ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - အိန္ဒိယသည် ညမှာသာတိုးတက်သည်


ကိုသန်းလွင် - အိန္ဒိယသည် ညမှာသာတိုးတက်သည်
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆

(၁)

ကုန်သွယ်ရေးမူဝါဒများကို တင်းကြပ်ထားရာမှ ပြုပြင်ပြောင်းလဲပေးရခြင်း၊ ( Economic Liberalization ) မှာ နိုင်ငံတိုင်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ပါသည်၊ စက်မှုထုတ်ကုန်များ တိုးတက်လာ သည်နှင့်အတူ ထိုထွက်ကုန်များကို တနေရာမှ တနေရာသို့ လျင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်ရန်လိုအပ်ပါသည်၊ ဆက်လက်၍ သင့်တော်သော အခွန်အကောက် များကိုသာ ကြီးကြပ်ပေးခြင်း၊ အစိုးရဌာနများအတွင်း လုပ်ငန်း လုပ်ဆောင်ရာတွင်ကြိုးနီစနစ်ကိုလျှော့ပေါ့စေခြင်းတို့မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် များဖြစ်ကြပါသည်။

(၂)

၂၀၁၂ ခုနှစ်က အိန္ဒိယ စာရေးဆရာ ဂူချာရန်ဒတ် (စ) Gurcharan Das ၏ “ အိန္ဒိယသည် ညမှာသာတိုး တက်သည် ” ဟူသော စာအုပ်တအုပ် ထွက်ပေါ်ခဲ့ပါသည်၊ ၀ါကျအပြည့်အစုံမှာ “ ညပိုင်းအစိုးရအိပ်ပျော် နေစဉ်မှာ သာ အိန္ဒိယနိုင်ငံသည် တိုးတက်မှုရှိသည်” ဟုဆိုလိုပါသည်၊ အစိုးရကချမှတ်ထားသော ဥပဒေ နည်းလမ်းများသည် ရှုတ်ထွေးပွေလီနေသောကြောင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ မတိုးတက်နိုင်ဘဲရှိနေ သည်ဟု စာရေးဆရာက ဝေဖန်ခဲ့ခြင်းဖြစ်ပါသည်။

ဖရန်စစ် ဖူကူရားမား၏ Political Order စာအုပ်တွင် အောင်မြင်သော လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတခု ဖြစ်ပေါ်နိုင်စေရန် အချက် (၃) ချက်ပါဝင်ရမည်ဟု ရေးခဲ့ပါသည်၊ (၁) အစိုးရသည် ပြတ်သားမှန်ကန်သော ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်ရမည်၊ (၂) ဥပဒေလွှမ်းမိုးမှုမှာ ထင်သာမြင်သာရှိရမည် နှင့် (၃) အစိုးရသည် ပြည်သူ့ အကျိုးကို အမြဲဦးထိပ်ထားရမည်ဟူသော အချက်များပါဝင်ပါသည်။

တချိန်ကမူ ကားလမတ်(စ)က အိန္ဒိယနိုင်ငံတွင် စက်မှုတော်လှန်ရေးတခုဖြစ်ပေါ်လာနိုင်သည်၊ မီးရထားလမ်း နှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကိုထူထောင်ရမည်ဟု ရေးခဲ့ဘူးသည်၊ ၁၉၁၄ခု၊ ပဌမကမ္ဘာစစ်ကာလက အိန္ဒိယ တွင် ကမ္ဘာပေါ်၌ တတိယ အကြီးဆုံးမီးရထား နက်ဝပ် ရှိသည်၊ ချည်မျှင်စက်ရုံများမှာ ကမ္ဘာတွင် အကြီးဆုံးဖြစ်သည်၊ အထည်စက်ရုံများအနေဖြင့် ကမ္ဘာတွင်စတုတ္ထလိုက်သည်၊ တူးမြောင်းသွယ်တန်းမှုတွင် ကမ္ဘာ့ထိပ်ဆုံး နိုင်ငံဖြစ်သည်၊ သို့သော် တနိုင်ငံလုံး၏ စီးပွားရေး ပမာဏမှာ တကမ္ဘာလုံး စီးပွားရေး၏ ၂.၅% သာရှိသည်။

