ဂါမဏိ ● စစ်ကို အခြားနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ခြင်း




 ဂါမဏိ ● စစ်ကို အခြားနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ခြင်း
( ၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် - ၁ ၂ )
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၆
၁၉၉၇ ဇူလိုင်လရဲ့ညတညမှာ စစ်သားအပြည့်တင်ထားတဲ့ စစ်ကားအစီး ၄၀ ကျော်ဟာ ကွန်းလုံ တံတားကိုဖြတ်ကူးလာပြီး ငြိမ်းချမ်းရေးအထူးဒေသ ၁ လို့ (နဝတ-နအဖစစ်အစိုးရ) သတ်မှတ်ထားတဲ့ ကိုးကန့်ဒေသထဲကို ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့ပါတယ်။ တပ်မ ၉၉ ဗျူဟာမှူး ဗိုလ်မှူးကြီးတယောက် ကိုယ်တိုင်ပါဝင်ဦးစီးပြီး ညတွင်းချင်းအပြင်းချီတက်လာတဲ့ ကွန်ဗွိုင်ဟာ ကိုးကန့်မြို့တော် လောက်ကိုင် ကိုတိုက်ပွဲဝင်ဖို့အသင့်အနေအထားနဲ့ အလစ်အငိုက်ထိုးဝင်လာပြီး အချက်အခြာနေရာတွေမှာ တပ်စွဲ လိုက်ပါတယ်။

အဲ့ဒီအချိန်ဟာ ယန်မိုးလျံခေါင်းဆောင်တဲ့ကိုးကန့်ဒေသအာဏာရ ယန်ညီအစ်ကိုများဂိုဏ်း (PMG ဆို ပြီး မြန်မာဝီစကီ၊ မြန်မာရမ်၊ မြန်မာဂျင်၊ မြန်မာသောက်ရေသန့် ထုတ်တဲ့ကုမ္ပဏီ) ကို ဖုံကြားရှင်းခေါင်း ဆောင်တဲ့ ဖုံညီအစ်ကိုများဂိုဏ်းက UWSA ဝ အကူအညီနဲ့ လက်နက်ကိုင်ပုန်ကန်အာဏာသိမ်း ပြီးစ လေးမှာဖြစ်ပါတယ်။ အလစ်ခိုးဝင်လာတဲ့ ဗမာစစ်တပ်ဟာ အကယ်၍ ကိုးကန့်တွေရဲ့ဆန့်ကျင်မှုနဲ့တွေ့ ရင် အပြုတ်တိုက်ပစ်ဖို့ ညွှန်ကြားချက်လည်း အသင့်ရပြီး ဖြစ်ပါတယ်။ (၁၉၈၉ တုန်းကတော့ ဗိုလ်ခင် ညွှန့်ဟာ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့သေနတ်မပါ၊ လုံခြုံရေးရဲဘော်မပါ တယောက် တည်း လောက်ကိုင်ကိုလိုက်သွားခဲ့တယ်ဆိုပြီး အမွှန်းတင်ချီးမြှောက်ခဲ့ကြသေးတယ်။)

ဒါပေမဲ့ ငြိမ်းချမ်းရေးမပျက်စေချင်တဲ့ကိုးကန့်ခေါင်းဆောင် ဖုံညီအစ်ကိုများက သည်းခံခဲ့ကြလို့ အဲဒီ တုန်းက ငြိမ်းချမ်းရေးကို ထိန်းထားနိုင်ခဲ့ပါတယ်။ မြန်မာစစ်ဝါဒီတွေကတော့ ၁၉၉၉ ခုကစလို့ လောက် ကိုင်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခုဖွင့်နိုင်ခဲ့ပြီး ၂၇ နှစ်ကြာလွတ်မြောက်နယ်မြေဖြစ်ခဲ့တဲ့၊ အစိုးရစစ်တပ် တခါမှမဝင်နိုင်ခဲ့တဲ့ ကိုးကန့်နယ်မြေမှာ တပ်ရင်း ၅ ရင်း အပြီးအပိုင် စတင်တပ်စွဲခဲ့ပါ တယ်။

