ခင်အောင်အေး ● စာစီစာကုံး

  ခင်အောင်အေး ● စာစီစာကုံး
(မောင်သိန်းဇော် - K ဇော် မွေးနေ့အမှတ်တရ ခင်အောင်အေး၏ကဗျာ)
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆

(၁)
ကျနော်သည်
ကလေးဘ၀ကပင်
စာကလေးတွေနဲ့
ယဉ်ပါးခဲ့ပါသည်၊
ရင်းနှီးတယ်ဆိုလဲ
မမှားဘူးပင်၊
အဲ
စာကလေးတွေ ဆိုတာ
စာငှက်ကလေးတွေကို
ပြောတာလို့ ထင်သွားပြီလား၊
ဟုတ်ပါသည်
စာငှက်ကလေးတွေဆိုလည်း
ဟုတ်ပါသည်၊
ကျနော်ပြောချင်တာက
စာ ကလေးတွေ
ကလေးစာ လေးတွေ
ကလေးစာပေ လေးတွေ
အဲဒါတွေနဲ့ ယဉ်ပါးခဲ့တာကိုပါ
အိမ်တံစက်မြိတ်မှာ
တွဲချိတ်သည့် အုန်းခွံအိမ်ထဲက
စာကလေးတွေကော
စာအုပ်ထဲက စာကလေးတွေကော
စာကလေး ၂ မျိုးလုံးနဲ့
တပြိုင်တည်း ယဉ်ပါး
သိကျွမ်းခဲ့ရခြင်းပင်
စာအုပ်ထဲက
စာကလေးတွေကတော့
ကဗျာလေးတွေလည်း
ဖြစ်နေသေးသည်
မှတ်မိလွယ်ပြီး
အော်ဆိုလို့ကောင်းလှသည်
ချစ်စရာလည်းကောင်းပါသည်
ဒါနဲ့ စာကလေးတွေကတဆင့်
ကဗျာလေးတွေကို
ချစ်သွားပါတော့သည်။ ။

(၂)
ကျနော်
အသက်အတော်လေးရမှပင်
K ဇော်နဲ့သိပါသည်
သူ့ကဗျာလေးတွေနဲ့တော့
တော်တော်စောစောတည်းက
သိနေနှင့်ပြီးဖြစ်ပါသည်
‘ရေချိုးဆိပ်’ မှာ
အတော်ဖြုံသွားပါသည်
တိမ်တွေလှလွန်း လို့
တရားနဲ့ဖြေရသူ မှန်း
သိလာပြီး
‘ဒုက္ခနဲ့တည့်တည့်က နတ်သား’ မှာ
သူ့ကို ဇာတ်မင်းသားလေးဟု
မသိမှတ်တော့ပါ
သူဟာ
ကဗျာဆရာ
နောက်တော့
ဘယ်လိုကြောင့်လဲမသိဘူး
သူနဲ့သိသွားပါသည်
သူနဲ့ခင်သွားပါသည်
သူ့ ‘ခင်’ ကဗျာလေးကို
နှောင်းကာမှ ပြန်ဖတ်ရတော့
သူနဲ့ခင်မင် ပြီး ဖြစ်လို့နေပါပြီ
သူက ကိုယ့်ကို
သူ့ ရေစက်ကြီးသူများအသင်းမှာ
ခပ်စောစောကပင် စာရင်းတို့ပါသည်
သူနဲ့ကျနော်
ရန်ကုန်မှာ ကဗျာအတူမရွတ်ဖူးဘဲ
ချော်တောငေါ့ကာ မေရီလင်းန်မှာ
အတူ သွားရွတ်ဖြစ်ကြသည်
စင်္ကာပူမှာ သွားရွတ်ဖြစ်ကြသည်
ရန်ကုန်ကျ မော်ဒန်၊ ဆစ်ဂနယ်လ်နဲ့
ဆာကူးရား ကဖေးဘရစ်စ်တိုလ် တို့မှာ
ကဗျာကို ဘယ်လို ‘ပွတ်’ ယူတယ် ဆိုတာ
နှစ်ယောက်သား ဖလှယ်တတ်ကြသည်
ကဗျာလေးတွေကို ချစ်တာချင်းတူကြသည်
စာကလေးတွေကို ချစ်တာချင်းတူကြသည်
သူကော စာအုပ်ထဲက စာကလေးတွေအပြင်
အုန်းခွံအိမ် ဒါမှမဟုတ် စာဗူးတောင်း ထဲက
စာကလေးတွေနဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း
ဖြစ်ခဲ့ဘူးသလား မဖြစ်ခဲ့ဘူးလား ကျနော်မသိပါ။ ။

(၃)
နှစ်ပေါင်း ၅၀ ကျော်ကျော်
ဘ၀မှာ အကြောင်းအရာ၊ လူပေါင်း၊ ကိစ္စပေါင်း
များစွာနဲ့ ထိတိုက် ပွတ်တိုး ပူးခွာခဲ့ဖူးပါသည်၊
‘ကဗျာ’ တခုတည်းနဲ့သာ ခုထိ အိုးစားမကွဲဘဲ
မခွဲမခွာ ချစ်မြတ်နိုးစွာ
ပေါင်းသင်းနေထိုင်လျက်ရှိပါသည်
သူလည်း
ထိုနည်းတူစွာ -

(၄)
ကဗျာ။    ။

ခင်အောင်အေး
၁၀ ဇူလိုင် ၂၀၁၅ ကျောက်မြောင်း ၁၈း ၁၈ နာရီ

"မင်္ဂလာမွေးနေ့ပါဗျာ -"



ဓာတ်ပုံ - ၃၀ ဇွန် ၂၀၁၆ မောင်သိန်းဇော် (K ဇော်) ၏ ဉာဏ်ပန်းအိုးလေး ကဗျာစာအုပ်ပွဲတွင် မိုးမခမဂ္ဂဇင်း အမှတ်တရ လက်ဆောင်နှင့် မောင်သိန်းဇော် (ဓာတ်ပုံရိုက်ကူးသူ ခင်လေး / မိုးမခ)