ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ညိုထက်ညို ● အမေတခု သမီးတခု (၀တ္တုတို)

ညိုထက်ညို ● အမေတခု သမီးတခု (၀တ္တုတို)
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆

ဆောင်းဝင်စမို့ထင်တယ်။ မင်္ဂလာဈေးလမ်းဆုံကို လှိုင်ဦးရောက်တော့ မှောင်တော့မယ်။ ဗညားဒလလမ်းမကြီးအတိုင်း တည့်တည့်ဆက်ဆင်းလာတော့ ယုဇနပလာဇာရှေ့ကို ရောက်လာတယ်။ အရင်ကတော့ အန်တီမူတို့အိမ်က ယုဇနပလာဇာ အလွန် ဗညားဒလ လမ်းမကြီးပေါ်မှာပဲ။ မျက်နှာစာမှာ မှန်တွေကာပြီး ဆေးအဝါရောင် သုတ်ထားတဲ့ တိုက်တန်းရှည်ကြီး ထဲက မကျဉ်းမကျယ် တိုက်ခန်းလေးတခန်းပေါ့။ အောက်မှာ ပုဂ္ဂလိကဆေးခန်းကလေး တခန်းရှိတယ်။ အန်တီမူတို့ အခန်းက ငါးလွှာမှာ။ တက်ရတာမောပေမယ့် အန်တီမူတို့ အလုပ်ကလည်း   ပတ်ဝန်းကျင်ကိုဂရုစိုက်ရတဲ့ အလုပ်မျိုးဆိုတော့ ဖြတ်သွားဖြတ်လာနည်းတဲ့ မြင့် တဲ့ အလွှာမျိုးကို ရွေးရတယ်။ ဒါတောင်မှ လေးငါးခြောက်လကြာလာရင် တိုက်ကသိတဲ့ လူတွေ သိကုန်တာပါပဲ။ တယောက်စကား တယောက်နားနဲ့ပေါ့။ တခါတခါလာတဲ့ ဧည့်သည် တွေကလဲ လှေကားကဆင်းရင်း ဟိုကောင်မလေးက ဘယ်လို ဒီကောင်မလေးက ဘယ်လို ပြောကြဆိုကြနဲ့ နားစွန်နားဖျား ကြားချင်လည်း ကြားမိကြ မှာပေါ့လေ။ ဒါတောင် အန်တီမူက အိမ်မှာ နှစ်ယောက်ထက်ပိုပြီး ထားလေ့ထားထရှိတာမဟုတ်ဘူး။ တခါတလေ အလွန်ဆုံး မှ သုံးယောက်ရယ်။ ကောင်မလေးတွေကိုလည်း အပြင်ပေးထွက်တာမဟုတ်ဘူး။ အိမ်မှာပဲ ပြင်ပြင်ဆင်ဆင်လေး လုပ်ပြီးနေ။ အိမ်အလုပ် လုပ်စရာရှိတာလေးတွေလည်း ဝိုင်းဝက်လုပ်ပေါ့။ တလမှတခါလောက် သူတို့ ကိုယ့်အိမ်ကိုယ်ပြန်တာလောက်ပဲ ရှိတာ။

ဒါပေမဲ့ မရပါဘူး။ ခြောက်လ တခါလောက်တော့ ပြောင်းရတာပါပဲ။ သူတို့အလုပ်က ရေရှည် တနေရာတည်း စွဲလုပ်လို့မှ မဖြစ်တာ။ ဒါနဲ့ ဒီတခါပြောင်းရတော့ နီးနီးနားနား အောင်မင်္ဂလာ လမ်းထိပ်ကတိုက်ကိုပဲ ပြောင်းကြတယ်ပြောတယ်။ ဖုန်းက တော့ မပြောင်းဘူးလေ။ သူတို့ အလုပ်နဲ့ကိုက်တဲ့ ခြင်းဖုန်းငှားထားရတာကိုး။ ရံဖန်ရံခါလာနေကျ လှိုင်ဦးတို့လို လူတွေကို တော့ မပြောင်းခင် တလလောက်ကတည်းက လိပ်စာအသစ် ဖုန်းနဲ့ ပေးပြီးပါပြီ။ ကျန်တဲ့သူတွေကိုတော့ ဖုန်းဆက်မှပဲ ပြောရတာပေါ့။ လှိုင်ဦး တွေးနေရင်းနဲ့ ကားက အောင်မင်္ဂလာလမ်းထိပ်နားကို ရောက်လာတယ်။ လှိုင်ဦး ညနေက အန်တီမူ ပြောလိုက်တဲ့အတိုင်း ကားကို အောင်မင်္ဂလာလမ်းထဲချိုးဝင်လိုက်ပြီး ပထမဆုံးတွေ့တဲ့ တိုက်ရှေ့မှာပဲ ထိုးလိုက်တယ်။ ပြီး တော့ ကားတံခါး သော့ခတ်ပြီး တိုက်နံပါတ်ကို လှမ်းကြည့်တယ်။ ပြီးတော့ အန်တီမူပြောလိုက်တဲ့အတိုင်း လေးလွှာကို တက်လာခဲ့တယ်။

