မောင်ဥက္ကလာ - ပြည့်လုပြီ နာရီချိန် (၂၄၀၀)



မောင်ဥက္ကလာ - ပြည့်လုပြီ နာရီချိန် (၂၄၀၀)
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆

နိုင်ဂံဂျားကို ကြောင်တောင်တောင် ယောင်တိယောင်န ခေတ္တရောက်ရှိသွားခဲ့သော ကျွန်ပ်သည် ဘက်ပေါင်းစုံ ပြောင်းလဲတိုးတက်နေသော ရွှေပြည်ကြီးဆီသို့ ဘေးမသီရန်မခ ပြန်ရောက်ခဲ့ပြန်ပြီ။ မနေ့က ရွှေပြည်ကြီး မဟုတ်သော ဒီနေ့ ရွှေပြည်ကြီးသည် နေ့ချင်းညချင်း အပြောင်းလဲကြီး ပြောင်းလဲလာခဲ့သည်မှာ မယုံနိုင်လောက်စရာ ဖြစ်နေတော့သည်။ ရွှေပြည်ကြီးမှာ အခုဆို ပြည်သူတွေရဲ့  အသည်းကျော် မယ်တော်ကြီးကိုယ်တိုင် သမ္မတအထက်ကနေပြီး အစိုးရသစ်ကို ဘက်ပေါင်းစုံကနေ ထိန်းကျောင်းအုပ်ချုပ်နေသောကြောင့် ရွှေပြည်ကြီးမှာ သမ္မတ ရှိလား၊ ရှိသေးလား။ ဘယ်သူဘယ်ဝါ သမ္မတဆိုတာကို အများသူငါ မသိ၊ အလေးမထား ဖြစ်နေတော့သည်။ တချို့ ကျောင်းတွေ၊ ရုံးတွေမှာဆို သမ္မတဟောင်းကြီးဓါတ်ပုံကို ခပ်ပြောင်ပြောင် ချိတ်ဆွဲထားလျှက်ရှိသည်လို့ ပြောကြသည်။

အဲ့ဂလိုနဲ့ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲလာခဲ့တဲ့ ရွှေပြည်ကြီးမှာ ဘာကြောင့်လဲမသိ နိုင်ငံတဝှမ်း ခြိမ့်ခြိမ့်သဲ ရွေးကောက်ပွဲ အောင်ပွဲသဘင် မကျင်းပဘဲ (ပွဲကြိုက်ခင် အပျော်အပါးကြိုက်တဲ့ ရွှေပြည်သားတွေအဖို့ ရိုတိုရွတ ဘာလဲညာလဲဖြစ်ရ) တိတ်တိတ်ကလေးနဲ့ (၇၅) ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ရသော သမိုင်းဝင် ပြည်သူ့အစိုးရ အာဏာရရှိလာခဲ့လေသည်။ အဲဒီအစိုးရက နှစ် (၅၀) ကျော် တိုင်းပြည် ချောက်ထဲမကျအောင် ကယ်ခဲ့တဲ့ မဟာကျေးဇူးရှင် ဗိုလ်ရှုပ်တွေ ပစ်ထားခဲ့တဲ့ ပြဿနာ သောင်းခြောက်ထောင်ကို နာရီ (၂၄၀၀) အတွင်း ဖြေရှင်းသွားမယ်လို့ ပြည်သူတွေကြား ပြောနေကြသည်။

ဘယ်ပရောဟိတ် လမ်းခင်းလိုက်လဲ မသိ။ ဘေးထိုင်ဘိုင်ကျ စောင့်ကြည့်နေတဲ့ အများပြည်သူတွေအဖို့ ... ဘယ်နှစ်ရက်၊ ဘယ်နှစ်နာရီရှိပြီ အခုထိ ဘာမှ ဖြစ်မလာသေးဘူး ... ထွီကနဲ့ ... ဗြစ်ကနဲ့ ... ကွမ်းတံတွေး ထွေးပြီး Complaint လုပ်ကြတော့သည်။

