးအားလုံး. အပြေး အလွှား  ပြေးလွှားနေကြရ။ ခေါင်းလောင်းသံတချက်ဟာ   ဘဝလမ်းမတွေကို တောက်ပစေခဲ့တဲ့ အလင်းတန်း။

အခက်အခဲဆန်ဆန်ပြဿနာတချို့ရဲ့ ဖြေရှင်းချက်။အိမ်ပြန်နောက်ကျတတ်တဲ့သားတစ်ယောက်အတွက် အမေ့အပြုံး။

ဆိုးမိုက်တေလေ ပေရေလေလွင့်နေတဲ့ကျောင်းသားတစ်ယောက်အတွက် ဆရာ့စကားသံ။ လောကဓံတရားရဲ့ ဖိနှိပ်မှုကနေ ဆွဲထုတ်ခဲ့တဲ့ ကယ်တင်ရှင်။ သွေးပျက်ခြောက်ခြားနေတဲ့ လူမိုက် တယောက်အတွက် ဖြေသိမ့်မှု။ နေ့စွဲတခုရဲ့အရုဏ်ဦးတေး သံ။ သူဟာ..နွေအငွေ့အသက်နဲ့ လွင့်ပျံ လာခဲ့တယ်။ ခေါင်းလောင်းသံရဲ့အေးရိပ်ဟာ ရေစီးကြောင်းတွေကို ပဲ့ကိုင်ထိန်း ကျောင်းခဲ့တဲ့ ပဲ့ကိုင်ရှင်တယောက်လို စိတ်အေးချမ်းမှုတွေကို စိုက်ပျိုးနေလေရဲ့။ မနက်ဖြန်ဆိုရင်...ခေါင်းလောင်းသံ လေးကိုနားဆင်ရဦးမယ်...ဒီလိုနဲ့စာကျက်ခဲ့ရတဲ့ နေ့စွဲများ၊ လများ၊ သက္ကရာဇ်များ အိုဟောင်းခဲ့လေ ပြီ။

ရပ်တန့်နေတဲ့ခြေလှမ်းအစုံကို လှုပ်နှိုးခဲ့သူဟာ ခေါင်းလောင်းသံတချက်ဖြစ်တယ်။ ကျောင်း တက်ခေါင်းလောင်းသံရဲ့နရီစည်းဝါးရိုက်ချက်အောက်မှာ ကျနော်တို့ငြိမ်သက်စွာ ရွတ်ဆိုခဲ့ရသော သင်ခန်းစာများနဲ့အခုတော့ စာသင်ခန်းတွေရဲ့ အပြင် ဘက်မှာ သင်ခန်းစာတွေ လွင့်ဝဲလို့လေ့လာ သင်ယူနေရဆဲ။ အလွဲအမှားကောင်းကင်အောက်မှာ ကျနော်တို့တတွေ လူလား မြောက်ခဲ့ရတဲ့သ က္ကရာဇ်တွေက ဆယ်စုနှစ်များစွာ။ အဲဒီကောင်းကင်ကို ဆွဲဆုတ်ပစ်လိုက်ချင်တဲ့စိတ်ကူးတွေနဲ့ ကမ္ဘာမြေရဲ့ခံစားမှုတွေကိုတုံးလိုခုပြီး ကျနော်တို့ ရူးသွပ်ခဲ့ကြတာ အခုထက်ထိ။ဆွဲဖြဲပစ်ဖို့ လက်တစ်ကမ်းအလိုမှာ ကောင်းကင်ဟာ မျက်လှည့်ဆန်ခဲ့တယ်။

ကောက်ကျစ်ခဲ့တယ်။ရက်စက်စွာ ယုတ်မာပစ်ခဲ့တယ်။ တချိန်ချိန်တော့ ဒီကောင်းကင် အမှားကြီးဟာ အက်ကြောင်းရာ ဗရပွနဲ့ ပြိုကျကောင်းပါရဲ့။ ကျနော်...အဲဒီကောင်းကင်အတုကြီး အောက်မှာ ရှင်သန်ရတာ မွန်းကြပ်လွန်းလိုက်တာ...။
ဘဝမှာ ပုံမလာရိုက်ချက်တွေနဲ့ အသက်မဲ့စကားလုံးတွေကြောင့် ကျနော်နားတွေ မှိုတက်ခဲ့ရတယ်။

