ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ



လှကျော်ဇော - ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ 
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ များလိုက်တာ။ ကျွန်မတို့ တတွေမှာလည်း ရှေ့မီနောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ် ကြုံခဲ့ ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။

ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံလေးပါ။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင် အာရှကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး (S.E.A.P.Games) ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ ဖွင့်ပွဲအခမ်းအနား အကြီး အကျယ်ကျင်းပပါတယ်။ ပြီးတော့ အားကစားပွဲစဉ်များကို နေရာတွေခွဲ ကျင်းပကြပါတယ်။ ၉ ရက်နေ့ သမိုင်းကောလိပ်မှာကျင်းပတဲ့ လက်ဝှေ့ပွဲ ကျောင်းသားအများအပြား လက်မှတ် ဝယ်မရတဲ့အမှုကစပြီး (လက်မှတ်မှောင်ခိုထုတ်ရောင်းတယ် ဆိုတဲ့သတင်းကလည်း ပြန့်နေတာဖြစ်လို့) ပြဿနာတွေတက်ပါတော့တယ်။ တခါ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပ တဲ့ ဂျူဒိုပွဲမှာလည်း ကျောင်းသားတွေ မကျေမနပ်ဆန္ဒပြကြပြီး မြို့ထဲချီတက်ဖို့ ကြိုးစားကြပါ သေးတယ်။

အောင်ဆန်းအားကစားကွင်းမှာပြုလုပ်တဲ့ ဘောလုံးပွဲစဉ်တခုမှာလည်း လက်မှတ် ၀ယ်မရကြတဲ့ ကျောင်းသားလူငယ် တချို့ဒေါသပေါက်ကွဲပြီး လူစုလူဝေးနဲ့ ရန်ကုန်မြို့လယ် ခေါင်ဆင်းချလာပြီး လမ်းတလျှောက် တွေ့သမျှ ကားတွေ၊ အဆောက် အဦးတွေ (ရုပ်ရှင်ရုံ တွေ) စတာတွေကို မီးတင်ရှို့ဖျက်ဆီး လုပ်ကြပါတယ်။ ဒီအထဲမှာ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ် နေ၀င်းဇနီး) ပိုင်တယ်လို့သတင်းကြီးနေတဲ့ အင်းဝစာအုပ်တိုက်လည်း ပါသွားပါတယ်။ အဲဒီ ကာလက ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်းတဲ့လုပ်ငန်းတွေအပေါ် လူထုက မကျေ မနပ်ဖြစ်နေတဲ့အရှိန်နဲ့လည်း ဆက်နေဟန်ရှိပါတယ်။ လူထုမကျေနပ်တာလည်း မပြောနဲ့ လေ။ သူတို့လုပ်ပုံတွေကလည်း ကြည့်ဦး။ ကားတွေ တိုက်တွေ အကုန်သိမ်းပစ်ပြီးတဲ့ နောက်နေ့ အဲဒီကားတွေ အိမ်တွေပေါ် စစ်ဗိုလ်တွေ အခန့်သား တက်မောင်းတက်နေကြနဲ့။ ပြောဆိုဆက်ဆံတာတွေကလည်း မောက်မာသလားမပြောနဲ့။ တချို့လုပ်ငန်းပိုင်ရှင်ကြီး တွေ ရုတ်တရက်ကြုံလိုက်ရတဲ့ လောကဓံတရား မခံနိုင်ဖြစ်ပြီး ဦးနှောက်သွေးကြောတွေ ပြတ်ကုန်ပိတ်ကုန်နဲ့ ကျွန်မတို့ရန်ကုန်ဆေးရုံကြီးက အရေးပေါ်ဌာန လက်မလည်အောင် အလုပ်များခဲ့ဖူးပါတယ်။

