မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၆)

နောက်တန်း ကိုစိုးအောင်၊ ဒေါက်တာခင်ဆောင် (NLD မွန်ပြည်နယ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ စာရေးသူ
ရှေ့တန်း ဒေါက်တာခင်စန်းဝင်း (ဒေါက်တာသိန်းမြင့်၏ဇနီး)၊ ဝိုင်း (ကိုစိုးအောင်သမီး Final Part 2 IM 2)
နေရာ ဆေး ၂ နှစ် ၅၀ ပြည့် ညစာစားပွဲ ၂၀၁၃ ဖေဖဝါရီ ၂ ရက်နေ့။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၆)
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇

● ဆေးကျောင်းမှ ရောင်းရင်းများ
ကျောင်းသားဘဝ သူငယ်ချင်းအပေါင်းအသင်းဆိုသည်မှာ တယောက်နှင့် နားလည်မှု ရှိလိုသည်။ စာနာ နားလည်ပေးဖို့ လို သည်။ တယောက်နှင့်တယောက် ကူညီဖေးမရန် လိုသည်။ အကျင့်စရိုက်တူဖို့ လိုသည်။ ဆိုးတူကောင်းတူဖြစ်ရန် လိုသည်။ ထို့ပြင် ထိုစဉ်က နိုင်ငံရေးအကြောင်းအရာများကို ပြောဆိုကြရာတွင်လည်း အခြေခံကြည့်မြင်ပုံ တူကြသည့်သူများ စိတ်ဝင် စားကြသူများနှင့်လည်း မိမိပို၍ ပေါင်းဖြစ်သင်းဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းများသည် ကြီးကျယ်ခမ်းနားသောသူများတော့ မဟုတ်ကြ။ လူထဲမှ လူများဖြစ်ကြသည်။ အနုစကြာဝဠာအတွင်းမှ အနုမြူမှုံလေးဖြစ်ကြပါသည်။

● သိန်းမြင့်
ဆေးကျောင်းသားဘဝ မိမိနှင့်အတွဲဖြစ်ဆုံးသူဖြစ်သလို ယနေ့အထိလည်း အပေါင်းအသင်းမပျက်သူလည်းဖြစ်သည်။ သူက အသားဖြူဖြူ ခပ်ပြည့်ပြည့် မျက်ခုံးကောင်းကောင်း ရုပ်ခပ်ဖြောင့်ဖြောင့်ဖြစ်သည်။ မိမိက အသားမဲမဲ ပိန်ပိန် မျက်မှန်ထူထူ နှင့်ဖြစ်သည်။ သူနှင့် မိမိတူသည်က ဆံပင်ရှည်ကြသည်သာဖြစ်ပေလိမ့်မည်။

သူကပဲခူးမြို့မကျောင်းက အောင်လာသူဖြစ်သည်။ လူရည်ချွန်လည်း သုံးထပ်ကွမ်းလား ရဖူးသည် ထင်သည်။ သူနှင့်မိမိ ဘယ်ကဘယ်လို စတွဲမိသွားသည်တော့ မသိတော့။ အတော်လေး တွဲဖြစ်လိုက်သည်။ ကျောင်းမှာ ဘာလုပ်လုပ် ရာဇူးဘဲ သွားသွား (သို့မဟုတ်) နိုင်ငံရေးနယ်ပယ်က လူတွေနဲ့ သွားတွေ့လျှင်ပါတတ်သည်။ ၁၉၇၄ ဇွန်လ ၆ ရက်နေ့ သမိုင်းဘာတာ တိုက်ခန်းရှေ့ ပစ်ကြ ခတ်ကြ၍ ပြေးရလွှားရတော့ အတူတူဖြစ်သည်။ ၁၉၇၄ ဦးသန့်အရေးအခင်း ၁၉၇၅ ဇွန် ၆ ရက်အရေး အခင်းတွင်လည်း အတူတူဖြစ်သည်။

