ဂါမဏိ ● ညောင်နှစ်ပင်တန်းစီ၊ မရ ... လုံးဝ

ဂါမဏိ ● ညောင်နှစ်ပင်တန်းစီ၊ မရ ... လုံးဝ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၁ ၉ )
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ညောင်နှစ်ပင်ညီလာခံကို “ငြိမ်းချမ်းရေး” အဖွဲ့ (၂၈) ဖွဲ့ တက်ရောက်တယ်လို့ နအဖကဆိုပါတယ်။ ဒီထဲမှာ ငြိမ်းချမ်းရေး (၁၇) ဖွဲ့လို့ နအဖက တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ဖုံကျားရှင်း ခေါင်းဆောင် ကိုးကန့်အဖွဲ့- မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ MNDA/ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA - ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁)-ယခင် ဗကပ ကိုးကန့်ခရိုင်။

(၂) ပေါက်ယူချန် ခေါင်းဆောင် ဝ အဖွဲ့ - ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(ဝသပ) UWSP/ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP - ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၂) - ယခင် ဗကပ ဝ ခရိုင်များ။

(၃) ဆေထင်/လွယ်မောင်း ခေါင်းဆောင် ရှမ်း အဖွဲ့ - ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/-ရှမ်းပြည်တပ်မတော် SSA -ရှမ်းပြည် နယ်မြောက်ပိုင်း အထူးဒေသ (၃) - ယခင် မဒတ အဖွဲ့ဝင်။

(၄) လီမင်းရှင် (ခေါ်) စိုင်းလင်း ခေါင်းဆောင် အခါ-ရှမ်းအဖွဲ့ - အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (အရှေ့ပိုင်းရှမ်း ပြည် နယ်) NDA(ESS)/အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (အရှေ့ပိုင်း ရှမ်းပြည်နယ်) NDAA(ESS) - ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) - ယခင် ဗကပ ၈၁၅ စစ်ဒေသ။

(၅) ဇခုန်တိန်ယိန်း ခေါင်းဆောင် ကချင်အဖွဲ့ - ဒီမိုကရေစီသစ်ပါတီ-ကချင် NDP-K/ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA-K - ကချင်ပြည်နယ် အထူးဒေသ (၁) - ယခင် ဗကပ ၁၀၁ စစ်ဒေသ။

(၆) မထုနော် ခေါင်းဆောင် ကချင်အဖွဲ့ - ကချင်ဒီမိုကရေစီပါတီ KDP/ကချင်ဒီမိုကရေစီတပ်မတော် KDA - ရှမ်းပြည်နယ် မြောက်ပိုင်း အထူးဒေသ (၅) - ယခင်ကေအိုင်အေ တပ်မဟာ (၄)။

(၇) အောင်ခမ်းထီ ခေါင်းဆောင် ပအိုဝ်းအဖွဲ့ - ပအိုဝ်းအမျိုးသားအဖွဲ့ PNO/ပအိုဝ်းအမျိုးသားတပ်မတော် PNA - ရှမ်းပြည် နယ်တောင်ပိုင်း အထူးဒေသ (၆) - ယခင် ရလလဖမှခွဲထွက်၊ မဒတအဖွဲ့ဝင်။

(၈) အိုက်မုန်း ခေါင်းဆောင် ပလောင်အဖွဲ့-ပလောင်ပြည်လွတ်မြောက်ရေးပါတီ PSLP/ပလောင်ပြည်လွတ်မြောက်ရေး တပ် မတော် PSLA - ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၇) - ယခင် မဒတ အဖွဲ့ဝင်။

(၉) ဌေးကို ခေါင်းဆောင် ကယန်းအဖွဲ့-ကယန်းအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့/ ကယန်းအမျိုးသားကာကွယ်ရေး တပ် KNG - ကယားပြည်နယ် အထူးဒေသ (၁) - ယခင်ကယန်းပြည်သစ်ပါတီခွဲထွက်။

(၁၀) လမုန်တူးဂျာ ခေါင်းဆောင် ကချင်အဖွဲ့ - ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO/ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA - ကချင်ပြည်နယ် အထူးဒေသ (၂) - ယခင် မဒတ အဖွဲ့ဝင်။