မှုန်ပြပြ မီးလုံးအဝါရောင်လေးလင်းနေတဲ့ လှေကားတလျှောက် လှိုင်ဦးတက်လာရင်း လေးလွှာ လှေကားထိပ်တည့်တည့်က အန်တီမူပြောလိုက်တဲ့ ညာဘက်ခန်းရှေ့ ရောက်လာတယ်။ လှိုင်ဦး အခန်းတံခါးဝက ဘဲလ်လေးကို နှိပ်လိုက်တော့ ချောင်း ကြည့်ပေါက် ကလေးပွင့်လာပြီး စန္ဒီ့ မျက်နှာသွယ်သွယ်ကလေးကို တွေ့လိုက်ရတယ်။ စန္ဒီက အန်တီမူ့ရဲ့သမီးလေ။ အန်တီမူ့ယောက်ျား စန္ဒီ့အဖေက ဒလဘက်က တည်းခိုခန်းတခုမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ရင်း အဖမ်းခံရလို့ ထောင်ကျ နေတယ်။ သူထောင်ကျနေတော့ အန်တီမူတို့က အမေတခုသမီးတခု ဘဝနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်နေတာပေါ့။ အန်တီမူ တို့က ကုလားစပ်ပုံရတော့ စန္ဒီကလည်း ကုလားဆင်မလေး။ စန္ဒီနဲ့သူက ရွယ်တူလောက်ရှိတာမို့ လှိုင်ဦး အန်တီမူ့ဆီ ဘော်ဒါ တယောက်ကောင်းမှုနဲ့စရောက်တုန်းကတော့ မျက်နှာနည်းနည်းပူတယ်။ စန္ဒီကတော့ ရိုးနေပြီလေ။ လှိုင်ဦးလည်း နောက် ပိုင်း ရိုးသွားတော့တာပေါ့။ အမှန်က ဒီနေ့က လှိုင်ဦးလာဖို့ မရှိဘူး။ ဒါပေမဲ့ ညနေတုန်းက အန်တီမူက ဖုန်းဆက်တယ်လေ။ မတွေ့တာကြာပြီ ဘာညာ စကားပလ္လင်ခံပြီးတော့ အသစ်ကလေးတယောက် ရောက်နေတယ်လို့ လှိုင်ဦးကို ပြောတယ်။ လှိုင်ဦးလည်း နေရာသစ်ပြောင်းပြီးကတည်းက တခေါက်မှမရောက်သေးတာနဲ့ ဒီညနေပဲ ထွက်လာမိတာပေါ့။ တွေးနေရင်းနဲ့ လှိုင်ဦးအခန်းထဲကို ဝင်လိုက်တယ်။