သူကငယ်စဉ်ကထဲက အင်္ဂလိပ်စာကောင်းသူဖြစ်သကဲ့သို့ စာဖတ်လည်း ဝါသနာပါသည်။ တရားမှု မတရားမှု ကိုကောင်းစွာခွဲခြားသိမြင်သကဲ့သို့ တရားမျှတမှု ကိုလိုလားသူ လူ့အဖွဲ့အစည်းအပြောင်းအလဲကို လိုလားသူလည်းဖြစ်သည်။ နိုင်ငံရေးစာ အုပ်များကို အတူဖတ်ခဲ့ ဆွေးနွေးခဲ့ကြသူများလည်းဖြစ်သည်။ ဦးချစ်ဆိုင်တွင် အတူထိုင်ခဲ့သလို ကိုအောင်ရင်ဆိုင်တွင်လည်း အတူထိုင်ခဲ့ကြသူများလည်း ဖြစ်သည်။ အားလုံးတော့ တထပ်တည်းမကျ။ သူက အရက်မသောက် ဆေးလိပ် မသောက်သူဖြစ်သည်။ ထို့ပြင် သူက မိမိထက် လူချစ်လူခင်များသူ ဖြစ်သည်။

သူတို့ညီအကိုအားလုံး ထူးချွန်ကြသည်။ ညီအကို ၄ ယောက်စလုံး ဆေးကျောင်းရောက်၍ ဆရာဝန်ဖြစ်ကြသည်။ မိမိရှိစဉ်က သူညီ ၂ ယောက် ကျောင်းသို့မရောက်သေးပေ။ သူ့အကို ကိုဝင်းမြင့် (ကွယ်လွန်) ကတော့ နောက်ဆုံးနှစ် အပိုင်း (က) တွင် တက်နေသည်။ ၁၉၇၅ ခုနှစ်အရေးအခင်းအပြီး မိမိအရှေ့မြောက်သို့ ထွက်ခွာသွားတော့ သူ၏အကို ကိုဝင်းမြင့်ပြောသည်ကို မိမိပြန်ကြားရသည်။ "မောင်မောင်စိုး ထွက်သွားရတာ ကျောင်းသားတယောက်အနေနဲ့ ကျနော် စိတ်မကောင်းပါဘူးဗျာ။ ဒါ ပေမဲ့ ကျနော့်ညီ သိန်းမြင့်နဲ့ပတ်သက်လို့ပြောရရင်တော့ ကောင်းတယ်ဗျာ။ သူနဲ့ဆက်ပေါင်းနေရင် ကျနော့်ညီ ဒုက္ခရောက်မှာ" ဟု သူ့ သူငယ်ချင်းတစ်ဦးအား ပြောသည်ဟု ဆိုသည်။

သို့သော် ကိုဝင်းမြင့် ဆန္ဒမပြည့်ခဲ့ပါ။ မိမိမရှိလည်း သူကတော့ ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်။ မိမိမရှိသည့်နောက် သူ က ကိုဝေမင်းနှင့်ဆက်တွဲမိသည်။ ကိုဝေမင်းက ၇၄ ဇွန် ၆ အလုပ်သမားအရေးအခင်းကာလ ဘာတာရှေ့ပစ်ကြခတ်ကြတော့ မိမိတို့ နှစ်ယောက်နှင့်အတူရှိခဲ့သူ မိမိတို့ အတန်းကပင်ဖြစ်သည်။ ထို့နောက် သူတို့ ၂ ဦးပေါင်း၍ ဆက်လက်လှုပ်ရှားကြသည်။

