ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်​​ဇော်​မိုး - ရတနာနှင့် မခြားသည့်



ခင်​​ဇော်​မိုး - ရတနာနှင့် မခြားသည့်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆


အဆက်​မပြတ်​ကျ​နေသည့်​ မိုးဖွဲ​လေး​​အောက်​မှာ ကျွန်​မခန္ဓာကိုယ်​က ရွှဲရွှဲစိုနစ်​​နေပြီ။ ​ချောင်း​ရေ​တွေလည်း တဖြည်းဖြည်း​နောက်​ကျိပြီး ​ရေတိုးလာသည်​။ ​လေ​က ​ဝေ့ယမ်းတိုက်​ခိုက်​​နေသည်​မို့ မြင်​မြင်​ရသမျှ ပတ်​၀န်းကျင်​ဟာ မှုန်ဝါးလျက်​။ ရိုး​​ရေ၊ ​မြောင်း​ရေ၊ လယ်​​ရေ​တွေ​ပါ ​ချောင်းအတွင်းကို ​ပေါင်းဆုံစီးဆင်းမှု​ကြောင့်​ မိုးရာသီဆိုရင်​ ​ချောင်း​ရေကြီးစမြဲ။ အထက်​မှတည်​ထား​သောဆည်​ကလည်း မိုးရာသီဆိုလျှင်​ ​ရေမနိုင်​၍ ​ဆည်​​ရေကို​ နေ့စဉ်​ပုံမှန်​လွှတ်​​ပေးသည်​သာ။ တခါတ​လေ မိုးအားကြီးစွာရွာသည့်​အခါ ဆည်​ကျိုးနိုင်​သဖြင့်​ ​ချောင်းကမ်းပြည့်​တဲ့အထိ ​ရေလွှတ်​တတ်​သည်​။

ရက်​ရှည်​မိုး​စွေ​နေ​သော​ကြောင့်​ ​ချောင်း​ရေ တိုးသထက်​တိုးလာသည်​။ ​နေမင်းကြီးခမျာ မိုးသားထု ညိုအိအိကြီး​အောက်​မှာ ​​ပျောက်​ကွယ်​လျက်​။ ​ရာသီဥတုဟာ ဆိုးသထက်​ ဆိုးလာသည်​။ ​​ရေလှိုင်း ကြီး​တွေက မြည်​တွန်​ပြီး ​ပြေးလာ​ကြသည်​။ လှိုင်းလုံးကြီးများက မာန်​ဖီပြီး အချင်းချင်းပုတ်​ခတ်​​နေသည်​။ ဆူးလုံးကြီး​တွေ ၊ ထင်း​တွေ ၊ သစ်​ပင်​ကြီး​တွေနှင့်​ ထန်းပင်​ စသည်​တို့သည်​ ​ရေပြင်​လှိုင်း လုံးများကြားတွင်​ ကစဉ့်​ကလျား​ မျောပါ​နေကြသည်​။ တ​ဝေါ​ဝေါမြည်​တွန်​​နေသည့်​ ​ချောင်း​ရေတို့က ​သွေးဆာ​နေ​သော သားရဲတကောင်​နှယ်​ ​ကြောက်​မက်​ဖွယ်​အတိ။

