ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၈


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၈
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆

● ၁၉၇၀
မိမိကွမ်းခြံကုန်းကျောင်းတွင် ရှစ်တန်းစာမေးပွဲမဖြေခင်မှီ မိဘများက အလုပ်ပြောင်းရသည်။ မိခင်ဖြစ်သူက အုတ်ဖိုကိုပြောင်းရပြီး ဖခင်ဖြစ်သူက ကြို့ပင်ကောက်မြို့နယ်မှ ရွာတရွာသို့ ပြောင်းရွှေ့ရသည်။ မိမိလည်း စာမေးပွဲဖြေပြီးသည့်နေ့တွင် အုတ်ဖိုသို့လိုက်ရသည်။ မိခင်နှင့်မိမိတို့ မိသားစုများကအုတ်ဖိုတွင် အိမ်ငှားနေကြပြီး ဖခင်ကတော့ ကြို့ပင်ကောက်အလုပ်နှင့် အုတ်ဖိုအိမ်ကို ကူးချည်သန်းချည် လုပ်သည်။ အုတ်ဖိုနှင့်ကြို့ပင်ကောက်ကား မဝေးလှ။ ရန်ကုန်ပြည် ရထားလမ်းပေါ်ကမြို့များဖြစ်သည်။ ရန်ကုန်မှ မိုင် တစ်ရာကျော်ခန့်ဝေးပြီး သာယာဝတီခရိုင်အတွင်းက မြို့များဖြစ်သည်။

ရန်ကုန်မှ သာယာဝတီထိ ရထားလမ်း ကားလမ်းပေါ်တွင် မြို့များရှိကြသော်လည်း သာယာဝတီမှ ကျော်လျှင် လက်ပတန်း စစ်ကွင်း မင်းလှ အိုးသည်ကုန်း အုတ်ဖိုမြို့များသည် ရထားလမ်းပေါ်တွင် ရှိသော်လည်း ကားလမ်းကားမြို့ထဲမှမဖြတ်။ မြို့ပြင်ခပ်လှမ်းလှမ်းမှ ဖြတ်သည်။ အုတ်ဖိုကျော်၍ ကြို့ပင်ကောက်ရောက်မှ ရထားလမ်းရော ကားလမ်းပါပြန်ဆုံသည်။ ရထားလမ်းရော ကားလမ်းပါ ပြန်ဆုံသည့်မြို့များက ပိုစည်ကားပေရာ မြို့ချင်းကပ်နေသော်လည်း ကြို့ပင်ကောက်က ပိုစည်ကား သည်။ ထိုစဉ်က အုတ်ဖိုသည် မနက်ပိုင်းဈေးစ၍ ရွာကလူများ ဈေးလာဝယ်ချိန် တပိုင်းမျှသာ လူစည်ကားပြီး နေ့လည်ပိုင်းစ၍ တဖြည်းဖြည်း ခြောက်ကပ်ကာ ညမှောင်စပြိုးချိန်မှစ၍ တိတ်ဆိတ်သွားတော့သည်။

သာယာဝတီက မြန်မာ့သမိုင်းတွင် ဆရာစံလယ်သမားသူပုန်ကြောင့် ထင်ရှားသည့်နယ် ဖြစ်သည်။ မိမိထက် လက်နက်အင်အားတောင့်တင်းသည့်အင်္ဂလိပ်နယ်ချဲ့ကို ဓားနဲ့တက်ခုတ်ပြီး တော်လှန်သည့် နယ် ဖြစ်သည်။ မဟုတ်မခံစိတ်ဓာတ်ရှိသည့်နယ် လက်စလက်နရှိသည့်နယ်ဟု ဆိုရမည်။ မိမိရောက်သည့် ၁၉၇၀ လောက်အထိ လက်စလက်နက ပြင်းနေသေးသည်။ ထိုစဉ် ကြို့ပင်ကောက်မြို့နယ်ဆရာဝန်ဖြစ်သူဒေါက်တာသာရ ( နောင်ရန်ကုန်ဆေးရုံအုပ်ကြီးဖြစ်ပြီး အငြိမ်းစား ယူသွားသူ) က ကျောင်းကျန်းမာရေးဟောပြောပွဲတခုတွင် ကြို့ပင်ကောက်ဆေးရုံသို့ ဓားခုတ်မှုနှင့် လူနာမရောက်သည့်နေ့မရှိဟု ဆိုဖူးသည်။