သို့သော် အလုပ်သင်ဆရာဝန်ဘဝတွင် သူအိမ်ထောင် ကျသည်။ သူထက် ၂ တန်းငယ်သည့် နောက်ဆုံးနှစ်အပိုင်း (ခ) မှ မော်လမြိုင်သူ ခင်စန်းဝင်း ဖူးစာဆုံကြသည်။ အိမ်ထောင်ကျတော့ မင်္ဂလာဒုံတွင် အိမ်ငှား၍ သူက အလုပ်သင်ဆရာဝန် ခင်စန်းဝင်း ဆေးကျောင်းဆက်တက်သည်။ အိမ်ထောင်ကျပြီး မကြာမှီပင် သမီးဦးလေ ပိုပိုကို မွေးသည်။ ချစ်စရာ သမီးဦး
လေးနှင့် လင်မယားနှစ်ယောက် ပျော်မဆုံး မော်မဆုံးဖြစ်နေစဉ် သမီးလေး ၂ လအကြာတွင် ကိုသိန်းမြင့်လည်း အလုပ်သင် ဆရာဝန်ပြီးဖို့ ၇ ရက်ခန့်အလိုတွင် အဖမ်းခံရတော့သည်။

အမှုကတော့ နိုင်ငံရေးမှု CPB ယူဂျီမှုဟု ဆိုရပါမည်။ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုများကို တောက်လျှောက်လုပ်လာခဲ့သော သိန်းမြင့်တစ်ယောက် CPB ယူဂျီနှင့် ပတ်သက်သည်မှာ အံ့သြစရာတော့မဟုတ်ပါ။ ထိုစဉ် က မဆလ အစိုးရဆန့်ကျင်ရေး မြေအောက်စည်းရုံးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လှုပ်ရှားနိုင်သည်မှာ CPB သာရှိသည်။ လက်ျာအင်အားစုများက အားမကောင်းလှပေ။

CPB ၏ မြေအောက်စည်းရုံးလှုပ်ရှားမှုမှာ ဒေါင်လိုက်စနစ်ဟု ဆိုသည်။ ဘေးတိုက် တယောက်နှင့် တယောက် မသိစေရ။ လျှို့ဝှက်မှုနှင့် လုံခြုံမှုရှိရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ထိပ်ဆုံးကလူကဖောက်တော့ အကုန်ပေါ်သည်။ ၁၉၇၈ ခုနှစ် ကလည်း မန္တလေး ယူဂျီတာဝန်ခံ ခင်မောင်သိန်းဖော်၍ လူ ၂၀၀ ကျော်ခန့် အဖမ်းခံရသည်။ ယခုတခေါက် ၁၉၈၂ ခုနှစ်တွင် အောက်မြန်မာပြည် အဓိကအားဖြင့် မြစ်ဝကျွန်းပေါ်ဒေသတာဝန်ခံ စိုးမြတ် ခေါ် ဇော်ဦး ဖော်ကောင်လုပ်၍ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်မှ လူရာနှင့်ချီ၍ အဖမ်းခံရသည်။

ထိုအသုတ်တွင် သိန်းမြင့်နှင့် ဝေမင်း ၂ ယောက်စလုံး အဖမ်းခံရသည်။ ၂ ယောက်စလုံး အလုပ်သင်ဆရာဝန်ဆင်းနေဆဲ အဖမ်းခံရခြင်းဖြစ်သည်။ သူတို့ နှင့်အတူ မိမိဖခင်လည်း အဖမ်းခံရသည်။ စစ်တပ်ထဲက စည်းရုံးထားသော စစ်ဖက်အရာရှိ ၂ ဦးလည်း အဖမ်းခံရသည်။ တိုင်းအဆင့်အရာရှိတဦးလည်း အဖမ်းခံရသည်။ ၂၀၁၅ ကျောင်းသားသပိတ်တုန်းက တက်ကြွစွာလှုပ်ရှားခဲ့သူ မာနော်၏ဖခင်ဖြစ်သူ ဘိုဇင်ကော့ ခေါ် ကိုတင်ဝင်းလည်း  အဖမ်းခံရသည်။ CPB မြစ်ဝကျွန်းပေါ် တိုင်းမှ လူဟောင်းတော်တော်များများ အဖမ်းခံရသည်။ အဖွဲ့အစည်းတခုတွင် အောက်ခြေကတယောက်ယောက် မှားလို့ ချွတ်ချော်လို့ သစ္စာဖေါက်လို့ သိပ်ပြဿနာမကြီးလှသော်လည်း ထိပ်ဆုံးကလူဖောက်လို့ကတော့ အားလုံးငါးပါးမှောက်ပေ တော့သည်။