ပန်းပန်လျှက်ပါ မယ်တော်ကြီးကတော့ အများသူငါ သိကြမြင်ကြတဲ့အတိုင်း ရှင်းစရာရှိတဲ့ အမှိုက်တွေကို ရှင်းမယ်ဆိုတဲ့ သဘောနဲ့ ပွဲဦးအစမှာ ကိုယ်တိုင်ကွင်းဆင်းပြီး လက်တွေ အမှိုက်ကောက်ပြ၊ မြို့ တော်သန့်ရှင်းရေးကို နှိုးဆော်လုပ်ဆောင်ခဲ့လို့ အခုဆိုရင် ရန်ကုန်မြို့ တော်ကြီးသည် စင်္ကာပူနိုင်ငံနဲ့ နင်လားငါလား သန့်ရှင်းလာပြီဆိုတဲ့ သတင်းကြောင့်လားမသိ စင်္ကာပူဝန်ကြီးကိုယ်တိုင် အပြေးအလွှား ရောက်လာခဲ့တယ်။ ရွှေမြို့ တော်တဝိုက် အမှိုက်တွေ တကယ်ရှင်းမရှင်း အလွန် စီးကောင်းသော မြို့ ပတ်ရထား မစီးလိုက်လို့ ဧည့်ဝန်ကြီး သိမည်မဟုတ်။

အကျိုးအကြောင်း အကွက်အတွက်နဲ့ ရောက်ရှိလာခဲ့တဲ့ ဧည့်ဝန်ကြီးကို မယ်တော်ကြီးက တိုင်းပြည်ဘဏ္ဍာငွေကို ဝုန်းချင်သလို၊ ဝုန်းခဲ့သော ဗိုလ်ရှုပ်တွေနဲ့မတူ အလွန်ရိုးရှင်းသော မြန်မာဆန်သော စားဖွယ်များနဲ့ ဧည့်ခံလိုက်တော့၊ ဧည့်ဝန်မင်းက မယ်တော်ကြီးကို အာဆီယံမယ်အဖြစ် တင်မြှောက်ဖို့ အဆိုတင်သွင်း မေတ္တာရပ်ခံသတဲ့။ အဲ့ဂလို မင်္ဂလာသတင်းနဲ့အတူ ပြည်သူ့ဘဏ္ဍာငွေတွေကို ဆွေစဉ်မျိုးဆက် ဝါးမြိုခဲ့သော ဝက်မျက်နှာနဲ့လူက အဲ့ဂလို ဖြစ်ကလဲ့ဆန် ဧည့်ခံရသလားဆိုပြီး ဖွဘုတ်ကနေ မျက်နှာလိုမျက်နှာရ -င်ယား ပြောလို့ ပွက်ပွက်ညံကုန်သေး။

အရူးချေးပန်း ဝက် ဖွတဲ့ အရည်မရ အဖတ်မရကို အကျယ်ချဲ့  ပြောဖို့မဟုတ်ပါ။ ကျွန်ပ် ဖောက်သည်ချ ပြောချင်သည်မှာ ဒီရက်အတွင်း ရွှေပြည်သားတွေရဲ့  နှုတ်ဖျား အပြောများနေတဲ့ ... မယ်တော်ကြီးအစိုးရရဲ့  အမှိုက်သရိုက် သပွတ်အူ ရွှေပြည်ကြီးကို ပြုပြင်ဖြေရှင်းမည့် ရက်တစ်ရာ (ဝါ) နာရီနဲ့တွက်မယ်ဆို (၂၄၀၀) နာရီ ပြုပြင်ပြောင်းလဲမှု စီမံကိန်းအကြောင်း ဖြစ်လေသည်။

ချက်ဆို နားခွက်က မီးမတောက်သော ကျွန်ပ်အဖို့ .. တိုးတက်ဖွံ့ဖြိုး တည်ငြိမ်တဲ့ အမေရိက၊ အင်္ဂလန်၊ နော်ဝေ စတဲ့ တိုင်းကြီးပြည်ကြီးတွေကို အားကျလို့ … Changes in First 100 Days အသုံးအနှုန်းကို ပြည်သူ့အစိုးရက ရက် (၁၀၀) အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ မောင်းခတ်ခဲ့တာလား။ အဲ့ဂလိုဆို ဗိုလ်ရှုပ်တွေ စွန့်ပစ်ခဲ့တဲ့ အစရှာမရ သပွတ်အူ ပြဿနာတွေကို ရက် (၁၀၀) အတွင်း ပြောင်းလဲဖြေရှင်းဖို့ဆိုရင် ကွီဖြိုးတို့၊ မယ်တော်ကြီးတို့ သိကြားမင်းအကူ ရရှိမှ ဖြစ်မယ်လို့ တွေးကြည့်မိသည်။

