အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင်

အက်ဆစ်က မဖျက်ဆီးနိုင်ခဲ့တဲ့ အမျိုးသမီးကောင်းများရဲ့ စိတ်ဓာတ်အလှတွေ ဖေါ်ကျူးနေရာ ‘ဆုံစည်းရာ’ ကော်ဖီဆိုင်
(ခင်လေး နှင့် ငြိမ်းချမ်းအေး ပူးပေါင်းရေးသား စုစည်းတင်ဆက်သည်)
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆


"နင် ငါ့မျက်နှာကို ဖျက်ဆီးနိုင်ပေမယ့် ငါ့ရဲ့ ရှင်သန်ချင်တဲ့ စိတ်ဆန္ဒကိုတော့ သတ်လို့မရဘူး၊။
နင် ငါ့ရဲ့ ရှင်သန်နေတဲ့ စိတ်ဓာတ်ကို အက်ဆစ်နဲ့ပက်လို့မရပါဘူး …. …."




ပုံ (၁) ■ မတရားမှုကို ခံခဲ့ရပေမယ့် ဘဝကို အပြုံးမပျက် ရဲရဲရင်ဆိုင် ဖြတ်သန်းနေတဲ့ အက်ဆစ်ဒဏ်ခံ အမျိုးသမီး


ကြီးကျယ်လှတဲ့ ဂူဗိမာန် ဆောက်ကာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တိုင်းတာပြပြီး သမိုင်းမှာတွင်ကျန်စေခဲ့တဲ့ ရှားဘုရင်ကြီးရဲ့ တာ့ဂ်ျမဟာ (Taj Mahal) ရှိရာ အိန္ဒိယနိုင်ငံ အဂ္ဂရာ (Agra) ကိုများ ရောက်ခဲ့ကြရင် တာဂ်ျမဟာ အဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင် ဖိတ်ဟဘတ် (Fatehabad) လမ်းပေါ်က ကော်ဖီဆိုင်ကိုလည်း ဝင်လည်ဖို့ တိုက်တွန်းပါရစေ။ ဘာကြောင့်ဆို … … ကော်ဖီဆိုင်ဖွင့်လှစ်ထားသူတွေရဲ့ ခံ့ကျန်းတဲ့ စိတ်ဓာတ်နဲ့အလှဟာ ရှားဘုရင်ရဲ့ နှလုံးသားထက် ကြီးကျယ်ပြီး တာ့ဂ်ျမဟာကြီးထက်ကို ခံ့ညားနေလို့ပါပဲ။


ကော်ဖီဆိုင်မှာ မြင်တွေ့ရမှာကတော့ တွေ့နေမြင်နေကျ ရင်သပ်ရှုမောဖွယ် အလှအပနဲ့ အမျိုးသမီးငယ်လေးများတော့ မဟုတ်ပါဘူး။ ဆိုင်က အလုပ်သမားတွေရဲ့ အပေါ်ယံ ပုံပန်း သွင်ပြင် မျက်နှာ အလှအပကတော့ ဆိုးဆိုးဝါးဝါး ပျက်ယွင်းနေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အတွင်းအလှသားကတော့ ဘယ်အရာနှင့်မျှ နှိုင်းယှဉ်လို့ မရစကောင်းပါဘူး။


သူတို့ဟာ လူမဆန်လှတဲ့ လုပ်ရပ်တွေကို ခံစားခဲ့ရပေမယ့် ဘဝကို အရှုံးမပေးပါဘူး။ ယုတ်မာရိုင်းစိုင်းမှုဒဏ်ခံ သားကောင် ဖြစ်ခဲ့ရပေမယ့် ကျူးလွန်သူတွေ ဖြစ်စေချင်သလို စော်ကားသူများ ဝမ်းသာအောင်၊ သူတို့ ဖြစ်စေချင်သလို စိတ်တိုင်းကျ ကံပစ်ချရာ ခံပေတော့ စိတ်နဲ့ ကရုဏာသက်ခံ အသနားခံ သားကောင် ဘဝ အဖြစ် လောကကြီးကို အရှုံးပေးလက်မြှောက်၊ အနာတရတွေကို တသသ လုပ်မနေပါဘူး။ လူမှု အသိုင်းအဝန်းကို ခေါင်းမော့ ရင်ကော့ ပြန်ဝင်ကြပါတယ်၊ စီးပွားရေးကို ဦးဆောင်ကြပါတယ်၊ ဒီလို ဂုဏ်ပြုအပ်တဲ့ အမျိုးသမီးတစုကို ချီးမြှောက်ဖို့ရာ ကော်ဖီဆိုင်ကို ဝင်ဖြစ်အောင် ဝင်လည်ကြပါ။




