စံလှကြီး - ကလေးစာပေ ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်များ ခေတ်မီ တိုးပွား ကျယ်ပြန့်ရေး


စံလှကြီး - ကလေးစာပေ ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်များ ခေတ်မီ တိုးပွား ကျယ်ပြန့်ရေး

(ဒီလှိုင်းဂျာနယ်) မိုးမခ၊ ဇူလိုင် ၈၊ ၂၀၁၆

ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်း အလိုလောက်က ဖြစ်ပါသည်။ ရန်ကုန်မြို့တွင်းသို့ စာအုပ်ရှာရန် ထွက်လာခဲ့သည်။ ဘာစာအုပ်ဝယ်မည် လို့တော့ အစီအစဉ် တိတိကျကျ မရှိ။ ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း နှစ်သက်သော စာအုပ်တွေ့က ဝယ်မည် ဟူသော စိတ်ကူးပင်။ စာအုပ်ဆိုင်များကို မွှေနှောက်ရင်း ၃၇ လမ်းထဲရှိ စာအုပ် အဟောင်းဆိုင် တစ်ခုသို့ အရောက်တွင် ငယ်စွဲ စာအုပ်များကို တွေ့လိုက်ရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ရွှေသွေး စာအုပ်များ ဖြစ်သည်။

ရွှေသွေး စာအုပ်များကို နှစ်အလိုက် အုပ်တွဲကြီးတွေ သပ်သပ်ရပ်ရပ် ချုပ်ပြီး အထပ်လိုက်ကြီး ပုံထားသည်။ ၁၉၇၆၊ ၁၉၇၇ တစ်ဝိုက်မှသည် ၁၉၉၀ ကျော်လွန် နှစ်များ အထိ အုပ်တွဲကြီးတွေ ချုပ်ထားခြင်း ဖြစ်သည်။ အတွင်းစာသားတွေကို လှန်ကြည့်လိုက်တော့လည်း အပျက်အစီး မရှိ ဆေးရောင်စုံ ကာတွန်းတွေနဲ့ စွဲမက်စရာ ဖြစ်သည်။ ထိုစဉ်က ရွှေသွေးများကို မှတ်မိသလောက် ပြန်ပြောရလျှင် သတင်းစာ အရွယ်လောက်ရှိပြီး စာမျက်နှာ ၁၂ မျက်နှာခန့် ရှိသည်။ သောကြာနေ့တိုင်း ထုတ်ဝေသည်ကို မှတ်မိနေသည်။ ထိုစာစောင်များကို ကလေးများ ပျော်ရွှင်ရေးနှင့်စာဖတ်လိုစိတ် ရှိရန် သာမက အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ တိုင်းပြည်ချစ်စိတ် ရှိရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ထုတ်ဝေခဲ့သည်ဟု ထင်ပါသည်။ စာစောင်များတွင်တော့ ရည်ရွယ်ချက် ဆိုပြီး ရေးမထားသော်လည်း ရည်ရွယ်ချက်များ ပါနေသည်မှာ ထင်ရှားသည်။

ကလေးများ ပျော်ရွှင်ရေးနှင့် စာဖတ်လိုစိတ် ရှိရန် ဇာတ်လမ်းကောင်းများကို ကာတွန်းဦးသန်းကြွယ် ဦးကျော်ဆန်း စသော ပညာရှင်များ၏ လက်ရာများဖြင့် ဆေးရောင်စုံ ကာတွန်းများ ရေးဆွဲခဲ့သည်။ ဇာတ်လမ်းတွေကလည်းကောင်း၊ ကာတွန်းလက်ရာများမှာလည်း ပြောစရာ မရှိ ဖြစ်သည်။ တခါတလေ ဂရင်း နတ်သမီး ပုံပြင်များမှ စွဲမက်စရာ ဇာတ်လမ်းများကို တင်ဆက်ခဲ့သည်။ ဖတ်လို့ကောင်းနေတုန်း ဆက်ရန် ဟူသော စာသားကို တွေ့လိုက်ရလျှင် စိတ်ထဲမှာ ဟာကနဲ ဖြစ်သွားခဲ့တာတောင် မှတ်မိသည်။ နောက်တစ်ပတ် သောကြာနေ့ အထိ မျှော်ပေဦးတော့။ ဤသို့သော နည်းဖြင့် ကလေးများ၏ စာဖတ်လိုစိတ်ကို ပျိုးထောင်ပေးခြင်း ဖြစ်သည်။