အဲ့ဂလို ... တိုးလိုးတန်းလန်း ပြောင်းလဲနေတာကို မြန်မာ့အရေး စောင့်ကြည့်သူဆိုသူ ပညာရှင်တဦးကတော့ သူ့ဖွဘုတ်မှာ သုံးသပ်ဝေဖန်ထောက်ပြ သတိပေးပြောဆိုတာက ရက်အနည်းငယ်အတွင်း နာရီ (၂၄၀၀) ပြည့်တော့မယ်။ အခုထိ ဘာမှ မပြောင်းသေးဘူးလို့ မိမိအိမ်တဝိုက် အမှိုက်တချက် မကောက်သူတွေ၊ ရပ်ချင်တဲ့နေရာရပ် မောင်းချင်သလိုမောင်း ကွမ်းတံတွေ တဗြစ်ဗြစ်ထွေးနေသူတွေ၊ နှစ် (၅၀) အတွင်း ဘာမှမလုပ်ဘဲ ဝါးချင်ရာဝါး ပစ်ချင်ရာစွန့်ပစ်သွားတဲ့ ပြည်သူ့မဲမရတဲ့ အရှုံးသမားတွေက တယောက်တပေါက် ပုံစံခွက်မျိုးစုံနဲ့ ပေါက်ပေါက်ဖောက်နေချိန်မှာ …

ပြည်တော်ပြန်ရောက် ယောင်တိယောင်န ကျွန်ပ်အဖို့ လက်ရှိ အခြေအနေအပေါ် အောက်ခြေ ပြည်သူတွေစကား အမှန်ကြားရသိရအောင် ခြင်ယင်ကြွက်၊ ခွေးလေခွေးလွင့် (အခုရက်အတွင်းတော့ ရှင်းလင်းရေးတော်တဲ့ စည်ပင်ရဲ့  အဆိပ်လူး အမဲသားကြောင့် အတုံးအရုံး ဘဝနိဂုံး ဖြစ်ရှာသတဲ့)၊ ကလေးအလုပ်သမား၊ အလုပ်လက်မဲ့၊ ကျူးကျော်၊ လယ်မြေသိမ်းခံရ လယ်သမား၊ စစ်သား၊ ဘုန်းကြီးပေါများသော ရွှေပြည်ကြီးရဲ့  မြို့ တော်ဟောင်းတဝိုက် တိုင်းခန်းလှည့်လည်ကြည့်ဖို့ တက္ကစီ စီးတော်တစီးနဲ့ ထွက်လှမ်းသွားခဲ့သည်။

ကျွန်ပ် သွားလိုရာခရီး မောင်းနှင်းပေးသော ဒေါသကုမ္မာရ တက္ကစီသမားကို ရက် (၁၀၀) နဲ့ ပြောင်းလဲမှုတွေ ဘယ်လိုရှိစ မေးမိတော့ … ဘယ်အချိန်ထဲက ပြောနေချင်သလဲမသိ “ဘာ ပြောင်းလဲမှုလဲ။ ဘယ်လိုနည်းနဲ့ ရက် (၁၀၀) အတွင်း ဒီအမှိုက်သရိုက်၊ နှစ်ပေါင်းများစွာ ဖျက်ဆီးခံထားမှုကို ပြုပြင်နိုင်မလဲ။ အစိုးရသစ် လုပ်နိုင်တာက ရက် (၁၀၀) အတွင်း ပြင်ရလုပ်ရမှာတွေကို စုံစမ်းစစ်ဆေး၊ စနစ်တကျ စီမံကိန်းတွေ ရေးဆွဲချမှတ်။ ရက် (၁၀၀) အတွင်း တကယ် ပြုပြင်လုပ်နိုင်ဖို့ဆိုတာ အဝေးကြီး၊ ရက် (၁၀၀) အတွင်း ပြုပြင်စွမ်းဆောင်ဖို့ ပြောနေမျှော်လင့်နေရင် ရူးလို့ဖြစ်မယ်” … မွီးပွိုင့် နဲ့ ကားကြပ်လို့ ရပ်တဲ့အခါ၊ တံခါးဖွင့် ကွမ်းထွေးလိုက်နဲ့ ဖရုသဝါစာ စကားလုံးများညှပ်ပြီး သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလေသည်။

ကျွန်ပ်ကို ဆရာကြီးလို့ ခေါ်ပြီး ဆက်ပြောသည်မှာ … “ဆရာကြီး တွေ့မြင်တဲ့အတိုင်း အခုထိ ဆင်ခြေဖုံးနဲ့ နေရာတော်တော်များများမှာ မီးတွေ ပျက်နေတုန်း၊ သုံးရေသောက်ရေ မရကြဘူး။ ရွာက အမျိုးတွေ လျော်ကြေး တပဲခြောက်ပြားနဲ့ လယ်တွေ ဆုံးရှုံးအသိမ်းခံရတယ်။ အခုအချိန်အထိ ရွာတွေနယ်တွေ တိုင်းရင်းသားဒေသတွေမှာ တပ်က လုပ်ချင်သလို လုပ်နေတုန်း။ ဖားကန့်သွားတဲ့ ညီငယ် မြေစာပုံပိ အသက်ပျောက်ခဲ့တယ်။ ညီမဝမ်းကွဲ တက္ကသိုလ်ကျောင်းသူ အဖော်ကောင်းလို့ ထိုင်းမှာ အိမ်ဖော်လား ဘာလား သွားလုပ်နေတယ်။ ထိုင်း မလေးမှာ မြန်မာအလုပ်သမားတွေ သိန်းသန်းချီရှိတာ ဆရာကြီး သိမှာပါ၊ အဲဒီလူတွေ ပြန်လာနိုင်ဖို့ ဒီမှာေ_ာက်လုပ်တွေ ရှိဖို့ လုပ်ရမယ်။ ကျနော့်အမြင် နှစ်နဲ့ချီ တည်ဆောက်ရမယ်။”

