ဇင်လင်း - ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း သာတူညီမျှ ဖြစ်ရဲ့လား?



ဇင်လင်း - ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း သာတူညီမျှ ဖြစ်ရဲ့လား?
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၂၄ ကြိမ်မြောက် နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပခဲ့ပါတယ်။ မြန်မာအစိုးရကိုလည်း ဖိတ်ကြားခဲ့လို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြောင်း မီဒီယာသတင်းတွေအရ သိရပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မန္တလေး တိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြောင်းလည်း RFA သတင်းက ဖေါ်ပြပါတယ်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ပေါက်ချန်းပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဌတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရတယ်။ တရုတ်ပြည်ခရီးစဉ်အတွင်း နှစ်ဖက်အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး မြန်မာကိုယ်စား လှယ် အဖွဲ့မှာ ပါဝင်တဲ့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကို RFA သတင်းထောက်က ဆက်သွယ် မေးမြန်းရာမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို မီးရထားလမ်းဖောက်လုပ်ပေးရေး ကိစ္စ ပြည်ထောင်စုအစိုးရကို တွန်းအားပေးဖို့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ က မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ကို တောင်းဆို ခဲ့ကြောင်း ပြောပြပါတယ်။

“ကူမင်း၊ ကျောက်ဖြူ မီးရထားဖောက်လုပ်ရေးကိုအဓိကတောင်းဆိုတယ်၊ အဖွဲ့တွေအကုန်လုံးက၊ ကုန်းတွင်းပိတ် ပြည်နယ် ဖြစ်နေတော့ ဘာကိုလိုချင်တာလဲ ဆိုတော့ သူတို့ကပင်လယ်ထွက်ပေါက်ကို လိုချင်တာ။ ကျနော်တို့ဆီကဖြတ်သွားရင် ဖြတ်သန်းခလောက်နဲ့တော့ တိုင်းပြည်က အကျိုးမရှိနိုင်ဘူး။ ပြည်ထောင်စုဝန်ကြီးရဲ့သဘောထားပေါ့၊ ဒါကြောင့် ကျနော်တို့ က ခေါင်းမညိတ်ခဲ့ဘူး။ အထက်ကိုပဲ တင်ပြပေးပါမယ်ဆိုပြီး ကျနော်တို့ပြန်လာခဲ့ကြတယ်။” လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။

ဝန်ကြီး ဦးစိုးညွန့်လွင်ရဲ့ ပြောပြချက်အရ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းကိစ္စ တောင်းဆိုသူတွေထဲမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနဲ့ ပေါက်ချန်းပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဌတို့ ပါဝင် တယ်လို့ သိရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ ဝန်ကြီးချုပ်တွေကတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ပွင့်လင်းပြီး မျှတတဲ့ကုန်သွယ်မှုတစ်ရပ် ဖြစ်လာဖို့အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကနေ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုးနဲ့ မူဆယ်မြို့တွေကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိ မီးရထားလမ်းဖောက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက တရုတ်နိုင်ငံဘက်က တောင်းဆိုမှု ရှိခဲ့ကြောင်း သိရတယ်တယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အထူး စီးပွားရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ရာ ယခင် အစိုးရလက်ထက် လွှတ်တော်က အတည်ပြုခဲ့ပြီး နောက်တစ်ရက်မှာပဲ တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံတကာ ရံပုံငွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CITIC) အုပ်စုကို တင်ဒါ အအောင်ပေးခဲ့ကြောင်း သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလို ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တဲ့ အပေါ်ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ကြောင်း ၂၀၁၆ ဇန္န၀ါရီလဆန်း ဘီဘီစီ သတင်းမှာ ဖေါ်ပြဖူးပါတယ်။ ဦးသိန်းစိန် အစိုးရသက်တမ်း လအနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာ တရုတ်ကုမ္ပဏီရဲ့ အကျိုးစီးပွား များများရအောင် တွန်းပြီးလုပ်နေတာ ဖြစ်တယ်လို့ ဒေသတွင်း ရခိုင်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဘီဘီစီကို ပြောခဲ့ပါ တယ်။ ရန်ကုန် အခြေစိုက် “ရခိုင်သဟာယ အသင်း” ကလည်း ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တဲ့ ကျောက်ဖြူ စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိပဲ၊ ဒေသခံ လူထုရဲ့အသံကိုလည်း လျစ်လျူရှု ထားတယ်လို့ ဝေဖန်ခဲ့တာ တွေ့ရပါတယ်။

