တင်လတ်ကို - ပန်းဆိုးတန်းက ရွှေငါးလေးတွေ



တင်လတ်ကို - ပန်းဆိုးတန်းက ရွှေငါးလေးတွေ 
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆


ရွှေငါးလေးတွေက
ရေတိမ်နစ်ရတာ ကြိုက်တယ်။

(ထင်ရတာ)

ရွှေငါးလေးတွေက ရောင်စုံ
အရွယ်စုံ၊ ဆိုဒ်စုံ၊ ခံစားမှုအစုံစုံ
စုန်ဖို့ ဆင်းချလာတာမဟုတ်
ဆန်တက်ဖို့

ချက်မယ့် ဆန်ရဖို့
ပိုက်ဆံရမှ အဲဒါတွေ ဖြစ်မှာလေ
ရွှေငါးတကောင် ပြောဖူးတယ်။

ရွှေငါးလည်း ရွှေငါးအလျောက်
ရေတိုက်ရမယ်
အစာကျွေးရတယ်
နေစရာပါ ထပ်ရှာရတယ်။

ရွှေငါးလေးတွေက
မနက်ဆို ရေစီးနဲ့ရောက်လာ
ရေစီး ကျပ်ကြောင်း၊
ပွိုင့်မိကြောင်းလည်း ကြားရ
မှတ်တိုင်မှာ
လူယောင်ဆောင်ရတာလည်းရှိ

လှမ်းကြည့်မိရင်
ရွှေငါးလေးတွေက 'သွားမလား' တဲ့
(ဘယ်ကိုတော့ မပြော)
လှေကားအတိုင်း
ရွှေငါးလေးတွေ ခေါ်ဆောင်သွားလိမ့်မယ်။

ရွှေငါးလေးတွေ အဓွန့်ရှည်ပါစေ။ ။