ကလေးများကို ငယ်စဉ်ကတည်းက ကိုယ်ကျင့်တရား ကောင်းမွန်ရေး အတွက်လည်း ဇာတ်လမ်းတိုလေးများဖြင့် ပညာပေးထားသည်။ နောက်ကျောဖုံး စာမျက်နှာတွင် ၅ ကွက်ခန့် ပါသော ကာတွန်းလေးများမှာ ကလေးများ၏ စာရိတ္တကို မြှင့်တင်ရန် ရည်ရွယ်ချက် ဖြစ်သည်။ ဥပမာ မီးကျည်ဟူသော ကောင်လေး တစ်ယောက်သည် အိမ်က ပေးလိုက်သော မုန့်ဖိုးများကို အကုန်မစားပဲ နည်းနည်းချင်းစီ စုဘူးထဲ ဖဲ့စုပြီး လွယ်အိတ် လှလှလေး ဝယ်သည် ဆိုသော ကာတွန်းမျိုး ဖြစ်သည်။ ကလေးဘဝကတည်းက ငွေကြေးကို အလကား မဖြုန်းပဲ စုဆောင်းချင်စိတ် ရှိအောင် လုပ်ပေးနေခြင်း ဖြစ်သည်။ ကျန် အပတ်စဉ် ကာတွန်းများမှာလည်း ကလေးများ ပျော်လည်း ပျော်စေ၊ စာရိတ္တလည်း ကောင်းစေ ဆိုသော ရည်ရွယ်ချက်များဖြင့် ဆွဲထားသည်။