လက်စလက်နနှင့် လုပ်ရဲကိုင်ရဲရှိကြသော်လည်း ယုံကြည်စွဲလမ်းမှုအဟောင်းများနှင့် တလွဲဆံပင် ကောင်းသည့် ဖြစ်ရပ်များကတော့ မြန်မာကျေးလက်တွင် တွေ့ရဆဲဖြစ်သည်။ ဆရာစံလယ်သမားသူပုန်ကာလက နယ်ချဲ့သမားများ ကျေးလက်မှငွေတိုးချေးစားသူများအား ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ကြသည့်နည်းတူ ထိုသူတို့တွင် တုတ်ပီး ဓားပြီး သေနတ်ပြီးသည်ဆိုသည့် အင်းအိုင်ခမဲ လက်ဖွဲ့များကို ယုံကြည်မှုများကို တွေ့ရသည်။ ထိုယုံကြည်မှုများကို ၁၉၇၀ ကာလများအထိ ကျေးလက်များတွင် တွေ့နေရဆဲဖြစ်သည်။

တော်ကူးကျေးရွာတွင်ရှိနေခိုက် မိမိဖခင်တာဝန်ယူနေသည့် တိုက်နယ် ကျန်းမာရေးဌာသို့ တနေ့သ၌ ဓားခုတ်ဒဏ်ရာနှင့် လူနာတဦးထမ်းစဉ်ဖြင့် ရောက်ရှိလာသည်။ လူကြီးက ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်း ရောင်ကြီးဗွေနှင့် ဖြစ်သည်။ ဓားဒဏ်ရာက ပေါင်မှာ သမန်ကာရှန်ကာဓားဒဏ်ရာမဟုတ် အတော်နက်သည်။ သွေးကလည်းအတော်ထွက်နေသည်။

လူကသန်မာလွန်း၍ တောင့်ခံနိုင်ခြင်းဖြစ်ပုံရသည်။ ရွာဆေးခန်းတွင် မနိုင်၍ ကွမ်းခြံကုန်းသို့ ဆက်ထမ်းသွား ကြရသည်။ မတော်တဆထိသည်ဟု ကာယကံရှင်က ဆိုသော်လည်း ဘေးလူများ၏ ဒါးပီးဆေးစမ်းရင်းဖြစ်သည်ဟုတီးတိုးဆိုသည်။ ဒါးပီးဆေးမန်းပြီးနောက် ပေါင်ကို ထက်မြက်နေအောင် သွေးထားသည့် ဓားနှင့်ခုတ်၍ ဓားစမ်းသည်ဟုဆိုသည်။ ကြောက်ခမန်းလိလိ ယုံကြည်မှုဟုဆိုရမည်။

ထိုအပြင် တလွဲဆံပင်ကောင်းသည်ကိုလည်း ကြို့ပင်ကောက် အုတ်ဖိုနယ်တွင်တွေ့ရသည်။ ထိုစဉ်က ထိုနယ်တွင် ဖြစ်ပွားသော ဓားခုတ်မှုလူသတ်မှုများသည် လက်သည်ပေါ်လေ့မရှိကြ။ ရဲများလည်း ဖော်ထုတ်၍ ရသည်ကနည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် ကာယကံရှင်များကိုယ်တိုင် မည်သူမည်ဝါ သတ်သည်ကို ဖော်ထုတ်ပြောဆိုခြင်းမရှိဘဲ ဘူးခံလေ့ရှိကြသည်။

ပြီးတော့မှ လက်စားချေ ပြန်သတ်ခြင်းမျိုးပြုလုပ်ကြပေရာ လက်သည်မဖော်နိုင်သည့် အပြန်အလှန် လူသတ်မှုများ များနေခြင်းဖြစ်ပုံရသည်။ထိုစဉ်က ထိုနယ်များတွင် လုပ်သေနတ်လည်း ပေါသည်။ လုပ်သေနတ်ကျည်ဆံက ရိုင်ဖယ် ကျည်ဆံတွေ ဖြစ်သည်။ ပြောင်းတိုမှာ ရိုင်ဖယ်ကျည်ထည့်ပစ်တော့ အသံက အုံးခနဲမည်သည်။ နွေရာသီညဖက်များတွင် လုပ်သေနတ်စမ်းသံများ တောရွာများဖက်တွင် ကြားရတတ်သည်။ သိပ်စိတ်ချရသော သေနတ်တော့မဟုတ် တခါတရံ ကျည်ထွက်ချင်မှ ထွက်သည်။ ကျည်အ၍လည်း ဖြစ်တတ်သည်။ လက်ဖျစ် မောင်းရိုက်တန်က နေရာလွဲ၍လည်း ဖြစ်နိုင်သည်။ လုပ်ရဲကိုင်ရဲမှု လက်စလက်နတို့နှင့် ဓားတို့လုပ်သေနတ်တို့လည်း ပေါသည့်နယ်မြေဟုဆိုရမည်။ ထို လုပ်သေနတ် တလက်ကို တနေ့တွင် မိမိကိုယ်တိုင်ကိုင်ဆောင်ရသည့် အခြေအနေသို့ ရောက်လာမည်ကိုတော့ ကြိုတင် မသိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

