ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● (၇) ရက်ဇူလိုင် ... မမေ့နိုင်

  
လှကျော်ဇော ● (၇) ရက်ဇူလိုင် ... မမေ့နိုင်
(၂၀၁၆ ဇူလိုင် ၇ ရက်နေ့မှာကျရောက်တဲ့ (၅၄) နှစ်ပြည့်အထိမ်းအမှတ်)
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၆
 
၂၀၁၂- ဇူလိုင်(၇) ရက် -နှစ်(၅၀)ပြည့်ကာလက အဖြစ်အပျက်ကလေးပါ။

ဇူလိုင် (၈) ရက်နေ့ မနက်အစောသတင်းနားထောင်ဖို့ ကွန်ပြူတာကိုဖွင့်ပြီး ဗွီ-အို-အေ  သတင်းဌာနရဲ့ပင်မစာမျက်နှာကိုဖွင့်လိုက်တဲ့အခါ ဇူလိုင်(၇) ရက်နှစ်(၅၀) ပြည့် အခမ်းအနားလုပ်ဖို့ ကြိုးပန်းနေတဲ့ ဗ-က-သကျောင်းသားခေါင်းဆောင်များပြန်လည် လွတ်မြောက်လာ … ဆိုတဲ့သတင်းခေါင်းစီးနဲ့ အတူ ဓာတ်ပုံတပုံ ပါလာပါတယ်။

အဲဒီဓာတ်ပုံကတော့ ဇူလိုင်(၆) ရက်နေ့ညက ခေါ်ယူဖမ်းဆီးသွားတာခံရပြီး ဇူလိုင် (၇) ရက်နေ့ညမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဗ-က-သများအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူးမဖြိုးဖြိုးအောင်က ပြုံးရွှင်ကြည်နူးစွာနဲ့ ပန်းစည်းကိုလက်ခံယူနေ တဲ့ ပုံပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကလူမသိသူမသိကျဆုံးကုန်ကြရတဲ့ နောင်တော်- အစ်မတော် တိုက်ပွဲဝင်ကျောင်းသားကျောငိးသူအပေါင်း ကိုဖျတ်ခနဲသတိရလိုက်ပြီး မျက်ရည်တွေကျလာမိပါတယ်။ ၀မ်းနည်းမျက်ရည်သာမက ၀မ်းသာမျက်ရည်တွေ လည်း ပါပါတယ်။ အခုသူတို့လေးတွေ ကုသိုလ် မဆိုးရှာတော့ဘူး။ မိမိရဲ့စွန့်လွှတ်မှု အပေါ် အသိအမှတ်ပြုခြင်းခံရတယ်။…ဆိုတဲ့ဝမ်းသာစိတ်-မုဒိတာစိတ်ပါ။ တဆက်ထဲ မှာပဲ အဲဒီကာလတွေတုန်းက ကျွန်မရင်ထဲကနေ သန္နိဋ္ဌာန် တိတ်တိတ်ချခဲ့မိတဲ့ စိတ် ဓာတ်ကိုပြန်သတိရလာမိပါတယ်။