(၁၁) စန္ဒာ ခေါင်းဆောင် ကရင်နီအဖွဲ့ - ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF/ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA - ကယားပြည်နယ် အထူးဒေသ (၂) - ယခင် KNPP မှခွဲထွက်။

(၁၂) ရွှေအေး (ငိန်းကယန်းထန်) ခေါင်းဆောင် ကယန်းအဖွဲ့ - ကယန်းပြည်သစ်ပါတီ KNLP/ကယန်းပြည်သစ်တပ်မတော် KNLA - ကယားပြည်နယ် အထူးဒေသ (၃)။
(၁၃) တာကလယ် ခေါင်းဆောင် ပအိုဝ်းအဖွဲ့ - ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) SNPLO/ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် SNPLA - ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၁၃)။

(၁၄) ပလျားရယ် ခေါင်းဆောင် ကရင်နီအဖွဲ့-ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/ကရင်နီတပ်မတော် KA - ယခင် မဒတအဖွဲ့ဝင်။

(၁၅) နိုင်ထင် ခေါင်းဆောင် မွန်အဖွဲ့ - မွန်ပြည်သစ်ပါတီ NMSP/မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA -ယခင် မဒတအဖွဲ့ဝင်။

(၁၆) အိုက်ဆာ (ခေါ်) ခွန်ဆာ ခေါင်းဆောင် ရှမ်းအဖွဲ့ - ရှမ်းပြည်မျိုးချစ်ကောင်စီ SSPC/မုံးတိုင်းတပ်မတော် MTA ။

(၁၇) စောထွန်းဦး ခေါင်းဆောင် ရခိုင်အဖွဲ့ - ရခိုင်ပြည်လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးပါတီ/ ရခိုင်ပြည်လူမျိုး ပေါင်းစုံ သွေးစည်းညီညွတ်ရေးတပ်မတော် - ယခင် ဗကပ ရခိုင်ပြည်နယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၈) ဖွဲ့က စုပေါင်းထုတ်ဝေတဲ့ “ချစ်ကြည်ရေး” ဂျာနယ်က စာရင်းမှာ လုံးဝလက်နက်ချ နှစ်ဖွဲ့ဖြစ်တဲ့ အမ်တီအေနဲ့ ရခိုင် ဗကပတို့ကို (၁၇) ဖွဲ့ထဲကဖယ်ထုတ်ထားပြီး ရှမ်းပြည်အမျိုးသားတပ်မတော် SSNA နဲ့ တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ DKBA ကို ထည့်သွင်းထားတာ တွေ့ရတယ်။ ဒီနှစ်ဖွဲ့ဟာ MTA နဲ့ KNU တို့က ခွဲထွက်လာတာဖြစ်ပြီး မီဒီယာထဲမှာ ငြိမ်းချမ်းရေးယူတဲ့အခမ်းအနား သီးသန့်သတင်းမထည့်ခဲ့ပေမဲ့ ကိုယ်ပိုင်နယ်မြေ၊ ကိုယ် ပိုင်တပ်အင်အား အတော်ကြီးကြီး ဆက်ကိုင်ထားခွင့်ရတယ်။

အခုအခါမှာ SSNA နဲ့ KNPP တို့ဟာ နအဖနဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်သွားပြီဖြစ်ပေမဲ့လည်း နအဖ ကတော့ ငြိမ်းချမ်းရေးအဖွဲ့များအဖြစ် ဇွတ်အတင်းစာရင်းပြနေဆဲ ဖြစ်ပါတယ်။ SSA နဲ့ SSNA တို့နှစ်ဖွဲ့ပေါင်းပြီး ရှမ်းပြည်ငြိမ်း ချမ်းရေးကောင်စီ SSPC ကို ဖွဲ့စည်းခဲ့ကြပေမဲ့ အခုအခါ SSPC ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင်လည်း နအဖရဲ့ဖမ်းဆီးထောင်ချခံရကာ SSNA ကလည်း တောပြန်ခိုသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖစစ်အုပ်စုဟာ KNPP ကခွဲထွက်ပြီး အပြီးအပိုင် လက်နက်ချ ထားတဲ့အဖွဲ့လေးတွေ၊ ပြည်သူ့စစ် သို့မဟုတ် သကဆဖတဖြစ်လဲ MTA အဖွဲ့လေးတွေ၊ SSNA ထဲက တောပြန်မခိုဘဲ လုံးဝလက်နက်ချလိုက်တဲ့အဖွဲ့လေးတွေကို ညီလာခံမှာ စာရင်းထည့်ပြပါလိမ့်မယ်။ PSLO ပလောင်အဖွဲ့လည်း “လက်နက်နဲ့ငြိမ်း ချမ်းရေး” အပြီးအပိုင်လဲလိုက်တယ်ဆိုပေမဲ့ ညောင်နှစ်ပင်ညီလာခံကိုတော့ အဖွဲ့နာမယ်နဲ့ တက်ခိုင်းခဲ့သေးတယ်။