တဖက်​ကမ်းပါးယံဆီ လှမ်း​မျှော်​ကြည့်​မိ​​သောအခါ ကြီးမားသည့်​သရက်​ပင်​ကြီးသည်​ ကမ်းပါးယံမှ တွဲ​လှောင်းကျလျက်​။ ​တိုက်​စား​ပုတ်​ခတ်​​နေသည့်​ ​​ရေလှိုင်းများ​ကြောင့်​ အ​ပွေးတို့ပွန်းပဲ့​နေပြီ။ သစ်​ရွက်​များက ​​ရေလှိုင်း ရိုက်​ချက်​တိုင်းမှာ လွင့်​စင်​​မျောပါဆဲ။ မြင်​ကွင်းဟာ သားသတ်​​နေသည့်​အထာ မျိုး။ သရက်​ပင်​ကြီးသည် သူ​နေထိုင်​ကျင်​လည်​ရာ​ ​နေရာ​လေးကို စွမ်းသမျှအားနဲ့ဖက်​တွယ်​​နေရှာ သည်​။ ကုပ်​တွယ်​ထား​သော သရက်​မြစ်​လက်​တက်​များကို ​ရေလှိုင်းကြီးများက အားကုန်​ရိုက်​ချ​နေ သည်​။ ​ဆူးလုံး​နှင့်​ထင်းတချို့သည်​ သရက်​ပင်​ကြီးကို တွဲချိတ်​ကာ ​ချောင်း​ကြီးထဲသို့ ဆွဲနှစ်​ချ​နေ သည်​။ ​ရေစီးအားနှင့်​အတူပူး​ပေါင်းကာဆွဲနှစ်​သည့်​အခါ ​သရက်​ပင်​ကြီးခမျာ နောက်​ဆုံး "အားမသန်​ မာန်​​လျှော့" ရှာ​ရသည်​။ သူ​နေခဲ့ရာရပ်​၀န်းကို ​ရေလှိုင်း​တွေကြားမှ ရီ​ဝေစွာကြည့်​ရင်း လိုက်​ပါသွား​တော့သည်​။

တ​ဖျောက်​​ဖျောက်​ကျ​နေသည့်​ မိုး​ရေ​တွေနှင့်​​အတူ ကျွန်​မမျက်​၀န်းမှ မျက်​ရည်​စ​များသည်လည်း ​​ချောင်းကြီး အတွင်းသို့ လိမ့်​ဆင်း​နေကြသည်​။ ​ခေါင်းကိုငုံကာ လက်​နှစ်ဖက်​ဖြင့်​ က​လးတယောက်​ မျက်​ရည်​​တွေသုတ်​သလို ပွတ်​သပ်​သုတ်​လိုက်​သည်​။

ဟိုဘက်​ကမ်းပါး၊ ဒီဘက်​ကမ်းပါး ကူးဖြတ်​သည့်​လမ်းဆီကို ကျွန်​မအကြည့်​​တွေ ​နေရာချ​ပေးလိုက်​မိသည်​။ မြင်​လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​ ကျွန်​မရင်​ဟာ စက်​အင်ဂျင်တလုံး အားမနိုင်​လို့ ကြွသွား သည့်​နှယ်​။ ထီးကိုယ်​စီဖြင့်​ ကျွန်​မတည်​ရှိရာ ကမ်းပါးဘက်​သို့ ​ငေးကြည့်​​နေကြသည်​။ အဖြူအစိမ်း ယူနီ​ဖောင်း​လေး​တွေက တ၀က်​တ​ပျက်​ မိုးစို​နေပြီ။ ဘာလို့များ မိုး​တွေတဖွဲဖွဲကျ​​နေပြီး ​နေမင်းကြီး​အိပ်​စက်​​​နေတဲ့ရက်​မှာ ဘာလို့များ သူတို့တ​တွေ အိမ်​ကထွက်​လာခဲ့ကြသလဲ။ ဟို(၂) မိုင်​ခရီး​လောက်​က​ လာခဲ့ကြတဲ့သူတို့တ​တွေက အိမ်​ကိုမပြန်​လိုကြ။ စာသင်​​ကျောင်းကြီးတည်​ရှိရာ ဒီဘက်​ကမ်းပါးကို​ ငေးကြည့်​​နေကြသည်​။

တဖွဲဖွဲကျ​နေသည့်​မိုးသည် တဖြည်းဖြည်းတိတ်​သွားသည်​။ သို့​သော်​ ​ချောင်း​ရေသည်​ကား မ​လျော့။ မိုးတိတ်​သည့်​ ​ကောင်းကင်​ကြီးက က​လေးများတဖက်​ကမ်းသို့ကူးရန်​ မြူဆွယ်​လိုက်​သလို။ ကျွန်​မ မ​ကျေနပ်​စွာ ​မော့ကြည့်​မိသည်​။ ပကတိငြိမ်​​နေတာဆို​ပေမယ့်​ ကျွန်​မအမြင်​မှာ ​ကောင်းကင်​ကြီးက သ​ရော်​ပြုံး ပြုံးကာလှုပ်​လှုပ်​ရွရွဖြစ်​​နေသည်​ထင့်​။ ​သေချာကြည့်​မိ​တော့ မဟုတ်​။ ကောင်းကင်​က တိမ်​ထုကြီးထဲမှာ ​ချောင်း​ရေ​တွေ တဟားဟားရယ်​​နေကြသည့်​အရိပ်​​တွေ။ ပြိုကျ​နေသည့်​ တိမ်​သားစ​လေး​တွေကို မာယာ​တွေလူးထားသည့်​လက်​ကြီးများနှင့်​ ဆွဲတန့်​ထားသည်​။
က​လေး​တွေဆီကို အ​ပြေးအလွှားကြည့်​မိသည်​။ ကျွန်​မ​ နာနာကျင်​ကျင်​ ​ခေါင်းကိုဖြည်းညင်းစွာ ရမ်း လိုက်​မိသည်​။

