ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● မိသားစု သီချင်း

မင်းကိုနိုင် ● မိသားစု သီချင်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

အနောက်တိုင်းက မိသားတစ်စုဟာ အားလပ်ရက်မှာ မိသားစုလိုက် ဥရောပတစ်ခွင် ခရီးထွက်ကြပါတယ်။ ကားနဲ့ တတ်နိုင် ပေမယ့် စက်ဘီးကိုယ်စီစီးပြီး ထွက်ကြတာပါတဲ့။ ဘာကြောင့် ဒီလို ရွေးသလဲမေးတော့မိသားစု လှုပ်ရှားမှုတွေလိုချင်လို့ ဖန်တီးယူတာပါတဲ့။ (မူရင်း သူ့စကားကတော့ Family Activites လို့ သုံးပါတယ်)။ ကြုံလာမည့် စိန်ခေါ်ချက်တွေကိုလည်းမိသားတစ်စုလုံး အတူရင်ဆိုင်ဖြေရှင်းချင်လို့ပါတဲ့။ အိမ်မှာပဲ ပုံမှန်နေရင် ဒီလိုစွန့်စားခန်းတွေ ကြုံမှာမဟုတ်ဘူးတဲ့။ မိုးရွာရင် လည်း မိုးကာဝတ်ပြီး သွားကြတယ်။ ကြုံသမျှဟာ ဘ၀မှာ အမှတ်တရတွေအဖြစ် ကျန်တာမျိုး လိုချင်လို့ပါသတဲ့။

ဒါကို ကြားတဲ့ ကျွန်တော်တို့ နိုင်ငံက မိခင်တစ်ဦးကတော့ ဒီလို မှတ်ချက်ချပါတယ်။ ပြဿနာများ စက်ဘီးစီးပြီးလိုက်ရှာနေရ သေးတယ်။ ငါတို့များ မိုးလင်း မျက်စိနှစ်လုံး ဖွင့်တာနဲ့ သောကပေါင်းစုံက အိပ်ရာဘေးလာနိုးတာ ညအိပ်ရာဝင်တဲ့ အထိပဲတဲ့။

ခုနက မိသားစုခရီးမှာ ရှစ်နှစ်၊ ဆယ်နှစ် ကလေးနှစ်ယောက်ကို တစ်နေ့ ဆယ်နာရီလောက် စက်ဘီးနင်းခိုင်းတာ အန္တရာယ် များတယ်လို့ မှတ်ချက်ပေးတော့၊ ဟိုက ပြန်ဖြေရှင်းပါတယ်။ ဒီလိုလေ့ကျင့်ပေးမှ အခက်အခဲကို ဖြေရှင်းတတ်မယ်၊ အတွေ့ အကြုံများမယ်တဲ့။ သူတို့ကလေးတွေဟာ ဘာပဲလာလာ မလုပ်တတ် မလုပ်ရဲဘူးဆိုတာမျိုး မရှိစေရဘူး။ လုပ်ကြည့်မယ်လေ ဆိုတာမျိုးပဲ ဖြစ်နေစေရမယ်တဲ့။

အဲဒီခရီးဟာ ရက်သတ္တပတ် ဆယ့်သုံးပတ်မျှ ကြာခဲ့ပါတယ်။ မိသားစု စွန့်စားခန်းတွေကို အလုအယက်ပြန်ပြောနေတဲ့ သူတို့ မျက်လုံးတွေဟာ နောက်ထပ်စိန်ခေါ်မှုတွေကို ပြန်ထူးဖို့ အမြဲအသင့်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်တွေနဲ့ လက်ပလို့ပါ။

ကျွန်တော်တို့ဆီက အမေကြီးကတော့ အေးလေ၊ သူတို့က ပြည့်စုံနေတော့ ခရီးထွက်နိုင်သေးတာကိုး၊ တို့များတော့ စားဝတ် နေရေး ပညာသင်ရေးနဲ့ပဲ အသက်လုရှူနေရတာလို့ ညည်းညူပါတယ်။

ဒီအကြောင်းကို ကျွန်တော်တို့ဆီက အခြားပြည့်စုံတဲ့မိသားစုတစ်စုကို ပြောပြတဲ့အခါ အားကျတာ တွေ့ရပါတယ်။ အတန် အသင့် ကြွယ်ဝလာတဲ့မိသားစုတွေမှာ ခင်ပွန်းသည်တွေ အပြင်မှာ အပျော်ရှာတာ၊ ခြေလှမ်းပျက်တာ စတဲ့ပြဿနာတွေကို ကြိုကာကွယ်နိုင်မယ်လို့ တွေးမိပါသတဲ့။ ခင်ပွန်းခေါင်းထဲမှာ မိသားစုဘ၀မထိခိုက်ဘဲ ပျော်စရာရှိတယ်လို့ နားလည်စေ မယ်တဲ့။ တကယ်တော့ ပျော်စရာတင်မကပါဘူး၊ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ မိသားစုအပေါ် ပဲ့ကိုင်ထိန်းကျောင်းရတဲ့ အဓိပ္ပါယ်၊ တာဝန်ယူမှုတွေဟာပင်ပန်းတယ်လို့ မခံစားဘဲ၊ မိသားစုဆိုတာ ဘာမဆိုအတူဆိုတဲ့ ခံစားယုံကြည်မှုမျိုး ရစေ မယ်လို့ ကျွန်တော်ယူဆကြောင်း ပြောမိပါတယ်။