လွတ်လပ်ရေးရရှိချိန်တွင် ၀န်ကြီးချုပ် နေရူး နှင့် ပေါ်လစီရေးဆွဲသူများက စက်မှုတော်လှန်ရေးကို ဆိုရှယ်လစ် မူများအရ အစိုးရက ဦးစီးသည့် အေဂျင်စီများက ဖော်ဆောင်ရမည်ဟု ကြွေးကြော်ခဲ့ကြသည်၊ သူတို့သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အယုံအကြည်မရှိခဲ့ကြပေ။

ဝန်ကြီးချုပ်နေရူးသည် စီးပွားရေးသမားများကို မျက်နှာသာမပေး၊ နိုင်ငံခြား ခရီးစဉ်များတွင် စီးပွားရေးလုပ်ငန်း ရှင်များးကို ခေါ်ဆောင်သွားလေ့မရှိပေ။

စိုက်ပျိုးရေးထုတ်ကုန် မလုံလောက်ဘဲနှင့် စက်မှုနိုင်ငံကို မထူထောင်နိုင်ဟု ပညာရှင်များကယုံကြည်ကြသည်၊ အလျင်က ပြည်တွင်းစိုက်ပျိုးရေးသီးနှံ ထွက်ကုန် မလုံလောက်ခဲ့သော အိန္ဒိယ နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန် များ အလုံ အလာက် ဖြစ်လာခဲ့သည့်တိုင် ကမ္ဘာ့ စက်မှုထိပ်သီးနိုင်ငံကြီးကား ဖြစ်မလာခဲ့ပေ။

၁၉၈၅ ခုနှစ်တွင် စီးပွားရေး အကြပ်အတည်းဖြစ်လာခဲ့သည်၊ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေနံဈေးတက် လာသော အခါ ဆီတင်သွင်းနေရသော နိုင်ငံအဖို့ နိုင်ငံခြားငွေ မလုံမလောက်ဖြစ်လာခဲ့သည်၊ နိုင်ငံတွင်းရှိ အနည်း ငယ်သော နိုင်ငံခြားပိုင် ကုမ္ပဏီများက မိမိတို့ပိုင်ငွေများကို ပြင်ပသို့ပို့လာကြသည်၊ အိန္ဒိယသည် ဒေ၀ါလီခံရန် ၁၅ ရက်သာလိုတော့သည်ဟု ဝေဖန်ခံရသည့် အချိန်သို့ရောက်လာသည်၊ နိုင်ငံခြားငွေအတွက် ငွေကြေးရန်ပုံငွေ အဖွဲ့ ( IMF ) သို့ချဉ်းကပ်သော အခါ သူတို့က ငွေထုတ်ချေးရန် အတွက်အခြေအနေ (၃) ရပ် ကိုလိုက်နာရမည် ဟု တောင်းဆိုခဲ့သည်၊

(၁) နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ အတွက် နည်းဥပဒေများကို လျှော့ချရန်၊ ရှင်းရှင်းလင်းလင်းထားပေးရန်၊

(၂) အစိုးရကချုပ်ကိုင်ထားသော လုပ်ငန်းများကို ပုဂ္ဂလိကသို့ တဖြည်းဖြည်း လွှဲပြောင်းပေးရန်၊

(၃) ဂလိုဗယ်လိုက်ဇေးရှင်းလုပ်ရန်တို့ဖြစ်ပါသည်၊

ကုန်သွယ်ရေးနည်းလမ်းများကို လွတ်လပ်မှု ရှိစေရန် ( Liberalization ) လုပ်ရမည် ဟုတောင်းဆိုခဲ့ခြင်း ဖြစ်သည်၊ ငွေကြေးရံပုံငွေ အဖွဲ့သို့ အပေါင်အဖြစ် ရွှေတန်ချိန် ၄၇ တန်ပေးခဲ့ရသည်ဟု ဆိုသည်။