အ​အေးလွန်​ပြီး ကုပ်​ကပ်​တွ​နေသည့်​ ကျွန်​မလက်​​​တွေကို ဟန့်​တားဖို့အတွက်​ ကြိုးစားဆန့်​ထုတ်​သည်​။ မရ အချည်းနှီးသာ။ "မကူးခဲ့ပါနဲ့"လို့ အားကုန်​​အော်​လိုက်​သည်​။ သူတို့တ​တွေ မကြားကြ။ ကျွန်​မကိုယ်​က အညှာခိုင်​သည့်​ သစ်​ရွက်​နုနု​လေး​တွေ​​တောင်​ ​ကြွေကျသွာသည်​။ ​ချောင်း​ရေ​တွေက ကျွန်​မကိုကြည့်​ပြီး ​ဟားတိုက်​ရယ်​​နေကြသည်​။

(၁၅)နှစ်​အရွယ်​က​လေးတစ်ယောက်​က အဖြူ​ရောင်​စတစ်​​​ကော်​လံနှင့်​ အင်္ကျီ​လေးကိုဦးစွာချွတ်​လိုက်​သည်​။ ပြီး​တော့ ​ကျောင်းစိမ်းပုဆိုးကိုပါချွတ်​ပြီး ကျွတ်​ကျွတ်​အိပ်​ထဲမှာစုထည့်​သည်​။ ​အစက လှိုင်းထန်​​နေသည့်​​ချောင်း​ရေပြင်သည် ကြွက်​ခုတ်​​တော့မည့်​ ​ကြောင်​တကောင်​လို ငြိမ်​ချက်​သား​ကောင်းလှသည်​။ ​အားလုံးအမြင်​မှာ ​ချောင်း​​ရေဟာ နိမ့်​​လျော့သွားပြီဟု ထင်​မှတ်​ရသည်​။ က​လေး ငယ်​က ​ ရူးမိုက်​စွာ ချောင်းတွင်းသို့ ဦးစွာဆင်းသည်​။ က​လေးငယ်​သည် ​ရေကူးကျွမ်းကျင်​စွာ ​ချောင်းကိုဖြတ်​​နေသည်​။ ​က​လေး​ချောင်းလယ်​အ​ရောက်​မှာ ကံဆိုးစွာ အထက်​မှဆည်​​ရေ​တွေ ကျလာသည်​။ ကြီးမားသည့်​လှိုင်းလုံးကြီးများက အညှိုးတကြီးထိုးနှက်​ဖို့ အားစိုက်​​ပြေးလာ​နေသလို။ က​လေးငယ်​လည်း ကြိုးစားပြီးကမ်းဆီအ​ပြေးကူးခတ်​လျက်​။ ကမ်း​ရောက်​ဖို့ (၅)​ပေအလို​လောက်​မှာ လှိုင်းလုံးကြီးများက ရက်​စက်​စွာ ပစ်​တိုက်​ ဖုံးအုပ်​သွားသည်​။