“ကျသွားရတဲ့သွေးတွေ အလဟဿ မဖြစ်စေရပါဘူး ” ဆိုတာပါပဲ။

ဒါနဲ့ ပဲ အောက်ပါမှတ်တမ်းလေးကို ရေးသားမိပါတော့တယ်။

၁၉၆၂ ခုနှစ်-မတ်လ (၂)ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းစဉ်က ကျွန်မတက္ကသိုလ် မရောက်သေးပါဘူး။ အဲဒီနေ့က ကျွန်မတို့တန်းမြင့်ကျောင်းထွက် လက်မှတ်ရစာမေးပွဲကြီးဖြေနေစဉ်အတွင်း သင်္ချာ(၁)ဖြေရမယ့် နေ့ပါ။ မေးခွန်းတွေ အရောက်နောက်ကျလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စာမေးပွဲကို(၁)နာရီတိတိ နောက် ကျပြီးမှ ဖြေဆိုခဲ့ရပါတယ်။ အဲဒီနှစ်ကတန်းမြင့်ကျောင်းထွက် သို့မဟုတ် (၉) တန်း ဆို တာ ပထမဆုံးစ တီထွင်တဲ့နှစ်ပါ။အရင်က (၈)တန်း အောင်ပြီးရင် တက္ကသိုလ်ဝင် တန်း (၁၀) တန်း တန်းဖြေလို့ ရပါတယ်။ ကျွန်မတို့(၈)တန်းအောင်တဲ့နှစ်ကျမှ တန်းခွဲ စာမေးပွဲနဲ့ကြုံရတာပါ။ ဒါ့အပြင် ရန်ကုန်တိုင်းက တန်းမြင့်စာမေးပွဲဖြေသူတွေ ထပ်ကြုံ ရတဲ့ဒုက္ခရှိပါသေးတယ်။ မေးခွန်းတွေပေါက်ကြားတယ်..ဆိုပြီး ရန်ကုန်တိုင်း တတိုင်း လုံးကကျောင်းသားတွေကို နောက်တကြိမ် ထပ်စာမေးပွဲ ဖြေခိုင်းတာပါပဲ။ စကတည်း ကယဉ်သကိုး ဆိုသလိုပဲ တော်လှန်ရေးကောင်စီက တက်လာလာချင်း ကျောင်းသား ထုကို ရန်စလိုက်ခြင်းပါ။ ဒါကိုဗကသများ အဖွဲ့ချုပ်က ကန့်ကွက်စာတမ်း ထုတ်တာ တွေ ဘာတွေ လုပ်ကြပါသေးတယ်။ ဘာပဲပြောပြော ကျွန်မတို့တတွေ ဒုတိယအကြိမ် စာမေးပွဲပြန်ဖြေလိုက်ရပါတယ်။ ဒီနောက်၁၉၆၃ ခုနှစ် ဇွန်လမှာတော့ ကျွန်မတက္က သိုလ် စတက်ပါတော့တယ်။

အဲဒီတုန်းက ကိုယ်လိုချင်တဲ့ဘာသာ ယူခွင့်ရှိပါတယ်။ ဥပစာတန်း သိပ္ပံနဲ့ ၀ိဇွာ ပဲခွဲပြီး သိပ္ပံတွဲတွေကို လိပ်ခုံး (ဆိုဗီယက်ယူနီယံက လက်ဆောင်အဖြစ် ဆောက် ပေးတဲ့ ပြည်လမ်းက ရောင်စုံအဆောက်အဦးကြီးနဲ့ လိပ်ခုံးပုံစံခန်းမတို့ပါတဲ့ ကျောင်း ၀င်း) မှာ တက်ရပြီး ၀ိဇွာတွဲတွေကတော့ ဘီ-အို-စီကောလိပ်လို့ခေါ်တဲ့ တက္ကသိုလ် ရိပ်သာလမ်းဖက်ကခွဲထွက်ဝင်လာလို့ရတဲ့ (ကျွန်မတို့အခေါ်-သပြေပင်တန်း) တထပ် တိုက် တန်းလျားဆောင်တွေမှာ တက်ရပါတယ်။ သိပ္ပံတွဲယူသူတွေကို ဥပစာ(ခ)တန်း အောင်မှတ် မီသူတွေကိုသာ ဆေးကောလိပ်တို့ အင်ဂျင်နီယာကောလိပ်တို့ကို တက် ခွင့်ပြုပါတယ်။ အဲဒီတုန်းက အားလုံးဟာ ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက်ခံ ကော လိပ်တွေပါ။

