မောင်လူရေး ● ရွဲ့ (သရော်စာ)


မောင်လူရေး ● ရွဲ့ (သရော်စာ)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

ကျုပ်တို့ရွာ၊ ကျန်ုပ်တို့ရွာ၊ ရွာ ရွာ ရွာ၊ ရွာရာက ရွဲ့သွားပြီလို့ ဆိုရတော့မယ်။

ရွာဟာ ရွာမဟုတ်။ ရွဲ့။

ဟုတ်ပ၊ ငယ်ငယ်က ပျော်စရာ ရွာဟာ ပျော်စရာမရှိတော့။ ရွာသူရွာသားတို့ မျက်နှာမှာလည်း ဖော်ရွေခြင်း ကင်းနေပြီ။ တင်းတင်းမာမာဟန်နဲ့ ထန်နေပြီ။ လှမ်းနှုတ်ဆက်ဖို့ ခက်နေပြီ။

တချိန်က အလည်ပြန်လာရင် အိမ်ပေါက်စေ့ခေါ်ကျွေးတတ်တဲ့ရွာ၊ ခုတော့ ဖာသိဖာသာနိုင်လွန်းပြီ။ ရွာကား စိုစိုဖတ်ဖတ် မရှိတော့။ အရင်က ရွာပေါက်အဝင်ကစလို့ တလွင်လွင်မြည်တဲ့ နှုတ်ဆက်သံများကား လူငယ်လူရွယ်များနဲ့အတူ မလေးရှား လိုက်သွားကြပြီလား မသိ။ စစ်ဘေးဒဏ်သင့်နေတဲ့ ရွာပျက်ကြီးထဲ ဝင်သွားရသလို။

နှစ်တော်တော်ကြာလေပြီ။ ၈၈အရေးအခင်းပီးတော့ စစ်အာဏာသိမ်းစကထဲကလို့ ဆိုရမယ်။ သပိတ်စခန်းပါသူနဲ့ မပါသူကွဲကြတယ်။ အဲဒီတုန်းက မဆလနို့သက်ခံများကတဖက်၊ ဒီမိုကရေစီချင်သူများကတဖက် ဖြစ်နေချိန် အာဏာသိမ်း လိုက်တော့ အာဏာသိမ်းအစိုးရရဲ့ အလိုတော်ရိများကတဖက် တိုးလာပြန်တယ်။ နောက် ၉၀ ရွေးကောက်ပွဲလုပ်တော့ NLD က တဖက်တိုးလာပြန်တယ်။ ဒီကြားထဲ ရွာလူကြီးရွေးပွဲတွေကြောင့် ဆွေစု မျိုးစုလေးတွေကလည်း သိသိသာသာ ကွဲလာကြတယ်။ နောက်ပိုင်းအကွဲဆုံးက အဲဒီရွာလူကြီးရွေးပွဲ။ သူ့အမျိုး ကိုယ့်အမျိုး လူကြီးဖြစ်ရေး ပေးကြကမ်းကြ တိုက်ကြ ခိုက်ကြ ပြိုင်ကြဆိုင်ကြ ကွဲလိုက်သမှ မြေပြင်ပေါ်ပေါက်ခွဲထားတဲ့ အိုးခြမ်းပဲ့တွေလိုကို ဖြစ်နေတယ်။

အဲဒီနောက် ဘုန်းကြီးကျောင်း ၃ ကျောင်း ပြဿနာပေါ်တော့ အိုးခြမ်းပဲ့ကို တူနဲ့ ထပ်ထုသလို ကွဲတော့တယ်။ အမှုနိုင်ရေး ရုံးကန်ကန္နား အပြိုင်အဆိုင်သွားကြ၊ စောင်းကြမြောင်းကြ ရွဲ့ကြဖဲ့ကြ ရွာရေးရပ်တာ ညီညွတ်ရေး အကုန်ပျက်ကြ။

ခုတခါ NLDနဲ့ ကြံဖွတ် ဒေါင်းနဲ့ခြင်္သေ့ ခွပ်ကြ ကိုက်ကြ ထပ်ကွဲကြပြန်။

အင်း နောက်ဆုံးပေါ်ကွဲနည်းကတော့ ခေတ်ပေါ်လူမှုရေးလုပ်ငန်းများနဲ့ ကွဲပုံကွဲနည်းဖြစ်တယ်။ သူ့ကွဲပုံက နာရေးအသင်း ထောင်ကြရော၊ အရင် မသာပေါ်တိုင်းလုပ်နေကြ အရက်သမားများကား အလုပ်လက်မဲ့ဖြစ်ကာ လူမှုရေးအသင်းသားများကို မကျေနပ်လို့ ကွဲကြတယ်။ ပီးတော့ နာရေးအသင်း နှစ်သင်းဖြစ်ကာ မသာလုကြ လူနာတင်ကားကိုယ်စီနဲ့ လူနာလုကြရင်း ကွဲကြပြန်ပြီ။ ပိုဆိုးတာက ဝန်ဆောင်မှုတွေပြိုင်ဆိုင်ရင်း အကွဲကြီးလာကြတယ်။ နာရေးကားအပြင် နာရေးကုတင် အုပ်စောင်း ပါတာ၊ အဲဒါအပြင် မဏ္ဍပ် ကုလားထိုင်ပါတာ၊ နောက် မီးသဂြိုဟ်ပေးတာ၊ နာရေးချစဉ် လော်နဲ့ ဓမ္မစကြာဖွင့်ပေးတာ၊ သု သာန်တရားဟောရာမှာ ဆောင်းဘောက်ပါတာ၊ နာရေးပို့စဉ် မိသားစုအတွက် ကားစီစဉ်ပေးတာ စတာတွေပြိုင်ရင်း အကွဲ ပေါ် အပဲ့ဆင့်နေကြပြီ။

ခုတော့ ရွာမှာ ဘုရားပွဲလည်း ခြောက်ကပ်ကပ်၊ ကျောင်းပွဲလည်း ဖျောက်ဖျောက်၊ ကထိန်ခါ အရပ်ဇာတ်ကတာတွေလည်း ပျောက်ပြီ။ ခြောက်လုံးပတ်နဲ့ ဒိုးဝိုင်းကလဲ ကစဥ့်ကလျား တေးသွားများ ပျောက်ကွယ်ပြီ။ ဘာအရေးမှ တိုင်ပင်ဆွေးနွေးလို့ မရ၊ မလာလျှင် မိမိတာဝန်သာဖြစ်ကြောင်း လော်နဲ့ မောင်းခတ်သံသာ ကြားရပြီ။ ကောက်စိုက်လဲ မပြေ၊ ကောက်ရိတ်လဲ မချော၊ ရေယူရန်ဖြစ် ခုတ်ကြထစ်ကြ။ ကောက်စိုက်တေးအစား နားကြပ်ကိုယ်စီ ဖုန်းပွတ်နေကြပြီ။

ဝါဆိုလဲ ဆိုရုံ၊ သီတင်းကျွတ်လဲ ကျွတ်ကျွတ်၊ တန်ဆောင်တိုင်လဲ မမြိုင်၊ တပိုတွဲလဲ ထမနဲမထိုးကြတော့။ သင်္ကြန်တောင် ဆိုင်ကယ်နဲ့ အဝေးထွက် ကြန်ကြပြီ။

ကျုပ်တို့ရွာ ရွာမဟုတ်။

ရွဲ့။

မောင်လူရေး