ကျန်​ရစ်​ခဲ့သည့်​ ကမ်းမှက​လေးများက အံ့အားသင့်​စွာ မယုံကြည်​နိုင်​စွာ သူတို့နှုတ်​ခမ်း​လေး​တွေကို လက်​၀ါး​လေးဖြင့်​ ကာလိုက်​မိလျက်​။ အမည်​တခုကို က​လေးငယ်​​တွေ ​အော်​​ခေါ်​နေသည်​။ မည်​သူ မှ ပြန်​လည်​မထူး။ ​လှိုင်းများကြားတွင်​ က​လေးငယ်​၏ အရိပ်​အ​ရောင်​မျှမ​တွေ့။ လှိုင်းလုံးကြီးများက ​အောင်​နိုင်​သူများလက်​၀ါးချင်းရိုက်​လိုက်​ကြသည့်​နှယ်​ မြည်​ဟီး​နေသည်​။ ခဏအကြာမှာ လူကြီး များ ​ရောက်​လာပြီး ​ချောင်း​ရေထဲတွင်​ ​ပြေးလွှားကူးခတ်​ကြသည်​။ အ​ဝေးကြီးထိ ​ရေလှိုင်း​တွေနဲ့ အတူလိုက်​ပါသွားကြသည်​။ ​နောက်​ဆုံး​ချောင်းစပ်မှာ ပြန်​လည်​​ရောက်​ရှိလာသည်​။ ​လူတ​​ယောက်​က ​ဒေါသ​တွေနှင့်​ ​​ချောင်းကမ်းပါးယံကို လက်​သီးဆုပ်​များ ပစ်ကြဲ​နေသည်​သာ။

အဲ့ဒီအဖြစ်​အပျက်​များစွာကို နာကျည်းမုန်းတီးလွန်းလို့ ကျွန်​မ​ကောင်းကင်​ကြီးမှာပဲ အကြည့်​​တွေအ​ခြေချ​နေခဲ့​တော့သည်​။ တိမ်​မျှင်​တန်း​လေး​တွေကို ခပ်​ကျဲကျဲစုတ်​ချက်​ဆွဲထားသည့်​ ​နောက်​ခံ​ကောင်းကင်​ကြီးနှင့်​ လှပ​သောပန်းချီကားသဖွယ်​ဖြစ်​​နေသည်​ကိုလည်း တစ်​ခါတ​လေ​တွေ့မြင်​ရသည်​။ ပြီး​တော့ မိုးသားတိမ်​ထုကြီး​ ပြိုကျ​နေသည့်​မြင်​ကွင်းကိုလည်း မြင်​ရသည်​။ ​ပြီး​တော့ ​ဆောင်းနှင်းများ​ ​ကြွေကျလာသည့်​မြင်​ကွင်းကိုလည်း မြင်​ရသည်​။

နာရီ​ပေါင်းများစွာ ဘယ်​​လောက်​​ သေ​ကြေပျက်​စီးသွားသည်​မသိ။ ဆူဆူညံညံလူသံများ၊ ​အော်​သံ ညာသံများ ​ချောင်းအတွင်းဆီမှတဆင့် ကျွန်​မထံပြန့်​လွင့်​လာမှ ကျွန်​မပတ်​၀န်းကျင်​ကို သတိရမိ သည်​။ အဲ့ဒီရပ်​၀န်းဆီကို ကျွန်​မမျက်​လုံး​တွေ ခရီးမသွားဖြစ်​တာ ရာသီ​ပေါင်းများစွာလည်​ပတ်​ခဲ့ ပြီးပြီ။ အကြည့်​​တွေကိုတားဆီးကြည့်​​​နေချိန်​မှာ စိတ်​ဟာ လွတ်​​ချော်​ထွက်​ခဲ့။ စိုးထိတ်​စွာနှင့်​ အသံ​တွေကျက်​စားရာဆီသို့ ကြည့်​မိသည်​။

"အို!!!!....."
ကျွန်​မအံ့သြစွာ ​ရေရွတ်​မိသည်​။ ​ရေအနည်းငယ်​သာ ​ကွေ့ပတ်​စီးဆင်း​နေသည့်​ ​ချောင်းအတွင်းမှာ လူ​ပေါင်းများစွာ အလုပ်​လုပ်​​နေကြသည်​။ ​ တ၀က်​ထိပြီးစီး​နေပြီဖြစ်​တဲ့ ခိုင်​ခန့်​​သော တံတားကြီး တ​စင်းဟာ ဟိုဘက်​ကမ်းပါးယံမှ ချီတက်​လာ​နေပြီ။ မျှော်​လင့်​မထားမိသည့်​ မြင်​ကွင်း​ကြောင့်​ ​လေ မတိုး​ပေမယ့်​ ကျွန်​မကိုယ်​ကသစ်​ရွက်​​လေး​တွေက ကြက်သီးများထကာ တဖျန်းဖျန်းလှုပ်​တွန့် သွားသည်​။ မိုးမကျ​ပေမယ့်​ သို​လှောင်​ထားသည့်​မိုး​ရေ​တွေက အ​ပျော်​​တွေ​ကြောင့်​ လွင့်​စင်​ကျ​နေသည်​။ 

