ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● မလွတ်လပ်ရေးနေ့များအကြောင်း

ဂါမဏိ ● မလွတ်လပ်ရေးနေ့များအကြောင်း
( ၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် - ၁ ၅ )
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၆
 
ကျနော်ကလေးဘဝ သိတတ်စအချိန်တွင် လွတ်လပ်ရေးနေ့ကို စတင်တွေ့ထိခဲ့ရပါသည်။ မုန့်စားပြေး ပြိုင်ပွဲ၊ ဂုန်အိတ်စွပ်ပြေးပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကစားရသည်။ ကျနော့်ထက်ကြီးသော ကိုကို၊ မမတို့ကတော့ ရေအိုးရွက်ပြေး ပြိုင်ပွဲ၊ အပ်ပေါက်ထိုးပြိုင်ပွဲ၊ မျက်စိအဝတ်စည်း သံပုံးရိုက်ပြိုင်ပွဲ စသည် တို့ကို ဆင်နွှဲရပါသည်။ ကျနော်လည်း ကိုကိုတို့အရွယ် ရောက်သောအခါ ထိုကစားပွဲများ၌ ရယ်မော ပျော်ရွှင် ပါဝင်ခွင့်ရလာပါသည်။ အကိုကြီးများ၊ ဦးလေးများကတော့ ချောတိုင် တက်ပွဲ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲများကို တပျော်တပါးဆင်နွှဲကြပါသည်။

ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့ဆိုသည်မှာ ကစားနည်းမျိုးစုံကစားရ၊ မုန့်မျိုးစုံစားရပြီး လွတ်လပ် စွာရယ်မောပျော်ရွှင်ရ သော နေ့တနေအဖြစ်သာ စွဲမှတ်ခဲ့မိပါသည်။ ထိုရက်ကို လွန်မြောက်သွားသော အခါ ကလေးတို့ထုံးစံအတိုင်း အခြားအ ရေးကြီး သို့မဟုတ် ဦးစားပေး ကစားခုန်စားမှုများတွင် နစ်မျော သွားခဲ့ပြန်သည်။ ထို့အပြင် စိတ်ညစ်စရာကောင်း လှသော စာသင်ရခြင်းနှင့် စာကျက်ရခြင်းတို့ကိုလည်း မပျော်ရွှင်စွာ ဖြတ်သန်းရပါသေးသည်။ အဆော့လွန်၍ မိဖများ၏ဆဲဆို ငေါက်ငန်းမှုမှသည် ရိုက်နှက် ကန်ကျောက်မှုအဆုံး မျက်ရည်နှင့်ရင်ဆိုင်ရခြင်းမှာလည်း မဆန်းလှ။ စင်စစ်ကလေးဘဝသည် သီချင်း ထဲကလို လုံးဝအပူပင်ကင်းတဲ့ဘဝတော့ မဟုတ်ဟု ယူဆမိပါသည်။

ဤသို့ဖြင့် လွတ်လပ်ရေးနေ့များကို နှစ်စဉ်နှစ်စဉ်ဖြတ်သန်းလာရင်း ထိုတနှစ်တနှစ်စီ၌ မလွတ်လပ် သောနေ့များကလည်း အမှတ်ထင်ထင် ဖြစ်လာခဲ့ပါသည်။ ထိုမှသည် လက်တွေ့လူမှုစီးပွားနယ်ပယ်၌ ကူးခတ်နေရသော ဘဝများနှင့် တရွေ့ရွေ့ နီးကပ်ယှက်ဖြတ်လာရသလို ရှောင်လွဲမရသော အထွေထွေ သုတအသိပညာတို့ကလည်း ကျနော်၏အတွေးအခေါ် များအ ပေါ် အရိပ်ထိုးလာခဲ့ပါသည်။

စစ်အာဏာရှင်စနစ်အောက် စီးပွားရေးအဆိုးသံသရာတွင်းမှ မိဘများ၏မွန်းကြပ်မှု၊ ရပ်ရွာပတ်ဝန်း ကျင်မှ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ အသိအကျွမ်းအရပ်သားများတို့၏မောဟိုက်မှုများသည် ကလေးဘဝမှ မလွတ်လပ်ရေးနေ့များ ကို အရည်အချင်းအရလည်းကောင်း၊ အရေအတွက်အရ လည်းကောင်း၊ ပြောင်းလဲ အရောင်ဆိုးပစ် လိုက်ပါသည်။

ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့၏အရိပ်ကို ကျနော့်နှလုံးသားထဲမှ အပြီးအပိုင်ပျောက်ကွယ်သွား စေခဲ့သော (ကျနော့်အတွက်) ပထမဆုံးမလွတ်လပ်ရေးနေ့မှာ ၁၉၇၄ ဇွန် (၆)ရက်နေ့ ဖြစ်ပါသည်။ ဆင်းရဲပင်ပန်းစွာ ခွန်အားစိုက်ထုတ် အလုပ်လုပ်ရသော အလုပ်သမားကြီးများ စားစရာမရှိ၍ ငြိမ်း ချမ်းစွာဆန္ဒပြတောင်းဆိုသည်ကို အစုလိုက်အပြူံလိုက်ပစ်သတ်လိုက်ခြင်းအား ကျနော်ကြုံတွေ့ရသည့် အခါ ကျနော့်ဘဝ၌လွတ်လပ်ရေးနေ့ပျောက်ဆုံးသွားပါတော့သည်။ ဇန်နဝါရီ (၄)ရက်နေ့သည် မလွတ် လပ်သော လွတ်လပ်ရေးနေ့ ဖြစ်သွားရပါသည်။

ထိုမှတဖန် နောက်ခြောက်လအကြာ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်၏ဈာပနကို ငြိမ်းချမ်းစွာစုဝေးလျက် စီစဉ်ခင်းကျင်းနေသော ကျောင်းသားများ၊ သံဃာတော်များ နှင့် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ပြီး ထောင်သွင်းအကျဉ်းချ၊ ပစ်ခတ်သတ်ဖြတ်ပြန် သောအခါ ကျနော့်အတွက် ဒုတိယမြောက် မလွတ်လပ်ရေးနေ့ကို ကြုံတွေ့ခဲ့ရပြန်ပါသည်။ ဤသို့ဖြင့် နောက်ထပ်ခြောက်လအကြာ ၁၉၇၅ ဇွန် (၁၁)ရက်နေ့သည်လည်းကောင်း၊ ၁၉၇၆ ခု မတ်လ (၂၃) ရက်သည်လည်းကောင်း နောက်ထပ် နောက်ထပ် မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ရပါသည်။

စင်စစ်အားဖြင့် ကျနော်တဦးတည်းအနေဖြင့် မစဉ်းစားမခံစားဘဲ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအရ ကြည့် လျှင်မူ ၁၉၆၂ ခု မတ်လ (၂)ရက်နေ့သည် ပထမဦးဆုံးသော မူလလက်ဟောင်း မလွတ်လပ်ရေးနေ့ ဖြစ်သည်ကို နောက်ပိုင်းတွင် ကျနော်သိလာခဲ့ပါသည်။ တနည်းအားဖြင့် ဘဝများနှင့်ဆက်နွယ်ပြီး လောကအမြင်များရရှိလာသလို ထိုဘဝများကိုထင် ဟပ်နေသည့် စာပေစာနယ်ဇင်းတို့မှလည်း လောကအသိတရားများ ရရှိလာခဲ့ပါသည်။

၁၉၇၄ ဇွန် (၆)ရက်၊ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်၊ ၁၉၇၅ ဇွန် (၁၁) ရက်၊ ၁၉၇၆ မတ် (၂၃) ရက်တို့ သည် ၁၉၆၂ မတ်လ (၂)ရက်နေ့မှစတင်ခဲ့သော မလွတ်လပ်ရေးနေ့ရှည်ကြီးအတွင်းမှ ၁၉၆၂ ခု ဇူလိုင် (၇) ရက်လို မလွတ်လပ်ရေးနေ့ ကစားခုန်စားပွဲများသာဖြစ်နေသည်ကို တုန်လှုပ်ခြောက်ခြားစွာ တွေ့ရှိ သွားမိပါသည်။ ဤသို့ဖြင့် ၁၉၈၈ ခု မတ်လ (၁၃) ရက်သည်လည်း ကောင်း၊ ၁၉၈၈ ခု ဇွန်လ (၂၁) ရက်သည်လည်းကောင်း၊ ၁၉၈၈ သြဂုတ် (၈) ရက်သည်လည်းကောင်း၊ မလွတ်လပ်ရေးနေ့ မပျော်ပွဲ မရွှင်ပွဲများ အထူးဝှဲချီးကျင်းပရာကာလများ ဖြစ်သွားပါတော့သည်။