ထို့အပြင် ကလေးဘဝတည်းက တိုင်းပြည်ချစ်စိတ် ရှိအောင် မြန်မာနိုင်ငံသားများထဲမှ လက်ရုံးရည် နှလုံးရည် ထက်မြက်ခဲ့သူများ၏ အကြောင်းများကို ဆေးရောင်စုံ ကာတွန်းများဖြင့် ဖော်ပြခဲ့သည်။ မှတ်မိသလောက် ဗိုလ်မှူးကြီးဗထူး၊ မွန်အမျိုးသားကြီး ဦးနာအောက်၊ ကယားစော်ဘွားကြီး စောလဖော်တို့ အကြောင်းပါသည်။ ချင်းလူမျိုး ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်း အကြောင်းဆိုလျှင် တပ်မတော်နေ့ အထူး အစီအစဉ် အဖြစ် သုံးပတ်ခန့် ဆက်တိုက် ဖော်ပြခဲ့သည်။ သူ့ ဘဝဇာတ်ကြောင်း အပြည့်အစုံ နီးပါး ဖြစ်သည်။ ဖတ်ပြီးတော့ သဘောကျလိုက်သည်မှာ ငယ်ဘဝတွင် ဗိုလ်ကြီးတိုက်ချွန်းနှင့် ဒုဗိုလ်မှူးကြီး ဟရန်သီယို ဟူသော နာမည်များကို အလွန်ရင်းနှီးခဲ့သည်။ နောင် အသက်အရွယ် အရ အတ္ထုပတ္တိ စာအုပ် ဖတ်ကြည့်တော့လည်း ရွှေသွေးစာစောင်ထဲက အတိုင်း ဖြစ်နေသည်ကို တွေ့ရသည်။ စာအုပ်ကတော့ ပိုပြီး ကျယ်ဝန်းသည်ပေါ့။ မမှတ်မိတော့သော အခြား တိုင်းရင်းသားများ အကြောင်းလည်း ပါမှာ သေချာပါသည်။ ဤသို့ ဖော်ပြခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း တစ်ဦးကို တစ်ဦး ပို၍ လေးစားမှု၊ အထင်ကြီးမှု၊ ရင်းနှီးမှု ရစေနိုင်သည်။ ဗမာသူရဲကောင်း တစ်ယောက် အကြောင်းကို ချင်း၊ကယား၊မွန် စသော တိုင်းရင်းသားများ သိစေသလို တိုင်းရင်းသား သူရဲကောင်းများ အကြောင်းကိုလည်း ဗမာများကို သိကျွမ်းစေသည်။ တိုင်းပြည်ချစ်စိတ်ကိုလည်း တစိမ့်စိမ့်နှင့် သွင်းပေးရာ ရောက်သည်။ ငယ်စဉ်ကလေးဘဝတည်းက ဤသို့သော စာကောင်း ပေကောင်းများကို မဖတ်ရပဲ ချဲ့ကားထားသော အမုန်းပွားစေနိုင်သည့် အိပ်ရာဝင် ပုံပြင်များကို နားထောင်ပြီး ကြီးလာခဲ့လျှင် တိုင်းပြည်ချစ်စိတ် ရှိလာဖို့ မလွယ်တော့ပေ။ ဤမျှ ဆိုလျှင် ထို နှစ်ပေါင်း ၄၀ ခန့်က ရွှေသွေးစာစောင်များ၏ အရည်အသွေးကို သိနိုင်ပေပြီ။( ၁၉၅၀ ပတ်ဝန်းကျင်လောက် ကတည်းက ကလေးသတင်းစာကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့ပြီး ကလေးဂျာနယ်ကို ဆရာဇဝနက ဦးစီး ထုတ်ဝေခဲ့သည်။ ဆရာကြီး မင်းသုဝဏ်နှင့် ဆရာမကြီး ဒေါ်နုယဉ်တို့ မောင်နှမက နိုင်ငံတကာမှ ကလေးပုံပြင်များကို စကားပြေနှင့်ရော ကဗျာနှင့်ပါ ဘာသာပြန် ပေးခဲ့သည်ဟု ဆိုသည်။ အားလုံးနီးပါး ဆေးရောင်စုံတွေ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ အနေဖြင့် ကလေးစာပေ ဖွံ့ဖြိုးရေးကို အလွန်စောစွာကတည်းက လုပ်ကိုင်ခဲ့သည်။ ထိုစာပေများကို မှီလိုက်သူများသည် အသက် ၇၀ကျော် ပတ်ဝန်းကျင် ရှိနေကြပါပြီ။ လူကြီးများ ပြောပြသည်ကို မှတ်ထားခြင်း ဖြစ်ပါသည်။)

ထို ရွှေသွေးစာစောင်များမှာ အရည်အသွေး ကောင်းသော်လည်း ပျံ့နှံ့မှု မရှိလှဟု ထင်ပါသည်။ တပတ်လျှင် စောင်ရေ မည်မျှ ပုံနှိပ်ရသလဲ ဆိုတာတော့ မသိပါ။ ငယ်စဉ်က ကစားဖော် လူ ၃၀ လောက်တွင် ၂ ဦးခန့်သာ မိဘများက ဝယ်ပေးသည်ကို မှတ်မိပါသည်။ ဒါတောင် ရန်ကုန် ဝန်းကျင် တဝိုက် ဖြစ်သည်။ အခြား လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ပြည်နယ်နှင့် တိုင်းများသို့ ထိုစာပေကောင်းတွေ ရောက်မှ ရောက်ရဲ့လားဟုလည်း သံသယ ဝင်မိပါသည်။ အဲဒီအချိန်က လူတွေ ကြပ်တည်းလို့ စာအုပ်ဝယ်ဖို့ မတတ်နိုင်တာလည်း ပါနိုင်သည်။ ဆိုရှယ်လစ်ခေတ် ဈေးမဆစ်နဲ့ ကြုံရင် ဝယ်ထား ဈေးမများဘူးဟု နောက်ပြောင်ကြသည့် အချိန်ပေကိုး။ တချို့ ကလေးမိဘကျတော့ ချမ်းသာသော်လည်း ဝယ်ပေးရကောင်းမှန်း မသိသဖြင့် ဝယ်မပေးပေ။ ဒါကြောင့် တချို့ သူငယ်ချင်းများမှာ ချမ်းသာသော်လည်း ကလေးစာပေ မဖတ်ခဲ့ရရှာ။ ငယ်စဉ်က ကလေးစာပေ ကောင်းကောင်း မဖတ်ခဲ့ရလျှင် ကြီးလာသော်လည်း စာဖတ် ဝါသနာ ပါသူ ဖြစ်ဖို့ မလွယ်တော့။ အကျိုးဆက် အနေဖြင့် ထိုသို့သော သူများ များလာလျှင် တိုင်းပြည် နစ်နာရတော့သည်။