၁၉၉၁ ခုနှစ် ၀န်ကြီးချုပ် နာရာဆင်မာရောင်း ( Narasima Rao ) လက်ထက်တွင် နောင်တွင်ဝန်ကြီးချုပ်ဖြစ်လာ မည့် စီးပွားရေး ပရော်ဖက်ဆာ မာမိုဟန်ဆင်း ကို စီးပွားရေးဝန်ကြီးအဖြစ်ခန့်အပ်ကာ ကုန်သွယ်ရေးဆိုင်ရာ ပြုပြင်မှု (Reform) များ ပြုလုပ်ခဲ့သည်။

အစိုးရက လုပ်ကိုင်သည့် လုပ်ငန်းများစွာကို ပုဂ္ဂလိက မှ လုပ်ကိုင်နိုင်ရန် လုပ်ပိုင်ခွင့်များချပေးခဲ့သည်၊ Licence Raj ခေါ် ပြည်တွင်း လုပ်ငန်းလိုင်စင်ကို အုပ်ချုပ်သူ အစိုးရ နှင့် နီးစပ်သူများကိုသာ ချပေးသည့်စနစ်ကိုလည်း ဖယ်ရှားပြစ်နိုင်ခဲ့ကြသည်၊ စီးပွားရေးစွန့်စား တီထွင်သူများ နှင့် အပြိုင်အဆိုင်လုပ်ငန်းများ ပေါ်လာကြသည်၊ ကြိုးနီစနစ် လျှော့ပါး သွားသည် နှင့် စီးပွားရေး လုပ်ငန်းများ ချောမွေ့လာကြသည်၊ လအနည်းငယ်အတွင်း မှာပင် ထိုပြုပြင်ရေးလုပ်ငန်းများ၏ အသီးအပွင့်ကိုမြင်ကြရသည်၊

အထူးသဖြင့် အအောင်မြင်ဆုံးမှာ IT - Information Technology ကဏ္ဍ တွင် ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲလ် ယား ကုမ္ပဏီကြီးများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်၊ ဆော့ဖ်ဝဲယား နှင့်ပါတ်သက်၍အမေရိကန်ကုမ္ပဏီများ၏ ပရောဂျက်များကို ကိုင်တွယ် လုပ်ဆောင်ပေးရသည့် အိန္ဒိယ ကုမ္ပဏီများစွာပေါ်လာခဲ့သည်၊

၁၉၄၇ ခုနှစ်က အင်္ဂလိပ်အစိုးရထံ မှ လွတ်လပ်ရေးရသည် ဆိုလျင် ၁၉၉၁ ခုနှစ်တွင် နောက်ထပ်တကြိမ် စီးပွားရေး လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်ဟု သတင်းစာ ဆရာများကရေးခဲ့ကြသည်၊ တချို့ကလည်း မဟတ္တမ ဂန္ဓီကို လွတ်လပ်ရေး ဖခင်ကြီးဟုတင်စားသလို Rao ကိုစီးပွားရေးပြောင်းလဲမှု၏ ဖခင်အဖြစ် တင်စားသတ်မှတ် ခဲ့ကြသည်၊

(၃)

ရှေးယခင်က အိန္ဒိယ နိုင်ငံ၏စီးပွားရေး မအောင်မြင်ရခြင်းအတွက် အောက်ပါအချက်များကို အပြစ်ဖို့ကြပါသည်၊

သူတို့၏ ကုန်ထုတ်လုပ်မှုပုံစံမှာ နိုင်ငံခြားမှ ပစ္စည်းမတင်သွင်းရရေးပင်ဖြစ်သည်၊ ထိုပစ္စည်းများကို ပြည်တွင်းမှာ သာ ထုတ်လုပ်ကြရမည်ဖြစ်သည်၊ နိုင်ငံခြားသို့ ပို့ကုန်ပို့နိုင်ရေး၊ ကမ္ဘာ့ဈေး ကွက်တွင် အိန္ဒိယ နိုင်ငံလုပ်ပစ္စည်း များ ရောင်းချနိုင်ရေးကို မလုပ်နိုင်ဘဲဖြစ်နေသည်၊ ကမ္ဘာကုန်သွယ်ရေးစနစ်တွင်မပါဝင်နိုင်ဘဲဖြစ်ခဲ့ရသည်၊