၁၉၈၈ ခု သြဂုတ် (၁၂)ရက် ဖက်ဆစ်လက်ရုံး လူသတ်သမတ ရာထူးကျပြီးနောက် သြဂုတ် (၂၆) ရက် ရွှေတိဂုံအနောက်မုခ်၌ ဒေါ်အောင်ဆန်းစုကြည်က လူထုရင်ထဲသို့ လွတ်လပ်ရေးပန်း မျိုးစေ့ချလိုက်သည့်အခါ ပျောက်ဆုံးနေခဲ့သော လွတ်လပ်ရေး နေ့၏ရနံ့များကို ဝေ့ခနဲ ရှူလိုက်ရပါသည်။ သို့သော် လွတ်လပ်ရေးနေ့၏ ရနံ့မွှေးမြမြလေးမှာ တလမကြာမီ လွင့်ပျယ်သွား ခဲ့သည်။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်သည် ရိုင်းစိုင်းညစ်ထေးလှသော မဟာမလွတ်လပ်ရေးနေ့သစ်အဖြစ် ယမ်းငွေ့တ လူလူလွှင့်ကာ မပျော်ပွဲမရွှင်ပွဲ အကြီးအကျယ် ပွဲခံခဲ့ပါသည်။

မလွတ်လပ်ရေးနေ့သည် ၁၉၆၂ ခု မတ်လ (၂) ရက် သို့မဟုတ် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက် တို့တွင်သာ မြစ်ဖျားခံခဲ့ သည်မဟုတ်ပါ။ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးစုများအတွက် သီးသန့် မလွတ်လပ်ရေးနေ့များ စောစွာကတည်းက ရှိခဲ့သည်ကိုကြည့်သောသူ မြင်တွေ့သိမှတ်လာရပါသည်။

၁၇၅၇ ခု မေလ (၆) ရက်သည် မွန်အမျိုးသားတို့၏ လွတ်လပ်သော ဟံသာဝတီနိုင်ငံကို မုဆိုးဘို ရွာသူကြီးတဖြစ်လဲ ရွှေဘိုဘုရင် ဦးအောင်ဇေယျက သိမ်းပိုက်ဖျက်ဆီးလိုက်သော မလွတ်လပ်ရေးနေ့ တနေ့ဖြစ်ပါသည်။ မွန်တို့မှာ ၁၇၄၀ ခုနှစ်မှစ၍ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို စတင်တော်လှန်ခဲ့ သော်လည်း ၁၇၅၁ ခုနှစ်ကျမှ လွတ်လပ်သော တတိယမွန်နိုင်ငံ ပြန်လည်ထူထောင်နိုင်ခဲ့သည်ဖြစ်၍ လွတ်လပ်ရေးနေ့ကို (၆)နှစ်သာ ခံစားလိုက်ရပါသည်။ သည့်အရင်ကမူ ၁၀၅၇ ခု အနော်ရထာဘုရင် သထုံမသိမ်းမီ ပထမမွန်နိုင်ငံ နှစ်ပေါင်း (၅၀၀) ခန့်၊ ပုဂံပျက်ပြီးနောက်ပိုင်း ဝါရီရူမင်း၏ အဆက် အနွယ်များ ယိုးဒယားမင်းသြဇာခံဘဝမှ ရုန်းထွက်နိုင်ခဲ့သည့် ၁၃၄၀ ခုနှစ်နှင့် တောင်ငူဘုရင် တပင်ရွှေ ထီးဟံသာဝတီ သိမ်းသည့် ၁၅၃၆ ခုကြား ဒုတိယမွန်နိုင်ငံ နှစ်ပေါင်း (၂၀၀)နီးပါး စသည်ဖြင့် လွတ်လပ် ရေးနေ့များကို ခံစားခဲ့ရပါသည်။ ပထမဦးဆုံးသော မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၀၈၃ ခု ငရမန်ကန်း၏တော်လှန်ရေးကို ကျန်စစ်သားက ချေမှုန်းပစ်ခဲ့သလို နောက်ဆုံး မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ် သည့် ၁၈၂၇ ခုနှစ်ဆန်း သမိန်ဗရူးခေါင်းဆောင် သော မွန်နှင့်ကရင်တို့၏တော်လှန်ရေးကိုလည်း ဘ ကြီးတော်မင်းက နှိမ်နင်းပစ်ခဲ့ပါသည်။