စာအုပ် အဟောင်းဆိုင်တွင် ထိုစာစောင်များကို အကောင်းအတိုင်း တွေ့လိုက်ရသဖြင့် ဈေးနှုန်း စုံစမ်းကြည့်တော့ အနှစ် ၄၀ မှ ၃၀ အတွင်း အတွဲများကို ၅၀၀၀၀ ကျပ်ဟု ဆိုသည်။ တစ်တွဲလျှင် စုစုပေါင်း စောင်ရေ ၅၂ ခန့်ပါမည် ထင်သည်။ အနှစ် ၃၀ အောက်ကတော့ ထို့ထက် ဈေးပိုလျှော့သည်။ အနှစ် ၂၀ အောက်တွေကတော့ ရောင်းဈေး ကျပ် ၁၅၀၀၀ ဟု ဆိုသည်။ ရှေးပိုကျလေ ဈေးပိုကြီးလေ ဖြစ်သည်။ ကိုယ်တိုင်လည်း ရှေးကျသော စာစောင်များက လက်ရာ ပိုကောင်းသည်ဟု ထင်မိသည်။ ရောင်းသူက အနှစ် ၄၀ မှ ၃၀ အတွင်း စာစောင်များကတော့ ဝယ်၍ မရတော့ဟု ဆိုသည်။ အမျိုးသား စာကြည့်တိုက်က ဝယ်ယူသွားပြီ။ ငွေပင် ပေးချေပြီးပြီ။ သယ်ရမည့် စာအုပ်များနေ၍ မသယ်ဖြစ်လို့ တွေ့နေရခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

စာအုပ်ကောင်းများကို မပျောက်ပျက်အောင် အမျိုးသား စာကြည့်တိုက်က ဝယ်ယူ စုဆောင်းသည် ဆိုသည်မှာ ဝမ်းသာစရာပင်။ စာအုပ်များကို ဝယ်ပြီး သိမ်းထားသည်ထက် ဈေးနှုန်းချိုချိုဖြင့် ပြန်လည် ရိုက်နှိပ်ပြီး ကလေးများဆီသို့ ရောက်အောင် ဖြန့်ဖြူးပေးသင့်သည်။ စာအုပ်တို့၏ သဘောမှာ ဘယ်လောက် ကြာကြာ မဖတ်ရသေးသူ အတွက်ကတော့ အသစ်ကျပ်ချွတ်ပင် ဖြစ်သည်။ ကလေးရှိသော မိဘများ အနေဖြင့်လည်း ထိုကဲ့သို့သော စာပေများကို သားသမီးများကို ဝယ်ပေးသင့်သည်။ စာအုပ်ဖတ်ပြခြင်းဖြင့်လည်း မိဘနှင့် သားသမီးကြား ပို၍ ရင်းနှီးစေသည်ဟု ထင်ပါသည်။ (၂၉.၅.၂၀၁၆ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရွှေသွေးစာစောင် အထူးထုတ်ကို ထုတ်ဝေသည်။ ကာတွန်း လက်ရာဟောင်းများကို ပြန်လည် ဆန်းသစ် ဖော်ပြထားသည် ဟူသော သတင်းကို ဖတ်လိုက်မိပါသည်။ ရောင်းဈေးမှာ ၂၀၀၀ ကျပ်ဟု ရေးထားသဖြင့် တစ်နှစ်လုံးစာ မဟုတ်ပဲ ကြိုက်နှစ်သက်ရာများကို ပြန်လည် ထုတ်ဝေသည်ဟု ထင်မိပါသည်။)