ဒါတွေကြောင့်လည်း ပါဟန်တူပါရဲ့။ အဲဒီလူအုပ်ကြီးက တဖက်ကလည်း မီးရှို့ဖျက် ဆီးမှုတွေလုပ်၊ တဖက်ကလည်း အစိုးရဆန့်ကျင်ရေးကြွေးကြော်သံများ (ပုဂွိုလ်ရေးတွေ လည်း ပါတယ်။ ဗိုလ်နေဝင်းကို နံမည်နဲ့ဖော်ဆဲတာတွေလည်း ပါသတဲ့။) အော်ကြဟစ်ကြပါ တယ်။ အစိုးရအနေနဲ့ကလည်း အခုလိုနိုင်ငံတကာပွဲကျင်းပပြီး မိမိရဲ့တရားဝင်မှု (legitima- cy) ကိုပြသဖို့လုပ်ဆောင်ရာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ရလေတော့ အတော်စိတ်ဆိုး သွားဟန်ရှိပါတယ်။ အဲဒီ ရန်ကုန်မြို့လည်ခေါင်တခွင် တပြင်ကြီးကိုပိတ်လိုက်ပြီး တွေ့သမျှ လူတွေကို သိမ်းကျုံးဖမ်းပါတော့တယ်။ ပြီးတော့ ထရပ်ကားတွေပေါ်တင်ပြီး အင်းစိန်ထောင် ကို ပို့လိုက်ပါတော့တယ်။

အဲဒီကာလက ကျွန်မတို့မောင်နှမတတွေထဲမှာ အငယ်ဆုံးမောင်လေးကလွဲလို့ ကျန်အကြီး-၄-ယောက်စလုံး တက္ကသိုလ်ရောက်နေကြပါပြီ။ အကြီးဆုံးကျွန်မက ဆေး နောက်ဆုံးနှစ်(ခ)။ စန်းက စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်၊ ကိုအောင်နဲ့ကိုကျော်တို့ ၂ ယောက်က ၀ိဇွာသိပ္ပံမှာ။ အဲဒီနေ့ ကိုကျော်(ကျော်ဇောဦး)က ဗိုလ်အောင်ကျော်လမ်းက ကျူရှင်ကို သွားတက်ပါတယ်။ သူ့တို့သူငယ်ချင်းတွေ စုတက်တဲ့အထဲ ပင်စီရွှေ (တော်လှန် ရေးကောင်စီဝန်ကြီး ဗိုလ်မှုးကြီးမောင်ရွှေသမီး) လည်း ပါပါတယ်။ အဲဒီခေတ်က တော်လှန် ရေးကောင်စီဝင်တွေက မာစီးဒီးဘက်န်စ်တွေ စီးကြပါတယ်။ ပင်စီတို့ကားကြီးက ကျူရှင် ကျောင်းရှေ့ရပ်ထားပြီး ကျောင်းအဆင်းကို စောင့်နေတတ်ပါတယ်။ အောင်ဆန်းကွင်းထဲ ပြဿနာတက်ပြီး လူအုပ်ကြီးက ထိန်းမနိုင်သိမ်းမရ လမ်းတွေ့သမျှ ကားတွေမီးရှို့နေပြီ ဆို တဲ့သတင်းထွက်လာတော့ ကျူရှင်ဆရာက ကျောင်းပိတ်လိုက်ပြီး ကျောင်းသားတွေကို အိမ် ပြန်ခိုင်းပါတယ်။ သူ့ကျောင်းရှေ့က ကားကြီးကြောင့် သူကျောင်း တုတ်ဆက်မှာ စိုးဟန်တူပါ တယ်။

ပင်စီက ကိုကျော့်ကို သူ့ကားနဲ့လိုက်ဖို့ ခေါ်ပါတယ်။ သူတို့က ၀င်ဒါမီယာကို ပြန်တာ ဖြစ်တော့ မြေနီကုန်းမှာချပေးမယ်လို့ ပြောပါတယ်။ ကိုကျော်က မလိုက်ရဲပါဘူးဗျာ။ ကိုယ့် ဟာကိုယ်သာ သတိထားပြန်ပါ။ နင်အိမ်ပြန်ရောက်ရင် မေမေ့ကိုသာ ဖုန်းဆက်ပြီး ငါ ပြန် လာနေပြီဆိုတာသာပြောပေးပါ…လို့မှာလိုက်ပါတယ်။ ကိုကျော်က ရုတ်ရုတ်ရက်ရက်တွေ ဖြစ်ရင် လိုင်းကားတွေလည်း ပိတ်တတ်တာကြောင့် လမ်းလျှောက်ပြန်ရကောင်း ပြန်ရနိုင် တာကြောင့် မေမေစိတ်ပူနေမှာစိုးလို့ မှာလိုက်တာပါ။