၁၇၅၂ ခု မတ်လ (၁၁)ရက်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိအား ဟံသာဝတီနိုင်ငံက လက်ရ ဖမ်းဆီးပြီး အင်းဝတနိုင်ငံလုံးကို သိမ်းပိုက်လိုက်ချိန်မှ ၁၇၅၄ ခု ဇန်နဝါရီ (၃)ရက်တွင် အင်းဝမြို့တော် ကိုမွန်တို့လက်လွှတ်လိုက်ရချိန်ထိ အလောင်းဘုရားခေါ် ဦးအောင်ဇေယျနှင့် ဗမာအမျိုးသားတို့မှာ မလွတ်လပ်ရေးနေ့ကို ခံစားခဲ့ရသည်။ ယင်း၏အကျိုးဆက် အဖြစ် ဦးအောင်ဇေယျက မွန်အမျိုးသားတို့ ကို ၁၇၅၇ ခု၌ မလွတ်လပ်ရေးနေ့ တန်ပြန်သက်ရောက်စေခဲ့ပါသည်။ သို့ရာတွင် လူမျိုးရေးအရ လက် စားချေသန့်စင်ပစ်မှုကြောင့် မွန်အမျိုးသားတို့ခံစားရသော မလွတ်လပ်ရေးနေ့မှာ ပို၍ပြင်းထန်ခါးသီးခဲ့ ပါသည်။ တချိန်က မွန်အမျိုးသားတို့ပျံ့နှံ့ပွားစီးရာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသကြီး တခု လုံးတွင် မွန်များ ပြောင်တလင်းခါသွားခဲ့တော့သည်။

၁၇၈၄ ခု ဒီဇင်ဘာ (၂၈)ရက်မှာမူ ရခိုင်အမျိုးသားတို့၏ မလွတ်လပ်ရေးနေ့ ဖြစ်ခဲ့ပါသည်။ ယင်းနေ့ တွင် အင်းဝဘုရင် ဘိုးတော်ဘုရား ခေါ် မောင်ဝိုင်းက လွတ်လပ်သော မြောက်ဦးနိုင်ငံကို သိမ်းပိုက်ခဲ့ပါ သည်။ ယခင်က ပုဂံမင်း၊ အင်းဝမင်း၊ ဟံသာဝတီမင်းတို့ထံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းများ ရှိသော် လည်း ယခုနောက်ဆုံးအကြိမ်လို ကြာရှည်ခြင်းမရှိခဲ့။

ရှမ်းတို့၏ မလွတ်လပ်ရေးနေ့မှာမူ ၁၅၅၈ ခုကပင် စတင်ခဲ့ပါသည်။ ယင်းနှစ်တွင် တောင်ငူ-ဟံသာ ဝတီဘုရင် ဘုရင့်နောင်က ယခုအထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ရှိ လွတ်လပ်သော ရှမ်းစော်ဘွား နယ်အားလုံးကို အပြီးအပိုင်သိမ်းပိုက်လိုက်ခြင်းဖြင့် ရှမ်းတို့၏မလွတ်လပ်ရေးနေ့များ စတင်ခဲ့ပါသည်။ သည့်အရင်က ရှမ်းတို့သည် ၁၄၅၀ ခုအထိ ရွှေလီကိုဗဟိုပြုသော လွတ်လပ်သည့် မောရှမ်း ဘုရင့်နိုင်ငံ ကြီးကို တည်ထောင်စိုးစံခဲ့ဖူးပါသည်။ ထိုမျှမက ပုဂံပြည်ကို မွန်ဂိုတို့ သိမ်းပိုက်ဖျက်ဆီးပြီးနောက် ရှမ်း တို့က လွတ်လပ်သော အင်းဝနိုင်ငံထူထောင်ခဲ့ရာ ၁၅၅၅ ခု အင်းဝကို တောင်ငူဘုရင် ဘုရင့်နောင် သိမ်းပိုက်သည့်အချိန်ထိ ရှမ်းမင်းများ၊ ဗမာမင်းများ သို့မဟုတ် ရှမ်းဗမာကပြားမင်းများက ရှမ်း-ဗမာ ပူးတွဲ နိုင်ငံဖြစ်သော အင်းဝထီးနန်းကို အုပ်စိုးခဲ့ကြပါသည်။

ကရင်နီတို့၏မလွတ်လပ်ရေးနေ့မှာ ၁၉၄၈ ခု သြဂုတ်လ (၉)ရက် ဖြစ်ပါသည်။ ၁၈၇၅ ခု အင်္ဂလိပ်-မြန်မာစာချုပ်အရ လွတ်လပ်ရေးရထားသော ကရင်နီပြည်ကို ဖဆပလဦးနု၏တပ်များက ထိုနေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် မလွတ် လပ်သွားခြင်းဖြစ်ပါသည်။

