ဂါမဏိ ● အခြေခံမူ ၁၀၄ နဲ့ ငြိမ်း ၁၃ ဖွဲ့ (သို့မဟုတ်) စောဘဦးကြီးမှသည် ဦးဝင်းတင်သို့ ...

ဂါမဏိ ● အခြေခံမူ ၁၀၄ နဲ့ ငြိမ်း ၁၃ ဖွဲ့ (သို့မဟုတ်) စောဘဦးကြီးမှသည် ဦးဝင်းတင်သို့ ...
(၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် - ၁ ၄ )
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၆

၂၀၀၄ ခုနှစ် ဇွန်လ ၉ ရက်က ညောင်နှစ်ပင်ညီလာခံကိုတင်တဲ့ အပစ်ရပ်(၁၃)ဖွဲ့ စာတမ်းထဲမှာ တောင်းထားတဲ့ ကာကွယ်ရေး နဲ့လုံခြုံရေး၊ နိုင်ငံခြားရေးတို့ကတော့ စစ်ဝါဒီအာဏာရှင်တွေ နည်းနည်းမှ အထိမခံနိုင်တဲ့နယ်ပယ်တွေဖြစ်လို့ တိုင်းရင်းသား ပြည်နယ်တွေကို ထပ်တူဥပဒေပြုခွင့်သော်လည်းကောင်း၊ သီးသန့်ဥပဒေပြုခွင့်သော်လည်းကောင်း မပေးတာနားလည်ယူ လို့ရနိုင်ပါတယ်။ ဒါပေမဲ့ တိုင်း ရင်းသားတွေနေရာကကြည့်ရင် ကိုယ့်ပြည်နယ်တွင်းမှာ ရဲအလုပ်၊ ပြည်သူ့စစ်အလုပ်တောင် လုပ်ခွင့် မရတဲ့အခြေအနေ၊ နယ်ခြားဖြတ်ခွင့်၊ နယ်ခြားဆက်ဆံခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်တောင် မရတဲ့အခြေ အနေဖြစ်ပါ တယ်။ ဒါမျိုးက အရင်တုံးက နယ်ချဲ့နိုင်ငံကြီးတွေက ကိုလိုနီနယ်တွေအပေါ် ကန့်သတ်ခဲ့တဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ အပစ်အ ခတ်ရပ်စဲရေး တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါ့မယ်လို့ ဗိုလ်ခင်ညွန့်ကရော၊ ဗိုလ်မောင်အေးကပါ ငြိမ်းအဖွဲ့တချို့ကို ချွေးသိပ်ခဲ့ပေမဲ့ တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းခွင့်ပေးမှာမဟုတ်ဘဲ အလွန်ဆုံး ကာလပိုင်းပေါ်လစီ၊ ပုဂ္ဂိုလ်ရေး ပေါ်လစီအရ၊ သို့မဟုတ် အထက်ဌာန (ဗဟို) ခွင့်ပြုပေးသနားချက်အရသာ လုပ်ရမယ့်သ ဘော ဖြစ်ပါ တယ်။ တရားဝင်ဥပဒေပြဋ္ဌာန်းထားတာကိုတောင် အတိအလင်းဆွဲဆုတ်ပစ်တဲ့ စစ်အုပ်စုလက်အောက် မှာ ဥပဒေနဲ့ အာမ,မခံတဲ့ စကား သို့မဟုတ် ပေါ်လစီကို ဘယ်လောက်ယုံရမှာလဲ။

ဒါဖြင့်ရင် တခြား ဘဏ္ဍာရေးနဲ့ စီမံကိန်း၊ စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး၊ စွမ်းအင်လျှပ်စစ်သစ်တော၊ စက်မှုလက်မှု၊ ပို့-ဆက်၊လူမှုရေး၊ စီမံ၊ တရားရေးကဏ္ဍတွေမှာ ထပ်တူဥပဒေပြုခွင့်တောင်းတာကို လုံးဝ မပေးတာကျတော့ ဘာသဘောလဲ။