သူထင်တဲ့အတိုင်းပဲ ဘာလိုင်းကားမှ မရှိတော့ဘူး။ ဒီတော့ လမ်းဆက်လျှောက်နေ တုန်းမှာပဲ လမ်းထိပ်တွေကို ထရပ်ကားတွေနဲ့ပိတ်ရပ်ပြီး အဲဒီကားတွေပေါ်က ရဲတွေဆင်း လာပြီး တွေ့သမျှလူကိုဆွဲ ကားတွေပေါ်တင်တော့တာပဲ။ ဒီတော့ သူလည်း တွေ့တဲ့လမ်းထဲ ထိုးဝင်ပြီး တိုက်လှေကားထစ်တွေမှာ ဝင်ထိုင်နေလိုက်တယ်တဲ့။ တိုက်ခန်းတခန်းကို တံခါး ခေါက်ပြီး သူအထဲဝင်နေပါရစေလို့ တောင်းပန်ပေမယ့် တိုက်ခန်းရှင်က တံခါးဖွင့်မပေးဘူး တဲ့။ ဒီလိုနဲ့လမ်းမကြီးပေါ်ကလူတွေ အကုန်ဖမ်းပြီးတော့ ဘေးလမ်းတွေကို တလမ်းစီ ဝင် ရှင်းပါတယ်။ တိုက်တတိုက်ပြီးတတိုက် လှေကားတွေကိုတက်ရှင်းတာမှာ ကိုကျော်လိုပဲ လှေကားထစ်တွေမှာ ဝင်ထိုင်ပုန်းနေကြသူတွေအားလုံးကိုလည်းဖမ်းပြီး ထရပ်ကားတွေပေါ် တင် အင်းစိန်ခေါ်သွားပါတော့တယ်။

ပင်စီက သူ့အိမ်ပြန်ရောက်တော့ မေမေကို ဖုန်းနဲ့လှမ်းပြောပါတယ်။ “အန်တီကျော်ဇော ဦးက မှာလိုက်တယ်။ သူ အိမ် ပြန်လာနေပြီ။ စိတ်မပူပါနဲ့ ” တဲ့။ ဒီတော့ ကျွန်မတို့လည်း အေးအေးပဲပေါ့။ ဒါပေမဲ့ တော်တော်နဲ့ပြန်ရောက်မလာတော့ အိမ်မှာ ဘယ်သူမှ မထိုင်နိုင် တော့ပါဘူး။ ည ၈ နာရီ- မြန်မာ့အသံသတင်းမှာတော့ ဆူပူသောင်းကျန်းမှုတွေအကြောင်း နဲ့ အဲဒီဆူပူသူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေ ပါလာပါ တယ်။ အစောပိုင်းကတည်းက ထရပ်ကားကြီးတွေနဲ့လူတွေဖမ်းတင်ပြီး အင်းစိန်ဘက် မောင်းသွားတယ်-ဆိုတဲ့သတင်းလည်း ကြားထားပြီးပါပြီ။ ဒါနဲ့ မေမေလည်း ပင်စီကို ထပ် ဖုန်းးဆက်ပြီး ကိုကျော်ပြန်မရောက်သေးကြောင်း၊ အဲဒီ ဖမ်းသွားသူတွေထဲ ပါသွားမသွား စုံ စမ်းပေးပါလို့ပြောတော့ ပင်စီက သူ့အဖေအခုထိ အိမ်ပြန်မလာသေးဘူး။ အိမ်ပြန်လာလာ ချင်း မေးပေးပါ့မယ်လို့ ပြောပါတယ်။ အတော်မိုးချုပ်မှ ပင်စီက ဖုန်းပြန်ဆက်လာပြီး သူ့အဖေ ပြန်ရောက်လာလို့ သူအကျိုးအကြောင်းမေးကြည့်တာ အားလုံးကို သိမ်းကျုံးဖမ်းထားပေ မယ့် စစ်ဆေးပြီးရင် ဆူပူမီးရှို့မှုတွေထဲ မပါဝင်ရင် ပြန်လွှတ်မှာဖြစ်ကြောင်း ဘာမှ စိတ်မပူဖို့ ပြောပါတယ်။ မေမေက ဖမ်းသွားတဲ့ထဲ ပါမပါသေချာအောင် စုံစမ်းပေးပါ။ ဘယ်ဆီဘယ် ဝယ်ရောက်နေမှန်းမသိလို့ပါလို့သာ ထပ်ပြောလိုက်ပါတယ်။