အင်း … ဟုတ်တာပေါ့၊ ကြားမိပါတယ်၊ ဖြစ်သင့်တာပေါ့ စသဖြင့် စကားထောက်ပြီး ကျွန်ပ်ကို ဆရာကြီးခေါ်ပြီး လက်ချာ (Lecture) ပေးနေသော တက္ကစီဆရာလေး ဆက်မိန့်သည်မှာ ...

"အတော်မသတ် လောဘမီး တဟုန်ဟုန် တောက်လောင်ခဲ့တဲ့ ဗိုလ်ရှုပ်တွေနဲ့ ခရိုနီတွေ လမ်းတွေတံတားတွေ၊ မြို့ ပြစနစ်ကို စနစ်တကျ ပြင်ဆင်မတည်ဆောက်ဘဲနဲ့ ဖြစ်သလိုလုပ်ခဲ့၊ ကားတွေ တင်သွင်းကြတော့ တမြို့ လုံး ကားတွေနဲ့ ပြည့်ကြပ်၊ ပိုင်သူခိုင်သူတွေက အိမ်ခြံမြေတွေ တိုးချဲ့ ဆောက်၊ ဆိုင်တွေလမ်းပေါ်ရောက်နဲ့ ကျဉ်းတဲ့လမ်းတွေ ပိုကျဉ်း၊ လူသွားပလက်ဖောင်းမရှိတော့ လူတွေ၊ ခွေးတွေ လမ်းပေါ်လျှောက်နဲ့ ဘယ်နေ့ လူတိုက်မလဲ ဘုရားတပြီး လုပ်ကိုင်စားသောက်နေရတယ်။”

ကွမ်းတမြုံမြုံဝါး ပြောနေရင် “ဟိတ် လူ … သေသွားချင်လား၊ xxxx xxx” ရှေ့ က ရုတ်တရက် ဖြတ်ဝင်လာတဲ့ စက်ဘီးသမားကို ဆဲဆိုကြိမ်းမောင်းပြီး “အဲဒါသာကြည့် လူတွေက စည်းမရှိကမ်းမရှိ၊ လုပ်ချင်သလို လုပ်ကြတာ။ တိုက်မိလို့က လျော်ကြေးအပြင် ရဲကို ပေးရကျွေးရမှာ - ငွေစားမပျက်တဲ့ ရဲတွေကိုကြည့် မိုးရွာ မီးပျက် မီးပွိုင့်ပျက် လမ်းစုံလမ်ခွမှာ ကားတွေ အလုအယက် တိုးဝှေ့နေချိန်မှာ တကောင်တမြည်းမတွေ့ရဘူး။ ဖမ်းရစားရမယ်ဆိုရင် ပေါ်လာလိုက်တာ အလျှိုလျှို။”

ပွတ်ကာသီကာတိုက်မလို ဖြစ်သွားတာကို ရင်တထိတ်ထိတ် ဖြစ်နေတဲ့ကြားက “အင်း” ဆိုကာ ဒီနေ့အထိ စက်ဘီးပြန်မစီးရဲ၊ ဆိုက်ကားမစီးရဲ၊ လမ်းမကူးဝံ့တဲ့ ကိုယ့်ဘဝကို ပြန်တွေးရင် နှစ်ပေါင်းများစွာ ဖြစ်သလိုနေ၊ အဆင်ပြေသလို လုပ်ခဲ့ကြ၊ ခေါက်ရိုးကျိုးနေကြတဲ့ စနစ်ဆိုး စနစ်ပျက်ကြီးအောက်မှာ လူတွေရဲ့  အကျင့်စရိုက်ကို နေ့ချင်းညချင်း ပြန်ပြင်နိုင်ဖို့ မလွယ်ကြောင်းကို တွေးနေတုန်း …