ပုံ (၂) ■ Sheroes Hangout ကော်ဖီဆိုင် ဖွင့်လှစ်နေသူ အက်ဆစ်ဒဏ်ခံ အမျိုးသမီး (၅) ဦး



ကော်ဖီဆိုင်ကို စတင်တည်ထောင်ခဲ့သူတွေက အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီး ၅ ဦးပါ။ သူတို့ဟာ Chaanv Foundation နဲ့ Stop Acid Attack Network လူမှုရေးအဖွဲ့အစည်းကွန်ရက်က ထောက်ခံသူများ ရဲ့ ပံ့ပိုးကူညီမှုနဲ့ ၂၀၁၄ က စတင်ပြီး “Sheroes Hangout သျှီရိုများ ဆုံစည်းရာ” ဆိုပြီ အက်ဆစ်အပက်ခံ သားကောင် ဘဝတူ အမျိုးသမီများအတွက် ကော်ဖီဆိုင်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။




ပုံ (၃) ■ Sheroes Hangout ကော်ဖီဆိုင်ရဲ့ အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူ ဘဝတူ အမျိုးသမီးများအား ဖိတ်ခေါ်နေမှု


အာရှတိုက်တောင်ပိုင်းမှာ အမျိုးသမီးများ၊ ကလေးငယ်များ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေရဲ့ မျက်နှာတွေကို ဆိုးရွားပြင်းထန်လှတဲ့ ခြိမ်းခြောက်တိုက်ခိုက် ရန်သတ္တရုပြုမှုတွေ ရက်ရက်စက်စက် ပြုလုပ်တတ်ကြပါတယ်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပါပဲ၊ လက်ထပ်ခွင့်တောင်းတာ ငြင်းမိလို့၊ မိထွေး ခင်ပွန်း အစရှိသူများရဲ့ အိမ်တွင်းအကြမ်းဖက်မှုခံရလို့ အစရှိတဲ့ အကြောင်းပြချက်များ၊ အဖြစ်အပျက်များနဲ့ အက်ဆစ်ပက်တိုက်ခိုက်ခြင်းဟာ လုပ်လေ့လုပ်ထ သဘောတောင် ဖြစ်လို့နေပါတယ်။

သတ်မှတ်ထားတဲ့ ရိုးရာဓလေ့တွေကို ချိုးဖောက်လို့ ဆိုပြီး အမျိုးသမီးတွေရဲ့မျက်နှာကို နိုက်ထရစ်အက်ဆစ်၊ ဒါမှမဟုတ် ဆာလ်လဖြူရစ်အက်ဆစ်တွေနဲ့ ပက်ခြင်းဟာ တိုက်ခိုက်ခံရသူ အမျိုးသမီးများအတွက် တသက်တာလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်စေရုံမက ကိုယ်စိတ်နှလုံး အားလုံးကို ထိခိုက်စေပါတယ်။ တခါတရံမှာ အသက်ပါဆုံးရှုံးကြရပါတယ်။

ဒီလို တရားမဲ့နေမှုတွေကို တနိုင် အာခံ တန်ပြန် တုံ့ပြန်နေတာကတော့ Sheroes Hangout ကော်ဖီဆိုင်ပါပဲ။




ပုံ (၄) ■ တောင်အာရှရဲ့ဒေသတချို့နဲ့ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခြင်းဟာ အထူးအဆန်းမဟုတ်တဲ့ ဖြစ်ရိုးဖြစ်စဉ် တခုလို ဖြစ်နေပါတယ်။ ရလဒ်ကတော့ သားကောင် အမျိုးသမီးများအတွက် လူတောမတိုးဝံ့တဲ့ သေရာပါအနာရွတ်တွေ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်မှုတွေနဲ့ အသက်ဆုံးရှုံးရခြင်းတွေပါ။