ငြိမ်းအဖွဲ့ (၁၃) ဖွဲ့ ထပ်တူဥပဒေပြုခွင့်တောင်းတာက ပြည်နယ်တွေ ဘဏ်လုပ်ငန်းလုပ်ခွင့်၊ ကုန်သွယ် လုပ်ငန်းခွန်-အကောက်ခွန်ကောက်ခွင့်၊ အောင်ဘာလေထီဖွင့်ခွင့်၊ ကျွန်းမှအပ သစ်မာအခွန်ကောက် ခွင့်၊ စစ်တမ်းကောက်ခွင့်၊ စာရင်းစစ်ခွင့်၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းလုပ်ခွင့်၊ ဓာတ်မြေသြဇာနဲ့ ပိုး သတ်ဆေးထုတ်လုပ်ခွင့်၊ ပင်လယ်ငါးလုပ်ငန်းလုပ်ခွင့်၊ မြေယာစီမံခန့်ခွဲခွင့်၊ မြေလွတ်မြေလပ် မြေရိုင်း ဖော်ထုတ်ခွင့်၊ စက်မှုလက်ယာနဲ့စိုက်ပျိုးရေးသုတေသနလုပ်ခွင့်၊ သင်္ဘော ဆောက်လုပ်ပြင်ဆင်ခွင့်၊ ရေ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခွင့် စတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေပြုခွင့်တွေ ဖြစ်တယ်။ ဒါတွေကို နအဖက လုံးဝမပေးပါဘူး။

လူမှုရေးဆိုင်ရာထပ်တူဥပဒေပြုခွင့်တောင်းတာက စာတိုက်ကြေးနန်း တယ်လီဖုန်း ဖက်(စ်)  အီးမေးလ် အင်တာနက် အင်ထရာနက်လုပ်ခွင့်၊ သတင်းစာရုပ်မြင်သံကြား ဂြိုလ်တုဆက်သွယ်ရေး အသံလွှင့်အသံဖမ်းလုပ်ခွင့်၊ မီးသတ်အဖွဲ့၊ မီးဘေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ခွင့်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ခွင့်၊ ကလေးလူငယ်အမျိုး သမီး မသန်မစွမ်းသက်ကြီးရွယ်အို အခြေအနေမဲ့ ခိုကိုးရာမဲ့များ စောင့်ရှောက်ခွင့်၊ အင်ဂျီအိုလုပ်ငန်းလုပ်ခွင့်တွေကို တောင်းပါတယ်။ ဒါတွေလည်း နအဖက တချက်မှ မပေးပါဘူး။

အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ထပ်တူဥပဒေပြုခွင့်တောင်းတာက အထွေထွေအုပ်ချုပ်ရေးလုပ်ခွင့်၊ အသင်း အဖွဲ့လုပ်ငန်း များလုပ်ခွင့်၊ သန်းခေါင်စာရင်းကောက်ခွင့်၊ ယုံမှတ်အပ်နှံကိစ္စ အမွေကိစ္စ အုပ် ထိန်းကိစ္စ ပစ္စည်းလွှဲပြောင်းကိစ္စလုပ်ခွင့်၊ တရားစီရင်ရေးမှာ သီးခြားသက်သာခွင့်ပေးခွင့်၊ ကြွင်းကျန် အာဏာထပ်တူဥပဒေပြုခွင့်တွေတောင်းပါတယ်။ ဒါ့အပြင် ပြည်နယ်ဘတ်ဂျက်ကို ပြည်နယ်လွှတ်တော် သဘောတူညီချက်ရယူပြီးမှ (ပြည်ထောင်စု) ဘဏ္ဍာရေးကော်မရှင်သို့တင်ပြခွင့်လည်းတောင်းပါတယ်။ တခုမှ မရပါဘူး။