တကယ်တော့ ဖုံကြားရှင်းဟာ ရှစ်လေးလုံးပြီးစ နဝတစစ်အာဏာရှင်တွေ ဘက်ပေါင်းစုံအကြပ် အတည်းဆိုက်နေစဉ်မှာ စစ်အာဏာရှင်တွေရဲ့မဟာရန်သူတော် ဗကပကိုပုန်ကန်ခွဲထွက်ပြီး အပစ် အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ပထမဆုံးသူပုန်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဗကပထဲက ကိုးကန့်တပ် တွေကို ခေါင်းဆောင်ပြီး ၁၉၈၉ ခု မတ်လ ၃၁ ရက်မှာ အပစ်အခတ်ရပ်စဲရေးစလုပ်ခဲ့တဲ့ သူ့ကို ၁၉၉၂ နိုဝင်ဘာလတုံးက ယန်မိုးလျံဂိုဏ်းကဖြုတ်ချ အာဏာသိမ်းခဲ့ တာ ဖြစ်ပါတယ်။

ဖုံကြားရှင်းခေါင်းဆောင်တဲ့ MNDAA ကိုးကန့်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးလုပ်တုံးက မျှော်မှန်းခဲ့တဲ့ နိုင်ငံရေးအခွင့်အရေး တွေ ဘာမှမရသေးဘဲနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမှာကို လက်မခံတဲ့ အတွက် ၂၀၀၉ သြဂုတ်လ ၂၆ ရက်မှာတော့ နအဖ စစ်တပ်က တိုက်ခိုက်ချေမှုန်းပစ်ခဲ့ပြီး သြဇာခံ ကိုးကန့်တွေနဲ့ အစားထိုးခဲ့ပါတယ်။ ဒီလိုနဲ့ အပစ်ရပ်တဲ့အချိန်တုန်းက အင်အား ၂၇၀၀ ကျော်ရှိခဲ့တဲ့ ကိုးကန့်တပ်ရဲ့နောက်ဆုံးအကြွင်းအကျန်တွေဟာ ၂၀၀၉ နိုဝင်ဘာလမှာ အင်အား ၂၀၀ ကျော်ရှိတဲ့ နယ်ခြားစောင့်တပ်လုပ်ခဲ့ရပြီး စစ်အစိုးရလက်အောက် လုံးဝရောက်သွားပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ လက်အောက်ခံဒေသဖြစ်တဲ့ သံလွင်အနောက်ခြမ်းက မုန်းကိုးမှာတော့ ၂၀၀၀ ခုနှစ် နိုဝင်ဘာလမှာ တပ်မှူးလီနီမင်က မုန်းကိုးဒေသခေါင်းဆောင် မုန်ဆာလကိုအာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ အခါ နအဖဗျူဟာမှူးနဲ့ တပ်ရင်း ၃ ရင်းဝင်လာ၊ လီနီမင်နဲ့ ဘက်သား ၂၅၀ ကိုပစ်သတ်၊ မုန်ဆာလကို ဖမ်းခေါ်သွားပြီး ထောင်ချပစ်ခဲ့ပါတယ်။ မုန်းကိုးဒေသ သို့မဟုတ် သံလွင်အနောက်ခြမ်း ကိုးကန့်နယ် မြေတခုလုံးကို အစိုးရနယ်မြေအဖြစ် အပြီးအပိုင်သိမ်းယူ တပ်စွဲလိုက်ပါတယ်။
xxx

"စစ်ဆိုသည်မှာ နိုင်ငံရေးကို အခြားနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်" လို့ ဂျာမန်စစ် ပါရဂူကလော့စ်ဝစ်က ပြောခဲ့ပါတယ်။ တရုတ်တော်လှန်ရေးခေါင်းဆောင် မော်စီတုန်းကလည်း "နိုင်ငံ ရေးဆိုတာ သွေးမထွက်တဲ့စစ်ဖြစ်ပြီး စစ် ဆိုတာက သွေးထွက်တဲ့နိုင်ငံရေးဖြစ်တယ်" လို့ဆိုခဲ့တယ်။

ဒါပေမဲ့ မြန်မာပြည်မှာတော့ စစ်ကို အခြားနည်းလမ်းနဲ့ ဆက်လုပ်တဲ့အခါ အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေးလို့ မြန်မာ စစ်ဝါဒီ အာဏာရှင်တွေက ခေါ်ကြပါတယ်။ စစ်ရဲ့အခြေခံမူဖြစ်တဲ့ ရန်သူချေမှုန်းရေးက အပြောင်းအလဲမရှိတဲ့အတွက် အပစ် အခတ်ရပ်စဲရေး သို့မဟုတ် စစ်အစိုးရအခေါ် ငြိမ်းချမ်းရေးဆိုတာ အဘိဓာန်ထဲပါတဲ့ ငြိမ်းချမ်းရေးဖြစ်မလာဘဲ အခြားနည်းလမ်းနဲ့ စစ်ဆက်တိုက်တာ ဖြစ်နေပါ တယ်။