ထိုစဉ် သိန်းမြင့်ဇနီး ခင်စန်းဝင်းမှာ နောက်ဆုံးနှစ် အပိုင်း (ခ) တက်နေဆဲကျောင်းသူဆိုတော့ ကောင်းကောင်းဒုက္ခ ရောက်တော့သည်။ သမီးလေးကိုပဲခူးက သိန်းမြင့်မိဘများထံပို့ပြီး သူမက ကျောင်းပြီးအောင်တက်ဖို့ လုံးပမ်းရတော့သည်။ သိန်းမြင့်အဖမ်းခံရတော့ သူမတယောက်တည်း အပြင်မှာနေဖို့ အဆင်မပြေတော့။ သီတာဆောင်မှာပြန်နေခွင့်ရဖို့ ကြိုး ပမ်းရသည်။ သူငယ်ချင်းကျောင်းသားများ ဝိုင်းဝန်းကူညီကြသည်။ စစ်ဗိုလ်ကတော် ဆရာဝန်မကြီးများက မဆလ အစိုးရဆန့် ကျင်သူ ဗကပ ယူဂျီတယောက်၏ဇနီးကို အဆောင်၌ ပြန်လည်လက်မခံလိုကြ။ သို့သော် ကျောင်းသားကို ကျောင်းသားလို ကြည့်မြင်ချစ်ခင်ပေးသော ဒေါက်တာတင်ဖေ၏ ရဲရဲတင်းတင်း အာမခံပေးမှုကြောင့် သီတာဆောင်တွင် ပြန်လည်နေခွင့်ရပြီး ကျောင်းပြီးအောင် ဆက်လက်တက်နိုင်ခဲ့သည်။ လင်ဆိုးမယားသာမက နိုင်ငံရေးသမားမယားလည်း တဖားဖားပင်ဖြစ်ချေ သည်။

၁၉၈၂ သင်္ကြန်အပြီးတွင် အဖမ်းခံလိုက်ရသော သိန်းမြင့်လည်း ၁၉၈၄ သင်္ကြန်မတိုင်မှီမှ ပြန်လွတ်လာခဲ့သည်။ လွတ်လာ ပြီးနောက် သူထောင်ထဲရောက်နေစဉ် ဒုက္ခရောက်ခဲ့သော လူမမယ်သမီးနှင့် ဇနီးအပေါ် ပြန်လည်အလေးထား အာရုံစိုက်ခဲ့ သည်။ အစိုးရမင်းများကတော့ သူ့အားပြန်လွှတ်ပေးခဲ့သော်လည်း ခွင့်မလွှတ်ခဲ့ကြ။ Once Communist Always Communist တခါကွန်မြူနစ်ဖြစ်ဘူးရင် တသက်လုံးကွန်မြူနစ်ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားပုံရသည်။ သိန်းမြင့် အား ဆမ ခေါ် ဆေးကုသခွင့်လိုင်စင်ထုတ်မပေးတော့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်တော့သည်။ ထို့ပြင် ယခင်ဗဟို ဝန်ထမ်း သင်တန်းကျောင်း ဖောင်ကြီး ရှိနေစဉ်ကာလက နိုင်ငံဟောပြောချက်များတွင် ဗကပ ယူဂျီ အဖြစ် အဖေါ်ပြခံနေရဆဲဟု သင်တန်းတက်ဖူးသည့် သူငယ်ချင်းများက ဆိုပါသည်။