မီးရထားလမ်းဘေးတလျောက်ရှိသည့်နယ်များအနက် သွားနေသောရထားအား ခဲနှင့်ပေါက်၍ နံမည်ကြီးခဲ့သော နယ် ၂ ခုမှာ သာယာဝတီနှင့် ရွှေဘိုနယ်တို့ ဖြစ်ခဲ့ကြသည်။ ဘာကြောင့် အကြောင်းမဲ့ ရထားကိုခဲနှင့်ပေါက်ကြသည်ကို မိမိစဉ်းစားမရနိုင်ခဲ့ပေ။ အုတ်ဖိုရောက်ပြီးနောက်ပိုင်း အုတ်ဖိုကြို့ပင်ကောက်မြို့နယ်ထဲမှ ရွာများသို့ သွားရောက်ခဲ့ဖူးသည်။ အကြောင်းမဲ့ဆိုသွမ်းနေသူများ ကို မတွေ့မိပေ။ ရွာတိုင်း၌ ကာလသားခေါင်း၏ ဦးဆောင်မှုအောက်တွင် ညီညီညွတ်ညွတ်ရှိကြသည်။ သူတို့ဒေသ သူတို့ရပ်ရွာကို သူတို့ချစ်ကြသည်။ သူတို့ရပ်ရွာ မိဘဆွေမျိုးများကို သူတို့ကာကွယ် လိုကြသည်။

သူတို့ချစ်ခင်သူ လေးစားသူများကို ကာကွယ်လိုကြသည်။ သူတို့အားလုံးအတွက် မှန်ကန်သော ဦးတည်ချက်များနှင့် ရှေ့ဆောင်မည့်အသိုင်းအဝန်းများလိုအပ်ပေသည်။ ထို့အပေါ်မူတည်၍ ဆိုးသည်ကောင်းသည် ဖြစ်ကုန်ကြတော့သည်။ ထို့ကြောင့်လည်း သာယာဝတီနယ်မှ နယ်ချဲ့ ကိုမကြောက်မရွံ့တော်လှန်ခဲ့ကြသည့် လယ်သမားသူပုန်များထွက်ပေါ်ခဲ့သကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံခဲ့ကြသည့် ဂဠုန်ဦးစောနှင့်သူ၏တပည့်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပုံရပါသည်။

စီမံကိန်းသီးနှံနှင့် တာဝန်ကြေသီးနှံထိုစဉ်က ဗိုလ်နေဝင်း၏တော်လှန်ရေးကောင်စီ မြန်မာ့ဆိုရှယ်လစ်ပါတီ ခေါ် မဆလ နှင့် ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းများခေတ်စားနေသည်။

မြို့နယ်တိုင်း ပါတီယူနစ်ဟုလူသိများသည့် မဆလမြို့နယ်အဆင့်အဆောက်အအုံနှင့် အလုပ်သမား ရေးရာ လယ်သမားရေး မဆလပါတီကေဒါများ တိုက်ပုံတကားကားနှင့် တောက်စားနေသည့် ကာလဖြစ်သည်။ ယခင် ဖဆပလအစိုးရလက်ထက်မှ ဆိုရှယ်လစ် ဆိုသူများလည်း ဗိုလ်နေဝင်း၏ ကေဒါများဖြစ်နေကြသည်။ စက်ရုံအလုပ်ရုံ မှအစ ကုမ္ပဏီ ကုန်စုံဆိုင်အလယ် သတင်းစာတိုက် ရုပ်ရှင်ရုံမကျန် ပြည်သူပိုင်သိမ်းပြီးသည့်ကာလဖြစ်သည်။ နိုင်ငံရေးသမားဟောင်းများနှင့် နီးစပ်သော ဖခင်က " စစ်ဗိုလ်တွေနဲ့ပေါင်းပြီး ဆိုရှယ်လစ်တွေ ဒုက္ခပေးတာကွ " ဟုဆိုဖူးသည်။ " ဒီစစ်ဗိုလ်တွေက ဘာမှ နားလည်တာမဟုတ်ဘူး နောက်ဆုတ်လို့ မရအောင် ပြည်သူပိုင်သိမ်းဖို့ တိုက်တွန်းလိုက်တာ " ဟု ဆိုရှယ်လစ် ဦးဘညိန်ကဆိုကြောင်း ဖခင်ကပြောပြဖူးသည်။