ပြောလို့သာပြောရတာ။ ဖေဖေ့နံမည်ပါလာရင်-ဘယ်သူမှ သိပ်မကူညီရဲပါဘူး။ ဗိုလ် နေဝင်း ဘုန်းမီးနေလ တောက်လေ ကျွန်မတို့မိသားစု အနေကြပ်လေဖြစ်နေတဲ့ကာလပါ။ တကယ်တော့ အဲဒီကာလက ရန်ကုန်တိုင်း တိုင်းမှူးက ဗိုလ်ချုပ်ကျော်ထင်ပါ။ ဂျပန် တော် လှန်ရေးအတွင်းတုန်းက ဖေဖေ့တိုင်း (၄)ကပါ။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့် (ကွယ်လွန်) က ကျွန်မတို့နဲ့ ဦးလေးတော်ပါတယ်။ မေမေ့မောင်ဝမ်းကွဲပါ။ ဦးလေးက သူဆယ်တန်းကျ တော့ စိတ်ဓာတ်ကျပြီး စစ်တပ်ထဲဝင်ပါရစေဆိုပြီး မေမေ့ အမေ (ဦးလေးအဖေနဲ့ မောင်နှမ တော်ပါတယ်။) ကို လာပြောတော့ အဘွားက မေမေတို့ဆီ လာအပ်ပါတယ်။

ဖေဖေက ဆယ်တန်းတော့ အောင်အောင်သင်ပါကွာ။ ငါတို့ ကျောင်းထားပေးပါ့မယ် ဆိုပြီး ကျောင်းထားပေးပါတယ်။ အဲဒီနှစ်မှာပဲ ဦးလေးဆယ်တန်းအောင်ပြီး ဖေဖေက တပ်ထဲ သွင်းပေးပြီး ဗိုလ်သင်တန်း ဝင်သွားတာပါ။ (ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ O.T.S.ကျောင်း တပတ်ထဲပါ။) ဦးလေးက သူ စစ်ဗိုလ်ဖြစ်ကတည်းက သူညီ သူညီမတွေ တယောက်ပြီး တယောက် မြို့ခေါ် စာသင်ပေးခဲ့ပါတယ်။ ဦးလေးက နယ်မှာ တာဝန်ကျတာများလို့ အဲဒီ ဦးလေးညီရောညီမရော ကျွန်မတို့စမ်းချောင်းအိမ်လေးမှာပဲနေခဲ့ကြရပြီး ဒီိကပဲ ကျောင်း တက်ကြ၊ ဘွဲ့ရတဲ့သူရကြ၊ အလုပ်ဝင်ကြနဲ့ အိမ်ထောင်တွေကျမှပဲ ကျွန်မတို့အိမ်က ခွဲသွား ကြတာပါ။ ဒါကြောင့် ဦးလေးက ကျွန်မတို့အဘွားအပါ ဖေဖေနဲ့မေမေကို သူတို့မိသားစုရဲ့ ကျေးဇူးရှင်လို့ သဘောထားပါတယ်။ ဒါတွေကို သူက ဗိုလ်ချုပ်ကျော်ထင်ကို အကြောင်းစုံ ပြောပြထားပါတယ်။ သူ့အနေနဲ့ ဖေဖေကို တနှစ်ကို(၂)ကြိမ်လောက်တော့ သွားကန်တော့ ပါရစေလို့လည်း ခွင့်တောင်းထားပါတယ်။ အဲဒီတုန်းက ကျွန်မတို့အဘွားကလည်း ကျွန်မတို့ နဲ့ နေနေပါတယ်။ ဦးလေးက သီတင်းကျွတ်တို့သင်္ကြန်တို့မှာ လာကန်တော့တတ်ပါတယ်။ (တခါတရံ) အဘွားနေမကောင်းတာကြားရင်လည်း လာတတ်ပါတယ်။ လာခွင့် တောင်းပြီးမှ လာရတာတောင် ဦးလေးက ညအတော်မိုးချုပ်မှလာရဲပြီး ကားကိုလည်း ကျွန်မတို့အိမ်ရှေ့ ထိ မောင်းမလာရဲပါဘူး။ မြေနီကုန်းမှာဖြစ်ဖြစ်၊ ရှမ်းလမ်းထိပ်မှာဖြစ်ဖြစ် ရပ်ထားခဲ့ပြီးမှ အိမ် ကို လမ်းလျှောက်လာရတာပါ။ ကျွန်မတို့အိမ်ရှေ့ ရပ်တဲ့ကားတိုင်း နောက်နေ့ ထောက်လှမ်း ရေးက ခေါ်စစ်တတ်ပါတယ်။ ဖေဖေရော မေမေရော ဦးလေးလာတိုင်း နောင် မလာပါနဲ့ကွာ။ တို့နားလည်ပါတယ်။ မင်းတို့အနေရအထိုင်ရ ကြပ်ပါ့မယ်လို့ ပြောလေ့ရှိပါတယ်။ ဦးလေးက လည်း ကန်တော့ရင်း တခါတရံ မျက်ရည်ကျတတ်ပါတယ်။