၁၉၆၃ ခုနှစ် ဇွန်လကျောင်းဖွင့်ချိန်မှာ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားချိန်ဖြစ်လို့ အတော်အသင့်ပွင့်လင်းပြီး လွတ်လပ်နေပါတယ်။ ဒါကြောင့်ပဲ ၁၉၆၃- ဇူလိုင်(၇) ရက်နေ့မှာ (၇-၇-၆၂) တနှစ်ပြည့်အခမ်းအနားကို တ-က-သအဆောက်အဦးဝင်း အတွင်းမှာ တခမ်းတနား ကျင်းပနိုင်ခဲ့တာပါ။
၁၉၆၂-ဇူလိုင်(၈) ရက်နေ့က ဗုံးဖောက်ခွဲပြီး ဖြိုချလိုက်တဲ့ တ-က-သ အဆောက် အဦးကြီးက အုတ်ကျိုးအုတ်ပဲ့တွေကို တနေရာမှာစုပုံထားတာပါ။အဲဒါကို ကျောင်းသူ ကျောင်းသားများက တဦးချင်း လက်ဆင့်ကမ်းသယ်ယူပြီး တ-က-သ အဆောက် အဦးဝိုင်းထဲက ထီးထီးချည်းကျန်ခဲ့တဲ့ ဗိုလ်အောင်ကျော် ကျောက်တိုင်ဘေးမှာ ၇-၇-၆၂ ဆိုတဲ့ဂဏန်းသင်္ကေတနဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို အားချင်း တည် ဆောက်လိုက်ကြပါတယ်။ ဒါ့အပြင် အဲဒီ ကျောက်တိုင်ဘေးမှာလည်း တ-က-သ အဆောက်အဦး-ဆိုတဲ့စာတမ်းနဲ့ တဲတန်းလျားရှည်ကြီးတခု ထိုးထားပါတယ်။ အဲဒီ တဲတန်းလျားထဲမှာတော့ “(၇) ရက်ဇူလိုင်ဓာတ်ပုံပြပွဲ”ဆိုပြီး ၁၉၆၂-ဇူလိုင်(၇)ရက် နေ့ က ရိုက်ကူးထားတဲ့ရတတ်သမျှဓာတ်ပုံတွေ သတင်းဆောင်းပါးတွေ ဇူလိုင်(၇) ရက် အထိမ်းအမှတ် ကဗျာစာအုပ်တွေ (မြကျွန်းသာကဗျာများ၊ အနီနဲ့အပြာကဗျာများ စသ ဖြင့်) လက်ကမ်းစာစောင်တွေ စုစည်းပြသထားပါတယ်။

၇-၇-၆၃ရက်မှာတော့ ကျန်နေရစ်တဲ့ကျောင်းသားခေါင်းဆောင်အနည်းအကျဉ်း နဲ့ အဆောင်ကျောင်းသားအချို့တို့ အဲဒီကျောက်တိုင်အရှေ့မှာ လွမ်းသူ့ပန်းခွေတွေ ချပြီး သန္နိဋ္ဌာန်စာတမ်းတွေ ဖတ်ကြားကြပါတယ်။ ဆွမ်းကျွေးတရားနာ အမျှဝေ စတာ တွေလည်းလုပ်သေးတယ်လို့ မှတ်မိနေပါတယ်။ ဓာတ်ပုံပြပွဲကိုတော့ ရက်အချို့ ဆက် ဖွင့်ထားပါတယ်။

အဲဒီဓာတ်ပုံပြပွဲကို ကျွန်မရောက်ဖူးလိုက်တာပါ။ ရန်ကုန်တက္ကသိုလ်ဌာနတခုမှာ နည်းပြဆရာလုပ်နေတဲ့ ဦးလေး(၀မ်းကွဲ)က ကျွန်မကျောင်းတက်နေတဲ့ လိပ်ခုံးမှာ လာခေါ်ပြီး တူဝရီး(၂) ယောက် အဲဒီကျောက်တိုင်နဲ့ဓာတ်ပုံပြပွဲကို သွားခဲ့ကြတာပါ။ နေ့ရက်အတိအကျတော့ မမှတ်မိတော့ပါဘူး။ (၇)ရက်ဇူလိုင်ရက်ထက် အတော် နောက်ကျပါတယ်။ ဓာတ်ပုံပြပွဲတောင်ပြီးတော့မှာပါ။ ရန်ကုန်မိုးတစွေစွေရွာနေတဲ့ အဲဒီနေ့မှာ ကျွန်မဗွက်ပေါက်နေတဲ့လမ်းကိုဖြတ်ပြီး တ-က-သ တဲအဆောက်အဦးထဲ က ဓာတ်ပုံပြပွဲကိုသွားခဲ့တာပါ။ ဓာတ်ပုံတွေ၊ သတင်းစာဖြတ်ပိုင်းတွေ၊ ကဗျာရှည် ကြီးတွေ၊ ဖတ်ရင်းကြည့်ရင်းက စိတ်ထဲအမျိုးအမည် မခွဲခြားနိုင်တဲ့ ဝေဒနာကြီးတရပ် ကို ခံစားခဲ့ရပါတယ်။ ယူကျုံးမရစိတ်၊ ၀မ်းနည်းနာကြည်းစိတ်၊ ဒေါသနဲ့မခံချင်စိတ်၊ လက်စားချေချင်စိတ်…စတဲ့စတဲ့ ခံစားချက်တွေတသီကြီး ပေါ်လာနေပါတယ်။ ရင်ထဲ မှာလည်း ကျင်-အေးနေအောင် နာလာနေပါတယ်။