ဝင်ဝင်ချင်း အခန်းထဲမှာတော့ အန်တီမူရယ်၊ အသက်လေးဆယ်ကျော် လေးဆယ့်ငါးလောက် ရှိတဲ့ အသားလတ်လတ် မိန်းမကြီးတယောက်ရယ်၊ ဘယ်လိုမှ ၁၈ နှစ် ကျော်ပုံမရသေးတဲ့ ဖြူဖြူချောချော ခပ်လုံးလုံးပြည့်ပြည့် ကောင်မလေး တယောက်ရယ် ဧည့်ခန်းထဲက ပတ်လည်ချ ထားတဲ့ ကုလားထိုင်တွေပေါ်မှာ ထိုင်နေကြတယ်။ အန်တီမူက “လှိုင်ဦးလည်း ခုမှပဲ ပေါ်လာတော့တယ်၊ မတွေ့တာ ကြာပြီဟေ့”  လို့ ပြောပြောဆိုဆို လှိုင်ဦးကို ခုံနေရာပေးတယ်။ လှိုင်ဦးဝင်ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်က ကောင်မလေးဘက် အကြည့်ရောက်သွားတော့ ကောင်မလေးက အန်တီမူနဲ့ မျက်စောင်းထိုးကပ်လျက် စကားပြောနေတဲ့ အသားလတ်လတ်မိန်းမကြီးဘေးမှာ ထိုင်နေတယ်။ ပန်းပွင့်ပုံလေးတွေပါတဲ့ တီရှပ်အဖြူလေးနဲ့ အဖြူ ရောင် သရီးကွာတား ဘောင်းဘီလေးကို ဝတ်ထားတယ်။ ဆံပင်လေးက လည်းစည်းပြီး ကျောနောက်မှာ ချထားတော့ ကောင်မလေးက တကယ့်ချာတိတ်မလေးလို ဖြစ်နေတယ်။ အသက်လည်း ၁၈ နှစ်တောင် ပြည့်ပုံမရသေးဘူး။ ဆယ့်ခြောက် ဆယ့်ခုနစ် လောက်ပဲရှိဦးမယ်ထင်တယ်။   အဲဒီမှာပဲ ကောင်မလေး လှိုင်ဦးကိုတချက်ကြည့်ပြီး ခေါင်းပြန်ငုံ့သွားတယ်။ ပြီး တော့ သူ့ ညာဘက်လက်သည်းလေးတွေ သူ ဆိတ်နေတယ်။

“ဟုတ်တယ် အန်တီ၊ အိမ်က ကားတွေ ပြင်နေရတာနဲ့ဗျာ၊ တလလုံးပဲ” လို့ လှိုင်ဦးပြန်ဖြေရင်း အိမ်အတွင်းခန်းထဲက ပြန် ထွက်လာတဲ့ စန္ဒီလှမ်းပေးတဲ့ ရေခဲရေတခွက်ကို မော့သောက်လိုက်ရတယ်။ သရီးကွာတား ဂျင်းဘောင်းဘီအကျပ်ကလေး ဝတ်ထားတဲ့ စန္ဒီကလည်း ကောင်မလေးဘေးမှာ စွေ့ခနဲ ဝင်ထိုင်တယ်။ အန်တီမူနဲ့ စကားပြောနေရာက စကားပြတ်သွားပုံရတဲ့ အင်္ကျီခရမ်းနုရောင်ဝတ်ထားတဲ့ မိန်းမကြီးကတော့ လှိုင်ဦးဘက်ကို လှည့်ကြည့်နေတယ်။

အိတ်ထဲက စီးကရက်ဘူးကို လှိုင်ဦး ထုတ်နေတုန်း ...

“ကဲ လှိုင်ဦး အခန်းထဲမှာပဲ အမောဖြေရင်း စောင့်နေလိုက်လေ”

လို့ အန်တီမူက ထုံးစံအတိုင်း အလုပ်စကား ပြောလိုက်တယ်။ ဒါနဲ့ လှိုင်ဦးလည်း ထိုင်ရာက ထလိုက်ရင်း ရှေ့ကထသွားတဲ့ စန္ဒီ့နောက် လိုက်ခဲ့မိတော့တယ်။

အခန်းဖွဲ့စည်းပုံကတော့ အရင်အခန်းအဟောင်းအတိုင်းပါပဲ။ လေးထောင့်စပ်စပ်အခန်းကလေးကို သုံးထပ်သားပြားတွေနဲ့ တဝက်ကာထားတယ်။ စန္ဒီ ဖွင့်ပေးလိုက်တဲ့အခန်းထဲ လှိုင်ဦး ဝင်လာပြီး ကြမ်းပြင်ပေါ်မှာခင်းထားတဲ့ မွေ့ရာပေါ်ထိုင်လိုက်တယ်။ မွေ့ရာဘေးက လေးထောင့် ပန်ကာကလေးကိုလည်း တဆက်တည်း ဖွင့်လိုက်ရတယ်။ ပြီးမှ မောမောနဲ့ စီးကရက်တလိပ် ထုတ်ပြီး မီးညှိလိုက်တယ်။ မွေ့ရာခေါင်းရင်းကို လှိုင်ဦးလှမ်းကြည့်လိုက်တော့ နောက်ခံမှာ 2000 ဆိုတဲ့ဂဏန်းတွေနဲ့ အိန္ဒြာ ကျော်ဇင်ပုံနဲ့ထုတ်တဲ့ ပြက္ခဒိန်က နံရံပေါ်မှာ တွဲလောင်းကျနေတယ်။