အဲဒီကာလက ကျွန်မတို့ရဲ့ဆီဆုံလမ်းအိမ်လေးဟာ ပတ်ပတ်လည် ထောက်လှမ်း ရေးတွေနဲ့ ၀ိုင်းနေတာပါ။ အိမ်လာလည်တဲ့ လူတိုင်းနောက်ကိုလည်း လိုက်လေ့ရှိပါတယ်။ တမင် ခြိမ်းခြောက်တာပါ။ ဒါကြောင့် တော်ရုံလူဘယ်သူမှ မလာရဲပါဘူး။ စစ်အာဏာရှင် လက်အောက် အလွန်သတိကြီးစွာ၊ စိတ်ကျဉ်းကျပ်စွာနေလာရတာဖြစ်လို့အဲလို ဘဝမျိုး ဖြတ်သန်းရသူတွေကို ကျွန်မတို့က စာနာတတ် လေးစားတတ်နေတာပါ။

ဖေဖေကလည်း ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ သိပ်စိုးရိမ်ပါတယ်။ ဒါပေမဲ့ အခု ကိုကျော့်ကိစ္စ ပေါ်လာတော့ မတတ်နိုင်တော့ပါဘူး။ အဓိကက အဲဒီဖမ်းသွားတဲ့သူတွေထဲ သူပါသွားလား သိချင်တာပါ။ ဒါ့အပြင် ဆောင်းတွင်း (ဒီဇင်ဘာလ) ကြီးဖြစ်တာကြောင့် မေ မေက သူ့သားတိုက်ပုံလေးပဲ ဝတ်သွားတာဖြစ်လို့ အနွေးထည် ပို့ချင်လာပါတယ်။ ဒီတော့ ဦးလေးကိုပဲ လှမ်းဆက်သွယ်ရပါတော့တယ်။ ဦးလေးရဲ့ညီဖြစ်တဲ့ ဆရာဦးဘဌေးကို လွှတ် ပြီး စုံစမ်းမေးမြန်းရပါတယ်။ ဒီတင် ကိုကျော်အင်းစိန်ထောင်ထဲရောက်နေတာသိရပြီး အဝတ် အစားလည်း ပို့လို့ရသွားပါတယ်။ ဦးလေးက ဘာမှမပူကြဖို့ အားလုံးစစ်ဆေးပြီးရင် ပြန်လွတ် လာမှာပါလို့ အကြောင်းကြားလာပါတယ်။ ဗိုလ်မှူးကြီးမောင်ရွှေကလည်း သူ့သမီးနဲ့ ကျူရှင် တကျောင်းတည်း အတူတက်နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းအလွှတ်မှာ ရောပါသွားတာ ဖြစ်ကြောင်း အင်းစိန်ထောင်တာဝန်ခံတွေကို လှမ်းပြောကြောင်းလည်း ကြားရပါတယ်။