ပုံ (၅) ■ Sheroes Hangout ကော်ဖီဆိုင်ဟာ ဒီလို ရက်ရက်စက်စက်တိုက်ခိုက်ခံခဲ့သူတွေက ဘဝတူအမျိုးသမီးအတွက် စတင်တည်ထောင်ခဲ့ပါတယ်။ ဒီဆုံစည်းရာလေးမှာ သားကောင်အမျိုးသမီးတွေဟာ ဘဝအတွက် ခွန်အားနဲ့ ကြံ့ခိုင်မှုတွေကို ရှာဖွေ တွေ့ရှိနိုင်ပါပြီ။


ပုံ (၆) ■ တာ့ဂ်ျမဟာ (Taj Mahal) ကြီးရှိရာ အဂ္ဂရာ (Agra) က “Sheroes Hangout သျှီရိုများ ဆုံစည်းရာ” ကော်ဖီဆိုင် ဟာ အခုဆိုရင် အတော် လူသိများလာပါပြီ


ပုံ (၇) ■ ကော်ဖီဆိုင်မှာ အစားအသောက်နဲ့ အဖျော်ရည်တွေ တည်ခင်းရောင်းချသလို၊ သတင်းအချက်အလက်တွေစုဆောင်းရှာဖွေနိုင်ဖို့အတွက် စာကြည့်တိုက်၊ ရပ်ရွာအတွက် ရေဒီယိုခန်း၊ တက်ကြွလှုပ်ရှားသူတွေရဲ့ အလုပ်ရုံဆွေးနွေးခန်း၊ တိုက်ခိုက်ခံ အမျိုးသမီးတွေရဲ့ အနုပညာ၊ လက်မှုပညာများခင်းကျင်းပြသရာနေရာ အစရှိသလို လူမှုအသိုင်းအဝန်းအကျိုးပြု ဆောင်ရွက်ရာနေရာလည်း ဖြစ်ပါတယ်။



ပုံ (၈) ■ ကော်ဖီဆိုင်မှာ ဂီတဖျော်ဖြေပွဲတွေ၊ တခြား လှုပ်ရှားမှု ပြပွဲတွေလည်း ပြုလုပ်ပါတယ်။ ပွဲတွေမှာ လူ့အသိုင်းအဝန်းထဲက ပြဿနာများကို လေ့လာသုံးသပ်ကြပါတယ်။ ပြီးတော့ ပြဿနာရဲ့ အဖြေတွေ အတွက် သူတို့ ဘယ်လိုကူညီနိုင်မလဲ ဆွေးနွေးကာ အဖြေရှာကြပါတယ်။

တိုက်ခိုက်ခံရသူတချို့ဟာ ရက်စက်လှတဲ့ လူယုတ်မာများရဲ့ အပြုအမူနဲ့ လုပ်ရပ်ဆိုးတွေကို လူအများ အသိအမှတ်ပြုမှုရစေအောင် အသိပညာပေးမြှင့်တင်ခြင်း အစီအစဉ်အနေနဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းကြေကွယ် တုန်လှုပ်ဖွယ် ဆိုးဝါးလှတဲ့ဖြစ်စဉ်ဒုက္ခတွေနဲ့ ဒီအခြေအနေဆိုးကြီးကို သူတို့ ဘယ်လို ဘယ်ပုံ ရဲရဲရင့်ရင့် ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာတွေကိုလည်း ပြန်လည် ဖွင့်ဟကြပါတယ်။


ပုံ (၉) ■ အက်ဆစ်ဒဏ်ခံ ဂီတာ (Geeta) (ပန်းချီဆရာမ)
"ကျွန်မငယ်ငယ်ရွယ်ရွယ်နဲ့ လက်မထပ်ချင်ခဲ့ပေမယ့် အသက် ၁၄နှစ်မှာ လက်ထပ်ခဲ့ရတယ်။ ကျွန်မ ပညာသင်ချင်ခဲ့တယ်။ ကျွန်မ ပညာသင်ယူနိုင်ဖို့ဖို့အတွက် လက်ဖက်ရည်ဆိုင်လေး ဖွင့်ခဲ့တယ်။ ဒါပေမယ့် အက်ဆစ်နဲ့တိုက်ခိုက်ခံရမှုက ကျွန်မရဲ့ဘ၀မှာ အရာရာကို ပြောင်းလဲပစ်ခဲ့ပါတော့တယ်… …။”