စီးကရက်တဝက်မကျိုးခင်ပဲ စောစောက ဧည့်ခန်းထဲထိုင်နေတဲ့ ကောင်မလေး အခန်းတံခါးဖွင့်ပြီး ဝင်လာတယ်။ လက်ထဲမှာ တော့ အန်တီမူပေးလိုက်တဲ့ အဖော်တံဆိပ် ကွန်ဒွန်တခုနဲ့။ ပြီးတော့ လှိုင်ဦးဘေးမှာ ကျုံ့ကျုံ့လေး ဝင်ထိုင်လိုက်တယ်။

အရေးထဲ အခန်းက ဧည့်ခန်းနဲ့ကပ်နေတော့ အန်တီမူနဲ့ ဘယ်သူမှန်းမသိတဲ့ မိန်းမကြီးပြောနေတဲ့ စကားသံတွေက အခန်းထဲ ဝင် ဝင်လာသေးတယ်။

“ဟုတ်တယ် ခေတ်ကိုက ပျက်နေပြီလေ”

ဆိုတဲ့ အန်တီမူ့ စကားသံတချို့တဝက် ကြားလိုက်ရသေးတယ်။ ပြီးတော့ မိန်းမကြီးဆီက

“ဟုတ်တယ် ကျွန်မတို့ကလည်း အမေတခု သမီးတခုဆိုတော့” လို့ ပြန်ပြောသံထပ်ကြားရတယ်။ ကောင်မလေးကို ကြည့်တော့ ကောင်မလေးက ကွေးထားတဲ့ ခြေထောက်လေးနှစ်ဖက်ကို နောက်ပစ်ပြီး ကြုံ့ကြုံ့ရုံ့ရုံ့ ထိုင်နေတယ်။ ကောင် မလေးကို ကြည့်ပြီး အသက် သိချင်လာတာနဲ့ ...

‘ညီမ အသက် ဘယ်လောက်ရှိပြီလဲ’ လို့ လှိုင်ဦးမေးလိုက်တော့ ကောင်မလေးက

‘၁၇ နှစ် ပြည့်ပြီးပြီ အစ်ကို’ ဆိုပြီး ပြန်ဖြေတယ်။

အဲဒီမှာပဲ လှိုင်ဦး အင်္ကျီကိုချွတ်လိုက်ပြီး ခေါင်းအုံးပေါ် လှဲလိုက်တယ်။ အသားဖြူဖြူ လှိုင်ဦး ရင်ဘတ်ပေါ်မှာ ချွေးစီးကြောင်း တွေက အထင်းသားနဲ့ ဖြစ်နေတယ်။ ဖြူဖြူနုနု အခုမှပွင့်တဲ့ ပန်းပွင့်လေးလိုဖြစ်နေတဲ့ကောင်မလေးလည်း ဒီတော့မှ လှိုင်ဦး ဘေး လှဲချလိုက်တယ်။

လှိုင်ဦးမျက်လုံးတွေကိုမှိတ်ပြီး ငါးမိနစ်လောက် မှိန်းနေလိုက်သေးတယ်။ ပြီးတော့ လှဲနေရာက ဘေးစောင်းလိုက်ပြီး ပန်းပွင့် လေးရဲ့ ဆံနွယ်နုနုကလေးတွေကို တချက်သပ်လိုက်တယ်။ သိပ်အကြာကြီးနေဖို့ မကောင်းတာနဲ့ လှိုင်ဦးကောင်မလေး ရဲ့နဖူးလေးကို တချက်နမ်းလိုက်ပြီး အင်္ကျီချွတ်ဖို့ပြောလိုက်တယ်။ ပြီးတော့ လှိုင်ဦး ပက်လက်ပြန်လှဲလိုက်ပြီး ကောင်မလေးကို အပြုအစု ရလားလို့ မေးလိုက်တော့ ကောင်မလေးက ...