ဒီလိုနဲ့ နောက်(၂)ပတ်လောက်ကြာပြီး တနေ့မှာ ရန်ကုန်မြို့တော်ခန်းမကနေ ဖုန်းဝင် လာပါတယ်။ (အဲဒီကာလက ရန်ကုန်မှာ အရေးပေါ်အမိန့််ထုတ်ထားလို့ ရန်ကုန်တိုင်းစစ်ဌာန ချုပ်က မြို့တော်ခန်းမမှာ ရုံးထိုင်နေပါတယ်။) ရန်ကုန်တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ(ပီအေ) က ဖေဖေနဲ့စကားပြောပါရစေလို့ဆိုပါတယ်။ ဖေဖေဖုန်းကိုင်လိုက်တော့ ဗိုလ်ချုပ် ကျွန်တော် တို့ ကျော်ဇောဦးကို မြို့တော်ခန်းမကိုခေါ်လာပါပြီ။ သူ့ကို လာခေါ်လို့ရပါပြီ..လို့ ပြောပါ တယ်။ ဒီတော့ ဖေဖေက..မင်းတို့ လွှတ်မှာဆိုရင် လွှတ်လိုက်ပေါ့။ ဘာလာခေါ်စရာ လိုသလဲ လို့ပြောတော့ အဲဒီစစ်ဗိုလ်က ဗိုလ်ချုပ်ကိုယ်တိုင် လာစရာမလိုပါဘူး။ အစ်မကြီးကို လွှတ် လည်း ရပါတယ်။ ကျွန်တော်တို့က လူကြီးမိဘတွေလက် ပြန်အပ်တယ်ဆိုတဲ့သဘောပါ။ အုပ်ထိန်းသူ တယောက်ယောက်က လက်မှတ်ထိုး လက်ခံဖို့လိုပါတယ်လို့ ထပ်ပြောပါ တယ်။ ဖေဖေက စိတ်တိုသွားပြီး ..ဟေ့-ငါလည်းမလာနိုင်ဘူး။ သူ့အမေလည်း မလွှတ် နိုင်ဘူး။ နေပါဦး။ မင်းတို့က ငါ့သားကို လမ်းပေါ်ကဖမ်းသွားတာ။ လမ်းပေါ်ပဲပြန်လွှတ်လိုက်။ ဒီကောင် အိမ်ပြန်လာတတ်တယ်လို့ဆိုပြီး ဖုန်းချလိုက်ပါတယ်။ အဲဒီအချိန် ဖေဖေဖုန်းပြော နေတာကို နောက်က ရပ်နားထောင်နေတဲ့ မေမေရဲ့သောကရိပ်တွေနဲ့ ညိုနေတဲ့မျက်နှာ လေး ရုတ်တရက်ညှိုးကျသွားတာကို ကျွန်မ အခုစာရေးနေရင်း ပြန်မြင်ယောင်လာပြီး စိတ် ထဲ မကောင်းလိုက်တာလေ။ မေမေကိုလည်း သနားလိုက်တာ။

နောက်တနာရီလောက်ကြာတော့ မြေနီကုန်းရဲဌာနက ဌာနမှူးဆိုသူဆီက ဖုန်းလာပါ တော့တယ်။ ဒီနေရာမှာ တခုတော့ပြောရဦးမယ်။ ကျွန်မက ရဲဌာနလို့ မှတ်မိနေပါတယ်။ ကိုအောင်(အောင်ကျော်ဇော)ကတော့ လဝကရုံးလို့ ဆိုပါတယ်။ ထားပါတော့။ အဲဒီလူက ကျော်ဇောဦး သူတို့ဆီရောက်နေပြီ။ အိမ်ကလူကြီးတယောက်ယောက် လာကြိုပါ ..တဲ့။ ဒီတော့ ဖေဖေက ဦးလေးကိုဘဌေးနဲ့ ကိုအောင်ကို သွားကြိုကြဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီရောက်တော့ ကိုကျော်ကို လက်ခံရပါတယ်ဆိုတာကို ဦးလေးက လက်မှတ်ထိုးပေးခဲ့ရ ပါတယ်။ ဒါပေမဲ့ ဦးလေးကိုဘဌေးက ဒီကိစ္စ ဖေဖေ့ကိုပြန်မပြောပြရဲဘဲ မေမေကိုပဲ တိုး တိုးကြိတ် ကြိတ်ပြောပြထားပါတယ်။ ဖေဖေတောက်လျှောက် သိမသွားပါဘူး။