မပြည့်စုံ မတတ်နိုင်သူများကတော့ ဘ၀ဆိုတာ စားဝတ်နေရေး အတွက်ပဲ ရုန်းကန် ရင်း ပြီးသွားရမယ်။ မိသားစုအပျော်ခရီးတွေ ဖန်တီးယူတဲ့ စွန့်စားခန်း ရင်ခုန်စရာဆိုတာတွေဟာ တို့တွေ ဘ၀နဲ့ဘာမှမဆိုင်ဘူးလို့ ခံစားကောင်း ခံစားကြမှာပါ။ ခရီး ထွက်မှ ဖန်တီးယူမှလို့ မဆိုလိုပါဘူး။ အနှစ်သာရအားဖြင့် အောင်မြင်တဲ့ မိသားစု၊အောင်မြင်တဲ့ ဘ၀ဆိုတာကို ရှာဖွေကြည့် ရုံပါ။ခရီးထွက်ပြီး စွန့်စားဖို့ မပြောသေးပါဘူး။

ကျွန်တော်တို့ဆီမှာ အတန်အသင့် သုံးစွဲနိုင်တဲ့ အလတ်တန်းစား မိသားစုကိုပဲ ကြည့်ကြရအောင်ပါ။ ညဘက် သို့မဟုတ် အိမ်မှာ လူစုံရှိနေပါလျှက် လူကြီးတွေက တစ်ခုခုကို တောင့်တနေမယ်၊ ငယ်သူတွေက ဖုန်းကိုယ်စီ ထိုင်ပွတ်နေမယ်ဆိုတာ အိမ်အတော်များများရဲ့ မြင်ကွင်းပါ။ အဖေ အမေတို့မှာ ပြည့်စုံအောင် ထားပေးထားတာပဲလို့ မမှတ်ယူစေချင်ပါဘူး။ လူကြီး တွေမှာ စကားလုံးနဲ့ ပြောပြဖို့ခက်တဲ့ “မိသားစု ဘ၀တန်ဖိုး” ကို မျှော်လင့်နေတာ ရှိတတ်ပါတယ်။ ငယ်သူတွေ အပြစ်ချည်းပဲ မဟုတ်ပါဘူး။ ဖုန်းပွတ်နေတဲ့ကလေးတွေက ပြန်ပြောတယ်၊ လူကြီးတွေကိုရီးယားကားပဲ ထိုင်ကြည့်နေတာကိုလည်း ပြော ပါဦးတဲ့။

တချို့ မိသားစုတွေကျတော့ ပြောင်းပြန်၊ ကလေးကို လူ့အသုံးအဆောင်တွေ စုံအောင်ဝယ်ပေးထားပြီး တာဝန်ကျေပြီ ထင် နေတဲ့ မပြည့်စုံသော အတွေးအခေါ်တွေရှိနေပါသေးတယ်။ ပညာသင်ပေးတယ်၊ ပညာရေးစရိတ်လုံလောက်အောင် ရှာပေး တယ်၊ ငါတို့လိုချင်တဲ့ လိုင်းရအောင် မင်းတို့ စာကျက်၊ ဖြေကြဆိုရုံနဲ့ ဂိတ်ဆုံးနေတတ်ကြလို့ မပြေလည်မှုတွေ များစွာဖန်တီး မိသလိုလည်းရှိနေပါတယ်။