ကလေးနှစ်ယောက်မိခင် ဂီတာဟာ မာရုတ် (Merrut)_ မှာ လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရောင်းချနေသူပါ။ ၂၀၀၂ ခုနှစ်မှာ လက်ထပ်ခွင့်တောင်းတာကို ငြင်းဆန်ခဲ့မှုကြောင့် အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

ကျွန်မကို တိုက်ခိုက်ခဲ့သူတွေကို သူတို့ရဲ့ကျန်နေတဲ့ဘ၀တသက်တာမှာ အရှက်တကွဲခံစားရအောင် ကျွန်မလုပ်ပြချင်တယ်၊ လူတွေဟာ အခြားလက်နှက်တွေထက် အက်ဆစ်ကို အလွယ်တကူရှာလို့ရနေတယ်… …။"

အခုအချိန်မှာတာ့ ဂီတာဟာ သူမလိုပဲ အက်ဆစ်နဲ့တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးလေးယောက်နဲ့အတူ Sheroes Hangout ကော်ဖီဆိုင်မှာ အလုပ် လုပ်နေပြီ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆရာဖြစ်ချင်တာကတော့ သူမရဲ့ အိပ်မက်လို့ဆိုပါတယ်။

အမျိုးသမီးအများစုဟာ အပြစ်ဒဏ်ပေးခံရတဲ့ အနေနဲ့ ဒီလို တိုက်ခိုက်ခံနေကြရတာများပါတယ်။

အက်ဆစ်ပက်ခြင်းခံခဲ့ရသူ ဂီတာမဟော် (Geeta Mahor) ရဲ့ ပြောပြချက်အရတော့ ဒီလို အက်ဆစ်ကိုသုံးပြီး မျက်နှာကို တိုက်ခိုက်ခြင်းမှာ သိပ်ပြီးကြောက်စရာကောင်းလှတဲ့ ရည်ရွယ်ချက်ရှိပါတယ်။
 “သူတို့က လူကို အသေမသတ်လိုပါဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ မျက်နှာကို အကျည်းတန် အရုပ်ဆိုးအောင် လုပ်ပစ်ချင်တာပါ၊ ဒါမှ ခံရသူကို ဘယ်သူမှ လာမချစ်တော့ဘူးလေ.” လို့ ဂီတာမဟော် က ဆိုပါတယ်။


ပုံ (၁၀) ■ လင်ယောက်ျားဖြစ်သူရဲ့ အက်ဆစ်နဲ့တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ဂီတာမဟော် (Geeta Mahor) (စားဖိုဆောင် မန်နေဂျာ)

ဂီတာမဟော်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ခင်ပွန်းသည်ကိုယ်တိုင်က အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်တာကို ခံခဲ့ရသူပါ။ ဒီတိုက်ခိုက်မှုမှာ သူ့ရဲ့ရင်သွေးငယ်တစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုတော့ သူဟာ Sheroes Hangout မှာ မီးဖိုချောင်မန်နေဂျာတယောက်ဖြစ်နေပါပြီ။

ဂီတာမဟော်ရဲ့ အခြား သမီးတယောက်ဖြစ်တဲ့ နီးတူး (Neetu) လိုပဲ တချို့အမျိုးသမီးတွေဟာ အခုလို ရုပ်ပျက်ဆင်းပျက် ဒဏ်ရာအမာရွတ်တွေကို ကလေးဘ၀ကတည်းက ရရှိခဲ့ကြပါတယ်။ နီးတူးဟာ သူ့ရဲ့ ညီမငယ်နဲ့ အမြင်အာရုံတော်တော်များများကို ငယ်စဉ်ကတည်းက ဆုံးရှုံးခဲ့ရပေမယ့်လည်း ဘဝကို လျှောက်လှမ်းနေဆဲပါ၊ ဒီလိုတိုက်ခိုက်မှုတွေကို ကြံ့ကြံ့ ခိုင်တွန်းလှန်နိုင်နေကြတဲ့ ယုံကြည်ချက်အလုပ်တွေမှာ ပါဝင်ကူညီနေပါတယ်။