ယခုတော့ လင်မယား ၂ ယောက် မော်လမြိုင်တွင် နေကြသည်။ စာကတော့ ဖတ်နေဆဲဖြစ်သည်။ သူကနိုင်ငံတကာ မော်ဒန် စာပေကို နှစ်သက်သည်။ လူချိုဆိုသည့်နာမည်နှင့် ဘာသာပြန်သည်။ သူ့စာများကို နွယ်နီ၊ စံပါယ်ဖြူ မဂ္ဂဇင်းတို့တွင်တွေ့ရ သည်။ စာဖတ်အားကောင်းပေမဲ့ စာရေးကျဲသည်။ သူစာများကို အမြဲတစေ မတွေ့ရတတ်။ စိတ်ကူးပေါက်မှ ထ၍ဘာသာပြန် တတ်ပုံရသည်။ နိုင်ငံရေးဓါတ်ခံလေးကရှိနေဆဲပေမဲ့ လက်တွေ့ပါဝင်ဆောင်ရွက်မှုများကိုတော့ လက်ရှောင်သွားခဲ့ပေပြီ။

● ကိုစိုးအောင်
ကိုစိုးအောင်က ပုသိမ် အထက ၃ ထွက်ဖြစ်သည်။ ၁၉၇၂ ခုနှစ် ဆေးကျောင်းဝင်ခွင့်ရသူဖြစ်ပြီး မိမိတို့ထက် တနှစ်စောသည်။ လူရည်ချွန်တယောက်လည်း ဖြစ်သည်။အသားဖြူဖြူ ခပ်ဖိုင့်ဖိုင့် အရပ်အမောင်းကောင်းသည်။ မျက်နှာချိုသည်။ မိမိတို့ထဲ တွင် လူကြီးဆန်သူဟု ဆိုရမည်။ ထိန်းထိန်းသိမ်းသိမ်း ရှိသည်။ သို့သော် သူပေါက်ကွဲလျှင်တော့ ကျန်သူထိမ်း၍မရနိုင်။ သူသည် ဆေးကျောင်းသားဘဝက ဘောင်းဘီ ရှည်ကို စတိုင်ကျ စွာ ဝတ်ဆင်တတ်သူဖြစ်သည်။ ထို့ကြောင့် ရာဇူးမှသူငယ် ချင်းတဦးက မိမိတို့ဆေးကျောင်းသားအုပ်စုထဲတွင် ဆရာဝန်ရုပ်ပေါက်သည်မှာ ကိုစိုးအောင်တယောက်သာရှိသည်ဟု ဆိုဘူးသည်။ ထို့ကြောင့်ထင်သည် ကိုစိုးအောင်တစ်ယောက် ဆရာဝန်မဖြစ်ခဲ့။

၁၉၇၄ ဒီဇင်ဘာအရေးအခင်း ၁၉၇၅ ဇွန် ၆ အရေးအခင်းများတွင် ကိုစိုးအောင်တယောက် တက်ကြွပျော်ရွှင်စွာပါခဲ့သည်။ ၁၉၇၅ ဇွန်အရေးအခင်းပြီးတော့ ဆေး ၂ မှ ကျောင်းသား ၁၇ ဦး အဖမ်းခံရသည်။ ထိုအထဲတွင် ကိုစိုးအောင်လည်း ပါသည်။ မော်လမြိုင်က ထွန်းသန်း ယခု စိတ်တိုင်းကျ လဘက်ရည်ဆိုင်ဖွင့်နေကြသော ကိုအေးကြည်၊ ကိုအောင်ထိုက်၊ ကိုသန်းထွတ်၊ မောင်သတ္တိ ခေါ် ကိုသိန်းထွန်း တောင်ငူရောက်နေသော ကိုပုလောဟု ခေါ်ကြသည့် ကိုဝင်းလွင်၊ ပဲခူးမှ ကိုသိန်းလွင် ( အာ နီ) တို့တတွေ ပါကြသည်။ အားလုံး ထောင် ၆ နှစ်စီကျခံရသည်။ ၁၉၇၅ ဇွန် အရေးအခင်းကာလက ရာဇူးဘွဲ့နှင်း သဘင်ခန်းမတွင် ဆေး ၂ ၏ကြေငြာချက်တက်ဖတ်သော ကိုမြင့်သိန်းက ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရပြီး အင်းစိန်တောရ၌ အားလုံး မွေ့ပျော်ခဲ့ကြရသည်။ အဆိုပါကျောင်းသား ၁၇ ယောက်လုံး နှစ်ပြည့်အောင်တော့ မနေခဲ့ရ။ ၁၉၇၈ ခုနှစ် ပြန်လွှတ် ပေးခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လည်းမဟုတ်။ မည်သည့် ခံဝန်ချက်လက်မှတ်လည်း ထိုးစရာမလိုခဲ့။ ၁၉၆၂ ဗိုလ်နေ ဝင်း အာဏာသိမ်းပြီးနောက် အဖမ်းအဆီးများတောက်လျောက်လုပ်ခဲ့ပြီးနောက် ၁၉၇၂ ခုနှစ်လောက်က ပြန်ပြီး ထောင်ခါခဲ့ သည်။ ယခုတခါ ၁၉၇၄ လောက်မှ နောက်တသုတ်ပြီးတသုတ် ပြန်ဖမ်းထည့်ပြန်သည်။ လူဟောင်းအနည်းစု ပြန်ပါသော် လည်း အများစုကတော့ မျိုးဆက်သစ်များဖြစ်သွားချေပြီ။ ၁၉၇၄ လောက်မှစ၍ အင်းစိန်ထောင်တွင် ကျောင်းသားမျိုး ဆက်သစ် တိုးတက်ရောက်ရှိလာပေတော့သည်။