ပြည်နယ်တွေကပဲ လုံးဝရာနှုန်းပြည့်ဥပဒေပြုခွင့်ပေးဖို့တောင်းတာက နယ်စပ်ကုန်သွယ်ရေးလုပ်ခွင့်၊ အလတ်စား ရေအားလျှပ်စစ်လုပ်ခွင့်၊ သတ္တုတွင်း ကျောက်တွင်းလုပ်ခွင့်၊ ရတနာပြပွဲလုပ်ခွင့်၊ သစ် တောစိုက်ခင်းလုပ်ခွင့်၊ ပရဆေးပင်စိုက် ပျိုးခွင့်၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းခွင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခွင့်၊ သဘာဝဓာတ်ငွေ့လုပ်ခွင့်၊ အလတ်စားနဲ့ အသေးစားစက်မှုလုပ်ငန်းလုပ်ခွင့်၊ စက်မှုဇုံ တည်ခွင့်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ခွင့်၊ ရေလမ်းထိန်းသိမ်းပြုပြင်ခွင့်၊ ပြည်တွင်းယဉ်လိုင်း ကိုင် တွယ်ခွင့်၊ ကိုယ်ပိုင်ကျောင်းလုပ်ခွင့်၊ ပုဂ္ဂလိကနဲ့ကုသိုလ်ဖြစ်ဆေးရုံ ဆေးခန်းလုပ်ခွင့်၊ တိုင်းရင်းသား ဘာသာစကား စာပေအနုပညာထိန်းသိမ်းခွင့်၊ ရွာမြေ-မြို့မြေ စီမံခန့်ခွဲခွင့်၊ အိမ်ငှားမြေငှား ကိစ္စကိုင်တွယ်ခွင့်၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ခွင့်၊ ပြည်နယ်အတွင်း ဝန်ထမ်းရာထူးခန့်ထား ခွင့်၊ တိုင်းရင်းသားလူမျိုးစုရေးရာများ ဥပဒေပြုခွင့်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆန့်ကျင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းခွင့်တွေတောင်းတော့လည်း ဘာမှမရပါဘူး။ ဒါကိုမှ မဟာလူမျိုးကြီးဝါဒ၊ အကြွင်းမဲ့အာဏာရှင်ဝါဒမခေါ်ရင် ဘာကိုခေါ်ရတော့မှာလဲ။

အပစ်ရပ် ၁၃ ဖွဲ့ဆိုတာကတော့ (၁) SSPP/SSA မြောက်ပိုင်းအဖွဲ့၊ (၂) KDA မထုနော်အဖွဲ့၊ (၃) PSLO/PSLA ပလောင်အဖွဲ့၊ (၄) NDA-K စခုံတိန်ယိန်းအဖွဲ့၊ (၅) KIO/KIA ကချင်အဖွဲ့၊ (၆) KNG (ကယန်းခွဲထွက်) ဂေဘရယ်ပျံအဖွဲ့၊ (၇) KNPLF ကလလတအဖွဲ့၊ (၈) KNLP ကယန်းပြည်သစ်အဖွဲ့၊ (၉) KNPDP (KNPP ခွဲထွက်) ဟိုယာကယောအဖွဲ့၊ (၁၀) ရလလဖ SNPLO ပအိုဝ်းနီအဖွဲ့၊ (၁၁) NMSP မွန်ပြည်သစ်အဖွဲ့၊ (၁၂) SSNA (ရှမ်းအလယ်ပိုင်း) ကန်းရွက်အဖွဲ့၊ (၁၃) MMA (မွန်ပြည်သစ် ခွဲထွက်) ဘိတ်ခရိုင် ချောင်ချိအဖွဲ့တို့ ဖြစ်ပါတယ်။

