ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝါကျဖြူ - ကြိုးထုံးကလေး



ဝါကျဖြူ   - ကြိုးထုံးကလေး
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

သရက်ပင်အုပ်အုပ်ဆိုင်းဆိုင်းနှင့် လမ်းကလေးမှ ကွေ့ထွက်လိုက်သည်။ ရှေ့မှာမြင်နေရသောလူကူးမျဉ်းကြားမှာ ကားအရှင်းကိုကြည့်ပြီး ဖြတ်လျှောက်ခဲ့၏။ လက်ထဲကသောက်လာသော စီးကရက်တို့ကို နဘေးရေမြောင်းထဲ ပစ်ထဲ့လိုက်၏။

မိုးသည်မှိုင်းအုံ့လာပြီး မိုးစက်ဖွားဖွားကလေးများပင် ကျလာခဲ့ပြီ။ လက်ထဲမှထီးကိုဖွင့်မဆောင်းမိသေးဘဲ ငိုင်နေမိခဲ့သည်။ အဆောက်အဦးတခု၏အစပ်ကို ရောက်ရှိလာခဲ့ပေပြီ။ မိုးသားနှင့်အတူ ပြိုဆင်းလာသောအတွေးတို့က ရင်အတွင်းစိုက်ဝင်။

" ဟင်း " ခနဲ သက်ပြင်းက ပြန်လည်တွန်းကန်လိုက်သံ။ နဘေးမှကားသံများ၊ လူသံ၊ ဈေးရောင်းသံများကို မကြားမိတော့။

ရေးခဲ့ဖူးသောနှစ်ပေါင်းအစိတ်ပင်ကျော်လွန်သက်တမ်းရှိခဲ့သောကဗျာလေးတပုဒ်ကိုသတိရလိုက်မိပါသည်။ ကြက်သီးမွှေးညင်းစလေးများ တဖျပ်ဖျပ်နှင့်လျှပ်စစ်စီးသလို ကူးစက်သွားတော့သည်။

ဆေးပေါ့လိပ်ကလေးရေ
ပြာစတွေနဲ့တဖြည်းဖြည်းတို …
ငါကိုပစ်မသွားပါနဲ့ဦးကွယ် ။
အထီးကျန်မှုတွေနဲ့
ငြိမ်သက်စိတ်ပျက်နေတဲ့တနေခင်း
သံယောဇဉ်ကင်းတဲ့ သူမ …………………..

***********

ဇီဝရုပ်ခန္ဓာတစ်ခုလုံးရှိအကြောချဉ်ဆီတစ်လျှောက်တဖျပ်ဖျပ်လှုပ်ခုန်လျက် လေထဲမှာမျောလွင့် နေသလိုမျိုး ဖြစ်နေပါတော့သည်။ ဘယ်လိုရောက်ဖြစ်လိမ့်မည်ဟု မထင်မိခဲ့သောဤနေရာ။ ဤရပ်ဝန်းသည် ကျနော့်ဘဝတခုလုံးကိုကိုင်ပြီး မွှေနှောက်ပစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ရပေပြီ။ ဒါပေမဲ့ အခုထိ ဒဏ်ရာဒဏ်ချက်တွေဟာ မြုံနေတဲ့အနာတခုပင် ဖြစ်ပါသည်။ ယားယံယောင်ယမ်းပြီး ကုတ်လိုက်မိသလိုမျိုး သွေးစိမ်းရှင်ရှင် ပြန်ထွက်လာခဲ့သည်။

ကျနော်သည် လမ်းမပေါ်မှာကျကွဲနေခဲ့ကြသောဆေးပေါလိပ်တိုများ၊ စီးကရက်တိုနှင့် လူနင်းပြီး ပြားနေသောစီးကရက်တိုလေးများကို ငေးကြည့်နေမိပါသည်။ ကျနော်ဘာတွေကိုတွေး နေမိပါ သနည်း။ သွားရမဲ့ခရီးကိုဆက်မသွားနိုင်လောက်အောင် ခံစားမှုဝေဒနာတို့ရဲ့ ဘရိပ်ဖမ်းအုပ်လိုက်ရာမှာ ငြိမ်သက်နေမိပါသလဲ။