ပျက်သုဉ်းနေသော စာရိတ္တယဉ်ကျေးမှုများနဲ့ပျောက်ဆုံးနေသော ကိုယ်ချင်းစာတရားများ ..ကောင်းမှုတခုမှာ မွေ့လျော်စေ ချင်ရဲ့။ ဘဝကိုထုဆစ်ခဲ့သော နေ့စွဲများမှာ ရိုးအီနေတဲ့ အသက်မဲ့ ပတ်ဝန်းကျင်တခုရဲ့ခံစားချက်မဲ့ဓားချက်များက သွေးစိမ်း ရှင်ရှင် ထွက်စေခဲ့။ ကောင်းကင်အမှား နဲ့ ခေါင်းလောင်းသံတွေဆို့နင့်နေတဲ့ ခေတ်ဆိုးတခု။

အဲဒီခေတ်မှာ လူငယ်တွေဟာ တိုက်ပွဲဝင်ခဲ့ရ။ ထောင်ချောက်တွေနဲ့ ထိုးစစ်အဆင်ခံရ။ မျှော်လင့်ချက်တွေဖျက်ဆီးခံရပြီး ကမ်းမဲ့ပင်လယ်ပြင်ထဲမှာ ဘဝတွေဟာ ကိုယ့်ဒဏ်ရာကိုကုစား ရင်း ခရီးဆက်ရွက်လွှင့်ခဲ့ရ။ ကျောက်ဖြစ်ရုပ်ကြွင်းဆန်ဆန် သမိုင်းတွေ ဆွံ့အခံခဲ့ကြရတယ်။ ပြန် လည်မတည်ဆောက်နိုင်ခဲ့တဲ့ ယုံကြည်မှုကမ်းလှင့်လက်များစွာကို ဖြတ်တောက်ခံခဲ့ရ။ ဒီလိုနဲ့... မိုးသောက်ကနေ လူခြေတိတ်တဲ့အထိဘဝများစွာ ကျီးလန့်စာစား...အလူးအလဲ ကြေမွ...။

အခု...မနက်ဖြန်တွေမှာ ခေါင်းလောင်းသံတွေ လှိုင်းခတ်ဝေပါစေ။ နူးညံ့သိမ်မွေ့လှ သော နှလုံးသားများကိုကမ်းလှင့်ပါစေ..။ ခေါင်းလောင်းသံအောက်မှာ ကျနော်တို့ရဲ့နောက်မျိုးဆက်သစ်တွေ၊ ကလေးတွေ၊ လူငယ်တွေ..ပန်းလိုမွှေးပျံ့သင်းရနံ့လှိုင် စေ..စမ်းလိုအေးမြ ဘေးဘယရန်သွေ လို့...ခေါင်းလောင်းသံကလေး လွင့်ပျံ့ပါစေ...။

အို...ချစ်သော၊ချစ်လှစွာသော၊ ချစ်မြတ်နိုးလှစွာသောခေါင်းလောင်းသံ ချိုလွင်လွင်တို့ရဲ့အောက်မှာ...အနာဂတ်ကို ထိုး သုတ်ပစ်မယ့် စွန်ရဲများ၊ မနက်ဖြန်တွေကို ခုန်အုပ်မယ့်ကျားသစ်များ၊ မျှော်လင့်ချက်တွေကို သက်ဝင်လှုပ်ရှားစေမယ့် အားသစ်များ...လန်းဆန်းလတ်ဆတ်စေချင်ပါရဲ့။

အို...ခေါင်းလောင်းသံ!

ကောင်းကင်အမှားကို ဆုတ်ဖြဲလို့...ချိုလွင်သာယာ တိုးတိတ်လွင့်ပျံ့စေ...။ မနက်ဖြန်ရဲ့ မျှော်လင့်ချက်တွေကို အသက်ဆက် နိုင်ဖို့ ခေါင်းလောင်းသံတချက်အောက်မှာ ကျနော်တို့ဘဝတွေ ပြန်လည်နိုးထလာခဲ့ပြီလေ။ ။
                                                           
သျှင်မျိုးငယ်