ထိုစဉ်က မဆလ၏တွေးခေါ်မြော်မြင်ရေးသဘောတရားကို ရေးသားသူမှာ မောင်ချစ်လှိုင်ဖြစ်သည်။ မဆလဌာနချုပ်တွင် လုပ်ကိုင်နေသူများမှာလည်း သခင်တင်မြ ဗိုလ်သိန်းတန်စသည့် ကွန်မြူနစ် ဟောင်းများ ဆိုရှယ်လစ်ဟောင်းများဖြစ်ကြသည်။ တပြည်လုံးတွင် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုသည်က ကျွက်ကျွက်ညံနေပြီး ဆိုရှယ်လစ်စီမံကိန်းစီးပွားရေး စနစ် ဗဟိုဦးစီးစနစ်က သက်ဝင်နေသည်။ လယ်သမားများတွင်လည်း စီမံကိန်းဝင်သီးနှံနှင့် တာဝန်ကျေစပါးက ခေတ်စားနေသည်။ တသက်လုံးမည်သည့်သီးနှံအား စိုက်ပျိုးအသက်မွေးဝမ်းကြောင်းလာသည်ဖြစ်စေ ယခုအချိန်တွင် အစိုးရက သတ်မှတ်ထားသောစီမံကိန်းဝင်သီးနှံကိုစိုက်ရသည်။ ထိုသီးနှံကို ပြင်ပ၌ မည်သည့်ဈေးပေါက်နေသည်ဖြစ်စေ အစိုးရကသတ်မှတ်သည့်ဈေးနှင့် သတ်မှတ်သည့် အရေအတွက်ကို အစိုးရဒိုင်များသို့ သွားရောက်ရောင်းချပေးရသည်။

အုတ်ဖို ကြို့ပင်ကောက် မီးရထားလမ်း ကားလမ်းဝဲယာ အရှေ့ဖက်ပဲခူးရိုးမအထိ အနောက်ဖက် ဧရာဝတီမြစ်အထိ လယ်ကွင်းများသာဖြစ်သည်။ အဓိက လယ်များ၌ မိုးစပါးစိုက်ကြသည်။ ဆောင်းရာသီ၌ ပဲမျိုးစုံစိုက်ကြသည်။ ယင်းနယ်၌ အစိုးရစက်ရုံများမရှိသလောက်နဲ၍ စက်မှုကုန်ကြမ်း သီးနှံ စိုက်ပျိုးစရာမလို၍လောတော့မသိ စီမံကိန်းသီးနှံဆိုသည်ကိုတော့ သိပ်မကြားမိချေ။ တာဝန်ကျေစပါးဆိုသည်ကိုတော့ နွေရောက်တိုင်းကြားရသည်။ ကုန်သွယ်လယ်ယာက စပါးပေါ်ချိန်ဆိုလျှင် စပါးဒိုင်များဖွင့်ဝယ်ကြသည်။ အိမ်အတွက် တနှစ်စာစားဖို့ကျန်သည်ဖြစ်စေ မကျန်သည်ဖြစ်စေ မျိုးစပါးကျန်သည်ဖြစ်စေ သတ်မှတ်စပါးတင်းရေကတော့ အစိုးရဈေးနှင့် ဒိုင်သို့လာချရသည်။ တာဝန်ကျေစပါး မချနိုင်၍ လက်ထိပ်တန်းလန်းနှင့်အချုပ်ထဲရောက်သွားသော လယ်သမားများမနည်း လှပေ။ ထိုအတူ မိုးဦးကျက အစိုးရက ထုတ်ချေးထားသော အမတော်ကြေးဟုခေါ်သော လယ်ယာစိုက်ပျိုးရေးစာစရိတ်ချေးငွေမကြေ၍ တက်သည့်ပြဿနာကား မနည်းလှ။ လယ်သမားများအတွက် စပါးပေါ်ချိန်သည် သိပ်ပျော်စရာမကောင်းလှပေ။

