မင်းကိုနိုင် ● သမိုင်းကို ငြင်းဆန်ကြသူများ

မင်းကိုနိုင် ● သမိုင်းကို ငြင်းဆန်ကြသူများ
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ကူးယူဖော်ပြပါသည်။

ရန်ကုန်မြို့က ဒီနှစ် ၁၀ တန်းအောင် လူငယ်တစ်ယောက်ဟာ ၁၉၈၈ သမိုင်းဖြစ်ရပ်တွေကို စာတမ်းပြုစုဖို့အတွက် အဲဒီအရေး တော်ပုံ ဆင်နွှဲပါဝင် တာဝန်ယူခဲ့တဲ့ ကျောင်းသားဟောင်းတွေထဲက သူသိမီသမျှ လူတွေကို လိုက်တွေ့ မေးပါသတဲ့။ တက္က သိုလ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ ဒီသမိုင်းပြုစုချက်ကိုလည်း ရေးတင်မှာပါတဲ့။

ဘယ့်နှယ် ... ဒီနှစ် ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာ အထူးပြုယူမယ့် ကျောင်းသားမရှိဘူးလည်း ပြောတယ်။ ဒါက ဘယ်လိုပါလိမ့်။ ဒီကျောင်းသားလေး သမိုင်းဘာသာသင်ယူမှာက အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်မှာပါတဲ့။ ကျောင်း ၀င်ခွင့်အတွက် စာတမ်းပြုစုနေတာမို့ အခုလို လိုက်လံမေးမြန်းပြုစုနေတာပါ။ သူက ၈၈ အရေးတော်ပုံအကြောင်း ပြုစုရာမှာ တော်လှန်ပြောင်းလဲခဲ့သူ တွေဘက်က အမြင်၊ အတွေး ပြောဆိုချက်တွေတင်မက အဲဒီတုန်းက ငြင်းဆန် နှိပ်ကွပ်ခဲ့သူတွေရဲ့ အာဘော်အမြင်တွေကိုလည်း လိုက်မေးဦးမှာပါတဲ့။ ပြီးတော့ အဲဒီခေတ်ကို ဖြတ်သန်း သိမီလိုက်တဲ့ သာမန် အရပ်သား ပြည်သူတွေ၊ ၀န်ထမ်းတွေကိုလည်း မေးမယ်။ အဲဒီအချိန်က မှတ်တမ်းတင်ခဲ့တဲ့ မီဒီယာပေါင်းစုံရဲ့ အထောက် အထားတွေ ကိုလည်း ရှာဖွေဖို့ တက်ကြွနေပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဒီနှစ် သမိုင်းမေဂျာ ယူလိုသူမရှိဆိုတဲ့သတင်းက ပညာရေးကို တန်ဖိုးထားသူတွေ အသိုင်းအ၀ိုင်းနဲ့ အနာဂတ်ရေးကို တွေးမျှော်သူတွေကြား လှုပ်ခါသွားခဲ့ပါတယ်။ သမိုင်းအထူးပြု မယူလိုကြတာဘာကြောင့်လဲ မေးကြည့် တဲ့အခါ “အဲဒီ (သမိုင်း) ဘွဲ့နဲ့ ဘာလုပ်စားလို့ရမှာလဲ” လို့ သူတို့က ပြန်မေးကြတာများပါတယ်။ ကုမ္ပဏီက ကြိုက်တဲ့ ဘွဲ့မျိုး မဟုတ်ဘူး၊စာရင်းအင်း ပညာတို့၊ စီမံခန့်ခွဲမှုတို့ ဒါမှမဟုတ် Languageခေါ်တဲ့ ဘာသာစကားနဲ့ဆိုင်တဲ့ ဘွဲ့လက်မှတ်၊ ဒီပ လိုမာတွေကမှ လက်တွေ့ကျဦးမယ်တဲ့။ ဘ၀ အသက်မွေးမှုအတွက် အာမခံချက်မရှိဘူးဘဲ ပြောပါတော့။

တချို့ကတော့ ဒီလို ရှင်းပြကြပါတယ်။ တက္ကသိုလ်ပညာဆိုတာ အလုပ်လုပ်စားဖို့ ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါ ပြဿနာမဟုတ် ပါဘူးတဲ့။ ခက်တာက သမိုင်းမေဂျာယူတော့ကော တကယ့်သမိုင်းကို အမှန်ကို သင်မှာလား ဆိုတာပါပဲ။ ဒါတောင် သင်နည်း ကို မဆွေးနွေးသေးပါဘူး။