ပုံ (၁၁) ■ နီးတူး (Neetu) (အဆိုတော်)

နီးတူးဟာ အူတာပရာဒေ့ရှ် (Uttar Pradesh) ၊ အဂ္ဂရာ (Agra) က အမျိုးသမီးငယ် တဦးပါ။ ဖခင်အရင်းဖြစ်သူရဲ့ အက်ဆစ်နဲ့ ပက်ခြင်းကို မိခင်ရယ်၊ မွေးကင်းစ တလသားအရွယ် ညီမငယ်တို့နဲ့အတူ ခံခဲ့ရသူပါ။ အိပ်ပျော်နေတဲ့ ညီမငယ်လေးကတော့ အသက်သေဆုံးခဲ့ရပါတယ်။

သူမရဲ့ အိပ်မက်ကတော့ အဆိုတော် ဖြစ်ချင်တာပါပဲ။ အခုတော့ နီးတူးဟာ Sheroes Hangout မှာ အလုပ် လုပ်နေရင်း
အက်ဆစ်တိုက်ခိုက်မှုခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကူညီနေပါတယ်။ အက်ဆစ်တိုက်ခိုက်မှု အကြောင်း ရပ်ထဲရွာထဲမှာ သတိပြု မိအောင် ပညာပေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ပြုလုပ်ခြင်းဟာ ရည်ရွယ်ရှိရှိ လက်တုံ့ပြန် လက်စားချေခြင်းပါ။ အက်ဆစ်နဲ့ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေ ထက်ဝက်ကျော်ဟာ လက်ထပ်ခွင့်နဲ့ သမီးရည်းစားဖြစ်ခွင့်တွေကို ငြင်းဆိုခဲ့မှုအတွက် အသက်ကြီးကြီး ယောက်ျားတွေက ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ခန့်မှန်းချက်တွေက ဆိုထားပါတယ်။

အခု မြင်နေရတဲ့ ဒိုလီ (Dolly) ကတော့ ၁၅နှစ် သမီးကလေးပဲ ရှိပါသေးတယ်။


ပုံ (၁၂) ■ ဒိုလီ (Dolly) (ကျောင်းသူ)

ဒိုလီဟာ အသက် ၁၂နှစ်အရွယ်မှာ အသက်၂၅နှစ်အရွယ် ယောက်ျားတယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ အက်ဆစ်ဟာ ဒိုလီရဲ့နှာခေါင်းပေါက်တွေကို ဖျက်ဆီးခဲ့တာကြောင့် ဘ၀တစ်လျှောက်လုံး အသက်ရှုလမ်းကြောင်း ပြဿနာ ခက်ခဲမှု ကို ခံစားနေရပါတယ်။ တိုက်ခိုက်ခံရပြီး တနှစ်ကျော်ကြာတဲ့အထိ ဒိုလီဟာ အိမ်ထဲကအိမ်ပြင်ကို ထွက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် Sheroes Hangout ကော်ဖီဆိုင်မှာ ဘ၀တူတွေနဲ့အတူ အလုပ် လုပ်နေခြင်းက ဒိုလီကို ခွန်အားတွေဖြစ်လာစေခဲ့ပါတယ်။

"နင် ငါ့မျက်နှာကို ဖျက်ဆီးနိုင်ပေမယ့် ငါ့ရဲ့ ရှင်သန်ချင်တဲ့ စိတ်ဆန္ဒကိုတော့ သတ်လို့မရဘူး၊။ နင် ငါ့ရဲ့ ရှင်သန်နေတဲ့ စိတ်ဓာတ်ကို အက်ဆစ်နဲ့ပက်လို့မရပါဘူး" လို့ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ သူဆီကို ဒိုလီဟာ စာရေးပြောခဲ့ပါတယ်။ "