(၁၇)  ဖွဲ့ကအပ “အခြားဖိတ်ကြားခံရသူ” စာရင်းဝင် တခြား “ငြိမ်းချမ်းရေး” အဖွဲ့တွေကတော့ မိခင်တိုင်းရင်းသားအဖွဲ့များကနေ ခွဲထွက်ကာ စစ်အစိုးရထံ ခြွင်းချက်မရှိလက်နက်ချထားသူတွေဖြစ်ပြီး တချို့က သကဆဖ၊ တချို့က ပြည်သူ့စစ်အဖြစ် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်လက်နက်နဲ့ “စီးပွားရေးအခွင့်ထူးများ” ရရှိထားကြတယ်။ လက်နက်ကိုတော့ အရေအတွက် အမျိုးအစား အကန့်အသတ်နဲ့သာ ကိုင်ရတယ်ဆိုပေမဲ့ တင်းတင်းကြပ်ကြပ်ကြီး သတ်မှတ်ထားတာတော့ မဟုတ်ပါ။ အဲဒီ အဖွဲ့တွေကတော့ —

(၁) လီးရယ် ခေါင်းဆောင် ကရင်နီအမျိုးသားဒီမိုကရေစီပါတီ (နဂါးအဖွဲ့)KNPP ခွဲထွက် -ကယားပြည်နယ်

(၂) ခူးရီ ခေါင်းဆောင် ကရင်နီအမျိုးးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကယောငြိမ်းချမ်းရေးအဖွဲ့) KNPP ခွဲထွက် - ဟိုယာဒေသ (ကယားပြည်နယ်)

(၃) စောကာရီထူး ခေါင်းဆောင် ကရင်နီအမျိုးးသားစည်းလုံးညီညွတ်ရေးအဖွဲ့ကမစည (ကြယ်ဖြူအဖွဲ့) KNPP ခွဲထွက် - ခဲမဖြူ-မော်ချီး (ကယားပြည်နယ်)

(၄) စောသမူဟဲ ခေါင်းဆောင် ဟောင်သရောအထူးဒေသ KNU ခွဲထွက် - အဇင်း-ကျိုက်ဒုံ (ကရင်ပြည်နယ်)
(၅) ဖဒိုအောင်ဆန်း ခေါင်းဆောင် ဘုရားကုန်းအထူးဒေသ KNU ခွဲထွက် - ဘုရားကုန်း-ဖါးအံ (ကရင်ပြည်နယ်)

(၆) မဟာဂျာ ခေါင်းဆောင် ဟိုမိန်းအထူးဒေသ သက်သာချောင်ချိရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ MTA အဖွဲ့ခွဲ - ဟိုမိန်း (ရှမ်းပြည်နယ်တောင်ပိုင်း)

(၇) ခွန်းမိန်း ခေါင်းဆောင် ရွှေပြည်အေးအထူးဒေသ MTA အဖွဲ့ခွဲ- ကသည်းကွင်း-ဖယ်ခုံ (ရှမ်းပြည်နယ်တောင်ပိုင်း)

(၈) ဘိုမွန်း ခေါင်းဆောင် မန်ပန်ပြည်သူ့စစ် MTA အဖွဲ့ခွဲ -မန်ပန်-နောင်လိုင် (ရှမ်းပြည်နယ်မြောက်ပိုင်း)

(၉) အောင်သိုက်ဟင်း ခေါင်းဆောင် မြိတ်ဒေသမွန်တပ်မတော် (မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့) NMSP ခွဲထွက် - ချောင်ချိ-ဘုတ်ပြင်း (တနင်္သာရီတိုင်း)