ထောင်ကပြန်လွတ်လာသူများ ဆေးကျောင်းပြန်တက်ခွင့်မရတော့။ ပဲခူးက အာနီဟု နာမည်ပြောင်ဖြင့်ခေါ်ခံရသူ ကိုသိန်း လွင်ဆိုလျှင် အဖမ်းခံရတော့ နောက်ဆုံးနှစ် အပိုင်း (ခ) ရောက်နေပြီး ဆရာဝန်ဖြစ်ရန် လပိုင်းလောက်သာလိုသေးသော်လည်း ဆေးကျာင်းပြန်တက်ခွင့်မရတော့။ ကိုစိုးအောင်ကတော့ အခြားအဓိကဘာသာတွဲယူပြီး ဘွဲ့တခုယူသည်။ ပြီးတော့ ပဲခူး ကောလိပ်တွင် ကျူတာ ဝင်လုပ်သည်။ ၁၉၈၈ အရေးအခင်းကို ပဲခူး၌ ဖြတ်သန်းသည်။ နောက် ကျူတာအဖြစ်မှ ပြန်ထွက်ပြီး ဟိုတယ်ခရီးဝန်ကြီးဌာနတွင် ဝင်လုပ်သေးသည်။ ၂၀၀၅ ခုနှစ် ဝန်ကြီးဌာနများ နေပြည်တော်ရွှေ့၍ အလုပ်ကထွက်ပြီး ပြင်ပကုမ္မဏီတခုတွင် ပြောင်းရွှေ့လုပ်ကိုင်နေသည်။ အင်္ဂလိပ်စာကောင်း၍ စာဖတ်ဝါသနာပါသော်လည်း စာရေးရန် သိပ် အားထုတ်လေ့တော့ မရှိပေ။

သူသာဆရာဝန်မဖြစ်ပေမဲ့ သူဇနီးကတော့ ဆရာဝန်မဖြစ်သည်။ သူထက် ၁၀ နှစ်လောက်ငယ်သည်။ သူကျူရှင်ပြတုန်းက သူတပည့်မဟုဆိုသည်။ ကလေးမုန့်ပေးကြိုက်ခဲ့ဟန်တူသည်။ လက်ရှိတွင် သူ၏သမီး ဝိုင်းကလည်း ဆေး ၂ တွင် နောက်ဆုံး နှစ် အပိုင်း (ခ) တက်နေပြီး အဖေ့အကြွေးဆပ်နေပုံရသည်။ ဆရာဝန်ဂိုက်ပေါက်သော်လည်း ကျောင်းသားအရေး၌ ဒါးသွေး ခဲ့မိ၍ ဒါး ဒါးချင်း လှံလှံချင်းရင်ဆိုင်မည်ဟု ကြွေးကြော်ခဲ့သည့် ဗိုလ်နေဝင်းက ထောင်ထဲထည့်ပြီး ဆေးကျောင်းကပါ ထုတ် ပစ်လိုက်သဖြင့် ဆရာဝန်မဖြစ်ခဲ့သည့် ကိုစိုးအောင်တစ်ယောက် ဇနီးဆရာဝန်မ သမီးဆရာဝန်မလောင်းတို့နှင့် မြောက် ဒဂုံ၌ နေထိုင်လျှက်ရှိသည်။