လွှတ်တော်မှာ ကျောက်ဖြူ စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ရာမှာလည်း ဘယ် ကုမ္ပဏီတွေနဲ့ ဘယ်လို တည်ဆောက်သွားမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ရှင်းပြမှု မရှိကြောင်း၊ အစိုးရ အနေနဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင်းလင်း မြင်သာမှုရှိဖို့လိုကြောင်း၊ ရိုးသားမှုရှိဖို့ လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုခဲ့ဖူးတယ်လို့ ဧရာဝတီသတင်းထောက် ခင်ဦးသာရဲ့ သတင်းပေးပို့ချက် တစ်ခုမှာ တွေ့ရပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ဒီစီမံကိန်းဟာ လုပ်သင့်တာမှန်ပေမယ့် ပွင့်လင်း မြင်သာမှုရှိဖို့လိုတယ်၊ အခုဟာက ဒေသရဲ့ အကျိုးစီးပွားထက် တစုံတဦးရဲ့ အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့် ပေးထား ခဲ့ချင်ပုံ ရတယ်လို့ပဲ မြင်တယ်” လို့ ပြောဆိုကြောင်း ဧရာဝတီသတင်းမှာ ဖေါ်ပြခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ VOA သတင်းမှာတော့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ တရုတ်-မြန်မာ သဘောတူ ထားတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း ဖောက်လုပ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်ပြီလို့ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့ မီးရထားဌာနက တာဝန်ရှိသူတွေကတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ပြောပါတယ်။ စီမံအင်ဂျင်နီယာလည်းဖြစ် အထွေထွေ မန်နေဂျာလည်းဖြစ်တဲ့ ဦးစောဗယ်လင်တိုင်းက ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်လို့ မပြတ်သေးကြောင်း၊ အကြောင်းကတော့ MOU တော့ ထိုးထားတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ ဒါပေမယ့် MOU သက်တမ်း ကတော့ ၂၀၁၄ ဧပြီမှာ ကုန်သွားတယ်လို့ဆိုပါတယ်။ သက်တမ်းထပ်မတိုးတဲ့အတွက် ဆက်လုပ်မလုပ်ဆိုတာ မြန်မာဘက်က တရုတ်ဘက်နဲ့ မဆွေးနွေးရသေးဘူးလို့ စောဗယ်လင်တိုင်းက ဆိုပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဦးသိန်းစိန်အစိုးရက ဒေသခံ လူထုကို ချပြပြီး သဘောထားတောင်းခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဦးသိန်းစိန် အစိုးရ နဲ့ တရုတ်နိုင်ငံက China Railway Engineering Corporation (CREC) လို့ခေါ်တဲ့ တရုတ်နိုင်ငံ မီးရထား ကော်ပိုရေးရှင်းတို့ဟာ ၂၀၁၁ ခုနှစ်က နှစ်ဘက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတယ်လို့ သတင်းတွေအရ သိရတယ်။ ဒီစာချုပ်အရဆိုရင် ဒီရထားလမ်း ဖောက်လုပ်မှုဟာ ရခိုင်ပြည်နယ် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် တွေကို ဖြတ်ပြီး ဖောက်လုပ်မယ့် စီမံကိန်းဖြစ်တယ်လို့ အကြမ်းမျဉ်း သိရတယ်။ ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ ကနေ တရုတ်နိုင်ငံ ကူမင်းအထိ ရထားလမ်း ဖောက်လုပ်မယ့် စီမံကိန်းဖြစ်ပြီး၊ အာရှ ပစိဖိတ်ဒေသ ရဲ့ Travel Daily News မှာဖော်ပြချက်အရ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂ သောင်းကျော် ကုန်ကျမယ့် စီမံကိန်းလို့ ဆိုပါတယ်။ ဒီ စီမံကိန်း ကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ကန့်ကွက်မှုတွေ ရှိကြောင်း လည်း VOA သတင်းအရ သိရတယ်။