(၁၀) နိုင်စိုက်ချန်း ခေါင်းဆောင် မွန်ခွဲထွက်အဖွဲ့ NMSP ခွဲထွက် -သံကျွန်း-ကော့သောင်း (တနင်္သာရီတိုင်း)

(၁၁) သန်းရွှေ ခေါင်းဆောင် ရခိုင်ပြည်တပ်မတော် NUPA ခွဲထွက်- ကျောက်တော် (ရခိုင်ပြည်နယ်)

၁၉၉၆ ခုနှစ်ဆန်းမှာ အိုက်ဆာ ခေါ် ချန်ချီဖူး ခေါ် ခွန်ဆာ ခေါင်းဆောင်တဲ့ MTA အဖွဲ့ဟာ နအဖစစ်အစိုးရထံ “အကြွင်းမဲ့ လက်နက်ချ” တယ်လို့ကြေညာပြီးနောက် နအဖက MTA ကို အထူးဒေသတွေ ပြန်လည်ဖွဲ့စည်းနေရာချပေးခဲ့တယ်။ လက် နက်တွေကိုလည်း အကန့်အသတ်နဲ့ ပြန်လည်တပ်ဆင်ပေးပြီး သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ (သကဆဖ) သို့မဟုတ် ပြည်သူ့စစ်အဖွဲ့တွေအဖြစ် ဒေသခံနအဖတပ်များရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာထားတယ်။ “စီးပွားရေးလုပ်ငန်း” အားလုံး ကို သက်ဆိုင်ရာနအဖတပ်မှူး-တိုင်းမှူးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြတယ်။ လက်နက်အရေအတွက် ကန့်သတ်ထားတယ်ဆိုပေမဲ့ တရားမဝင်လက်နက်အရောင်းအဝယ်လုပ်ငန်းတွေကို ဗြောင်နီးနီးလုပ်နေကြတယ်။ နအဖအာဏာကို မထိပါးသရွေ့ လုပ်ချင် တာလုပ်ခွင့်ရတဲ့သဘောပါပဲ။ MTA အထူးဒေသတွေကတော့ —

(၁) မဟာဂျာ ခေါင်းဆောင် ဟိုမိန်းအထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၂) ဆံမွန်း ခေါင်းဆောင် မုန်းထော်-မုန်းထအထူးဒေသ (ရှမ်းပြည်နယ်အရှေ့ပိုင်း)
(၃) ဘိုမွန်း ခေါင်းဆောင် မန်ပန်-နောင်လိုင်အထူးဒေသ (ရှမ်းပြည်နယ်မြောက်ပိုင်း)
(၄) လောမား ခေါင်းဆောင် မုန်းဟင်-မုန်းဟအထူးဒေသ (ရှမ်းပြည်နယ်မြောက်ပိုင်း)
(၅) ခွန်းမိန်း ခေါင်းဆောင် ရွှေပြည်အေးအထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၆) လီချန် ခေါင်းဆောင် နားရိုင်းအထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၇) လင်းဆိုင် ခေါင်းဆောင် မတ်ကျန်း အထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၈) ယိရှေး ခေါင်းဆောင် လွယ်တော်ခမ်းအထူးဒေသ (ရှမ်းပြည်နယ်အရှေ့ပိုင်း)
(၉) နော်ခမ်း ခေါင်းဆောင် ဟောင်လွတ်အထူးဒေသ (ရှမ်းပြည်နယ်အရှေ့ပိုင်း)

ဒီ ၉ ဖွဲ့စလုံး ညောင်နှစ်ပင် တက်ရတာမဟုတ်ဘဲ ၃ ဖွဲ့ဘဲ တက်ရပါတယ်။

ထူးခြားတာက နားရိုင်းအထူးဒေသခေါင်းဆောင် လီချန် နဲ့သူ့တပ်ဖွဲ့တွေဟာ ခွန်ဆာလက်အောက်ခံ MTA ကမဟုတ်ဘဲ တာ ကလယ်လက်အောက်ခံ ရလလဖအဖွဲ့ကဖြစ်နေတာပါပဲ။ ရလလဖအဖွဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တာ (၃) နှစ်အကြာ မှာမှ မူးယစ်ဆေးလုပ်ငန်း အဝေမတည့်ရာက ခွဲထွက်ပြီး နအဖဆီ လက်နက်ချလိုက်တာဖြစ်တယ်။ ဒါပေမဲ့ နအဖက သူ တို့ကို MTA အကြွင်းအကျန်တွေလို့ သတ်မှတ်ပေးပြီး “အထူးဒေသ” တခုဖန်တီးပေးလိုက်တယ်။