မိဘလိုချင်တဲ့လိုင်း (အသက်မွေးမှု အတတ်ပညာတက္ကသိုလ်ဘွဲ့) နဲ့ကျောင်းပြီးခဲ့တဲ့ လူလိမ္မာကလေးတစ်ယောက်ကို ကြည့် ပါ။ အိမ်မှာမနေဘဲ အမြဲအပြင်ထွက်ငေးငိုင်နေတယ်။ သူ့စကားက အိမ်ဆိုတာ နေစရာမှမကောင်းတာတဲ့။ ဘွဲ့လွန်တွေ ဆက်ယူ၊ အလုပ်ခွင်ထဲရာထူးကြီး၊ ၀င်ငွေကောင်းနေတဲ့ သားသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီမိသားစုဟာ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်အိမ်နဲ့ အကြာကြီး ခွဲနေကြ၊ မတွေ့တာကြာလို့ ခဏတွေ့လိုက်တာနဲ့ ပြဿနာတစ်ခုခုအကြောင်းက စလိုက် မိပြီး ရှင်းမရ၊ နောက်ကို မလာရဲတော့ဘူး၊ မလာပြန်ရင်လည်း ဖုန်းဆက်ပြီး ပြဿနာတွေကို ပြောနေပြန်တော့ မိသားစု ၀င်တွေ အချင်းချင်း အပြန်အလှန် ကြောက်တဲ့ရောဂါကြီး ဖြစ်နေတာပါတဲ့။

အဲဒီ မိသားစုဝင် တစ်ယောက်က စဉ်းစားမိသမျှ ခုလိုပြောတယ်။ အိမ်မှာက လက်ရှိပြဿနာကို မရှင်းဘဲနောက်ကြောင်း တွေ ပြန်ပြန်ကောက်ပြီး ချာလပတ်လုပ်နေတာ၊ လက်ရှိ ပြဿနာကိုရှင်းတဲ့ အဆင့်ဘယ်တော့မှ မရောက်ဘူးတဲ့။ မိသားစု အရေးတင် မကပါဘူးကွာ၊ ဒီထက် ပိုကျယ်ပြန့်တဲ့ အရေး တွေမှာလည်းဒီလိုပါပဲလို့ ကျွန်တော်လည်း ရောယောင် ညည်းညူ
မိပါတယ်။

မိဘတွေကလည်း ဒီလောက်ကောင်းခဲ့တဲ့ မိဘတွေကိုပစ်ထားတယ်ဆိုတဲ့ ခံစားချက်ရှိသလို သားသမီးတွေဖက်ကလည်း ပြောစရာတွေ အများကြီးလို့ ဆိုပါတယ်။မိဘတွေ လိုချင်တဲ့လိုင်း၊ ဘွဲ့ရအောင်ယူခဲ့ပြီး ဘ၀ကိုဘ၀င်မကျ ဖြစ်နေတဲ့ သား သမီးတွေမှာ တူညီတဲ့ ခံစားချက်စိတ်အနာတရတွေ ရှိတတ်ပါတယ်။ သူတို့ဟာ ကျောင်းစာတစ်ခုတည်းကို အချိန်ပြည့်နီးပါး ပေးခဲ့ရတော့ သူတို့ရဲ့ငယ်ဘ၀ ဒိုင်ယာရီတွေဟာ စာကျက် ကျူရှင်တက်ဆိုတာတွေနဲ့ချည်း ပြည့်နေခဲ့တာပါ။ မိသားစု ပျော် ပွဲစားခရီးတွေအပြင် (Childhood ခေါ်တဲ့) ကလေးဘ၀ ပျောက်ဆုံးခြင်းဆိုတာ အထိအနာဆုံးပါတဲ့။ ကြီးခါမှ သူများ ငယ် ဘ၀တွေနားထောင်ရင်း ငါတို့ ဆုံးရှုံးခဲ့လေခြင်းလို့ တွေးမိပြီးနာကျင်သူတွေလည်း ရှိနေသလို၊ ဘာမှန်းမသိသော်လည်းဘ၀ကို မကျေမနပ် ဖြစ်နေတဲ့ ပညာတတ် ၀င်ငွေကောင်းတွေလည်း များစွာပါ။

“အောင်မြင်မှုဆိုတာ ဘာလဲ၊ အောင်မြင်တဲ့ ဘ၀ဆိုတာဘာလဲ” လို့ မေးခွန်းထုတ်လာတဲ့ ဘွဲ့လွန်ရ ၀င်ငွေကောင်းတွေရဲ့ ညည်းညူသံဟာ နားထောင်ရ အခက်ဆုံးပါ။ ဂုဏ်ရှိ၊ ၀င်ငွေကောင်းသူတွေကို မိတ္ထူကူးခဲ့တော့ နောင်တနဲ့ ပြုလုပ်ထားတဲ့ သရဖူကြီး ဆောင်းရခက် ချွတ်ရခက်တွေလည်း တွေ့ရပါတယ်။

လောကတစ်ခု စနစ်တစ်ခုမှာ ဂုဏ်ရှိ ၀င်ငွေကောင်းအလုပ်ဟာ တစ်မျိုး နှစ်မျိုးပဲ ရှိတယ်လို့ မှတ်ယူချင် အဲဒီတစ်ပေါက် နှစ်ပေါက်ကိုပဲ စုပြုံတိုးကြရင်း အနာတရတွေဖြစ်ကြ ရတယ်လို့ တွေးမိပါတယ်။