ဗမာပြည်မှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ခြင်း၊ ဥပဒေဘောင် ထဲဝင်ရောက်ခြင်း၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခြင်း စသဖြင့် အမျိုးမျိုး နာမယ်ပေးခဲ့ကြပေမဲ့ စစ် အာဏာရှင်တွေဟာ မတတ်သာလို့ ယာယီအောင့်ကာနမ်းတဲ့သဘောဘဲထားပြီး တိုင်းရင်းသားအင် အားစုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်မှန်းချက်ကို တခါမှ မစွန့်လွှတ်ခဲ့ပါဘူး။
xxx

၁၉၈၉ စက်တင်ဘာ မှာ ရှမ်းပြည်တပ်မတော် (SSA) ဟာ တတိယမြောက်တိုင်းရင်းသားတပ်ဖွဲ့အဖြစ်၊ ဗကပဟောင်းမဟုတ်တဲ့ ပထမဆုံးအဖွဲ့အဖြစ် အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ SSA ခေါင်းဆောင် ဗိုလ် ချုပ်ဆေထင်ကို နဝတ စာအုပ်တွေမှာ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်သူအဖြစ် ချီးမြှောက်အမွှန်းတင် ရေးသားခဲ့ပေမဲ့ ဆေထင်ဟာ ရှမ်းပြည်နယ်တခုလုံးက ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေ ရှမ်းအဖွဲ့အစည်းတွေ ညီညွတ်ရေး၊ ပေါင်းစည်းရေးတွေလုပ်လာတဲ့အခါ ၂၀၀၅ ဖေဖော်ဝါရီ လမှာ မရေရာတဲ့အကြောင်းပြချက်နဲ့ဖမ်းပြီး ထောင် ၁၀၆ နှစ်ချခဲ့ပါတယ်။ ဒီနှစ်ထဲမှာဘဲ SSA တပ် မဟာ ၂ ကိုလည်း သီပေါ-ကျောက်မဲဒေသက ဆုတ်ခွာခိုင်းခဲ့ပါတယ်။

ခွန်ဆာရဲ့ MTA အဖွဲ့ကခွဲထွက်လာပြီး ၁၉၉၅ ခု ဇွန် ၁၁ မှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ် ကန်းရွက်ရဲ့ အင်အား ၃၀၀၀ ကျော် SSNA ရှမ်းအဖွဲ့ကိုလည်း ၂၀၀၅ ခုထဲမှာပဲ အပစ်အခတ် ရပ်စဲရေး သဘောတူချက်ဖောက်ဖျက်ပြီး လက်နက်အပြီးအပ်ခိုင်းခဲ့ပါတယ်။ ဒါနဲ့ SSNA တပ်မဟာ ၁၁၊ တပ် မဟာ ၆ နဲ့ တပ်မဟာ ၁၉ တို့ဟာ လက်နက်ဖြုတ်ချေမှုန်းခံရ၊ ဥက္ကဌစိုင်းရီနဲ့ကျန်တပ်ဖွဲ့ အင်အား ၁၀၀၀ ကျော်ဟာ SSA (တောင်ပိုင်း) နဲ့သွားပေါင်းပြီး လက်နက်ကိုင်တိုက်ပွဲပြန်ဝင်ခဲ့ရပါတယ်။ SSNA ဟာ ၂၀၀၂ ဇန်နဝါရီလတုန်းကလည်း သိန္နီဘက်မှာ တိုက်ပွဲဖြစ်ပြီး ရဲဘော် ၄၅ ယောက်လက်နက်ချရ ထောင်ကျခဲ့ရပါတယ်။