ညောင်နှစ်ပင်ညီလာခံမှာ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေက တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် အဆိုပြုချက်တွေ တင်ခဲ့ကြတယ်။ SSA, KDA, PSLO, NDA-K, KIO, KNG, ကလလတ၊ ရလလဖ၊ ကယန်းပြည်သစ်ပါတီ၊ ကယောငြိမ်းချမ်းရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မွန်ခွဲထွက်အဖွဲ့ (ချောင်ချိဒေသ) နဲ့ SSNA အဖွဲ့ (၁၃) ဖွဲ့က တိုင်းရင်းသား ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအတွက် သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းခွင့်ပေးဖို့၊ ထပ်တူဥပဒေပြုခွင့်၊ ကြွင်းကျန်ဥပဒေပြုခွင့်တွေပေးဖို့၊ ပြည်နယ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအတွက် သီးသန့်လုံခြုံရေး တပ် ဒါမှမဟုတ် အထူးရဲတပ်ဖွဲ့ ထားခွင့်ပေးဖို့၊ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားကဏ္ဍ ဆိုပြီး ကဏ္ဍတခု သီးသန့်ထားဖို့၊ လူမျိုးစုရေးရာတွေနဲ့ပတ်သက်လာရင် ပြည်နယ် (သို့) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကသာ လုံးဝအပြည့်အဝအာဏာပိုင်ဖို့၊ တိုင်းရင်းသားဘာသာစကားကို သက်ဆိုင်ရာပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ ရုံးသုံးဘာသာစကားအဖြစ်ပြဋ္ဌာန်းဖို့၊ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေတွေကို ပြည်နယ်-ဒေသဥပဒေအဖြစ် ပြဋ္ဌာန်းဖို့တွေကို အဓိကတောင်း ဆိုကြ တယ်။

ဝ၊ ကိုးကန့် နဲ့ ရှမ်း-အခါအထူးဒေသ(၄) သုံးဖွဲ့ကတော့ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ လုံခြုံရေးတပ်ထား ခွင့်ရဖို့၊ တိုင်းရင်းသား ဘာသာ စကားနဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဥပဒေကို ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို နီးစပ်ရာပြည်နယ်အောက်မှာမထားဘဲ ပြည်ထောင်စုဗဟိုရဲ့ လက်အောက်မှာထားဖို့၊ ရှမ်းပြည်နယ်ရဲ့ သံလွင်အရှေ့ခြမ်း တခုလုံးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ဖို့၊ ကျွန်းသစ်ကို ပုဂ္ဂလိက ပိုင်ပြဋ္ဌာန်းပေးဖို့တွေ တောင်းဆိုခဲ့ တယ်။ (၁၃ ဖွဲ့ကတော့ ကျွန်းကလွဲလို့ ကျန်သစ်မာအားလုံးကို ပုဂ္ဂလိကပိုင်အဖြစ်ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့တယ်။)

ဒါ့အပြင် တခြားစီးပွားရေးတောင်းဆိုချက်တွေလည်း တောင်းဆိုခဲ့ကြတယ်။ အလတ်စားစက်မှုလုပ်ငန်းတွေနဲ့ အလတ်စား ရေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်ခွင့်၊ ပြည်နယ်-ဒေသတွင်း ကုန်း-ရေ ယဉ်လိုင်းပြေးဆွဲခွင့်၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်စီမံခန့်ခွဲရေးကို အပြည့်အဝချုပ်ကိုင်ခွင့်၊ ကျောက်မျက် ရတနာလုပ်ငန်း၊ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပြည်နယ်-ဒေသ တွင်း ရာထူးခန့်ခွင့်၊ အခွန်အကောက်နဲ့ဘဏ်လုပ်ငန်းလုပ်ခွင့်၊ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် အစရှိတာ မျိုးတွေဖြစ်တယ်။ ဒါတွေကို ဗဟိုအစိုးရ၀န်ကြီးဌာနခွင့်ပြုချက်နဲ့ လုပ်ခွင့်ပေးတာမျိုးမဟုတ်ဘဲ လူမျိုးစုပြည်နယ်-ဒေသရဲ့ တရားဝင် ရပိုင်ခွင့်အဖြစ် အခြေခံဥပဒေမှာထည့် ပြဋ္ဌာန်းပေးဖို့တောင်းဆိုတာဖြစ်တယ်။