နွေပူပူမှာ ငတ်​မွတ်​​နေသည့်​ ​အေးမြတဲ့မိုးစက်​​လေး​တွေရလို့ ကျွန်​မကိုယ်​ထည်​​အောက်​က မြက်​ပင်​​လေး​တွေက ကျွန်​မ​မော့ကြည့်​ပြီး ပြုံးလို့။ လိုအပ်​တပ်မက်​စွာ ​မျှော်​လင့်​ဖူးသည့်​တံတားကြီးတစင်း က ကျွန်​မရှိရာကမ်းပါးဆီ ဦးတည်​​ရှေ့ရှူ​နေတာမြင်​ပြီး ကျွန်​မက ပြုံးလို့။ လုပ်​အား​ပေး​နေသည့်​ ​ကျေးရွာများစွာက လူ​တွေအားလုံးကလည်း ပီတိ​တွေနှင့်​ပြုံး​ပျော်​လို့။ အားလုံးရဲ့အပြုံး​တွေဟာ ​​နွေဦးက သစ်​ရွက်​နုပုရစ်​ဖူး​တွေလို ရွှန်းရွှန်း​နု​ဝေလို့။ ဒီအပြုံး​တွေ မိုနာလီဇာများမြင်​ခဲ့ရင်​ ငိုမယ်​ထင်​ပါရဲ့။

မကြည့်​ဖြစ်​တာကြာပြီဖြစ်​သည့်​ ဒီ​နေ့​နေ၀င်​ဆည်းဆာက ​ရွှေ​ပိုးမျဉ်​​တွေနှင့်​ ထိုးထားသည့်​ အလှဆုံး ဇာပုဝါသားလို။ တဖြည်းဖြည်းအ​ရောင်​​တွေရင့်​ ရင့်​လာသည့်​အ​မှောင်​စ​တွေကြားမှ လမင်းကြီးက တိုးထွက်​​နေသည်​။ တံတား​ဆောက်​​သည့်​ ဟိုဘက်​ကမ်းပါးယံမှ လွင့်​ပျံလာသည့်​အသံ​တွေ​ကြောင့်​ တံတားဖြစ်​တည်​လာ​သောအ​ကြောင်းရင်းများစွာကို ကျွန်​မသိခဲ့ရသည်​။

ဆရာ​တော်​ အရှင်​​ဝေပုလ္လမှ တံတားဖြစ်​တည်​ဖို့ စီမံဦး​ဆောင်​ခဲ့သည်​။ ထူးမြတ်​သည့်​အလှူ ဒါနတ​ခုကို ဖွင့်​လှစ်​ကာ ​ဆံပင်​များကိုအလှူခံခဲ့သည်​။ မြန်​မာနိုင်​ငံအနယ်​နယ်​အရပ်​မှ အမျိုးသမီးများ သည်​ သူတို့၏ဆံပင်​များကို စိတ်​အားထက်​သန်​စွာလှူဒါန်းခြင်း​ကြောင့်​တမျိုး၊ ဆရာ​တော်​ဘုရား၏ ဘုန်းတန်​ခိုးကြောင့်​တသွယ် တံတားကြီးတည်​​ဆောက်​နိုင်​ခဲ့သည်​။ ရည်​သန်ဦးတည်​မှု​ကောင်းမွန်​လှ​သော ဆရာဘုရား၏ လားရာစိတ်​ပန္နက်​​ကောင်းမွန်​လှ​သော​ကြောင့်​ ​ဒေသခံအားလုံးသည်​ ဆရာ​တော်​ဘုရား​ခြေဆုံတွင်​ ဖူး​မျှော်​ခိုလှုံကြသည်​။