၁၉၉၁ ဧပြီ ၂၁ ရက်မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ PSLP/PSLA ပလောင်တပ်ဖွဲ့ အင်အား ၁၄၀၀ ဟာ လည်း ၂၀၀၅ ဧပြီ ၂၉ ရက်မှာ လုံးဝလက်နက်ချလိုက်ရပြီး ချေမှုန်းခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ဆေထင်ကိုပြန်ပေးဆွဲထားတဲ့ စစ်အာဏာရှင်တွေဟာ အင်အား ၂၀၀၀ ကျော်ရှိတဲ့ SSA အဖွဲ့ ကို ၂၀၁၀ ခုနှစ်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်လုပ်ဖို့ အပေးအယူလုပ်ခဲ့လို့ ဗိုလ်ချုပ်ဆေထင် လည်း ပြန်လွတ်လာ၊ အင်အား ၄၀၀၀ လောက်ရှိတဲ့ SSA အဖွဲ့ကြီးတခုလုံးလည်း ဖျက်သိမ်းခံ လိုက် ရပြီး စုစုပေါင်းအင်အား ၆၀၀ လောက်ပဲ စိန်ကျော့ပြည်သူ့စစ်နဲ့ ကာလိပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဆွဲစားခံလိုက်ရပါတယ်။ (တကယ်တော့ နယ်ခြားစောင့် တပ် BGF လုပ်ခိုင်းဖို့ဖြစ်ပေမဲ့ SSA နယ်မြေက နယ်စပ်မဟုတ်လို့ ပြည်သူ့စစ်ပဲ လုပ်ခိုင်းရတာ)။ အင်အား ၁၀၀၀ ကျော်ရှိတဲ့ ဗိုလ်ချုပ်ပန်ဖှ တို့ တပ် မဟာတခုပဲ 'ငြိမ်းချမ်းရေးနည်း'နဲ့ အချေမှုန်းမခံဘဲ SSA/SSPP အဖြစ် ဆက်ရပ်တည်လို့ စစ်အာဏာ ရှင်တွေက အခု စစ်ရေးနည်းနဲ့ ချေမှုန်းဖို့ ပြန်ကြိုးစားနေပါတယ်။

၁၉၉၁ ဇန်နဝါရီလမှာ အပစ်ရပ်ခဲ့တဲ့ မထုနော်ရဲ့အင်အား ၂၀၀၀ နီးပါး KDA ကချင်တပ်ဖွဲ့ကိုလည်း ၂၀၁၀ ခုထဲမှာ အင်အား ၄၀၀ ကျော် ကောင်ခါးပြည်သူ့စစ် အဖြစ် အသွင်ပြောင်းဝါးမျိုပြီး ချေမှုန်းခဲ့ပါ တယ်။

အင်အား ၁၃၀၀ နီးပါးရှိတဲ့ NDAK ကချင်တပ်ဖွဲ့ဟာ ဗကပကနေ ခွဲထွက်ပြီးနောက် ၁၉၈၉ ဒီဇင်ဘာမှာ အပစ်ရပ်ခဲ့ပါတယ်။ ဒီအင်အားစုကို ၂၀၀၉ နိုဝင်ဘာမှာ စုစုပေါင်း အင်အား ၆၀၀ လောက်ရှိတဲ့ နယ် ခြားစောင့်တပ် ၃ ရင်းအဖြစ် အသွင်ပြောင်းအစဖျောက်ပစ်လိုက်ပါတယ်။

၁၉၉၄ အောက်တိုဘာလမှာ အပစ်ရပ်ခဲ့တဲ့ ရလလဖ (ပအိုဝ်းအနီအဖွဲ့) အင်အား ၃၀၀၀ ကျော်ဟာ ၁၉၉၈ ခုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေးတောင်းဆိုချက်ကို ထောက်ခံခဲ့ လို့ ပင်လောင်းနဲ့အင်းလေး တောင်ခြမ်းမှာရှိတဲ့ ရလလဖတပ်တွေကို နအဖတပ် ၁၂ ရင်းနဲ့ ဝိုင်းဝန်း ပိတ်ဆို့ ချေမှုန်းဖို့ ကြိုးစားတာခံခဲ့ရပါတယ်။ ပိတ်ဆို့ချေမှုန်းတာ မအောင်မြင်တော့ ရလလဖ ဗဟိုဌာန ချုပ်ဘေးကို နအဖတပ်ရင်း ၃ ရင်းချဉ်းကပ်လာပြီး နေရာယူ တပ်စွဲ ခြိမ်းခြောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး မပျက်စေချင်တဲ့ ရလလဖဟာ ပင်လောင်းနဲ့ အင်းတောင်ခြမ်းကို လက်လွှတ် လိုက်ရပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံခဲ့တဲ့ ကယန်းပြည်သစ်ပါတီ ငြိမ်းအဖွဲ့ဟာလည်း ဖယ်ခုံ-မိုးဗြဲ အရှေ့ ခြမ်းကို လက်လွှတ်လိုက်ရပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ရလလဖရဲ့ စစ်ဦးစီးမှူးဆေပျံအဖွဲ့ဟာ ၂၀၀၆ ခု နိုဝင်ဘာလမှာ လက်နက်ချ ခဲ့ရပြီး ချစ်မောင်အဖွဲ့က ၂၀၀၇ ခု ဇူလိုင်လမှာ လက်နက်ချခဲ့ရပါတယ်။ ၂၀၀၈ ခု သြဂုတ် ၃ ရက်နေ့ မှာတော့ ရလလဖတဖွဲ့လုံး လက်နက်သိမ်းခံရပါတယ်။