“ကျွန်မဒီလို တိုက်ခိုက်ခံရမှုအတွက် တရားရုံးမှာ ရင်ဆိုင်တိုက်ပွဲဝင် တရားစွဲဆိုသွားမှာပါ။ ဒါဟာ ကျွန်မ တယောက်တည်းအတွက် တင်မကပါဘူး၊ ကျွန်မလို တိုက်ခိုက်ခံခဲ့ရတဲ့ တခြားသူတွေအတွက်ပါ ဖြစ်ပါတယ်၊ ဒါမှသာ သူတို့တွေဟာ သတ္တိရှိမှုပါ မဆုံးရှုံးမှာပါ" လို့ ဒိုလီက စာထဲမှာ ထည့်ရေးခဲ့ပါတယ်။

ဒိုလီဟာ ဆရာဝန် တယောက်ဖြစ်ချင်နေသူပါ။

အက်ဆစ်နဲ့ပက်ပြီးတိုက်ခိုက်မှုတွေမှာ များသောအားဖြင့် ကျူးလွန်သူတွေဟာ ယောက်ျားတွေ ဖြစ်တာ များပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ ရူပါဆိုတဲ့ အမျိုးသမီးလေးကို တိုက်ခိုက်ခဲ့သူကတော့ သူ့ရဲ့ မိထွေးဖြစ်ပါတယ်။ အခုတော့ ရူပါဟာ ကော်ဖီဆိုင်ကို စီမံခန့်ခွဲအုပ်ချုပ်နေရင်းနဲ့ သူဖန်တီးထားတဲ့ လက်မှုပစ္စည်းတွေကိုလည်း တင်ရောင်းတဲ့ အလုပ် လုပ်နေပါတယ်။


ပုံ (၁၃) ■ ရူပါ (Rupa) (ဖက်ရှင်ဒီဇိုင်းဖန်တီးသူဆရာမ)

"ကျွန်မက ဆဟာရန်ပူက အက်ဆစ်နဲ့ပက်ပြီးတိုက်ခိုက်တာခံခဲ့ရသူ ‘ရူပါ’ ပါ။ ကျွန်မ အသက် ၁၅ နှစ် အရွယ်မှာ မိထွေးရဲ့အက်ဆစ်နဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကတည်းက ကျွန်မရဲ့ အိပ်မက်တွေ ပျက်စီး ပျောက်ကွယ်ခဲ့ပါတယ်။ ကျွန်မရဲ့ဦးလေးက ကျွန်မဘဝခရီးလမ်းတလျှောက်လုံးမှာ ပံ့ပိုးကူညီခဲ့ပါတယ်။ ဦးလေးဟာ ကျွန်မကို Safdarjung ဆေးရုံမှာ ဆေးကုသနိုင်အောင်ကူညီပေးခဲ့ရတာတွေကြောင့် အခုဆိုရင် သူ အကြွေးတောင်တင်နေပါတယ်…” ။

ရူပါဟာ သူ့ရဲ့ရွာကို လုံးဝ မပြန်ချင်တော့ပါဘူး။ အက်ဆစ်နဲ့တိုက်ခိုက်တာတွေကို ရပ်ဖို့အတွက် လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ Stop Acid Attack Network က ရူပါနဲ့အတူ ရပ်တည်ပေးပါတယ်။ ရူပါကို အသက်မွေးဝမ်းကျောင်းပညာ သင်တန်း ပေးပါတယ်။ အခုဆိုရင် ရူပါဟာ ဘဝမှာ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နေနိုင်ခဲ့ပါပြီ။

"အခုတော့ ကျွန်မ ဖက်ရှင် ဒီဇိုင်နာတယောက်ဖြစ်နေပါပြီ၊ Sheroes Hangout ကော်ဖီဆိုင်မှာ အလုပ်လုပ်နေပါတယ်၊ ကော်ဖီဆိုင်မှာ ဖက်ရှင် အဝတ်အစား အသုံးအဆောင်ပစ္စည်းရောင်းတဲ့ နေရာလေးလည်း ရှိပါတယ်..။
ဘ၀မှာနာကျင်စရာနဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုသာ တွေ့ကြုံခဲ့ရပေမဲ့ သူတို့အားလုံးဟာ စုစုစည်းစည်းနဲ့ အခြားသော ဘဝတူ သားကောင်တွေကို ထောက်ပံ့ပေးကြပါတယ်။ အက်ဆစ်နဲ့ တိုက်ခိုက်ခံရမှု အဖြစ်ဆိုးကို အတိတ်မှာ ပြည်ဖုံးကာချထားနိုင်ခဲ့ကြပါတယ်။