ဝ(UWSA)၊ ကိုးကန့်(MNDAA)၊ အထူး-၄(NDAA) (၃)ဖွဲ့ကလည်း ပြည်နယ်တွေမှာ ပြည်ထောင်စု ဥပဒေနဲ့မဆန့်ကျင်သရွေ့ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေများနဲ့အညီ စီရင်ဆုံးဖြတ်ကျင့်သုံးခွင့်၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ” ဒေသတွေမှာ အထက်က (၁၃)ဖွဲ့ တောင်းတဲ့အခွင့်အရေးတွေကို တောင်းခဲ့ပါ တယ်။ (၁၃)ဖွဲ့ရဲ့ပို့ဆောင်-ဆက်သွယ်ရေးကဏ္ဍ တောင်းဆိုချက်တွေ အားလုံးကို ထောက်ခံခဲ့တယ်။ ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ပြည်နယ်-တိုင်း လက်အောက်မှာမထားဘဲ ဗဟိုက တိုက် ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေတွေအဖြစ် သတ်မှတ်ဖို့လည်း တင်ပြခဲ့တယ်။

ဒီနေရာမှာ ပြောချင်တာက (၁၃)ဖွဲ့နဲ့ (၃)ဖွဲ့တောင်းတဲ့ ထပ်တူဥပဒေပြုခွင့်တွေ၊ သီးသန့် ဥပဒေပြုခွင့် တွေဟာ ပြည်နယ်တွေကိုသာပေးဖို့တောင်းတာမဟုတ်ဘဲ ဗမာလူမျိုးတွေ အဓိကနေတဲ့တိုင်းတွေကိုပါ ပေးဖို့လည်း ပါပါတယ်။ သဘောကတော့ ပြည်နယ်ရှိတဲ့တိုင်းရင်းသားလူမျိုးတမျိုးအတွက်အခွင့်အရေး တခုရတိုင်း တိုင်း(၇)ခုရှိတဲ့ ဗမာလူမျိုးအတွက် အခွင့်အရေး (၇)ခု အလိုလိုရဖို့ ဖြစ်ပါတယ်။ ဒီလောက် အထိ တိုင်းရင်းသားတွေက လိုက်လျောထားတာပါ။

နအဖကတော့ တိုင်းရင်းသားပြည်နယ်တွေကို ဒါတွေ တခုမှမပေးပါဘူး။ နအဖပြောတာက (၁၃)ဖွဲ့တို့၊ (၃)ဖွဲ့တို့တောင်းနေတဲ့အချက်တချို့(စီးပွားရေးကိစ္စများ) ဟာ လက်ရှိပေးထားလို့ ငြိမ်းအဖွဲ့တွေဆောင် ရွက်ခွင့်ရနေတာတွေဖြစ်ပါသတဲ့။ ဒါကို ဒီအတိုင်းဆက်လုပ်ခွင့်ပေးသွားမှာပါတဲ့။ ဒါပေမဲ့ ပြည်နယ်တွေကို ဒီကိစ္စတွေဥပဒေပြဋ္ဌာန်းခွင့်မပေးရင် ဘာအာမခံချက်ရှိမှာ လဲ။ ပြည်နယ်ရဲ့ရပိုင်ခွင့်မဟုတ်ဘဲ အထက်ကပေးသနားထားတာကို (အထက်)ဗဟိုအစိုးရက ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နည်းနဲ့ဖျက်သိမ်းပစ် ပိတ်ပစ်လို့ရတယ်ဆိုတာ ဖဆပလ-မဆလ-နဝတ-နအဖ သက်တမ်းတလျှောက် ရာဇဝင်အ ထင် အရှားရှိထားပါတယ်။ တခြားနအဖအကြောင်းပြချက်တွေကတော့ လူမျိုးကြီးဝါဒသမားတွေပေးလေ့ရှိ တဲ့ ထူးမခြားနားဆင်ခြေဆင်လက်တွေသာဖြစ်ပါတယ်။