“ညီမ အဲဒါတွေ မလုပ်တတ်ဘူး အစ်ကိုရဲ့” လို့ ပြန်ဖြေတယ်။

ပြီးတော့ သူ့တီရှပ်လေးကို ဆွဲချွတ်လိုက်ပြီး စည်းပြီး ကျောနောက်ချထားတဲ့ ဆံပင်လေးကို ဖြေလိုက်တယ်။ ကောင်မလေးကို ကြည့်ရတာ တကယ့် နုနုငယ်ငယ်လေးမို့ လှိုင်ဦးစိတ်လျှော့လိုက်ပြီး သူ့ဘေးမှာ လှဲလိုက်တဲ့ကောင်မလေးရဲ့ကိုယ်လုံးလေးကို ဖက်လိုက်တယ်။ ပြီးတော့လည်း ဖြစ်နေပျက်နေကျ အဖြစ်အပျက်တွေက စီကာစဉ်ကာ ဖြစ်သွားတယ်။

လှိုင်ဦးအမောဖြေနေရင်း ခုနက ချွတ်ထားခဲ့တဲ့ သူ့လက်ပတ်နာရီကို ယူကြည့်လိုက်တော့ ခုနစ်နာရီထိုးတော့မယ်။ ဒါနဲ့ လှိုင် ဦး အင်္ကျီပြန်ဝတ်လိုက်ရတယ်။ ကောင်မလေးလည်း မွေ့ရာ ဘေးက သူ့ဘော်လီအဖြူရောင်လေးနဲ့ တီရှပ်အဖြူရောင်လေးကိုပြန်စွပ်ပြီး ဘောင်းဘီ ပြန်ဝတ်တယ်။ ဖြန့်ထားခဲ့တဲ့ဆံပင်လေးကို ပြန်စည်းတယ်။ လှိုင်ဦးကားသော့ကို ခါးကြား ပြန်ထိုး ထည့်ပြီး ကောင်မလေးကို နှုတ်ဆက်လိုက်တော့ ကောင်မလေးက ပြုံးနေတယ်။ လှိုင်ဦးလည်း ကောင်မလေးကို ခါတိုင်း ကောင်မလေးတွေလိုပဲ မှတ်ပြီး ....

"ညီမက ဒီမှာ တလ နှစ်လနေဦးမှာ မဟုတ်လား၊ နောက် နှစ်ပတ်လောက်နေမှ အစ်ကို ထပ်လာခဲ့မယ်လေ” လို့  ပြောလိုက် တယ်။

တဆက်တည်း ပိုက်ဆံအိတ်ထဲက ငါးရာတန်တရွက်ထုတ်ပြီး ကောင်မလေးကို မုန့်ဖိုး ပေးလိုက်တယ်။

“မဟုတ်ဘူးအစ်ကိုရဲ့၊ ညီမက ပြန်မှာ၊ ဒီနေ့ဒီမှာ ဘယ်သူမှမရှိတာနဲ့ အန်တီမူလှမ်းခေါ်လို့ လာတာ၊ နောက် အစ်ကိုတွေ့ချင် အန်တီမူ့ကိုပြောလိုက်လေ၊ ညီမလာခဲ့မယ်” လို့ ကောင်မလေးဆီက ဖြေသံ တိုးတိုးညင်းညင်း ထွက်လာတယ်။

“သြော် အဲလိုလား ဒါဆို ညီမဘယ်တော့ ပြန်မှာလဲ၊ ဒီမှာ ဒီည မအိပ်ဘူးလား” လို့ လှိုင်ဦး ဆက်မေးမိပြန်တယ်။

“မအိပ်ဘူးအစ်ကို၊ ပြန်မှာ၊ ဒီမှာ ကိုးနာရီလောက်အထိတော့ နေမယ်လေ၊ နောက် ဧည့်သည်တယောက်လာဖို့ရှိသေးတယ်လို့ ပြောတယ်။ ပြီးရင် အမေနဲ့ပြန်မှာ၊ အမေက အိမ်ရှေ့ခန်းမှာလေ” လို့ ကောင်မလေးက လှိုင်ဦးအမေးကို ပြန်ဖြေတယ်။

ဒီမှာပဲ စောစောက သူ အိမ်ရှေ့ခန်း မှာတွေ့ခဲ့တဲ့ မိန်းမကြီးက ကောင်မလေးရဲ့အမေဆိုတာ လှိုင်ဦးသိလိုက်ရတယ်။ တဆက် တည်း စောစောကများသိခဲ့ရင် ဘယ်လိုနေမလဲဆိုတဲ့အတွေးက လှိုင်ဦးခေါင်းထဲ ရောက်လာတယ်။ ခက်တာက စောစော ကလည်း မသိခဲ့ဘူးလေ။   ။

ညိုထက်ညို