၁၉၉၁ ဖေဖော်ဝါရီလမှာ လက်နက်ချခဲ့တဲ့ အင်အား ၁၃၀၀ ကျော် PNO ပအိုဝ်းတပ်ဖွဲ့ကို လက်နက် ဆက်ကိုင်ခွင့်ပေးထားခဲ့ပေမဲ့ ၂၀၁၀ ခုထဲမှာတော့ အင်အား ၄၀၀ ကျော်ပြည်သူ့စစ်အဖြစ် အတင်း အသွင်ပြောင်းဝါးမျိုခဲ့လို့ ပအိုဝ်းလက်နက်ကိုင်တပ် မျိုးကန်းသွားခဲ့ပါတယ်။

၁၉၉၄ ခု မေလမှာ အပစ်ရပ်ခဲ့တဲ့ ကလလတ ကရင်နီအဖွဲ့အင်အား ၁၆၀၀ ကျော်ဟာ ၂၀၀၉ နိုဝင်ဘာ မှာ အင်အား ၆၀၀ လောက်ရှိတဲ့ နယ်ခြားစောင့်တပ်ရင်း ၂ ရင်းအဖြစ် လက်စသတ်သွားခဲ့ပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ KNPP ခွဲထွက်နဂါးအဖွဲ့ ဟာ ၁၉၉၆ နိုဝင်ဘာ ၅ ရက်မှာ လက်နက်ချ ခဲ့ပေမဲ့ သေနတ်တွေပြန်တပ်ဆင်ပေးပြီး တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တဖွဲ့အဖြစ် ထားခဲ့တယ်။ အဲဒါ ကို ၂၀၀၈ ခု စက်တင်ဘာလကျတော့ လက်နက်ချပွဲ နောက်တခါပြန်လုပ်ခဲ့ပြန်တယ်။ အလားတူပဲ ကယန်းပြည်သစ်ခွဲထွက် ဂေဘရယ်ပျံအဖွဲ့လည်း ၁၉၉၂ ခု ဖေဖော်ဝါရီလမှာ လက်နက်ချခဲ့ပေမဲ့ သေ နတ်ပြန်တပ်ဆင်ပေးပြီး ငြိမ်းအဖွဲ့တဖွဲ့အဖြစ် သတ်မှတ်ပေးခဲ့ရာက အခုတော့ ပြည်သူ့စစ်ဖြစ်သွားပါ တယ်။

KIA ကချင်ပြည်လွတ်လပ်ရေးတပ်မတော်ဟာ ၁၉၉၄ ဖေဖော်ဝါရီလမှာ အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၁ ခု မတ် ၂၂ ရက်က စီဆာပါဒေသမှာ တပ်မဟာ ၄ ရဲဘော် ၉ ယောက် နဲ့ ရွာသား ၂ ယောက်ကို ခလရ ၂၄၂ က ဖမ်းသတ်ခဲ့ပါတယ်။ ၂၀၀၆ ခု ဇန်နဝါရီ ၂ ရက်နေ့မှာလည်း မူဆယ်မြို့နယ်တပ်က ရဲဘော် ၅ ယောက် ဖမ်းသတ်ခံရပါတယ်။

အင်အား ၅၇၀၀ ကျော်ရှိတဲ့ DKBA ဟာ ၁၉၉၄ ဒီဇင်ဘာ ၂၄ ရက်မှာ KNU ကနေ ဘာသာရေး မကျေနပ်ချက်ကြောင့် ခွဲထွက်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၀ သြဂုတ်လမှာ နယ်ခြား စောင့်တပ် ၁၂ ရင်းအဖြစ် အသွင်ပြောင်းခဲ့ရပြီး မြန်မာ့တပ်မတော်ရဲ့တိုက်ရိုက်အမိန့်ပေး ကွပ်ကဲမှု အောက်ကို ဝင်ခဲ့ရပါတယ်။ ဝင်ဖို့ငြင်းဆန်တဲ့ DKBA စောလားပွယ်အဖွဲ့ကို မြန်မာစစ်တပ်က ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။
xxx