သို့သော် ကိုလိုနီခေတ်နှင့်စာလျင်အပြောင်းအလဲတခုရှိသည်ကတော့ အမှန်ပင်။ ယင်းမှာ လယ်မြေပိုင် ဆိုင်မှုနှင့်ပတ်သက်၍ ဖြစ်သည်။ အနီးဆုံးကိုလိုနီခေတ်အထိ လယ်မြေဧက ထောင်သောင်းချီ၍ ပိုင်ခဲ့ကြသည့် လယ်ပိုင်ရှင်မြေပိုင်ရှင်ကြီးများရှိခဲ့သော်လည်း မဆလခေတ်တွင် မတွေ့ရသလောက် ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် အပြောင်းအလဲဖြစ်ပုံရသည်။ မဆလခေတ်၏ ကြွေးကြော်သံက" လယ်လုပ်သူ လယ်ပိုင်ရေး " တော့မဟုတ် " လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိရေး " ဖြစ်သည်။ လယ်မလုပ်လျှင် မပိုင်တော့ဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။ သို့သော် ယခင်မြေရှင်ခေတ်က လယ်ထောက်ခသီးစားခယူသည်။ မဆလခေတ်မှာတော့ စိုက်ရသည့်သီးနှံ ကိုအစိုးရကသတ်မှတ်ပေးသည့်အပြင် သတ်မှတ်ထားသောသီးနှံကို သတ်မှတ်ထားသောဈေးနှင့် ရောင်းပေးရရာ မဆလအစိုးရနှင့်လယ်သမားများ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားနေသည်ဟု ဆိုရပါမည်။

ထိုပြင် ပဲခူးရိုမအနီး လယ်သမားများနှင့် အစိုးရ ပြသနာဖြစ်ပွါးသည့် နောက်တကြောင်းကတော့ သစ်တောဥပဒေနှင့်ပတ်သက်သည်။ အုတ်ဖိုမြို့နယ်အတွင်း လယ်သမားများသည် ဆောင်းရာသီ စပါးသိမ်းပြီးသည်နှင့်ပဲခူးရိုးမသို့တက်ကြသည်။ တောတက်ကြသည်ဟုခေါ်သည်။ ရွာအလိုက်နွားလှည်းအစီး ၂၀ / ၃၀ ခန့်စုတက်ကြခြင်းဖြစ်သည်။ တောတက်၍ တနှစ်စာထင်းခုတ်ကြသည်။ အိမ်ဆောက်ရန်ပျဉ်ခွဲကြသည်။ တိုင်ခုတ်ကြသည်။

ပဲခူးရိုးမကား အစိုးရပိုင်သစ်တောဖြစ်သဖြင့် သစ်တောဥပဒေနှင့်ငြိသည်ဟု ဆိုသည်။ ပြဿနာကား နှစ်ဖက်ဖြစ်သည်။ ထိုစဉ်က လယ်သမားများ ရွာပိုင်သစ်တောများက အကန့်အသတ်ရှိနေသည်။ တဖက်က ရွာသားများကလည်း ပျဉ်ခွဲ၍ အပိုဝင်ငွေရအောင် ခိုးရောင်းကြသည်လည်းပါသည်။ အချို့ရွာသားများကလည်း ကျွန်းလုံးများကို ထွင်း၍ နွားစားခွက်လုပ်ကြသည်လည်း တွေ့ရသည်။ နွေရာသီတွေ့ရလေ့ရှိသည့် အပြန်အလှန်အငြင်းပွါးနေကြ ပြဿနာဖြစ်သည်။
မိမိထိတွေ့ကြီးပြင်းခဲ့ရသည့် သဲကုန်းမြို့နယ် အင်ပင်လှ စံပြရွာ ကွမ်းခြံကုန်းမြို့နယ် တော်ကူးရွာ အုတ်ဖိုနှင့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများတွင် နေခဲ့ရသည့် အမှတ်သညာများအရ မြန်မာပြည်တွင် လယ်သမားအများစုနေထိုင်ကြသည်က လက်တွေ့ဖြစ်သည်။ ထိုလယ်သမားများ အများစုမှာ ဆင်းရဲကြသည်။ အတန်းပညာ တတ်မြောက်သူ နည်းပါးကြသည်။ ရွာရှိကြေးရေတတ်အနဲစုမှအပ အများစုမှ ကျောင်းစာ အတန်းစာကိုပြီးမြောက်အောင် မသင်နိုင်ကြ။ မူလတန်း အလယ်တန်းလောက်မှာပင် ကျောင်းကိုစွန့်ခွာ၍ လယ်တော်ထဲဆင်းကြရသည်။ လယ်ထွန်ပျိုးနှုတ်ကောက်စိုက်လုပ်ကြရသည်။ နွာကျောင်း ကျွဲကျောင်း တောတက်လုပ်ကြရသည်။ နေပူမိုးရွာမရှောင် လယ်ထဲ ယာထဲ တောထဲတွင် နွားနှင့်ဖက်ရုန်းကြရသည်။ သေစာရှင်စာတတ်လောက်ရုံသာကျောင်းထားကြသည်။