စာအုပ်တွေကို အမျိုးသား စာကြည့်တိုက်က ဝယ်သွားသည် ဆိုသဖြင့် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အမျိုးသား စာကြည့်တိုက်သည် မီကာဆာ ဟော်တယ်ဘေးမှ လမ်းလေးအတိုင်း ဝင်သွားလျှင် ရောက်သည်ဟု ကြားခဲ့ဖူးသည်။ ထိုနေရာသို့ သွားကြည့်သောအခါ အမျိုးသား စာကြည့်တိုက်သို့ ဟူသော ဆိုင်းဘုတ်ငယ်လေး တစ်ခုကို တွေ့ရသည်။ ဆိုင်းဘုတ်က ပြထားသော မြှားအတိုင်း အတော် လျှောက်သွားသောအခါ လမ်းအဆုံးတွင် အမျိုးသား စာကြည့်တိုက် ဟူသော အဆောက်အအုံငယ် တစ်ခုကို တွေ့ရသည်။ အမျိုးသား စာကြည့်တိုက် တည်ရှိရာ လမ်းတွင် နေ့ခင်းကြောင်တောင် လူသွားလူလာ ပြတ်လိုက်ပုံကတော့ ကိုယ့်ခြေသံပင် ကိုယ်ပြန်ကြားရနိုင်သည်။

စာကြည့်တိုက်ထဲ ဝင်သွားလိုက်တော့ အဝင်ဝတွင် ဝန်ထမ်း အမျိုးသမီး တစ်ဦးနှင့် တွေ့သည်။ စာအုပ်ဖတ်ချင်တဲ့ အကြောင်း ပြောတော့ သူက ဘယ်စာအုပ် ဖတ်ချင်ပါသလဲဟု မေးသည်။ မူလ စိတ်ကူးက စာကြည့်တိုက်၏ စာအုပ်စင်များ အကြား လျှောက်သွားမည်။ စာအုပ်တွေကို မြည်းကြည့်ပြီးမှ ဘယ်စာအုပ် ဖတ်သင့်သည်ကို ဆုံးဖြတ်မည်ဟု တွေးထားခဲ့သည်။ လေ့လာရေး သဘောလည်း ပါသည်။ အခုစနစ်က စာအုပ်နာမည် ပြောပြမှ ဝန်ထမ်းက ရှာပေးမည်ဟု ဆိုသည်။ စာအုပ်ရှာရပုံက "က" အက္ခရာနှင့် ရေးထားသော စာအုပ်များ ဟူ၍ အံဆွဲငယ် တစ်ခု ရှိသည်။ အခြား အက္ခရာများအတွက်လည်း ထိုကဲ့သို့ အံဆွဲလေးတွေ ရှိသည်။ ထိုအံဆွဲလေးများထဲတွင် စာအုပ်အမည် ရေးထားသော ကတ်ပြား သေးသေးလေးတွေ စီထည့်ထားသည်။ ထိုကတ်ပြားလေးများကို တစ်ခုချင်း စိတ်ရှည်လက်ရှည်နှင့် ကိုယ်ဖတ်လိုသော စာအုပ်၏ အမည်နှင့် အမှတ်စဉ်ကို ရှာရခြင်း ဖြစ်သည်။ ၂၁ ရာစုတွင် ခေတ်မမီတော့ဟု ထင်ပါသည်။ အမှန်မှာ ကွန်ပြူတာ တစ်လုံး ချထားပြီး ရှာလိုသူက စာအုပ်အမည် ရိုက်ကာ ရှာလျှင် ပို၍ လျှင်မြန်ပါသည်။ ရောက်ဖူးသော စာကြည့်တိုက် တစ်ခုတွင်လည်း ထိုသို့ပင် ကွန်ပြူတာ တစ်လုံးသာ ချထားပြီး ရှာလိုသူက စာအုပ်နာမည်ကို ရိုက်လိုက်ရုံသာ ဖြစ်ပါသည်။