● မောင်မောင်ထွေး
ပြည်မှ ဆယ်တန်းအောင်လာသည့် မောင်မောင်ထွေးသည်လည်း လူရည်ချွန်၂ ထပ်ကွမ်း ၃ ခါရသည်။ တနှစ်ကြားထဲက ဆက်တိုက်မရလိုက်၍ ၃ ထပ်ကွမ်းဟုခေါ်မရ။ မျက်မှန်လေး အရပ်နဲနဲခပ်ပုပု မောင်မောင်ထွေးသည် ၁၉၇၂ ကျောင်းဝင် သည်။ မိမိတို့ထက် တနှစ်စောသည်။ ကိုစိုးအောင်နှင့် အခန်းပါတနာဖြစ်သည်။ စာဖတ်ဝါသနာပါသလို ဗဟုသုတ စူးစမ်း လေ့လာမှု အားကောင်းသည်။ နိုင်ငံတကာရေးရာ အလွန်စိတ်ဝင်စားသည်။ ညနေကျောင်းဆင်း၍ အဆောင်ရောက်လျှင် ဧည့်ခန်းသွား၍ သတင်းစာကို နေ့စဉ်ဖတ်လေ့ရှိသည်။

ညစာစားပြီး ကျောင်းသားတွေအခန်းတခန်းမှာစုပြီး ထွေရာလေးပါးပြောနေလျှင် မောင်မောင်ထွေးက အာဘောင်အာရင်းအသန်ဆုံးဖြစ်သည်။ သူစိတ်ပါဝင်စားသော နိုင်ငံတကာအကြောင်း စတော့သည်။ ကြေးမုံသတင်းစာ စာ မျက်နှာ ၃ ကော်လံ ဘယ်လောက်မှာ ဘယ်လိုသတင်းပါသည်ဟုဆိုကာ ပြောတော့သည်။ ကြားလာ၍ နားပူလာတော့ သူငယ်ချင်းတယောက်က လာ လဘက်သွားစားရအောင်ဟု အဆောင်ရှေ့က စားသောက်ဆိုင်လေးများသို့ထွက်ကြလျှင် မောင်မောင်ထွေးလည်း စကားပြတ်တော့သည်။ ဤသို့ တခါနှစ်ခါလုပ်ပြီးနောက် နောင်မောင်မောင်ထွေး လေကြောရှည်လျှင် လဘက်လဘက်ဟု အော်လိုက်လျှင် အားလုံးဝိုင်းရီကြပြီး စကားစပြတ်သည်။ သူ့အဆဲတော့ အနဲငယ်ခံရတတ်သည်။ ထို့ သို့ နိုင်ငံတကာရေးရာ စိတ်ဝင်စားလွန်း၍ သူအား နိုင်ငံကြောင်ဟု နောက်ပြောင်ခေါ်ကြသည်။