သူတို့ ဖြတ်သန်းခဲ့တဲ့ ကျောင်းစာတွေမှာသင်တဲ့ သမိုင်းဆိုတာ အင်အားကြီး အနိုင်ရသူတွေကပဲ အလွတ်ကျက်ခိုင်းထားတဲ့ သက္ကရာဇ်ပါ ဖြစ်စဉ်တွေသာ မဖြစ်မနေပါဝင် ကြီးစိုးထားတာပဲ မဟုတ်ပါလား။ အဲဒါတွေဟာမမျှတဘူး၊ မပြည့်စုံဘူး ဆို တာလောက်တော့ သူတို့သိတယ်။ သမိုင်းဆိုတာ ကိုယ်ပြောချင်တာပဲ ရွေးပြောရွေးသင်လို့ မလုံလောက်ဘူးဆိုတာလည်း သူတို့သိတယ်။ အဲဒီလို သင်လာရတဲ့ အခြေခံပညာရေးကိုမယုံတော့ အဆင့်မြင့်ပညာ (တက္ကသိုလ်) မှာ သင်မယ့်သမိုင်းဆို တာကိုလည်း မယုံတော့ပါဘူး။

သင်နည်းဆိုပြန်တော့လည်း သူတို့ တစ်သက်လုံးကပြဋ္ဌာန်းစာကို အလွတ်ကျက်ရတာပဲဆိုတော့ အတွေးတွေက ဒီမှာတင် လမ်းဆုံးတော့တာပါပဲ။ ကြိမ်ဖန်များစွာ ကျွန်တော်တို့ ဆွေးနွေးဖူးပါတယ်။ မြန်မာ့သမိုင်းမှာဆိုရင်လည်း ၁၉၆၂၊ ၁၉၈၈ အာဏာသိမ်းမှုများဟာ တိုင်းပြည်ချောက်ထဲကျရန် လက်တစ်လုံးအလို ကယ်တင်ခဲ့ရတယ်ဆိုတာချည်းပါပဲ။ ဒီအာဘော် ကနေ ဆံချည်တစ်ထောက်မျှ သွေဖည်လို့ မရပါဘူး။ ၁၉၅၈ အိမ်စောင့်အစိုးရလည်း ဒီတိုင်းပါပဲ။ သုံးကြိမ်လုံးကယ်တင်ခဲ့ရ တယ်လို့ သူတို့ ဆိုလိုချင်တာပါ။

ကျောင်းသားတစ်ယောက်က အခုလို ပြောပါတယ်။ ကိုလိုနီခေတ် မြန်မာ့သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊အမျိုးသား လွတ် မြောက်ရေး ခေါင်းစဉ်အောက်မှာကျောင်းသားလှုပ်ရှားမှုသမိုင်းကို သူ အလွန်စိတ်ဝင်စားပါတယ်တဲ့။ အထူးသဖြင့် ကျောင်း သား သပိတ်များ၊ ပထမကျောင်းသားသပိတ်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားပညာရေး။ တတိယ ကျောင်းသား သပိတ်နှင့် ၁၃၀၀ ပြည့် အရေးတော်ပုံ ဆက်စပ်မှုတွေကိုစိတ်အားထက်သန် ကျက်မှတ်ပေမယ့် စာမေးပွဲကြီးတွေကျရင် ဒါတွေကို ဘယ်တော့မှ မမေးပါတဲ့။ နိုင်ငံရေးသမားတွေရဲ့ အားနည်းချက်များ ဥပမာ၊ ဂျီစီဘီအေအကွဲအပြဲများ၊ ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးတွေမှာ ရာထူးယူ ဖောက်ပြန်ကြပုံ စသဖြင့်စိတ်ပျက် စရာတွေကိုသာ ပြဋ္ဌာန်း၊ စာမေးပွဲ မှာလည်းမေးလေ့ရှိတာမို့ ကြာတော့ သမိုင်းဘာသာကို စိတ်အချဉ်ပေါက်လာတယ်လို့ ဆိုပါတယ်။