ပုံ (၁၄) ■ အက်ဆစ်ဒဏ်ခံ အချင်းချင်း ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ရိုင်းပင်နေကြပုံ မြင်ကွင်း


ပုံ (၁၅) ■ မာယာဒေဝီ (Maya Devi)
ကော်ဖီဆိုင်မှာ ပထမဆုံးအကြိမ် အဖြစ် ကော်ဖီသောက်နေစဉ်


Sheroes Hangout ကော်ဖီဆိုင်မှာ အက်ဆစ်တိုက်ခိုက်ခံ သားကောင် အမျိုးသမီးတွေကို သက်တောင့်သက်သာ နေနိုင်အောင်၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ တွေ့ဆုံနိုင်အောင် နေရာအဝန်းအဝိုင်း ဖန်တီးပေးထားပါတယ်၊ သူတို့ကို ရပ်ရွာလူမှုအသိုင်းအဝန်းအတွင်း ပြန်လည် ဝင်ဆန့်နိုင်အောင် ကူညီပေးပါတယ်။


ပုံ (၁၆) ■ Sheroes Hangout ရောက် အက်ဆစ်ဒဏ်ခံ အမျိုးသမီးများအတွက်တော့ ဘဝမှာ အချိန်အတော်ကြာတဲ့ ကာလတခု အကြာ ဒီနေရာလေးမှာ ပထမဦးဆုံး အနေနဲ့ ပြုံးပျော်ရွှင်နိုင်ကြတာပါ၊ အလှအပကို ခံစားနိုင်ကြတာပါ။


ပုံ (၁၇) ■ Sheroes Hangout ကော်ဖီဆိုင်မှာ ဘဝကို ပျော်ရွှင် ရဲဝံ့ ဖြတ်သန်းနေသူ အက်ဆစ်ဒဏ်ခံ အမျိုးသမီးနှစ်ဦး

Sheroes Hangout မှာ ရဲဘော်ရဲဘက်စိတ်ကို ထပ်လောင်း အားဖြည့် ခြင်းအနေနဲ့ ကော်ဖီဆိုင် ရောင်းရငွေတွေကို ဘဝတူ အက်ဆစ်တိုက်ခိုက်ခြင်းခံခဲ့ရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ပြန်လည် ထူထောင်ရေး ဝန်ဆောင်မှုတွေမှာ အသုံးပြုပါတယ်။


ပုံ (၁၈) ■ ကော်ဖီဆိုင်မှာ ဧည့်သည်များ၊ ကူညီပံ့ပိုးသူများနဲ့အတူ ပျော်ရွှင်စွာ တွေ့ရတဲ့ အက်ဆစ်ပက်ခံထိ အမျိုးသမီးများ

ယနေ့အချိန်အခါမှာတော့ အက်ဆစ်ဒဏ်ခံ အမျိုးသမီးများ ဆုံစည်းရာ Sheroes Hangout ကော်ဖီဆိုင်ကို ကမ္ဘာအရပ်ရပ်က ဧည့်သည်များ လာက်ရောက် လည်ပတ်နေကြပြီး သူတို့ရဲ့ အားပေးနှစ်သိမ့်မှုတွေကို မျှဝေနေကြပါပြီ။

ဒီအမျိုးသမီးတွေဟာ ဘယ်လူသား တဦးတယေက်မှ မခံစားသင့် မခံစားထိုက်တဲ့ အက်ဆစ်နဲ့ပက်ခံရတဲ့ သားကောင်အဖြစ် အတွေအကြုံဆိုးတွေရရှိခဲ့ကြပါတယ်။ ဝမ်းနည်းစရာက သူတို့လို ဘဝတူတွေ အများအပြားရှိနေသေးတာပါပဲ။