  တကယ်တော့ ကျွန်မဟာ နိုင်ငံရေးအကျဉ်းသမားတွေ၊ အတိုက်အခံနိုင်ငံရေး သမားတွေ၊ တော်လှန်ရေးသမားတွေရဲ့ဆင်းရဲဒုက္ခအဖုံဖုံကိုရော ဖိနှိပ်တဲ့အစိုးရများ ရဲ့ ပြင်းထန်ရက်စက်တဲ့ နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကိုရော ကောင်းကောင်း ကြား ဖူးသိဖူး လေ့လာဖူးပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းက အလွန်ခေတ်စား လူကြိုက် များခဲ့တဲ့ ပြည်သူ့ဂျာနယ်၊ လင်းယုန်ဂျာနယ်၊ လူထုဂျာနယ် စသည်တို့မှာ အနယ် နယ်အရပ်ရပ်က လဲဗီး၊ ပျူစောထီးတို့ရဲ့လူထုအပေါ်ညှဉ်းပန်းမှုတွေ၊ ထောင်ထွက် နိုင်ငံရေးအကျဉ်းသမားတွေရဲ့ ထောင်တွင်းခံစားမှုများ၊ နိုင်ငံခြားတော်လှန်ရေး ၀တ္တုများထဲက ဘာသာပြန်ချက်တွေအများကြီး ရေးသားခဲ့ကြ၊ ဖော်ပြခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ အဲဒီဂျာနယ်တွေဟာ အဲဒီခေတ်အဲဒီကာလက အဖိနှိပ်ခံပြည်သူများရဲ့ ငိုကြွေး တမ်းတတိုင်တည်သံများလို့တောင် ပြောနိုင်ပါတယ်။ အဲဒါတွေဖတ်ပြီး အဲဒီ ဒုက္ခတွေနဲ့မစိမ်းဘဲ ယဉ်ပါးခဲ့ရတဲ့ ကျွန်မဟာ ဒီဇူလိုင်(၇)ရက်အထိမ်းအမှတ်ပြပွဲ ရှေ့ မှာတော့ တခါမှမခံစားရဖူးတဲ့ နာကျင်ဝမ်းနည်းမှုတွေ မခံမရပ်နိုင်မှုတွေ ပေါ်လာရပါ တယ်။

အထူးသဖြင့် “၇-၇-၆၂-မမေ့ကြနဲ့” ဆိုတဲ့ မညီမညာရေးထားတဲ့စာတန်းလေးနဲ့ ဓာတ်ပုံတပုံရဲ့အောက်မှာတော့ အဲဒီဓာတ်ပုံအကြောင်း ရှင်းပြထားတဲ့စာတမ်း။

(၇-၇-၆၂) ရက်နေ့က သေနတ်မှန်လိုက်တဲ့ ကျောင်းသားတယောက် ကျောင်းဆောင် ထဲက နံရံမှာသူကိုယ်ကထွက်တဲ့သွေးနဲ့ရေးထားတဲ့စာတမ်းတဲ့။

အဲဒီအချိန်မှာ ကျွန်မရင်ထဲမှာ အလိုလို သန္နိဋ္ဌာန်တခုချပြီး ဖြစ်သွားပါတယ်။

“ကျသွားတဲ့သွေးတွေ-အလဟဿ မဖြစ်စေရပါဘူး”