ကားလမ်းအလယ်ကျွန်းမှာစိုက်ထားသောသစ်ပင်များမှာ ကားများဖြတ်မောင်းသွားကြတိုင်း လေအဟုန်နှင့် လှုပ်ခတ်ကျန်နေရစ်သောသစ်ရွက်များ။ နဂိုအနေအထားပျက်သွားသော မြက်တောပေါ်မှသစ်ရွက်ခြောက်များ။

ကျနော့်ခန္ဓာကိုယ်ထဲက ကြက်သီးမွှေးညှင်းတွေဟာ ကြေမွသွားကြပြီး တခုမှ နှစ်ခု သုံးခု အစိတ်စိတ် ပြိုကွဲပြီး ဆင့်ပွားလာနေသလိုပါပဲ။ ကျနော်မြတ်နိုးခဲ့ဖူးသော ကျစ်ဆံမြီးလေး နှစ်ချောင်းသည်၎င်း၊ လေထဲမှာလွင့်ဝဲနေတဲ့ခန္ဓာကိုယ်လေးနဲ့သွယ်သွယ်နွဲ့နွဲ့ ရှည်ရှည်မျောမျော ဖြူဖြူပါးပါးလေးဟာ လေညင်းကလေးတချက်တိုက်ခတ်လိုက်သလိုမျိုးနဲ့ ကျနော်ဆီကိုလွင့်ကျလာပုံလေး ။

********

ကျနော်စီးကရက်တစ်လိပ်ကိုထုတ်ပြီးမီးညှိဖွာရှိုက်လိုက်သည်။ " ဟူး "ခနဲသက်ပြင်းနဲ့ ရောမွှေထားသော မီးခိုးငွေ့များကို ကမ္ဘာမြေထုထဲပို့လွှတ်လိုက်သည်။ ကျနော့်ရင်ထဲမှာဖြစ်ပေါ်နေသောအတွေးတို့သည် မီးခိုးငွေ့များနှင့်အတူပါမသွား ရင်ထဲမှာ တင်ကျန်နေခဲ့၏။ ကျနော်တွေးနေမိသည်ကား သူမနှင့်ကျနော်တို့ရဲ့ချစ်ခြင်းမဟုတ်။ ချစ်ခြင်းနှင့်မုန်းခြင်းကြား ပိုင်ဆိုင်ခြင်းနှင့်မပိုင်ဆိုင်ရခြင်းကြားကာလတခုရဲ့ လူဘဝတခုရဲ့ အရှည်အလျားကြားမှာ ချစ်ခြင်းတခုဟာ ဘယ်လိုပုံသဏ္ဍန် ပြောင်းလဲသွားပါသလဲ။ မုန်းခြင်းမှာကော ဘယ်လိုပုံသဏ္ဍန်တွေ ရွှေ့လျောသွားပါသလဲ။

အချိန်ကာလတခုသည် ရှင်သန်မှုပုံစံအမျိုးမျိုးပြောင်းပြီး လူ့ဘဝကိုဘယ်လို ကူးခတ်ပျံသန်းနေကြ တာလဲ။ နေ့စဉ်နေထိုင်မှုဖြစ်စဉ်တွေကိုကျော်လွန်ဖြတ်သန်းကြဖို့ရာမှာ နည်းအမျိုးမျိုးကို သုံးခဲ့ကြရတာပဲလေ။

ကျစ်ဆံမြီးလေးနှစ်ချောင်းနှင့်ကျနော်တို့ ဘဝတခုကို ချည်ထုံးလိုက်ကြသည်။ တချောင်းတည်းသောကျစ်ဆံမြီးဘဝကို ကူးပြောင်းလိုက်ကြတော့၏။ ကိုယ်မြတ်နိုးရာချည်တိုင်ဆိုတော့ စုံမက်ပျော်ရွှင်ခဲ့ကြတာပေါ့လေ။ လူသဘာဝမို့လား။ သားတွေသမီးတွေရ၊ ပညာရေး လူမှုရေး၊ စားဝတ်နေရေး အရေးများစွာထဲမှာ နှစ်ယောက်သား လုံးပန်းခဲ့ကြပါသည်။ ပျော်စရာကောင်းသည် တလှည့်၊ စိတ်ညစ်စရာကောင်းသည်တလှည့်။

လူဘဝကိုနိုင်ရာဝန်တွေမငြီးစတမ်းထမ်းရွက်ရင်း လူသက်တမ်းတခုကို အကောင်းဆုံး ကျော်ဖြတ်ကြဖို့ ကြိုးစားခဲ့ကြသည်။