စာအုပ် ရှာပြီးလို့ ဖတ်လိုသော စာအုပ် သုံးအုပ်ခန့်၏ အမည်နှင့် အမှတ်စဉ်များကို ရေးပေးလိုက်တော့ ဝန်ထမ်းက စာအုပ်ရှာရန် ထွက်သွားသည်။ စာဖတ်သူက စာဖတ်ခန်းတွင် ထိုင်စောင့်နေရသည်။ စာဖတ်ခန်းမှာ အမျိုးသား စာကြည့်တိုက်ဟူသော အမည်နှင့် စာသော် မကျယ်လှပါ။ စာဖတ်ခန်းတွင်လည်း ကိုယ်တစ်ဦးတည်းသာ ရှိသည်။ မိနစ် ၃၀ ခန့်ကြာတော့ ဝန်ထမ်း အမျိုးသမီး ပြန်ရောက်လာပြီး စာအုပ် ၂ အုပ်သာ ရှာတွေ့သည်။ တစ်အုပ်ကတော့ ရှာ၍ မရတော့ဟု ဆိုသည်။ ကိုယ်တိုင် ရှာဖွေရသည် မဟုတ်ပဲ ဝန်ထမ်းကို ခဏ ခဏ စာအုပ်ရှာခိုင်းရသည်မှာ အားနာလှပါသည်။

စာအုပ်များကို ထိုင်ဖတ်မည်ဟု ပြင်ဆင်တော့ စာကြည့်တိုက် ဝန်ထမ်းကပင် လယ်ဂျာ စာအုပ်ဟောင်းလေး တစ်ခုကို ယူလာသည်။ စာဖတ်လျှင် လက်မှတ် ထိုးရမည်ဟု ဆိုသည်။ ရောက်ဖူးသော စာကြည့်တိုက်များတွင် မရှိသော စနစ် ဖြစ်ပါသည်။ လက်မှတ် ထိုးရမည့် စာအုပ်ကို ဖွင့်ကြည့်တော့ လက်ရေးနှင့်ပင် နေ့စွဲ၊ ဖတ်သည့်စာအုပ်၊ စာဖတ်သူအမည်၊ နေရပ်လိပ်စာ၊ ထိုးမြဲလက်မှတ် စသည်တို့ကို ဇယားဆွဲထားသည်ကို တွေ့ရသည်။ ကိုယ့်ရှေ့က လက်မှတ်ထိုးသွားသူများကိုလည်း တွေ့ရသည်။ နေရပ်လိပ်စာတွေ ကြည့်လိုက်တော့ ရန်ကုန်မြို့တွင်း မြို့နယ် အသီးသီးမှ ဖြစ်သည်။ လက်မှတ် ထိုးထားတဲ့ နေ့စွဲတွေကို ကြည့်လိုက်တော့ တရက်လျှင် ငါးယောက်၊ သုံးယောက်၊ နှစ်ယောက် ခန့်ကို တွေ့ရသည်။ တရက်တည်းတွင် လူတစ်ရာလောက် လက်မှတ်ထိုးပြီး စာဖတ်သောနေ့တော့ မတွေ့မိပါ။ အမှန်တော့ အမျိုးသား စာကြည့်တိုက်သည် နိုင်ငံတော် အဆင့် စာကြည့်တိုက် ဖြစ်သဖြင့် စာဖတ်သူ ဦးရေ ဤမျှ မနည်းသင့်ပါ။ စာဖတ်သူဦးရေ တနေ့လျှင် တစ်ရာလောက် ရှိသည် ဆိုလျှင်ပင် နည်းလှပါသေးသည်။ မဟာရန်ကုန်ဟုပင် ခေါ်ကြသော လူဦးရေ ၆သန်းခန့် ရှိသည့် ရန်ကုန်မြို့ကြီးတွင် တရက်လျှင် ငါးယောက်ခန့်သာ အမျိုးသားစာကြည့်တိုက်သို့ စာဖတ်ရန် လာသည် ဆိုသည်မှာ အရပ်ရပ် နေပြည်တော် ကြားလို့ပင် မတော်ပါ။ နိုင်ငံခြားသားများ သိသွားရင် တကယ် ရှက်ရမည့် ကိစ္စ ဖြစ်ပါသည်။