အစိုးရက ထူထောင်ဖွဲ့စည်းထားသော ၀န်ဆောင်မှု အဖွဲ့ အစည်းကြီးများမှာ ယှဉ်ပြိုင်နိုင်သူမရှိ၊ ၀န်ထမ်းများ မှာလည်း တိုးတက် အောင်မြင်ရေးအတွက်စဉ်းစားစရာမလို၊ အစိုးရရုံးများမှာ ခေတ်မမှီရသည့် အထဲတွင် ၀န်ထမ်းဦးရေကလည်း လိုသည်ထက်များနေတတ်သည်၊

ပုဂ္ဂလိက ကုမ္ပဏီများအတွက် ချမှတ်ထားသော လိုက်နာရန်စည်းကမ်းများမှာ တင်းကြပ်လွန်းနေတတ်သည်၊ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ တားမြစ်ချက်များမှာ များလွန်းလှသည်၊

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အားမပေး၊ ခွင့်မပြ၊ု ကမ္ဘာ့ အဆင့် မှီနိုင်ရေးအတွက် အခွင့် အလမ်း မရှိသလို ဖြစ်နေသည်၊ ဆိုးရွားလှသည့် ကန့်သတ်ချက်များတွင် အိန္ဒိယ နိုင်ငံသားတဦးအဖို့ နိုင်ငံခြားတွင် စီးပွားရေး လုပ်ငန်းလုပ်ပိုင်ခွင့်မရှိ၊ နိုင်ငံခြားကုမ္ပဏီ များ၏အစုရှယ်ယာများကိုပင်ဝယ်ယူခွင့်မရှိ၊ ဂလိုဗယ်လိုက်ဇေးရှင်း ကိုပြောင်းပြန်သွားနေခြင်းဖြစ်သည်၊

အလုပ်သမားဥပဒေများမှာလည်း တင်းကြပ် လွန်းသည်၊ တွက်ခြေမကိုက်သော ကုမ္ပဏီများမှာ အလုပ်သမား များကိုဌါးရန်းမိထားသဖြင့် ကုမ္ပဏီ ကိုပိတ်ခွင့်မရ ဖြစ်ရ တတ်သည်၊

မိန်းကလေးများအနေနှင့် ပညာသင်ခွင့်မှာ ယောက်ျားများနှင့် တန်းတူမရှိပေ။

အစိုးရ၏ အတွေးအခေါ် ( Ideology) ကို အပြစ်တင်စရာမရှိ၊ နေရူး မှ စတင်၍ အင်ဒီယာဂန္ဓီ၊ ရာဂျစ်ဂန္ဓီ စသည်ဖြင့် အုပ်ချုပ်သူ အစိုးရများမှာ ပြည်သူ၏ မေတ္တာကို ခံယူကြရသူများသာ ဖြစ်သည်၊ သို့ပါသော်လည်း တာဝန်ယူရသည့် အစိုးရ အမှုထမ်းများမှာ အုပ်ချုပ်မှု ညံ့ဖျင်းသော မန်နေဂျာ များဟုသာခေါ်ရတော့မည်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းကြသည်၊ လူပုဂ္ဂိုလ် တဦးတယောက်ညံ့ဖျင်းလျင်၎င်း၏ မိသားစုတစု သာ ဒုက္ခရောက်ကြ သည်၊ အုပ်ချုပ်သူ အစိုးရ မှားယွင်းခဲ့ပါသော် တနိုင်ငံလုံး ခါးစည်းခံကြရသည်။


(၄)

စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသည့်ကျွန်တော်နိုင်ငံအတွက် အိန္ဒိယနိုင်ငံအတွေ့အကြုံမှသင်ခမ်းစာ ရယူနိုင်သည့် အချက်များစွာကို တွေ့မြင်နေရပါသည်၊ ကုန်သွယ်ရေးလုပ်ငန်းများတွင် စည်းကမ်းနည်းလမ်း အသစ်များတိုးလာခြင်းအစား လျှောနည်းသွားခြင်းကိုသာကျွန်တော်တို့တွေ့မြင်လိုပါသည်၊ အကောက်ခွန် ကိစ္စများတွင်နှုန်းထား ပိုမိုလာခြင်းအစားလျှော့နည်းသွားခြင်း ကိုသာတွေ့လိုပါသည်၊