အဆိုပါ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းအတွက် တရုတ်နိုင်ငံက ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း၊ စီမံကိန်းရဲ့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့် ရှိတယ်လို့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ပြောကြောင်းလည်း သိရတယ်။ Eleven Media ရဲ့ သတင်းတစ်ပုဒ်အရတော့ အရှည် ၈၀၀ ကီလိုမီတာရှိတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန နဲ့ တရုတ်နိုင်ငံ Rail -ways Engineering Corporation တို့ ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က MoU လက်မှတ်ရေးထိုး ခဲ့ကြတာဖြစ်ကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ Arakan Oil Watch ရဲ့ ထုတ်ပြန်ချက်များအရ သိရတယ်လို့ဆိုပါတယ်။ ဒီ စီမံကိန်းဟာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်များကို အများပြည်သူသို့ အသိပေး ထုတ်ပြန်ခဲ့မှု မရှိခဲ့ဘူးလို့သိရပါတယ်။

 အဲဒီ သဘောတူ လက်မှတ်ရေးထိုး ထားမှုအရ တရုတ်နိုင်ငံက ရထားလမ်းကို ငွေကြေးမတည် ဆောက်လုပ်ပြီး နှစ်ပေါင်း ၅၀ ကြာအောင် အသုံးပြုမယ်လို့ သိရတယ်။ နှစ်ငါးဆယ် နောက်ပိုင်းမှ မြန်မာအစိုးရကို လွှဲပြောင်းပေးမှာဖြစ်တယ်။ အဲဒီ ရထားလမ်းဟာ တစ်နာရီလျှင် ၁၇၀ ကီလိုမီတာ အမြန်နှုန်း နဲ့ ခုတ်မောင်းနိုင်မှာဖြစ်ပြီး ကုဗတန်ချိန် ၄၀၀၀ သယ်ဆောင်နိုင်မယ်လို့ဆိုကြောင်း ရခိုင်ရေနံ စောင့်ကြည့်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား တယ်လို့သတင်းက ဆိုပါတယ်။ အဲဒီ မီးရထားလမ်း စီမံကိန်းရဲ့ စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလိုမီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး၊ မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက် သွားမှာ ဖြစ်ပြီး ကူမင်းမြို့အထိ ဖောက်လုပ်မှာဖြစ်ကြောင်း သိရတယ်။ မီးရထားလမ်း စီမံကိန်းအရ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုင်ခေါင်း ၁၀၁ ခု ပါဝင်တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတည်ဆောက်စဉ်က ပိုက်လိုင်းတစ်လျောက် ဒေသခံတို့ရဲ့ လယ်ယာမြေ သိမ်းယူခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူတွေ လျော်ကြေး မရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ပိုက်လိုင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ သိရှိနားလည်စေဖို့ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောဆို ရှင်းပြတာမျိုး မရှိခဲ့ဘူးလို့သိရတယ်။ ဒါကြောင့် ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ခဲ့ဖူးတယ်။ ဒေသအာဏာပိုင်တို့ရဲ့မတရားမှုတွေကို မကျေနပ် တဲ့ ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြဖူးပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ Environmental Impact Assessment – (EIA) နဲ့ Social Impact Assessment – (SIA) တွေကို ဒေသခံတွေ သိရှိအောင် ထုတ်ဖော်ပြောကြားတာမျိုးလည်း မရှိခဲ့ဘူး။ အခု ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက ဘာမှ မသိရဘူးလို့ ဆိုကြပါတယ်။ အမှန်တော့ ဒီလို ကိစ္စရပ်တွေမှာ ဒေသခံလူထုကို ကြိုတင် အသိပေးရုံမက၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ဒေသခံတွေရဲ့ အသံတွေကို နားထောင်ဖို့လည်း လိုပါတယ်။ ကွင်းဆင်းပြီး လေ့လာသင့်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံ သိုလှောင်ရုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ စီမံကိန်း၊ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းစတဲ့ စီမံကိန်းတွေကို တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီတခုဖြစ်တဲ့ (China National Petroleum Corporation – CNPC) နဲ့ တရုတ်ကုမ္ပဏီများ၊ ကိုးရီးယားပိုင် ဒေ၀ူး၊ ဟွန်ဒိုင်း နဲ့ အန္ဒိယ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေက ကုမ္ပဏီများကလည်း စီမံကိန်းအလိုက် တာဝန်ယူ တည်ဆောက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသရဖူ၊ 7-Star, PSC, Myint and Association စတဲ့ ကုမ္ပဏီများလည်း တည်ဆောက်ရေး လုပ်ငန်းတချို့မှာ ပါဝင်ခဲ့ကြောင်း၊ ဧရာဝတီသတင်းမှာ ဖေါ်ပြခဲ့ဖူးတာတွေ့ရတယ်။