“ဆရာကြီး … လမ်းတခြမ်းခင်းပေးခဲ့တဲ့ သွားလေသူ အဘရဲ့  မြို့ ဥက္ကလာ ရောက်ပါပြီ။ ပဒေသာလမ်းစုံ ဆင်းမယ်ဆိုတော့ ဘယ်နား ရပ်ပေးရမလဲ။” သူ ပြောမှ လကမ္ဘာလို ဂျိုင့်ဝှမ်းများနဲ့ ရေလျှံနေတဲ့လမ်း၊ လမ်းဘေးဈေးသည်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ စက်ဘီး၊ ဆိုက်ကားများနဲ့ ပြည့်ကြပ်နေတဲ့ ကျွန်ပ် နေထိုင်ရာ အလွန်စည်းကားသော ဥက္ကလာဌာနေသို့ ရောက်ပြီဆိုတာကို အသိပြန်ဝင်ကာ… ပဒေသာလမ်းစုံ စာပေလောက စာအုပ်ဆိုင်ရှေ့  ရပ်ပေးဖို့ပြောကာ၊ မြို့ တော် တိုင်ခန်းလှည့်လည်ရေး ခရီးကို အဆုံးသတ်လိုက်တော့သည်။

အဲ့ဂလိုနဲ့ ထိုနေ့အဖို့ သိချင်တာရှိပြီး အဖြေမရှိသော ကျွန်ပ်မှာ မြို့ တဝှမ်း ဟိုတိုးဒီဝင် ပြုံးလိုက်မဲ့လိုက် ချိုလိုက်ဆဲလိုက် လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ အကြောင်းအရာစုံကို အမြုပ်တစီစီထွက် မမောတန်း ပြောဟောနိုင်တဲ့ တက္ကစီဆရာလေးဆီက … ကွီဖြိုး စီမံချက်နဲ့ လမ်းဘေးရေနုတ်မြောင်းတွေ ဖော်ရှင်းပြီး ဘာမှ ဆက်မလုပ်နိုင်သေးတဲ့အကြောင်း၊ လမ်းလယ်မှာ အကြောင်းမဲ့ ခင်းတားထားတဲ့ ကွန်ဂရစ်တုံးတွေအကြောင်း၊ စည်ပင်အခွန်ကောက်ပြီး အမှိုက် ပုံမှန်မကောက် အမှိုက်မရှင်းတဲ့ စည်ပင်အကြောင်း၊ ရပ်ရွာအုပ်ချုပ်ရေးမှူး (ဥက္ကဋ္ဌ) တွေကိုယ်တိုင် ကျူးကျော်တွေဆီက ငွေယူပြီး ဆောက်ခွင့်ပြုထား၊ ကိုယ်တိုင်ဆောက်လုပ်ထားတဲ့အကြောင်း၊ KTV နဲ့ ပျက်ဆီးနေတဲ့ မိန်းကလေးတွေအကြောင်း၊ လက်ဖက်ရည်ဆိုင်တွေမှာ ကျောင်းမတက်နိုင် အလုပ်လုပ်နေတဲ့ စားပွဲထိုးကလေး (လူငယ်) တွေအကြောင်း၊ သူလို တက္ကသိုလ် (အဝေးသင်) ဘွဲ့ရပြီး ဘာအလုပ်မှမရှိ၊ တိုင်းတပါးမထွက်ချင်လို့ တက္ကစီကားမောင်းနေသူတွေအကြောင်း၊ အခမဲ့ ပညာရေးဆိုပြီး ကျူရှင်သင်နေတဲ့ ဆရာ/မတွေကို ပေးနေတဲ့အကြောင်း၊ ရပ်ကွက်ထဲမှာ မပြတ်တမ်း ကောက်ခံနေတဲ့ ဘုရား၊ ဘုန်းကြီးကျောင်း အလှူခံတွေအကြောင်း၊ ပြောပြသမျှ … ရက် (၁၀၀) - နာရီ (၂၄၀၀) အတွင်း ရှင်းမရနိုင်တဲ့ နှစ်ပေါင်းများစွာ ပျက်သုဉ်းနေခဲ့တဲ့ ပြဿနာအကြောင်မျိုးးစုံကို ပြန်တွေးပြီး မီးပျက်နေလို့ မှောင်မိုက်နေသော ခိုလှုံနေရာ မိခင်ကြီးအိမ်ရှိရာသို့ စမ်းတဝါးဝါး စိတ်မောလူမော တုံဏိဘာဝေ လျှောက်လှမ်းပြန်လာခဲ့တော့သည်။

(၂၀၁၀ တုန်းက စောငို ကာတွန်းကို ပြန်လည်ဖော်ပြပါသည်)