နောင်မှသိရတဲ့ ဇာတ်လမ်းစုံကတော့ ဖေဖေက ငါတို့ဘယ်သူမှလာမခေါ်နိုင်ဘူး ဆို တော့ သူတို့ရန်ကုန်တိုင်းက လူကြီးတွေ ခေါင်းချင်းရိုက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲလို့ တိုင်ပင်ကြသတဲ့။ ကျွန်မတို့ဦးလေး ဒုတိုင်းမှူးက ကဲ ဒီလိုဆိုရင်-ကျွန်တော်ရုံးကအပြန် ခေါ် သွားပြီး အိမ်ပြန်ပို့လိုက်ပါ့မယ်လို့ဆိုတော့ ဗိုလ်ချုပ်ကျော်ထင်က ပျာပျာသလဲနဲ့ (အထက်က အမိန့်ရထားဟန်တူတယ်တဲ့။)ဟာ..အိမ်တိုင်ရာရောက် ပြန်ပို့တယ်ဆိုတာတော့ မဖြစ်ဘူး။ ပြီးတော့ လက်မှတ်ကလည်း ထိုးခိုင်းရဦးမှာ..လို့ ဆိုပြန်သတဲ့။ လွှတ်တာကတော့ ဒီနေ့ ဖြစ် အောင်ကို လွှတ်ရမှာ..လို့လည်း ဆက်ပြောသတဲ့။ ဒီတော့ ဦးလေးက ..ကဲပါ ဗိုလ်ချုပ် ရယ်။ ကျွန်တော်ပဲခေါ်သွားပြီး ရဲဌာနကို အပ်လိုက်ပါ့မယ်။ ပြီးတော့မှ အိမ်ကလူတယောက် ယောက်ကို လာခေါ်ခိုင်းလိုက်ပါ့မယ်..ပြောပြီး ကိုကျော်ကို သူ့ကားနဲ့တင်ခေါ်လာတာပဲ။

ဇာတ်လမ်းက ဒီတင် မဆုံးသေးပါဘူး။ နောက်ဆက်တွဲဖြစ်ရပ်ကလေး ရှိပါသေးတယ်။ အဲဒါပါ ထည့်ပြောမှပြည့်စုံမှာပါ။ အဲဒီကာလတုန်းက ကျွန်မနဲ့ဖေဖေက တခါတရံ (ဥပမာ- စနေ တနင်္ဂနွေလိုနေ့မျိုး) မနက်အစောထ လမ်းလျှောက်တတ်ပါတယ်။ တော်လှန်ရေးပန်းခြံ ထဲလျှောက်ဖြတ်ပြီး ရွှေတိဂုံဘုရားတက်၊ အလယ်ပစ္စယံတပတ်ပတ်ပြီး တခါတရံ အနောက် မုဒ်၊ တခါတရံ မြောက်ဘက်မုဒ်က ဆင်းပြန်တတ်ပါတယ်။

အဲဒါ တနေ့ တော်လှန်ရေးပန်းခြံထဲလမ်းလျှောက်နေတုန်း ရှေ့မှလည်း ဘောင်းဘီတိုနဲ့ လူတယောက် မျက်နှာချင်းဆိုင်က ပြေးလာနေတာ တွေ့ရပါတယ်။ မနက်အစောလည်းဖြစ်၊ ဆောင်းတွင်းလည်းဖြစ်တော့ မြူတွေနဲ့ဆိုင်းနေပြီး လူလုံးမကွဲလှပါဘူး။ ကျွန်မတို့သားအဖ ရှေ့ရောက်လာတော့ အဲဒီပြေးနေတဲ့သူဖျတ်ခနဲရပ်သွားပြီး ဟာ…ဗိုလ်ချုပ်ဆိုတဲ့ အာမေဍိတ် သံနဲ့အတူ သတိဆွဲပြီး အလေးပြုလိုက်တာ တွေ့လိုက်ရပါတယ်။ ဖေဖေလည်း အံ့သြ သွားဟန်ရှိပြီး သြော် ..မင်းကိုးတဲ့။ ဖေဖေက သူ့လက်အောက် အလုပ်လုပ်ဖူးသူတွေကို မာဖီ (အရပ်ဝတ်)နဲ့ တွေ့လည်း မှတ်မိတတ်တယ်လို့ မေမေပြောဖူးတာ သတိရလိုက်မိပါတယ်။ တန်တော့။ ဖေဖေတော့ အဲဒီလူကို မှတ်မိသွားပြီ လို့ စိတ်ထဲထင်လိုက်မိရုံရှိသေး၊ ဖေဖေက ဆက်ပြီး …ဒါနဲ့ မင်းအင်းစိန်ထောင်-ထောင်ပိုင်ဖြစ်နေတယ်ဆို…လို့မေးလိုက်ပါတယ်။ ဟုတ် ဟုတ်ကဲ့ လို့ အဲဒီလူ အထစ်ထစ်-အငေါ့ငေါ့နဲ့ ဖြေလည်းဖြေလိုက်ရော။ ဖေဖေက….