PNO, DKBA နဲ့ လုံးဝလက်နက်ချခွဲထွက်အဖွဲ့လေးတွေ ပေါင်း (၁၂) ဖွဲ့ကတော့ နအဖရဲ့ အခြေခံမူ (၁၀၄) ချက်ဆိုတာကို လုံးဝသဘောတူ ထောက်ခံထားပြီး ဘာအမျိုးသားအခွင့်အရေးတခုကိုမှ မတောင်းဆိုခဲ့ကြပါဘူး။ ဒီနေရာမှာ MTA သုံးဖွဲ့ ကတော့ တခြားလက်နက်ချတွေထက်သာသွားတာက လူမျိုးစုဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဥပဒေတွေကို ဥပဒေပြဋ္ဌာန်းပေးဖို့ တင်ပြတာဖြစ်ပါတယ်။ နောက်ထူးခြားမှုတခုကတော့ ငြိမ်းအဖွဲ့တွေ အားလုံးအပြင် တခြားသူတွေ၊ တခြားအစုတွေကပါ “နျူကလီးယားရေးရာ” တွေကို ကာကွယ်ရေးနဲ့လုံခြုံရေးခေါင်းစဉ်အောက်မှာမထားဘဲ စွမ်းအင်၊ လျှပ်စစ်၊ သို့မဟုတ် သတ္တုကဏ္ဍအောက်မှာထားဖို့ ပြောခြင်းဖြစ်ပါတယ်။

ငြိမ်းအဖွဲ့တွေဟာ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ကဦးဆောင်ရေး၊ အဆင့်ဆင့်လွှတ်တော်တွေမှာ စစ်တပ် အစိတ်သားပါခွင့်၊ သမတဟာ စစ်အတွေ့ အကြုံရှိသူဖြစ်ရေး၊ ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေး အရေးပေါ်အခြေအနေကြေညာ မာရှယ် လောထုတ်ခွင့်အပြင် ပြည်နယ် (၇) ပြည်နယ်နဲ့ တိုင်း (၇) တိုင်း အဆင့်အတန်းတူတဲ့ကိစ္စတွေကိုတော့ မတို့မထိဘဲ အထက်မှာပြောခဲ့တဲ့အခွင့်အရေးတွေကိုသာ တောင်းဆိုတာဖြစ်ပါတယ်။

နအဖကခေါင်းခေါက်ရွေးထားတဲ့ လယ်သမားကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်၊ တိုင်းရင်းသားကိုယ်စားလှယ်စတာတွေကတောင် အဓမ္မ လုပ်အားပေးကိစ္စတွေ၊ အဓမ္မငွေကောက်တဲ့ကိစ္စတွေကို ပိတ်ပင်တဲ့အခြေခံမူချဖို့တင်ကြသေးတယ်။

ဒါပေမဲ့ နအဖကတော့ မရ … လုံးဝပါပဲ။ သူချထားတဲ့ (၁၀၄) ချက်ကို နည်းနည်းလေးတောင် အပြင်မခံပါဘူး။ အမျိုးသား ညီလာခံဆိုပြီး သူရေးထားတဲ့ (၁၀၄) ချက်ကိုသာ ခေါင်းညိတ်လက်မှတ်ထိုးခိုင်းတဲ့ပွဲဖြစ်နေပါတယ်။ အင်မတန်သေးဖွဲတဲ့ စီးပွားရေးအခွင့်အရေးလေးတောင် အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးဖို့ သဘောထားမရှိဘူး ဆိုမှဖြင့် ဒီကနေ့ ဗမာပြည်နိုင်ငံရေးမှာ ခေါင်းမာနေတာ ဘယ်သူလဲ ငြင်းချင်ကြပါသေးလား။

ဂါမဏိ (၂၀၀၆)