ကျောက်ဖြူ စံမံကိန်းတွေဟာ တရုတ်နိုင်ငံအတွက် စွမ်းအင် လောင်စာ ရရှိရေး အဓိက ဖြစ်တယ်။ ဒေသခံတို့ အတွက် ထက် တရုတ်အကျိုး စီးပွားအတွက် ပဓါနထားတဲ့ စီမံကိန်းဖြစ်တယ်။ ဒီ စီမံကိန်းနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းပေးရေး အဆိုကို RNDP ပါတီမှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးဘရှိန်က ၂၀၁၁ စက်တင်ဘာလ ၂၇ ရက်နေ့ လွှတ်တော် တင်သွင်းခဲ့ဖူးပါတယ်။ ဦးဘရှိန်က ရခိုင် ကမ်းလွန်ဒေသရှိ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ထွက်တဲ့ စွမ်းအင်နဲ့ ဒေသခံပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အားပေးရေး လွှတ်တော်မှာ မေးမြန်းခဲ့ရာ၊ ပြည်ထောင်စု အဆင့် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက တရုတ်နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီး ဖြစ်တယ်လို့ ပြန်လည် ဖြေဆိုကြား ခဲ့တဲ့ ဖြစ်စဉ်အရ တရုတ်အကျိုးစီးပွားက ပဓါနဖြစ်နေတာ ထင်ရှားပါတယ်။ ဦးသန်းဌေးရဲ့ ဖြေဆိုမှုဟာ တာဝန်မဲ့ စကား ဖြစ်လို့ ရခိုင်ပြည်သူတွေနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ကန့်ကွက်ခဲ့ကြကြောင်း ဧရာဝတီသတင်းမှာ တွေရတယ်။