လက်ညှိုးနဲ့လက်ခလယ်ကြား စပ်ပူခနဲဖြစ်သွားသဖြင့် စီးကရက်ကို ကမန်းကတန်း တောက်ပစ်လိုက်သည်။ နဘေးကွန်ကရစ်လမ်းအစပ်နှင့်ရိုက်မိပြီး လွင့်စင်သွားသောမီးစ မီးနများကို မြင်နေရ၏။

အချိန်ကာလတို့က တရွေ့ရွေ့သွားနေကြသည်။ နေ့ရက်တွေကလည်း တစ်ရက်ပြီးတစ်ရက်သာ ရောက်လာခဲ့သည်။ အလုပ်သွား၊ အလုပ်ပြန်။ တနင်္ဂနွေနား၊ တနင်္လာပြန်ဆင်းနှင့် လှည့်မကြည့်မိသည့် ကာလတာခရီးက အတော်ပင်ရောက်နေခဲ့ပါသည်။ သားနှစ်ယောက်အသက်တွေကြီးပြင်း။ တယောက်က အိမ်ထောင်ကျ၊ တယောက်ကလူလွတ်။ မအောင်မြင်ကြသောဘဝတွေနှင့် အရွယ်ရောက်လာကြတော့ သောကနွံထဲက ရုန်းမထွက်နိုင်ကြတော့။

ညဆယ့်တစ်နာရီ ဆယ်နှစ်နာရီမှ လင်မယားချင်ရန်ဖြစ်လို့ ပြေးသွားဖြန်ဖြေပေးရ။ တဖက်မိသားစုကမခံနိုင်တော့လျှင် ရုံးတိုင်လို့ လိုက်ဖြေရှင်း တောင်းပန်ပေးခဲ့ရပြန်ရော။ နောက်တယောက်ကျပြန်တော့လည်း အရက်မူးပြီးရန်ဖြစ်လို့ လိုက်တောင်းပန်ရ၊ ရုံးသွားဖြေရှင်းရနှင့် ကြေမွခဲ့ရသောနေ့ရက်များ ဖြစ်ခဲ့ရပါသည်။ ဖုန်းတလုံးရ့ တုန်းမြည်သံကို ထိတ်လန့်နေခဲ့ရသော ဘဝများ။

တခါတခါတော့လည်း တွေးနေမိပါသည်။

ချစ်ခြင်းမေတ္တာကို ချစ်ခြင်းမေတ္တာနေရာမှာ ပြန်ထားပြီး အေးချမ်းတဲ့အရိပ်တခုဆီ ကူးဖြတ်လိုက်ဖို့ပေါ့။ အခုမှတော့မရနိုင်တော့။

တယောက်ထဲကိုယ်လွတ်ရုန်းထွက်ဖို့လည်း မဖြစ်သင့်၊ မဖြစ်နိုင်။

အချိန်ကာလတခုဟာ တသသနှင့် မဖြစ်မနေအရူးအမူးစွဲလမ်းနေခြင်းထက် ဘဝခရီးဖော် မိုးထဲရေထဲ မှာ ကိုယ်လွတ်ရုန်းမထွက်ချင်သော မထွက်သင့်သော ရဲဘော်ရဲဘက်စိတ်ဟုပင် ထင်မိသည်။

ကျနော့်ခန္ဓာကိုယ်အကြောပေါင်းစုံမှရှိန်းမြမြနှင့်လှုပ်ခုန် ပြေးဆော့နေသော ကြက်သီးမွှေးညှင်းလေး များသည် ကျစ်ဆံမြီးလေးနှစ်ချောင်းကို ချစ်ခင်မြတ်နိုးခြင်းလည်းမဟုတ်၊ မချစ်ခင်မစုံမက်ခြင်းလည်း မဟုတ်သော ချစ်ခြင်းနှင့်မချစ်ခြင်းကြားထဲက အလွှာပါးပါးထဲမှာ ဝင်ရောက်နေထိုင်နေတဲ့ ရေတဆုံး မြေတဆုံး ဘဝတဆုံး ကောင်းတူဆိုးဖက် အတူတွဲနေထိုင်ရှင်သန်ခြင်းပင် ဖြစ်ပါသည်။

23.07.2016