နအဖပေးသနားတာကတော့ ပြည်နယ်လွှတ်တော်က အာဏာမပိုင်တဲ့ ပြည်နယ်ဘတ်ဂျက်ဆွဲခွင့်၊ မြေခွန်၊ ရေခွန်၊ မြူနီစီပယ်ခွန်၊ ယစ်မျိုးခွန်၊ ကျွန်းနဲ့သစ်မာမပါတဲ့သစ်ခွန်၊ အပေါင်ဆိုင်လုပ်ငန်း၊ (ဗဟို ကခွင့်ပြုတဲ့ ပြည်နယ်တွင်း စီးပွားရေးကူးသန်းရောင်းဝယ်ရေး၊ သမဝါယမ၊ ဆည်မြောင်းတာတမံ ရေအားလျှပ်စစ်၊ စက်မှုလုပ်ငန်း၊ ဆိပ်ကမ်း၊ လမ်းတံတား၊ တိုင်းရင်းဆေး၊ ယဉ်ကျေးမှုပြတိုက်)၊ ပြည် နယ်တွင်းယဉ်လိုင်း၊ အိမ်တွင်းစက်မှု၊ ကုန်တင်ကုန်ချ၊ ဆားလုပ်ငန်း၊ သဘာဝမြေသြဇာထုတ်လုပ်ရေး၊ ရေချိုငါးလုပ်ငန်း၊ ကျောက်သွေးကျောက်ဖြတ်၊ ထင်းစိုက်ခင်း၊ ရုပ်ရှင်ဗွီဒီယိုရုံ၊ ပန်းချီပြပွဲ၊ တိရစ္ဆာန်ရုံတို့ ပဲ ဖြစ်ပါတယ်။ (တချိန်က ဗကပလက်နက်ချ ဗိုလ်သက်ထွန်းကို တိရစ္ဆာန်ရုံ ညွှန်ကြားရေးမှူးခန့်ခဲ့တာ သတိရစရာပါပဲ)

တပြည်ထောင်စနစ် ထိုင်းနိုင်ငံမှာတောင် ပြည်နယ်တိုင်း၊ ခရိုင်တိုင်း၊ မြို့တိုင်း ကိုယ်ပိုင်မီဒီယာ လုပ် ငန်းတွေလုပ်ခွင့်ရှိပေမဲ့ နအဖရဲ့ပြည်ထောင်စုမှာတော့ ပြည်နယ်တွေတိုင်းတွေ လုပ်ခွင့်မရှိပါဘူး။ ဥပဒေ အရမဟုတ်ဘဲ အထက်ပုဂ္ဂိုလ်ကြီးများ သဘောနဲ့သာ စီးတီးအက်ဖ်အမ်တို့၊ မန်းမြို့တော်အက်ဖ်အမ်တို့ လုပ်ခွင့်ရတာဖြစ်ပါတယ်။

ညောင်နှစ်ပင်ညီလာခံမှာ နအဖလူမျိုးကြီးဝါဒီ စစ်ဝါဒီအာဏာရှင်တွေ အပြီးအပြတ်အကြောင်းပြန် လိုက်တာကတော့ "အဲ့ဒါတွေလိုချင်ရင် ပြန်တိုက်ယူကြ" ဆိုတဲ့ ရိုင်းစိုင်းလှတဲ့လူမိုက်စကားပဲ ဖြစ်ပါ တော့တယ်။

ဒီတော့ စောဘဦးကြီး မူ (၄)ချက်ကို ပြင်-ဖျက်လိုက်ရင် ဘာဖြစ်မလဲဆိုတာ မိမိတို့အဖွဲ့တွေ ကိုယ်စီ ကိုယ်စီရဲ့ မူ (၄)ချက်တွေစွန့်ပြီး ညောင်နှစ်ပင်တက်တဲ့ တိုင်းရင်းသားအဖွဲ့တွေတင်တာနဲ့ ရတာကိုသာ ကြည့်ပါတော့။ ရှည်ရှည်ဝေးဝေး ပြောစရာမလိုပါ။ ပြည်နယ်ပြီးပြည့်စုံရေး၊ မိမိကြမ္မာ မိမိဖန်တီးရေးဟာ ခေတ်နဲ့မကိုက်ညီတော့ဘဲ စစ်အာဏာရှင် စနစ်ပြီးပြည့်စုံရေး၊ မိမိကြမ္မာ စစ်အာဏာရှင်က ဖန်တီးရေး က ခေတ်နဲ့ကိုက်ညီနေသလား။ ဦးနုရဲ့ပါလီမန်ဒီမိုကရေစီခေတ်မှာတောင် ကိုက်ညီခဲ့တဲ့ မူ (၄) ချက်ဟာ အခုစစ်အာဏာရှင်ခေတ်မှာ မကိုက်ညီဘူးဆိုတာ ဘယ်လိုမှနားမလည်နိုင်စရာပါပဲ။