တကယ်တော့ ထိုစဉ်ကျေးလက်ရှိလူကြီးများကိုယ်တိုင် စာမတတ်သူကများသည်။ မဆလက စာမတတ်သူပပျောက်ရေးလှုပ်ရှားမှုလုပ်ပြီး နွေရာသီတွင် တလခန့် ကျေးရွာများသို့ လုပ်အားပေးများ စေလွှတ်၍ အသုံးလုံးသင်တန်းဖွင့်နေရသည့်အချိန်ဖြစ်သည်။ စာမတတ်လည်း လယ်သမားသားသမီးကတော့ လယ်သမား အလုပ်လုပ်ရမှာပေါ့ဟူသော အတွေးများရှိကြသူများရှိသည်။ လယ်သမားအများစုမှာ မပြေလည်ကြ။ မိုးရာသီ လယ်ဆင်းချိန်မှစ၍ ချေးရ ငှားရ ပေါင်ရနှံရ ဖြင့်ဖြတ်ကျော်၍ စပါးပေါ်သည်နှင့် ထိုးဆပ်ရသည်။

သို့နှင့် နောက်တနှစ် လယ်ဆင်းချိန်တန်တော့ ပြန်ချေးငှားကြရပြီး သံသရာလည်နေသည်။ မဆလကား လယ်သမားများအား မကူညီနိုင်သည့်ပြင် စီမံကိန်းသီးနှံ တာဝန်ကျေသီးနှံများဖြင့် ဝန်ထုပ်ဆင့်ပေးလေရာ နူရာဝဲစွဲ လဲရာသူခိုးထောင်းဟုသာ ဆိုရပေတော့မည်။

လယ်ကွင်းအတွင်း လယ်ထွန်နေသည့် လယ်သမား၏ လှုပ်ရှားမှုသည်၎င်း ကောက်စိုက်နေသည့်လယ်သူမများသည်၎င်း စိမ်းလန်းနေသော လယ်ကွင်းကြီးသည်၎င်း ရွှေရောင်လွှမ်းနေသောစပါးခင်းသည်၎င်း၊ ကောက်လှိုင်းပုံနှင့် တလင်းပြင်သည်၎င်း၊ လယ်စောင့်တဲလေးသည်၎င်း၊ အမြင်ရှုခင်းမှာ လှပနှစ်လိုဖွယ်ဖြစ်ပေသော်လည်း လယ်သမားတို့၏တကယ့်ဘဝကား မလှပသည်ကို မြင်တွေ့ခဲ့ရသည်။

လက်တွေ့တွင် လယ်သမားများသည် မစည်းလုံးသည်လည်း ရှိသည်။ စည်းလုံးသည်လည်းရှိသည်။ မစည်းလုံးသည်ဟုဟုဆိုရခြင်းမှာ လယ်သမားများသည် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်ဖြစ်သည်။ လယ်သမားတဦးချင်းသည် ကိုယ့်အကျိုးစီးပွားနှင့်ကိုယ်ဖြစ်သည်။ တဦးချင်းအကျိုးစီးပွားအရ ညီညွတ်မှုရှိမနေချေ။ သို့သော် ကောက်စိုက် ကောက်ရိတ်ချိန်များတွင် လယ်ယာမြေသဘာဝ လုပ်ငန်းသဘောအရ အတူတကွအပြန်အလှန် စုပေါင်းလုပ်ကြရသည်။ ထို့ကြောင့် စုစည်းပူးပေါင်းလုပ်ကြရသည့် အလေ့အထများလည်း ရှိကြသည်။ ဤသည်ကား မိမိတွေ့ရသည့် လယ်သမားများ၏ လက်တွေ့ဘဝဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)