မကြာမီကမှ ပြဋ္ဌာန်းလိုက်သော စည်းကမ်းများတွင်နိုင်ငံခြားမှတင်သွင်းလိုက်သော ဓါတုဗေဒပစ္စည်းများကို ပြည်တွင်းဓါတ်ခွဲခန်းများတွင်ပဌမ စမ်းသပ်စစ်ဆေးပြီး အဖြေရမှ ထုတ်ယူရမည်ဟူသော စည်းကမ်းချက် တခု တိုးလာသည်ဟု ကြားလိုက်ရပါသည်၊

နိုင်ငံခြားမှတင်သွင်းလာသော ပစ္စည်းတခုသည် လေကြောင်းမှဆိုလျှင် နာရီပိုင်းအတွင်း၊ ရေလမ်းမှဆိုလျှင် အလုပ်ချိန်သုံးရက်ရလျင် မှာယူသူ၏လက်သို့ သို့လွှဲပြောင်းပေးနိုင်ရပါမည်၊ ပစ္စည်းထုတ်ပေးခြင်းကို နှောင့်နှေး စေသော စည်းကမ်း အသစ်ကို မချမှီ သေချာစွာပြင်ဆင်ရပါမည်၊ ထိုစည်းကမ်းသည် ချက်ခြင်းအာဏာ တည် စေရမည် ဟုမဖြစ်သင့်ပါ၊ ပြင်ဆင်ချိန် ၆လ(သို့) တနှစ် အချိန်ယူပြီးမှပြဋ္ဌာန်းသင့်ပါသည်၊ ထိုကာလများအတွင်း ဓါတ်ခွဲခန်းကို အကောက်ခွန် ဋ္ဌာနနှင့်နီးစပ်သောနေရာများတွင်ဖွင့်ပေးခြင်း၊ နိုင်ငံခြားမှအစိုးရကအသိအမှတ်ပြု ပေးနိုင်သည့် ဓါတ်ခွဲခန်းမှအဖြေကို လည်းရယူနိုင်စေခြင်းစသော ရွေးချယ်ခွင့်များကိုဖွင့်ပေး သင့်ပါသည်၊

အစိုးရတွင် လုံခြုံရေးနှင့် အခြားအချက်အလက်များကို စဉ်းစားရမည်ဆိုခြင်းကို လက်ခံပါသည်၊ သို့သော် စည်းကမ်းအသစ်သည် ကုန်စည်းစီးဆင်းခြင်းကို အဟန့်အတား တခုဖြစ်မသွးစေရပါ၊ စည်းကမ်းချက်များစွာ ရှိနေပြီး အချိန်တွင် စည်းကမ်းအသစ်များဖြင့် ပိုမို ခက်ခဲသွားစေခြင်းမပြုရပါ၊

ဤအချက်မှာ ကုန်သွယ်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေခြင်း ဥပမာတခု အဖြစ်တင်ပြရခြင်းဖြစ်ပါသည်၊

(၅)

အိန္ဒိယ နိုင်ငံတွင် လွန်ခဲ့သော ဂျွန်လ ၂၂ ရက်နေ့က ၀န်ကြီးချုပ် နီရန်ဒါ မိုဒီ ၏ကျေငြာချက်များအရ နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုနှင့် စီးပွားရေးလုပ်ထုံးလုပ်နည်းများကို ပိုမို ဖြေလျှော့ပေးနေသည် ကို သတင်းများတွင် တွေ့ လိုက်ရပါသည်၊ ထိုပြုပြင်ပြောင်းလဲလိုက်သော စည်းကမ်းများ၏ အကျိုးသက်ရောက်မှုကို များမကြာမှီ ကျွန်တော်တို့ တွေ့ကြရမည်ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Gurcharan Das, India Grows at Night