အဲဒီ့ အဓိဋ္ဌာန်စာတမ်းဟာ အဲဒီကာလတွေကထုတ်ခဲ့တဲ့ ရဲဘော်လှဦး ဘာသာပြန် တဲ့”တရုတ်ပြည်မှသူရဲကောင်းများ” ဆိုတဲ့ ၀တ္တုတွဲတွေထဲက စာတမ်းပါ။

ရဲဘော်တွေကျဆုံးသွားပြီးတိုင်း ကျန်ခဲ့တဲ့ရဲဘော်တွေက သန္နိဋ္ဌာန်ချတတ်ပြောတတ် တဲ့စကားများပါ။ တကယ်လည်းဟုတ်ပါ တယ်။ ဇူလိုင်(၇) ရက်-၁၉၆၂ ခုနှစ်မှာ ကျဆုံး သွားရတဲ့ ကျောင်းသူ ကျောင်းသားအာဇာနည်တွေရဲ့သွေးတွေ၊ အသက်တွေ၊ ဘယ် မှာ အလဟဿဖြစ်ခဲ့လို့လဲ။ အဲဒီ ဇူလိုင်(၇) ရက်စိတ်ဓာတ်ကိုဆက်လက်ကိုင်စွဲပြီး တဗိုလ်ကျ- တဗိုလ်တက် ခေတ်အဆက်ဆက်မှာ ပြည်သူလူထုကြီးအတွက် ဘ၀ တွေ၊ အသွေးအသားတွေ၊ ပေးလှူခဲ့တဲ့ သူရဲကောင်းတွေနည်းရော့လား။ မ-ဆ-လ ခေတ်က ဘာမေးရှား(ဘာပစ္စည်းမေးမေး-ရှားပါးတဲ့-ဗမာပြည်) လို့ လှောင်ပြောင် အမည်ပေးခံရတဲ့ ဗမာပြည်ကြီး မှာဘယ်တုန်းကမှ ရှားပါးပစ္စည်းမဟုတ်တာကတော့ … ပြည်သူလူထုအကျိုးအတွက်ဘာမဆို စွန့်လွှတ်ရဲကြတဲ့ သူရဲကောင်း များ… ပါပဲ။ ဒါကြောင့်လည်း ဗမာပြည်ကြီးကို “သူရဲကောင်းတို့တိုင်းပြည်” …လို့ ခေါ်ကြဟန် တူပါရဲ့။

အဖိနှိပ်ခံပြည်သူများနဲ့ သူတို့ကိုကိုယ်စားပြုတဲ့ ပြည်သူ့သူရဲကောင်းအပေါင်းဟာ စွှန့်လွှတ်မှုအမျိုးမျိုးပေးဆပ်မှုအမျိုးမျိုး ပြုကြရပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ဘယ် တော့မှ ဘာတခုမှ အလဟဿမဖြစ်ပါဘူး။ ဒီစိတ်ဓာတ်တွေကို ကိုင်စွဲပြီး နောက် ဆုံးအောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမှာပါ။

ကျဆုံးလေပြီးသောရဲဘော်အပေါင်းတို့… အေးချမ်းစွာအနားယူပါတော့။
(၁၉၆၂ ခုနှစ်၊ဇူလိုင်(၇)ရက်နေ့က စလို့ကျောင်းသားအခွင့်အရေးရရှိရေးတိုက်ပွဲ အဆက်ဆက်မှာပေးဆပ်ခဲ့ကြရတဲ့ သူရဲ ကောင်းအပေါင်းကို ဦးညွတ်အလေးပြု လိုက် ပါတယ်။)

လှကျော်ဇော။
၇-၇-၂၀၁၄။
မှတ်ချက်။

ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်သည့် ၇၅-နှစ်မြောက်အထိမ်းအမှတ် အထူးထုတ်… အရေးတော်ပုံဂျာနယ် ။၂၀၁၄-သြဂုတ်လ(၁၅)။

အတွဲ(၂)၊ အမှတ်(၂)မှ-ဇူလိုင်-၇-ရက်(၅၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ရေးသား ထားတဲ့ ဆောင်းပါးကိုပြန်လည်ဖော်ပြပါတယ်။