အထက်မှာ တင်ပြခဲ့တဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း နောက်ခံ အကြောင်းအရာကို လေ့လာရင် သက်ဆိုင်ရာ ရခိုင်ပြည်နယ် ဒေသခံတို့အတွက် အကျိုးမရှိတာတွေ့ရတယ်။ ကူမင်းမြို့မှာ ၂၄ ကြိမ်မြောက် နိုင်ငံတကာ ကုန်စည်ပြပွဲ (ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ) အတောအတွင်း “ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ဖောက်လုပ်ရေး ကိစ္စ” အတွက် မြန်မာ ပြည်ထောင်စုအစိုးရကို တွန်းအားပေးဖို့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြောင်း သတင်းအရသိရှိရတယ်။ တရုတ်တို့ရဲ့ အခုလို ကိုယ်ကျိုးစီးပွားကိုပဲ အဓိက ထား တောင်းဆိုမှုဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ယူဆပါတယ်။ မြန်မာကို မိတ်ဆွေနိုင်ငံလို့ သဘောထားရင် တန်းတူ ဆက်ဆံဖို့လိုပါတယ်။ အပြန်အလှန်လေးစားဖို့ လိုပါတယ်။ မြန်မာနိုင်ငံဘက်က အကျိုးအမြတ် ကောင်းကျိုးဆိုးပြစ်တွေ ကိုလည်း စာနာထောက်ထား စဉ်းစားပေးဖို့ လိုပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကလို အားနည်းချက်ကို ကိုင်ပြီး၊ မြန်မာပြည်သူတို့အပေါ် အမြတ်ထုတ် အချောင်နှိုက်ခဲ့တာမျိုး၊ လက်ရှိ ပြည်သူ့အစိုးရခေတ်မှာ လုပ်လို့ မရနိုင်ပါဘူး။ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် ချယ်လှယ်တာမျိုးကို တရုတ်နိုင်ငံအနေနဲ့ မလုပ်သင့်တော့ဘူးလို့ ပြောရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီတွေဟာ နိုင်ငံတကာကျင့်ဝတ်တွေကို စောင့်ထိန်း လိုက်နာမှု အလွန် အားနည်းတဲ့ သတင်းတွေ မကြာမကြာ ကြားသိနေရတယ်။ ဒါကြောင့် သမ္မတ ဦးထင်ကျော် အစိုးရအနေနဲ့ တရုတ် မြန်မာ စီးပွားရေး-ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ပတ်သက်လို့ ဆက်ဆံပြောဆိုရာမှာ အလျော့ပေးဆက်ဆံ ခြင်းမလုပ်ဘဲ၊ နိုင်ငံတကာ စံချိန် စံညွှန်း ကျင့်ဝတ်စည်းကမ်းများနဲ့အညီ တန်းတူ ဆက်ဆံဆောင်ရွက်ဖို့လိုပါတယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာ ကို ပြန်လည် မြှင့်တင်ပေးရေးအတွက် တရုတ်ရဲ့ ဖိအားပေး အမြတ်ထုတ်မှုတွေ ကို ရဲရဲဝံ့ဝံ့ ငြင်းပယ်ဖို့ လိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်” Five Principles of Peaceful Co-existence ကို ပြန်လည် သတိရ လေးစားလိုက်နာသင့်ပါတယ်။

၁၉၅၄ ခုနှစ် ဇွန်လ ၂၉ မှာ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း တို့ သဘောတူထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ရှိပါတယ်။ တစ်နိုင်ငံရဲ့ ပိုင်နက် နယ်နမိတ်နဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုရေး၊ မကျူးကျော်ရေး၊ သူတပါးပြည်တွင်းရေးကို ဝင်မစွက်ရေး၊ အပြန်အလှန် အကျိုးတူ သာတူ ညီမျှ ပူးပေါင်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အစရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ လက်ရှိ တရုတ်အစိုးရ အနေနဲ့ ဖေါ်ပြပါ မူ ၅ ချက်ကို လေးစားလိုက်နာဖို့ တရုတ်ကုမ္ပဏီတာဝန်ရှိသူတွေကို ညွှန်ကြား သင့်ပါတယ်။ ‘နှစ်နိုင်ငံ အကျိုးတူ သာတူညီမျှ ပူးတွဲဆောင်ရွက်ရေး’ ကို တရုတ်ကုမ္ပဏီများ လေးစားလိုက်နာဖို့လိုပါတယ်။ ကိုယ်ကျိုးစီးပွား ပဓါနထားတဲ့ မူဝါဒကိုင်စွဲထားမှုကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို မျှမျှတတ အပြန်အလှန် လေးစားမှုရှိရှိ ဆောင်ရွက်ဖို့ သဘောထားမရှိရင်တော့ တရုတ်ကုမ္ပဏီများရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ က လက်ခံခြင်း မပြုသင့်ကြောင်း နှိုးဆော်အပ်ပါတယ်။