အဲဒီ ကျောင်းသားကို သမိုင်း ဆရာ တစ်ယောက်ကအခုလို ပြောဖူးပါသတဲ့။ မင်း မြန်မာ့သမိုင်းကို တကယ်သိချင် တတ်ချင် တာလား၊ ၁၀ တန်းစာမေးပွဲမှာ သမိုင်းအမှတ်ကောင်းကောင်း ရချင်တာလား၊ အဲဒီ နှစ်ခုသေချာရွေးပါတဲ့။ ဆရာ ဆက်ပြော တာကတော့ သမိုင်းသိချင်ရင် အပြင်စာတွေအပါအ၀င် ရှားပါးစာအုပ်များရှာဖွေဖတ်၊ ပါးစပ်နဲ့ ပြန်ပြောနိုင်သူများထံ ချဉ်းကပ်၊ စာနယ်ဇင်းအဟောင်းများနဲ့ စာကြည့်တိုက်ကောင်းကောင်းမှာ ၀င်မွှေပေါ့တဲ့။ ဒီလိုမှမဟုတ် စာမေးပွဲ အမှတ်ကောင်းရုံ ဆိုရင်တော့ ၁၉၅၈ အိမ်စောင့်အစိုးရ၊ ၁၉၆၂ အာဏာသိမ်းတာ မှန်ကန်ကြောင်း၊ ဒီမိုကရေစီခေတ် မြန်မာနိုင်ငံဟာ အရပ် သား အစိုးရအပါအ၀င် နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီများ အားနည်းမှုများကြောင့် ယိုယွင်း ပျက်စီး မကယ်မဖြစ် အခြေအနေ အဲဒါတွေကို ကျက်ဖြေရုံပဲလို့ညွှန်ပါတယ်။

တိုင်းရင်းသားတွေဘက်က ထောက်ပြ စရာကောင်းတဲ့သမိုင်းဆိုင်ရာ ပြဋ္ဌာန်း သင်ကြားမှုတွေ ရှိပါသေးတယ်။ ကျယ်ပြန့်လှတဲ့ ကိစ္စတွေမို့ သုတေသန အခြေခံတဲ့ချဉ်းကပ်မှုမျိုးနဲ့ပဲ ကျောင်းသားတွေ လေ့လာခွင့် ရသင့်ပါတယ်။

သမိုင်းပညာကို တန်ဖိုးထားကြတဲ့ နိုင်ငံတိုင်းမှာ သုတေသနပညာရေးပဲ အခြေခံတာပါ။ အခုန ဖြစ်စဉ်မှာပဲ ကြည့်ရင်အာ ဏာသိမ်း အဖွဲ့အစည်းကလည်း သူ့အာဘော်ကို ပြောခွင့်ရှိသလို၊ အသိမ်းခံရတဲ့ အစိုးရ ဖဆပလ၊ ပထစ စသဖြင့်အဖွဲ့အစည်း တွေရဲ့ တုံ့ပြန်ရှင်းလင်းချက်တွေကိုလည်း လေ့လာရပါမယ်။ တစ်ခါ ဒီမိုကရေစီခေတ်က အတိုက်အခံတွေ ဖြစ်တဲ့ ပမညတ လို ပုဂိ္ဂုလ်အဖွဲ့အစည်းတွေရဲ့ဝေဖန်သုံးသပ်ချက်တွေလည်း မဖြစ်မနေ ပါရဦးမှာပါ။ နောက်ထပ် ထိုစဉ်က ခေတ်ပြိုင် တိုင်း ရင်းသား ခေါင်းဆောင်များ၊ သတင်းစာဆရာများ၊ သမိုင်းပညာရှင်များသာမက သိမီလိုက်သူ အရပ်သား ပြည်သူများရဲ့ သဘောထားအာဘော်တွေကိုလည်း စုဆောင်းရပါတယ်။ ပြီးတော့မှလေ့လာတွေ့ရှိသမျှကို သုတေသနပြု သင်ယူကြရတာ ပါ။ ဒါပဲအမှန်၊ ဒါပဲမေးမယ်၊ ဒါပဲ ကျက်၊ ဒီအတိုင်းပဲဖြေဆိုတဲ့စနစ်ကြီး ဖြတ်သန်းလာရတော့ သမိုင်းဆိုတဲ့ ပညာရပ်အပေါ် သဘောထားတွေ မကောင်းကြတော့တာ မဆန်းပါဘူး။

နောက်တစ်ချက်က သမိုင်းပညာရှင်တစ်ယောက်ကို အဲဒီလူ့အဖွဲ့အစည်းက ဘယ်လောက်တန်ဖိုးထားသလဲဆိုတာလည်း အရေးပါ ပါတယ်။ သမိုင်းပညာရှင်တင်မကပါဘူး၊ ဥပဒေ၊ အတွေးအခေါ်၊ နိုင်ငံရေး သိပ္ပံ၊ ပထ၀ီစတဲ့ ပညာရှင်တွေကိုလည်း ဘယ်လောက် တန်ဖိုးကြသလဲ။ ထင်ရှားတဲ့ ပညာရှင်တွေ ဒေါက်တာသန်းထွန်း၊ ဒေါက်တာတိုးလှ၊ ဗိုလ်မှူးဘရှင် စသဖြင့် ကျွန်တော်တို့ ဂုဏ်ယူခဲ့ကြတာ ပြန်တမ်းတမိပါတယ်။ ဒါပေမဲ့ လက်ချိုးရေရတဲ့ပညာရှင် အရေအတွက်လောက်ကို ပြနေရုံနဲ့ မလုံလောက်ပါ။