စာစု အစမှာဖော်ပြခဲ့တဲ့ မိသားစု (စိန်ခေါ်ချက်တွေမှန်သမျှအတူ ဖြေရှင်းဖို့ လေ့ကျင့်ခဲ့တဲ့ မိသားစု) မှာဖခင်ဖြစ်သူဟာ အထူးကုဆရာဝန်ကြီးပါ။ သူ့သမီး အထက်တန်းကျောင်းပြီးတော့ သူနာပြုပညာသင်မယ်ဆိုတဲ့အခါ ကြည်ဖြူကြပါတယ်။ ဘယ်အလုပ် ဘယ်အသက်မွေးမှုဟာ နိမ့်တယ် မြင့်တယ်လို့ မခံယူကြပါဘူး။

အသက်မွေးမှု ကိုယ်စီဟာ သူ့အတိုင်း အတာနဲ့သူတင့်တယ်တယ်လို့ အတွေးကျယ်ပြန့်လာရင် ငယ်သူတွေအတွက်ရွေးစရာ များလာမယ်။ တစ်ပေါက်တည်း စုပြုံတွန်းထိုးမတိုးရတော့ဘူး။ ကိုယ့်ဘ၀ကိုယ် ကျေနပ်ပြီးသားပါဆိုသူများအတွက် အထူး ဆိုစရာ မရှိပါ။ ကိုယ့်ဘ၀ကိုကိုယ့်စိတ်အနာတရနဲ့ သုံးသပ်မိနေတဲ့သူတွေအတွက်ပါ။သူတို့နဲ့ ဖွဲ့စည်းထားတဲ့ မိသားစုတွေ အတွက်ပါ။

ဘယ်အရာကတော့ မဖြစ်မနေ ဘ၀တိုင်း အတွက်လိုအပ်တဲ့ ဖြည့်ဆည်းမှု၊ ဘယ်အရာကတော့ မတန်မဆစတေးခဲ့ရတာ စသဖြင့် ကြိုတင် ကွဲပြားနိုင်ကြရင်သက်သာဖွယ် ရှိပါတယ်။

ဝါးတူကလေးတွေနဲ့ အိမ်အလှတွေ လက်ဖျားခါအောင်ဆောက်ပြနေတဲ့ ဆယ်ကျော် သက်ကလေးရဲ့လက်စွမ်းကိုကြည့်ရင်း တွေးစရာတွေ ရပါတယ်။ ကိုယ့်မိသားစုဝင်ဆိုရင် ချီးကျူးမလား၊ တားမြစ်ပြီးကျောင်းစာပဲ လုပ်ခိုင်းမလား၊ ဂုဏ်ရှိတဲ့ အသက် မွေးမှုဆိုတာ အဓိပ္ပါယ် တူကြရဲ့လား။

မိသားစုဝင်တွေထဲ နားလည်မှုစံနှုန်း တန်ဖိုးတွေအပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက် တူ မတူ။ အားလပ်ရက် အပျော်ခရီးဖြစ်ဖြစ်၊ ဘ၀ ခရီးဖြစ်ဖြစ် ဘယ်လိုအတူသွားမလဲ၊ ဘယ်လိုသဘောထားမလဲ။ တကယ်တော့ “မိသားစု သီချင်း” ဟာ တစ်ဦးတည်း ဆိုရတဲ့ တေးမျိုး မဟုတ်ပါ။ Choir လို စုဖွဲ့သီဆိုရတဲ့တေးမျိုးလို့ ခံယူပါတယ်။ ထိုတေးမျိုးဟာ Bass (အနိမ့်သံ)၊ Alto ဆိုတဲ့ (အမြင့်သံ) တစ်မျိုး၊ Tenor ဆိုတဲ့ယောက်ျားကြီး အမြင့်သံ၊ Baritone ခေါ်တဲ့ ကြားသံတွေနဲ့ ဖွဲ့စည်းရပါတယ်။ ဒါတောင် အမျိုးသားများ စုဖွဲ့ဆိုတဲ့ Choir ပဲ ရှိပါသေးတယ်။ အမျိုးသမီးတွေပါပါလာရင် Soprano? Mezzo-soprano? Contralto စတဲ့ အမျိုးအစားတွေတောင် ရှိသေးဆိုပဲ။

မတူညီတဲ့ အသံတွေကို ပြေပြစ်အောင် ညှိနှိုင်း စုဖွဲ့ဆိုရတဲ့ အမျိုးအစားပါလား။ မိသားစုသီချင်းဆိုတာလည်း ဒီလိုပဲဖြစ် သင့်တယ်လို့ ခံစားမိပါတယ်။

#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၀၊ ဆောင်းပါးမှ ]