ဒါပေမယ့် Sheroes Hangout ကော်ဖီဆိုင်က အမျိုးသမီးများရဲ့ သက်တမ်းပြည့် အသက်ရှင်လိုမှုနဲ့ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားပုံတွေကို ချီးကျူး ဂုဏ်ပြု ကျေးဇူးတင်ရပါမယ်။ သူတို့ရဲ့ စိတ်ဓာတ်နဲ့အလုပ်တွေက ကမ္ဘာအနှံ့က လူသားတွေကို စိတ်ဓာတ်ခွန်အားဖြည့်စေပါတယ်။
အက်ဆစ်နဲ့တိုက်ခိုက်ခံရမှုတွေကို ပပျောက်အောင်လုပ်နေတဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေ၊ အလုပ်တွေကို ကူညီပေးကြပါ။ သူတို့ရဲ့ အံ့သြစရာကောင်းလှတဲ့ ဘဝဇာတ်ကြောင်းတွေကို ပြန်လည် မျှဝေပေးကြပါ။

မြန်မာပြည်မှာလည်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ဖြစ်စဉ်တွေ၊ သမီးရည်းစား ချစ်သူ ယောက်ျာလေးရဲ့ ကိုယ်ထိလက်ရောက် လက်စားချေ ရန်တုံ့ပြန်ခံရမှုတွေ၊ လူသတ်မှု၊ ဓားထိုးမှုတွေ အမြဲလိုလို သတင်းတွေမှာ၊ ရပ်ထဲရွာထဲမှာ မြင်တွေ့ကြားသိနေရပါတယ်။ လူအသုံးများတဲ့ Facebook လို အွန်လိုင်းလူမှုကွန်ရက်တွေမှာလည်း အကြမ်းဖက်မှုကို သွယ်ဝိုက်အားပေးတဲ့ “၁၀ ချက် အချုပ်ခံချင်လို့လား” ၊ “လက်သီးကျွေးလိုက်ရမလား” တို့လို အသုံးအနှုန်းတွေ အပြောင်အပြက်သဘောဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ဝမ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။ အမျိုးသမီးငယ်ကို လက်သီးနဲ့ ထိုး ရိုက်ပုတ်သတ်ခဲ့တဲ့ ရုပ်ရှင်မင်းသား တယောက်ရဲ့ ရုပ်ပုံကို အသုံးပြုပြီးတောင်မှ “သူ့လွှတ်လိုက်ရမလား” ဆိုတတ်ကြပါသေးတယ်။

အမျိုးသမီးအပေါ် အကြမ်းဖက်လိုမှုကို စိတ်အခြေခံ အတွင်းအဇ္ဈတ္တသန္တာန် မှာကို မြူမှုန်လေးမျှ အတင်မခံစေဖို့ရာ၊ တနည်းအားဖြင့် ယောက်ျာကြီးဝါဒ ပပျောက်စေဖို့ရာ၊ တခြားတနည်းအားဖြင့် ကျား-မ လိင် အပါအဝင် တခြား ခွဲခြားမှု အစုံစုံ ကင်းတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့စည်းတရပ် ထူထောင်နိုင်စေဖို့ရာလူတဦးချင်း အသိစိတ်ဓာတ်နဲ့ လောကအမြင် ကျင့်ဝတ် တည်ဆောက်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီးအပေါ် အကြမ်းဖက်ခြင်းတွေမှာ အဆိုးရွားဝါးဆုံးဖြစ်တဲ့ အိန္ဒိယက အက်ဆစ်တိုက်ခိုင်မှုဖြစ်စဉ်ကို မျှဝေခံစား စာနာနားလည် အသိယူကြရင်း အကြမ်းဖက်မှုကင်းတဲ့ ငြိမ်းချမ်းတဲ့ အနာဂတ် မြန်မာလူမှုအသိုင်းအဝန်း တခုကို တည်ဆောက်ကြပါစို့… …။ ။

(ခင်လေး နှင့် ငြိမ်းချမ်းအေး ပူးပေါင်းရေးသား စုစည်းတင်ဆက်သည်။)
မိုးမခ မီဒီယာ နှင့် မဂ္ဂဇင်း
MoeMaKa Media

Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://www.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka

Reference & Credit --
http://www.littlethings.com/sheroes-hangout-cafe/
http://sheroeshangout.com/
https://web.facebook.com/SheroesHangout/
http://www.stopacidattacks.org/