ကိုယ့်မိသားစုဝင် တစ်ယောက်လောက်က သမိုင်း အဓိကမေဂျာယူမယ်ဆိုရင် ကိုယ်တွေ ဘယ်လိုသဘောထားကြမလဲ။ မတတ်သာလို့ ယူလိုက်ရတဲ့ဘွဲ့အပေါ် နှစ်သိမ့်ကျေနပ်လိုက်ရတာမျိုးကို မဆိုလိုပါ။ ပြီးခဲ့တဲ့ ခေတ်တစ်လျှောက်မှာ သမိုင်း ဘာသာ ယူတယ်ဆိုရင် ရယ်သွမ်းသွေးကာ သမိုင်းဝင်ပုဂိ္ဂုလ်ဖြစ်ပြီဆိုပြီး နောက်ပြောင်ခံကြရတာ နာကျင်စရာပါ။

တကယ်တော့ သမိုင်းပညာရှင်ဆိုတာ ဓားမိုးထားလည်း အမှန်ကို ပြောရဲသူ၊ မခိုင်လုံ မတိကျရင် ဘယ်လို ဖိအားပေးပေး မမှန်တာကို မရေးသူတွေအဖြစ် ကျွန်တော်တို့တန်ဖိုးထားရသူတွေ မဟုတ်ပါလား။ ရာထူးဝင်ငွေတွေနဲ့တိုင်းတာတဲ့ တန်ဖိုး မျိုး မဟုတ်လို့လည်း ပိုလေးစားယုံကြည်ရတာပါ။

သမိုင်းဟာ အစွဲတွေနဲ့ ချဉ်းကပ်ပြုစုလို့လည်း မရကောင်းတဲ့အရာဆိုတော့ ကိုယ့်လူမျိုးညံ့လို့ နိမ့်ပါးရတဲ့ ကိစ္စတွေဖြစ်စဉ် တွေအပေါ် ၀န်မခံချင်လို့လည်း မရပါဘူး။ သမိုင်းရဲ့သဘောကိုက သင်ခန်းစာယူရမယ့်ကိစ္စဆိုတော့ အမှန်တရားကို လက်ခံ ရဲတဲ့သတိ္တမျိုးလည်း လိုသေးတာပေါ့။ အမျိုးဂုဏ်မောက်ဖို့ အကြောင်းတွေပဲရေးပြီး သင်မယ်ဆိုလို့လည်း မရတဲ့ အမျိုးအစား ပါ။

သမိုင်းဘာသာရပ်ဆိုတာ အမှတ် နည်းသူတွေ မတတ်သာလို့ ယူရတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်သင့်ပါ။ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကိုယ်တိုင်ဟာတက္ကသိုလ် ကျောင်းသားဘ၀က ဘီအေ ကျောင်းသားဖြစ်ခဲ့ပြီး သမိုင်းဘာသာရပ်ကို သင်ချင်လို့ကို ရွေးသင်ခဲ့တဲ့စိတ်ကြိုက် ဘာသာရပ် (Optional Subject) အဖြစ်တန်ဖိုးထားခဲ့တာကို လွမ်းဆွတ် ဂုဏ်ယူ အမှတ်ရမိပါတယ်။

လူ့သမိုင်းနဲ့ ယှဉ်လိုက်ရင် ဘာမှမကြာတဲ့ အသက်မွေးဝမ်းကျောင်း အပြောင်းအလဲ ရေပန်းစားမှုတွေအောက်ဝင်ငွေ၊ ရာထူး ပေတံလောက်နဲ့ တိုင်းတာလို့ သမိုင်းဘာသာရပ်ဟာ နိမ့်ပါးရရိုးလား။

တစ်နေ့တော့ မြန်မာပြည်တက္ကသိုလ်များရဲ့ သမိုင်းဘာသာ စာသင်ခန်းထဲ သုတေသနစာတမ်း ရင်ဝယ်ပိုက်ပြီးကျောင်း သားတွေ ခေါင်းမော့ ၀င်လာမယ့်ခေတ်ကို ရောက်ရဦးမှာပေါ့။

#မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ် အတွဲ ၂၊ အမှတ် ၉၁၊ ဆောင်းပါး ]