အပြုံး​တွေ ဝေ​ဝေဆာလို့ ပီတိ​တွေက လူတိုင်းရင်​မှာ ပန်းများသဖွယ်​ ပွင့်​လန်း​နေသည်​။ လှပခန့်​ ညားသည့်​ တံတားကြီးက ကျစ်​လစ်​​တောင့်​တင်းသည့်​ အပျိုစင်​တဦးလို။ ဒီနှစ်​မိုးရာသီ တချို့ရက်​များတွင်​ ​နေမသာ​နိုင်​​ပေမယ့်​ အပြုံး​တွေ သာယာလှပကြသည်​။

တံတားကြီးကို အမှီသဟဲပြုကာ ​ဒေသခံ​တွေသည် မြို့ပြဆီသို့ နွေ၊ မိုး၊​ ဆောင်း ရာသီမ​ရွေး အမြန်​ခရီးနှင်​နိုင်​ပြ်ီ။ ​ကျောင်းသူ၊​ ကျောင်းသား က​လေးငယ်​​တွေ တံတား​ပေါ်မှသက်​​တောင့်​သက်​သာ ဖြတ်​​လျှောက်​ပြီး ​ကျောင်းပျက်​ရက်​မရှိ တက်​နိုင်​ပြီ။ ​ ရေကြီး​နေချိန်​ အ​ရေး​ပေါ်ကျန်းမာ​ရေးချို့တဲ့​နေသူများ ​မ​သေဆုံးသင့်​ဘဲဆုံးရှုံးခဲ့ရခြင်းများမှ ဒေသခံရွာသူ ရွာသား​တွေလွတ်​​မြောက်​ခဲ့ပြီ။

အ​လောင်း​တော်​ကဿပ ဖူး​မျှော်ရန်​သွားလာကြသည့်​ ဘုရားဖူးများတွက်​ လမ်းပန်းဆက်​သွယ်​​မှုက ​ကောင်းမွန်​ခဲ့ပြီ။ ဆရာ​တော်​ဘုရားသည် ယမား​ချောင်းတံတားကြီးအပြင်​ ယင်းမာပင်​မြို့မှ လယ်​​ငေါက်​ရွာ အ​လောင်း​တော်​ကဿပလမ်းခွဲသို့ ဦးတည်​ရာလမ်းမကြီးကိုလည်း ကတ္တရာခင်းတမျိုး၊ ကွန်​ကရစ်​ခင်းတမျိုးဖြင့်​ ​ကောင်းမွန်​သည့်​လမ်းအသွင်​သို့ပြုပြင်​ကာ တံတားတိုများကိုလည်း ပြုလုပ်​ခဲ့သည်​။

အခုဆို ​ဆရာ​တော်​ဘုရား၏​မေတ္တာ​ကြောင့်​ ​ဒေသခံများ၏စိတ်​သည်​ ​အေးချမ်းမှုများစွာရခဲ့ပြီ။ မဆုံးရှုံးသင့်​ပဲ ဆုံးရှုံးခဲ့ရသည့်​ ရင်​နင့်​ဖွယ်​အဖြစ်​များမှလွတ်​​မြောက်​ခဲ့ကြပြီ။ ​​ရွှေဆံပင်​တံတားကြီး သည် ​ဒေသခံပြည်​သူများတွက်​ ရတနာနှင့်​မခြားသည့်​ စစ်​မှန်​​သော ​ရွှေဆံပင်​တံတားကြီးဖြစ်​သည်​သာ။

တံတား​ပေါ်မှ​ ​လေညင်းခံ​နေ​သောလူများကိုကြည့်​ရင်း ကျွန်​မရင်မှာ​ ​အေးချမ်းရသည်​။ ဆရာ​တော်​ဘုရားသတင်းသုံး​နေထိုင်​ရာသို့ ရည်​သန်​ရင်း ကျွန်​မကိုယ်​ထည်​က သစ်​ရွက်များဖြင့်​ လက်​အုပ်​ချီကာ ကန်​​တော့လိုက်​ပါ​တော့သည်​။

photo credit - https://defectivepundit.files.wordpress.com/2015/01/after-turners-tree-in-a-storm.jpg