အမျိုးသား စာကြည့်တိုက်ကို သွားလာရန် လွယ်ကူသော နေရာတွင် ဖွင့်လှစ်ပြီး အဆောက်အအုံ ကျယ်ကျယ်ဝန်းဝန်းနှင့် ထားရှိသင့်သည်။ အမျိုးသား စာကြည့်တိုက်သို့ ပြည်သူများ စာအုပ်လာဌားရန် စာလာဖတ်ရန် စူပါ ရုပ်ရှင် သရုပ်ဆောင်များဖြင့် မြူးမြူးကြွကြွ ကြော်ငြာများ ထုတ်လွှင့်ရသော် ကောင်းမည်လား ဟုပင် စိတ်ကူးယဉ် မိပါသည်။

အမျိုးသား စာကြည့်တိုက်မှ အပြန်တွင် စာအုပ်အချို့ ဌားလိုပါသည်ဟု ဆိုမိတော့ စာအုပ်ဌား၍ မရဟု ဆိုပါသည်။ စာကြည့်တိုက် ကဒ်ပြားလည်း လုပ်လို့မရဟု ဆိုသည်။ စာအုပ်ဌားရန် အတွက် အမျိုးသားမှတ်ပုံတင်ကို အပေါင်ပေးသည့် အနေဖြင့် ထားခဲ့လျှင်ရော ဆိုတော့ ဒါလည်း လုပ်လို့မရဟု ဆိုသည်။ အတော် အံ့သြမိပါသည်။ မှတ်ပုံတင်ကို အပေါင်ထားပြီး စာအုပ်ဌားလျှင်တောင် မဖြစ်နိုင်ဆိုတော့ စာအုပ်ဌားဖတ်ရန် အလွန် ခက်ခဲနေပါသည်။ စာဖတ်သူ ဆိုသည်မှာ မအားလျှင် စာကြည့်တိုက်မှ စာအုပ်များ ဌားရမ်း၍ အိမ်တွင် ဖတ်ပြီး သတ်မှတ်ရက် စေ့လျှင် ပြန်အပ်ရသည်မှာ နိုင်ငံတကာ ထုံးစံ ဖြစ်ပါသည်။ သတ်မှတ်ရက်ထက် ကျော်လွန်လျှင် ရက်လွန်ကြေး ပေးရသည်လည်း ရှိပါသည်။ ရှားပါး တန်ဖိုးကြီးသော ရည်ညွှန်းစာအုပ်များကိုမူ ဌားခွင့် မပြုပဲ စာကြည့်တိုက်မှာပင် ဖတ်ရသည်လည်း ရှိသည်။ မည်သည့်စာအုပ်မျှ ဌားဖတ်ခွင့် မပြုနိုင်ဟူသော စာကြည့်တိုက် မရှိဟု ထင်ပါသည်။ အမျိုးသား စာကြည့်တိုက်တွင်မူ ဝန်ထမ်းအင်အားလည်း လုံလောက်ဟန် မတူပါ။