လက်နက်အားကိုး စုစည်းထားသော ရှေးဟောင်းမြန်မာနိုင်ငံအဖို့ ကမ္ဘာ့နယ်ချဲ့စနစ်ဟူသော ပထမ ဂလိုဘယ်လိုက်ဇေးရှင်းနှင့်ကြုံရသည့်အခါ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ တိုင်းရင်းသားလူမျိုး အားလုံးအတွက် မလွတ်လပ်ရေးနေ့များ ပေါင်းဆုံ သွားခဲ့ပါသည်။ ရန္တပိုစာချုပ်ချုပ်ပြီး ပထမအင်္ဂလိပ်-မြန်မာစစ် အဆုံးသတ်သွားသော ၁၈၂၆ ခု ဖေဖော်ဝါရီ (၂၄) ရက်သည် လည်းကောင်း၊ ဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ကြောင်း ကြေညာသည့် ၁၈၅၂ ခု ဒီဇင်ဘာ (၁၇) ရက်သည် လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာ၏ပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးအား ဗြိတိသျှအင်ပါယာတွင်း တရားဝင် သွတ်သွင်းလိုက်သည့် ၁၈၈၆ ခု ဇန်နဝါရီ (၁) ရက်နေ့သည်လည်းကောင်း ထပ်ဆင့်မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ပါသည်။

ဤသို့သော မလွတ်လပ်ရေးနေ့များသည် ၁၉၄၇ ခု ဖေဖော်ဝါရီ (၁၂) ရက်၌ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ်သို့ လှ ပစွာစုဆုံပေါင်းစည်းသွားနိုင်မည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ အမြော်အမြင်ကြီးမားပြီး စိတ်ရင်းစေတနာပြည့်ဝလှသော အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အလားတူ ဉာဏ်ပညာကြီးမားသော တိုင်းရင်းသားခေါင်းဆောင်တို့နှင့်အတူ၊ ပင်လုံစာချုပ်အားဖြင့် မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ရေးနေ့ကို ဆောင်ကျဉ်းနိုင်ရန် လုံ့လ စိုက် ထုတ်ခဲ့ပါသည်။

သို့ရာတွင် ယင်းတိုင်းရင်းသားအားလုံး၏ လွတ်လပ်ရေးနေ့အလင်းစ,သည် ဗိုလ်ချုပ်ကျဆုံးခြင်းနှင့် အတူ ပိတ်ဖုံးသွားခဲ့ရပါ သည်။ ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့သည် အနော်ရထာ-ကျန်စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ ဦးအောင် ဇေယျ-ဘိုးတော်မောင်ဝိုင်းတို့၏ မျိုးဆက်သစ် ဖဆပလ-ဆိုရှယ်လစ်ခေါင်းဆောင်များက တိုင်းရင်းသားတို့အပေါ် မလွတ် လပ်ရေးပေးသောနေ့ ဖြစ်သွားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစုများသာမကဘဲ ကျောမွဲနင်းပြားလူတန်းစားများအတွက် လည်း မလွတ်လပ်ရေးနေ့ ဖြစ်နေခဲ့ရပါသည်။

ဤမလွတ်လပ်ရေးနေ့များသည် ၁၉၆၂ ခု မတ်လ (၂) ရက်တွင် အဆင့်သစ်တခုဆီ ပေါင်းဆုံ တိုးတက်သွားခဲ့သည်။ လက် တဆုပ်စာ စစ်အုပ်စုမှအပဖြစ်သော လူမျိုးအားလုံး၊ လူ့အလွှာအားလုံး၊ လူတန်းစား အားလုံး၏ မလွတ်လပ်ရေးနေ့များသည် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တွင် နောက်ထပ်တဖန် တဆင့် မြင့်ပေါင်းစည်းသွားခဲ့ပြီး၊ ၁၉၉၀ မေ (၂၇) ရက်နေ့တွင်မူ မလွတ်လပ်ရေးနေ့အောက်မှ ပျော်ပွဲရွှင်ပွဲကို ထူးထူးခြားခြားကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် ထုံးစံအတိုင်း ဤပျော်ပွဲရွှင်ပွဲသည် မကြာမီ ခဏတိုအတွင်း မပျော်ပွဲမရွှင်ပွဲအဖြစ်သို့၊ မလွတ်လပ်ရေးနေ့စစ်စစ်အဖြစ်သို့ ကြေကွဲနာကျင်စွာ ပြောင်းလဲသွားရပါ သည်။

ကျနော်တို့အားလုံး၏ မလွတ်လပ်ရေးနေ့များကို သာယာပျော်ရွှင်ဖွယ်ကောင်းသော၊ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ် တပျော်တပါး ဝိုင်းဖွဲ့ဆင်နွှဲ ခံစားနိုင်ဖို့ အားလုံးမှာ အိပ်မက်များရှိနေပါသည်။

ဂါမဏိ (၂၀၀၇)