ကျောင်းသားတွေခေါင်းဆောင်ခဲ့ပြီး တတိုင်းတပြည်လုံး ထောက်ခံပါဝင်နွှဲခဲ့တဲ့ ၈ လေးလုံးအရေးတော် ပုံကြီးဟာ သမတ ၃ ဆက်ကိုဖြုတ်ချ၊ မဆလပါတီကို မြောင်းထဲပို့ခဲ့တဲ့အခါ စစ်အာဏာရှင်တွေဟာ ပုံ သဏ္ဍာန်ပြောင်းပြီး အသက်ဆက်ဖို့ အသည်းအသန်အားထုတ်ခဲ့ရပါတယ်။ ရာဇပလ္လင်ကို အနီးကပ် ခြိမ်းခြောက်လာတဲ့ ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်/ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးတည်ရန်သူအသစ်တွေဖြစ်လာပါတယ်။

ကံကောင်းချင်တော့ အရင်က တလျှောက်လုံးဦးတည်ရန်သူအဖြစ် အသေအလဲစစ်တိုက်ခဲ့ရတဲ့ ဗကပ ဟာလည်း သူ့အတွင်းက ဖြေရှင်းမရတဲ့ပဋိပက္ခတွေကြောင့် လမ်းဘေးရောက်သွားပြီး ရန်သူအသစ် ကျောင်းသားတပ်မတော်လည်း အကြမ်းမဖက်တိုက်ပွဲပို့ချချက်တွေ၊ ရန်သူကိုစိတ်နာအောင် မလုပ်ရေး အတွေးအခေါ်တွေကြောင့် ရှုပ်ထွေးချိနဲ့သွားတဲ့အခါ တောထဲမှာ အပစ်ရပ်/အပစ်မရပ် တိုင်းရင်းသား တပ်တွေပဲ လောက်လောက်လားလားကျန်နေပါတော့တယ်။
xxx

ဗမာစစ်ဝါဒီတွေရဲ့ လက်နက်ကိုင်အတိုက်အခံတွေအပေါ် ထာဝရပေါ်လစီကတော့ စစ်တိုက်ရေးလမ်း စဉ်ဖြစ်စေ၊ အပစ်အခတ်ရပ်စဲရေးလမ်းစဉ်ဖြစ်စေ အဆင့် ၃ ဆင့် သို့မဟုတ် ကဏ္ဍ ၃ ရပ် ချမှတ်ထားပါ တယ်။ ဒါတွေက (၁) ဘောင်ခတ်ထိန်းချုပ်ရေး containment (၂) ကန့်သတ်ချုပ်ချယ်ရေး restriction (၃) ရှင်းလင်းချေမှုန်းရေး annihilation တို့ဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့တွေအပေါ် ချမှတ်ခဲ့တဲ့ 'တဖက် အဖွဲ့အစည်းများလိုက်နာရန် စည်းကမ်းချက် ၁၀ ချက်' သို့မဟုတ် 'ငြိမ်းချမ်းရေးရယူစဉ်က သဘော တူညီချက် ၁၄ ချက်' ပဲဖြစ်ဖြစ်၊ အခုနောက်ဆုံးတဖက်သတ်ချမှတ်ထားတဲ့ 'တပ်မတော်မူ ၆ ချက်' ဖြစ်ဖြစ်၊ 'နယ်ခြားစောင့်တပ်/ပြည်သူ့စစ် အသွင်ကူးပြောင်းရေး' ဖြစ်ဖြစ်၊ 'နယ်မြေစိုးမိုးရေး' ဖြစ်ဖြစ် ဒီ ပေါ်လစီ ၃ ရပ်ကိုပဲ အခြေခံထားတာ ဖြစ်ပါတယ်။

ကိုယ်ကျိုးအတ္တကြီးမားလှတဲ့ စစ်ဝါဒီတွေ ဗမာပြည်မှာကြီးစိုးနေသမျှကာလပတ်လုံး စစ်မှန်တဲ့ငြိမ်းချမ်း ရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေးတို့ ထွန်းကားပေါ်ထွက်လာနိုင်စရာအကြောင်း မရှိဘဲ အခြားနည်းလမ်းနဲ့ စစ်ဆက်တိုက်နေဦးမှာ ဖြစ်ပါတယ်။

ဂါမဏိ