မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● (၅၄) မှာ ဆုံကြပြန်ပြီပေါ့ (သို့) သမိုင်းတစ္ဆေရဲ့အရိပ်မည်း


မောင်မောင်လတ် (ရွှေအင်းလေးစာပေ)● (၅၄) မှာ ဆုံကြပြန်ပြီပေါ့ (သို့) သမိုင်းတစ္ဆေရဲ့အရိပ်မည်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

မူလအစ ပထမဦးဆုံးတွေ့ဆုံခဲ့တဲ့ မြင်တွေ့ခဲ့တဲ့ ဓာတ်ပုံတပုံကိုတော့ မမေ့လောက်ကောင်းပါရဲ့။ သတိရကောင်းပါရဲ့။ ရာသီဥတုက အုံ့မှိုင်းမှိုင်း ထိုင်းထိုင်း လေးလေးပင်ပင်၊ မိုးမရွာ လေမတိုက် တိမ်တိုက်တွေ မရွှေ့မလျားနဲ့ နိုင်ငံရေးအခင်း အကျင်းက အီလယ်လယ် ဝေ့လည်နေတဲ့အခိုက်အတန့် ဘွားကနဲ ပေါ်လာတဲ့ ဓာတ်ပုံလေးတပုံက အစပထမ နိဒါန်းလေးပါ။

အာမေဋိတ်သံတွေ ပဲ့တင်သံထပ်ရင် ပြည်သူအပေါင်း မှင်သက်ဆွံ့အသွားစေရတာက ဗိုလ်ချုပ်ပုံကိုနောက်ခံထား တည် ကြည် တဲ့အပြုံးနဲ့ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်နေတဲ့ သမိုင်းဝင်ဓာတ်ပုံလေး တပုံပေါ့။

ပြည်သူအပေါင်း ရှော့ဖြစ်စေခဲ့တဲ့ မူးမိုက်လဲပြိုလုမတတ်ဖြစ်စေခဲ့တဲ့ အဲဒီသမိုင်းဆူနာမီရေလှိုင်းကြီး မြန်မာပြည်တလွှားစပြီး လွှမ်းခြုံတိုက်စားခဲ့လိုက်ပုံက ရေလှိုင်းလုံးကြီး တလုံးပြီးတလုံး မရပ်မနားတိုက်စားခဲ့တော့ ပြည်သူအဖို့ သမိုင်းရေစီးကြောင်း ထဲ နစ်ချီ ပေါ်ချီနဲ့ အမောတကောပါပဲ။

သမိုင်းဝင် ဒုတိယမြောက် သောင်ပြိုကမ်းပြိုအနိုင်ရတဲ့အဖြစ်တွေပြီးတဲ့နောက် လွှတ်တော်အ၀င် သမိုင်းဝင်ခြေလှမ်း ဗိုလ်စိန် မှန်ကွင်းထဲက ၄၂၆ ပြင်ဆင်ရေးသမိုင်းဝင်မိန့်ခွန်း အစစရှိ သမိုင်းဝင် ဆူနာမီရေစီးကြောင်းက ဖြစ်ရပ်တွေကို တဖြတ်ပြီး တဖြတ် ကျော်လွှား၊ နိုင်ငံရေးအခင်းအကျင်းတွေကို တနေ့တမျိုး၊ ခြေအနေတွေ တနှစ်တဖုံ၊ ရင်ဆိုင်ရင် ဒီနှစ် အာဇာနည်နေ့ အထိမ်းအမှတ် (၅၄) မှာ အတူတကွတွေ့ဆုံခြင်းဟာ သမိုင်းတွေရဲ့ နိဂုံးလေလား။ အပြီးသတ်နောက်ဆုံး သမိုင်းဝင်တွေ့ ဆုံခြင်းလား။

ပြောလက်စ ရေးလက်စနဲ့ ဆက်ရရင်ဖြင့်တာ့ အဲဒီလို သမိုင်းနဲ့ချီပြီး တင်စားသမုတ်ခဲ့တဲ့ သမိုင်းဝင်ခြေလှမ်း၊ သမိုင်းဝင်မိန့်ခွန်း၊ သမိုင်းစာမျက်နှာသစ်၊ သမိုင်းဝင်ညီလာခံ၊ အစစဖြစ်ပျက်ခဲ့သမျှတွေရဲ့အဖြေက ဆန့်ကျင်ဖက်လားရာဖက်ကို ဦးတည်သွား စမြဲမို့ ပြည်သူအဖို့ သမိုင်းရဲ့အရိပ်အောက် အကြောင်ကြီးကြောက်နေရသလို ...။

ကြံကြံဖန်ဖန် (၂၅) နှစ်အရွယ် လူငယ်တယောက်ရဲ့ စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ကြီးဖြတ်ကျော်ခဲ့တယ်ဆိုတဲ့ သမိုင်းဝင်ညကြီးတုန်း ကလည်း ပြည်သူ့အဖို့ မျှော်တလင့်လင့် ဆုတောင်းရင်း နက်ဖြန်မနက်အလင်းမှာ စိန်နားကပ်ပဲ ပန်ရတော့မလိုလို၊ နောက် ဆုံးတော့ ဒုံရင်း ဒုံရင်း ...။

အဲဒီဖြစ်စဉ်နောက်ပိုင်း အသစ်သစ်ပေါ်ပေါက်လာတဲ့ သမိုင်းဝင်ပါတယ်လို့ဆိုတဲ့ အဖြစ်အပျက်တိုင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းချုပ်ငြိမ်းသေဆုံးခဲ့ရလို့ မြန်မာပြည်အဖို့ သမိုင်းတစ္ဆေဆိုတဲ့ အရိပ်မည်းကြီးအောက် စမ်းတ၀ါးဝါး ကမ်းမမြင် လမ်းမမြင် ...။

ဆိုတော့လေ ... အဲဒီနေ့ အာဇာနည်နေ့မနက်ပိုင်း အိမ်အမှတ် (၅၄) မှာ အတူတကွ စုပေါင်းတွေ့ဆုံခြင်း အတိတ်နိမိတ်ဟာ စစ်မှန်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစနိဒါန်း၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ်အတွက် အစပထမခြေလှမ်းလို့ပဲ ခေါ်ဝေါ်သတ်မှတ်လိုက်ပါရဲ့ ...။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)