၁၉၇၄/၇၅/၇၆ ကျောင်းသားအရေးအခင်းများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သော်လည်း အဖမ်းမခံခဲ့ရ။ လွတ်ကျန်ခဲ့သည်။ မအောင်မြင်လိုက်သော ၁၉၇၇ ဇူလိုင် ၇ ရက် နှစ်ပတ်လည်နှင့် ၁၉၇၈ ဇူလိုင် ၇ ရက်နှစ်ပတ်လည်လုပ်ရန် ကြိုးစားနေစဉ် ပုဒ်မ ၁၀ က နှင့် ၁၉၇၈ တွင် ထိမ်းသိမ်းခံရပေတော့သည်။ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားသတင်းပေးဝင်လုပ်နေသူ သန်းလှိုင်ခေါ် သန်းထိုက်လှိုင်လက်ထောက်ချမှုကြောင့်ဟု ဆိုကြသည်။ သူနှင့်ကိုစိုးအောင်ကား ထောင်အဝင်အထွက်လွဲသွားသည်ဟုဆိုရမည်။ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်သည်။ ပုဒ် ၁၀ က နှင့် ထိမ်းသိမ်းရုံဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း မခံရ၍ ဆေးကျောင်းပြန်လည်တက်ခွင့်ရသည်။

၁၉၈၈ အရေးအခင်းကာလမှာတော့ ရန်ကုန်နှင့်ပဲခူးတွင် ဝင်ရောက်လှုပ်ရှားခဲ့သေးသည်ဟု ဆိုသည်။ အရေးအခင်းအပြီး မကြာခင်မှာ ကျောင်းဆရာမတစ်ဦးနှင့် အိမ်ထောင်ကျသည်။ ထိုအချိန်ထိ မောင်မောင်ထွေး ဘွဲ့မရသေးပေ။ ၁၉၇၂ ၌ ဆေးကျောင်းရောက်သော မောင်မောင်ထွေးတယောက်၂၂ နှစ်အကြာ ၁၉၉၄ တွင် MBBS ဘွဲ့ရပြီး ၁၉၉၅ တွင် အလုပ်သင် ဆရာဝန်ပြီး၍ ဆမရသော ဆရာဝန်ဖြစ်လာသည်။ ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်ခြင်း အင်းစိန်ထောင်ထဲ တရားရှာခြင်း ဘုန်းကြီးဝတ်ခြင်း လူထွက်၍ အိမ်ထောင်ပြု ခြင်း စသည့်ကိစ္စရပ်များစွာ၌ ကျင်လည်ပြီး ၂၃ နှစ်အကြာတွင် ဆရာဝန်ဖြစ်သွား သူဖြစ်သည်။ ဆေး ၂ ၏ စံချိန်တင်ကျောင်းသားဟု ဆိုရပေလိမ့်မည်။

ယခုတော့ ရွှေပေါက္ကံတွင် ဆေးခန်းလည်းထိုင် ကျူရှင်လည်းပြရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေသည်။ ဆေးကျောင်း မတူသော်လည်း လူရည်ချွန်ကာလကခင်မင်ခဲ့သော ဒေါက်တာဖေသက်ခင်က ၂၀၁၀ ခုနှစ် ကျန်းမာရေးဝန်ကြီးဖြစ်စဉ် ကို မောင်မောင်ထွေး ဘာလိုအပ်သလဲဟု တခုတ်တရလှမ်းမေးတော့ ဘာမှမလိုဘူး ရပါတယ်ဟုဆိုခါ လူနာခပ်ကျဲကျဲ ဆေးခန်း လေးဆီသို့ ဆိုက်ကားလေးစီးကာ ရောင့်ရဲတင်းတိမ်ခြင်းဖြင့် ဘဝကို ရိုးစင်းစွာ ဖြတ်သန်း၍နေပေသည်။ ထိုစဉ်ကသာ မောင်မောင်ထွေးသာ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူနေရသော ကာကွယ်ဆေးတင်သွင်းခွင့်တောင်းလိုက်ပါက သိန်း ထောင် ချီ ရသွားနိုင်သည်။ သို့သော် သူ့ခေါင်းထဲတွင် ထိုအကြောင်းအရာများမရှိ။ သူငယ်ချင်းစေတနာသက်သက်ကိုသာ လက်ခံခဲ့သည်။ မိမိတွင် ဆိုက်ကားစီးဆရာဝန်သူငယ်ချင်းတစ်ယောက်ရှိပါသည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)
photi credit Thein Myint