….နေစမ်းပါဦးကွာ။ မင်းတို့လုပ်ပုံက။ ခွေးကိုရိုက်တောင် ခွေးရှင်မျက်နှာကြည့်ရသေး တယ်။ အခုတော့ ငါ့သားကို သူဟာသူ ကျောင်းသွားတက်တာ။ သောရောဖမ်းသွားပြီး ရိုက် လွှတ်လိုက်တာ။ အိမ်ပြန်ရောက်တော့ ချောင်းဆိုးတိုင်းသွေးပါနေလို့ ဓာတ်မှန်ပြေးရိုက် လိုက်ရသေးတယ်။ မင်းးတို့တတွေ ဆူပူသူတွေ ဘာတွေကိုဖမ်းတာ ဖမ်းပေါ့ကွာ။ ဖမ်းရ မှာပေါ့။ ဖမ်းပီးရင်တော့ လူလိုသူလို ဆက်ဆံမှပေါ့။ သားချင်းသမီးချင်း စာနာမှပေါ့။ မင်းတို့ သားရွယ် သမီးရွယ်တွေပဲ။ မင်းတို့က ဒီလိုလုပ်လိုက်ရင် မင်းတို့ကိုကြောက်သွားလိမ့်မယ် လို့ ထင်တယ်။ ဟုတ်လား။ မုန်းသွားတာကွ။ မုန်းသွားကြတာ။ အခု မင်းတို့ကို လူတွေ ဘယ် လောက်မုန်းနေတယ်ဆိုတာ သိကြရဲ့လားလို့ ဆက်တိုက်ကြီးပြောလိုက်ပြီးမှ…ကဲပါကွာ၊ မင်း လည်းချွေးတွေသံတွေနဲ့။ သွားတော့- သွားတော့။ ငါလည်း ဆက်လမ်းလျှောက် လိုက် ပါဦးမယ်…ဆိုပြီး ကျွန်မတို့သားအဖ ထွက်လာခဲ့ပါတယ်။ တော်တော် လျှောက်လာပြီးမှ ကျွန်မလှည့်ကြည့်လိုက်တော့ အခုနလူ ကျွန်မတို့ထားခဲ့တဲ့နေရာမှာဘဲ ငူငူကြီး ဆက်ရပ် နေတာတွေ့လိုက်ရ ပါတယ်။

ဖေဖေကတော့ သူပြောချင်တာတွေ ပြောလိုက်ရလို့ထင်ပါရဲ့။ စိတ်လွတ် လက်လွတ် ခပ်သွက်သွက် ဆက်လျှောက်နေလို့ ကျွန်မမှာ အမောတကောအမီလိုက် လိုက်ရတာ။

အဲဒီကာလ (လွန်ခဲ့တဲ့-၄၇-နှစ်က)- ကျွန်မမှတ်မိသလောက် အဖြစ်အပျက်ကလေးပါပဲ။

လှကျော်ဇော။

၁၃-၆-၂၀၁၆။

မှတ်ချက်။၇-၇-၂၀၁၆နေ့ထုတ် အရေးတော်ပုံ ဂျာနယ်။အတွဲ(၂)။အမှတ်(၅)မှ။