စာကြည့်တိုက်သည် စာဖတ်သူများနှင့် ရှင်ရှင်သန်သန် သဲသဲညံမျှ စည်ကားနေမှသာလျှင် တင့်တယ်ပါသည်။ စာဖတ်သူ မရှိလျှင် သို့မဟုတ် မရှိသလောက် နည်းပါးလျှင် စာကြည့်တိုက် မဖြစ်တော့ပဲ "စာမကြည့်တိုက်" ဖြစ်သွားလေ့ ရှိပါသည်။

ယခုခေတ်တွင် မြန်မာလူငယ်များ စာဖတ်နည်းလာကြသည်ဟု ဆိုကြသည်။ မှန်လည်း မှန်ပါသည်။ စာဖတ်နည်းရခြင်းမှာ ငယ်စဉ်ကတည်းက ကလေးစာပေ ကောင်းကောင်း မဖတ်ခဲ့ရခြင်းနှင့် စာကြည့်တိုက်များ ရှားပါးလှခြင်းတို့ကြောင့် ဖြစ်ပါသည်။ တမျိုးသားလုံး စာဖတ်နိုင်ရန် ကလေးစာပေကောင်းများ ထုတ်ဝေရမည်။ ပင်မ အမျိုးသားစာကြည့်တိုက်ကြီး ဖွံ့ဖြိုးရန်နှင့် အရန် စာကြည့်တိုက်ခွဲများလည်း မြို့ကြီး မြို့ငယ် အသီးသီးတွင် ဖွင့်လှစ်နိုင်ရန် လိုအပ်ပါသည်။

ဤသည်တို့မှာ ၂၀၁၅ ခုနှစ်က မြင်ခဲ့ရသော အခြေအနေ ဖြစ်ပါသည်။ ယခုကာလတွင် တိုးတက်မှု ရှိလာသည် ဆိုလျှင်ပင် အများကြီးတော့ မဖြစ်လာနိုင်ဟု ထင်ပါသည်။ စာကြည့်တိုက် ဖွံ့ဖြိုးရန် ဆိုသည်မှာလည်း အချိန်ယူရပါသည်။ လက်ရှိ ပြည်သူက ရွေးချယ်ထားသော အစိုးရ လက်ထက်တွင်မူ အမျိုးသားစာကြည့်တိုက် ဖွံ့ဖြိုးရေး၊ ကလေးစာပေကောင်းများ ပုံနှိပ် ထုတ်ဝေရေး၊ စာဖတ်သူ ပေါများရေးတို့ အတွက် ရေရှည် စီမံကိန်းများ ရှိမည်ဟု ယုံကြည်ပါသည်။ တာဝန်ရှိသူများမှာ စာပေတန်ဖိုးကို ကောင်းစွာသိသော စာပေနှံ့စပ်သူများသာ ဖြစ်ပါသည်။ ဆောင်ရွက်စရာ အရေးကြီး ကိစ္စများကလည်း များလွန်းသဖြင့် အချိန်ယူပြီး လုပ်နေရသည်ဟု ထင်မြင်ပါသည်။ ရေရှည်တွင်မူ အမျိုးသား စာကြည့်တိုက်ကြီးနှင့် အရန် စာကြည့်တိုက်များကို ပြည်နယ်နှင့် တိုင်း မြို့အသီးသီးတွင် တည်ထောင်နိုင်လိမ့်မည်။ ကလေးစာပေကောင်းများလည်း ဖွံ့ဖြိုးလာလိမ့်မည်ဟု မျှော်လင့်ပါသည်။ နိုင်ငံ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး အင်အားကြီး နိုင်ငံ ဖြစ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်မှာ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်များ ခေတ်မီ တိုးပွား ကျယ်ပြန့်လာစေရေး နှင့် အတူ ပြည်သူ တစ်ရပ်လုံး စာပေဖတ်ရှု လေ့လာမှု ပြုကြရေးပင် ဖြစ်ပါကြောင်း။

(ဇူလိုင် ၄ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၂၅) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)