နအဖက စောဌေးမောင် (ခေါ်) ဗိုလ်ထိန်မောင် (ခေါ်) ထင်မောင်ကို လက်နက်မချခိုင်းပါဘူးလို့ ဆိုပါ သတဲ့။ ဒါကြောင့် စောဘဦးကြီးရဲ့ နံပတ် (၁) နဲ့ (၂) မူတွေကို တောင်းနေစရာမလိုတော့ဘူးလို့လည်း ပြောသံကြားရပါတယ်။ ဒါပေမဲ့ (၁၃)ဖွဲ့ နဲ့ (၃) ဖွဲ့က ဒေသလုံခြုံရေးတပ် သို့မဟုတ် ပြည်သူ့စစ် သို့ မဟုတ် ပြည်နယ်ပုလိပ်ဥပဒေပြုခွင့်တောင်းတာကိုတောင် နအဖ က မပေးပါဘူး။ ဒီမူ (၄) ချက်ဟာ ဒီနေ့ ခေတ်နဲ့မကိုက်ညီတော့လို့ ဖျက်သိမ်းလိုက်မယ်၊ ပြင်ဆင်လိုက်မယ်ဆိုရင်တော့ အစားထိုးစရာ (၁၀၄) ချက်ပဲ ရှိတယ်ဆိုတာကို (၁၃)ဖွဲ့က ပြလိုက်ပါပြီ။ အဲဒီတော့ ဒီ (၁၀၄) ချက် သို့မဟုတ် မဟာလူမျိုးကြီး ၀ါဒနဲ့ အကြွင်းမဲ့အာဏာရှင်ဝါဒက တိုင်းရင်းသားတွေအတွက် ခေတ်နဲ့ကိုက်ညီသလား။ ပုံမှန်ဦးနှောက် ရှိသူတိုင်း လွယ့်လွယ်လေး စဉ်းစားလို့ရပါတယ်။

ဒီလို ညောင်နှစ်ပင်ရောက် (၁၃) ဖွဲ့နမူနာ၊ (၃) ဖွဲ့ နမူနာတွေအရ စောဘဦးကြီးမူ (၄) ရပ်ဟာ ကရင်တွေ အတွက်တင်မကဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်မှုလိုလားတဲ့ ဗမာအပါအ၀င် ကျန်တိုင်းရင်းသား အားလုံး အတွက်ပါ ထာဝရမှန်ကန်နေမယ့်မူတွေဖြစ်ပြီး စောဘဦးကြီးရဲ့ မူ(၄)ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး-၁ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်မူတွေဖြစ်တဲ့ နိုး (၃) နိုးနဲ့ အခိုင်အခန့် အားဖြည့်ရေးဟာ ဒီကနေ့ခေတ်နဲ့ကိုက်ညီတဲ့ တမျိုးသားလုံးရဲ့အခြေခံမူ ဖြစ်ပါတော့ တယ်။

စောဘဦးကြီးမူ (၄)ချက် (၁၉၄၉)
၁) လက်နက်ချစကား အလျဉ်းမပြောရ
၂) ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်
၃) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်
၎) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်

ဦးဝင်းတင် နိုး (၃) နိုး (၂၀၀၇)
၁) No နိုး အစိတ်သားပါလီမန် လုံးဝလက်မခံ
၂) No နိုး ချော့မြှူရေးဝါဒ လုံးဝလက်မခံ
၃) No နိုး လုံးဝခေါင်းမညွတ် ဒူးမထောက်

ဂါမဏိ (၂၀၀၇)