ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သူငြိမ်း ● ကျွန်တော်နဲ့ ထိုင်းပညာရေး အတွေ့အကြုံ (၁)



အောင်သူငြိမ်း ● ကျွန်တော်နဲ့ ထိုင်းပညာရေး အတွေ့အကြုံ (၁)
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆

ထိုင်းပညာရေး အတွေ့အကြုံကို ပြောပြချင်တယ်။ မြန်မာပြည်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတော့ စဉ်းစားစရာ အချို့ရနိုင်မယ်လို့ ထင်မိတာကြောင့်ပါ။ ရေးမယ်ဆိုရင်တော့ စာတွေ့-ကိုယ်တွေ့ ပေါင်းစပ်ရေးရမယ်။ ကျွန်တော့် မိသားစုက ထိုင်းနိုင်ငံမှာ နေပါတယ်။ သမီးကြီးက ထိုင်းမှာ ၁၁-တန်း (ထိုင်းပညာရေးစနစ်က ၁၂-တန်းအောင် မှ တက္ကသိုလ်သွားရပါတယ်)။ သမီးအငယ်က သူငယ်တန်း၊ ကျွန်တော်က ထိုင်းနိုင်ငံ NIDA တက္ကသိုလ် (www.nida.ac.th) မှာ Ph.D ဘွဲ့အတွက် ကျောင်းတက်နေတော့ ကျွန်တော်က ထိုင်းပညာရေးအကြောင်းကို နှံ့စပ် ကျွမ်းကျင်မဟုတ်တောင် တီးမိခေါက်မိလို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံ ပညာရေးဟာ မြင့်မားစံထားရမယ့်၊ အတုယူရမယ့် စံပြ ပညာရေးစနစ်တစ်ခုလို့ မဆိုနိုင်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ကာလတွေ အတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ကြုံခဲ့ပြီး၊ ကမ္ဘာ့အဆင်မီ ပညာရေးစနစ်တစ်ခုဖြစ်ဖို့ ကြိုးပမ်းနေတာတွေကိုတော့ သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက ပညာရှင်အချို့ကတော့ ထိုင်းပညာရေးစနစ် ကျရှုံးနေပြီ (Thailand education failure) ဆိုပြီး သတိပေး ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ကျွန်တော်က ထိုင်းလူမျိုးမဟုတ်တဲ့ အပြင်လူတဦးအနေနဲ့ သုံးသပ်ရေးတော့ ကွဲလွဲတာတွေလည်း ရှိကောင်းရှိနိုင် ပါတယ်။ အမှားတွေ့ရင် ပြင် ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အဓိကဆွေးနွေးချင်တာတော့ သူတို့နဲ့ ကျွန်တော်တို့ ဘာတွေကွာသွားပြီလဲ၊ ဘာတွေ တူညီနေသေးလဲ… ဘယ်လိုကိစ္စတွေ ကျွန်တော်တို့ အတုယူနိုင်မလဲ… စတာတွေ သတိပြုမိရင် ကျွန်တော် စာရေးရကျိုး နပ်ပြီ ယူဆမိပါတယ်။

■ ကျွန်တော့်သမီးရဲ့ သူငယ်တန်း
ကျွန်တော့်သမီးက သူငယ်တန်းကျောင်းသူပါ။ သူ့ကို ကျွန်တော် ကျောင်းကြို၊ ကျောင်းပို့သွားတော့ သူတို့စာသင်ခန်း ကလေးကို တွေ့ရတာ စိတ်ချမ်းသာပါတယ်။ သူတို့ကျောင်းက မူလတန်းကျောင်း (၆-တန်းအထိ) ပါ။ မိန်းမက ထိုင်း-မြန်မာနယ်စပ် မြို့ကလေးမှာနေတော့ ကျွန်တော့်သမီးလည်း နယ်စပ်မြို့က ကျောင်းကလေးမှာပဲ တက်ပါတယ်။ တော ကျောင်းပဲ ဆိုပါစို့။

စပြောရရင် သူတို့ကျောင်း နံရံတွေမှာ ကာတွန်းတွေ၊ ရုပ်ပုံတွေ ဆွဲထားပါတယ်။ ကလေးတွေပျော်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လို့ ယူဆပါတယ်။ မူလတန်းကျောင်းသာဆိုတယ်။ တလောကပဲ လေးထပ်အဆောက်အအုံတခု အသစ် ဆောက်လို့ ပြီး သွားပါတယ်။ ကျောင်းမှာ ကလေးတွေမျက်စိထဲ စွဲနေစေဖို့ အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပုံကားချပ်တွေ ဆွဲထားပါတယ်။

ဥပမာ- မြန်မာနိုင်ငံကဆိုရင် "မင်္ဂလာပါ" ဆိုပြီး နှုတ်ဆက်တယ်။ ကျပ်ငွေသုံးတယ်။ မြို့တော်က နေပြည်တော်၊ ပန်းက ပိတောက်ပန်းကြိုက်တယ်။ ထင်ရှားတဲ့ နေရာတွေက ရွှေတိဂုံ၊ စသည်ဖြင့် ဟာမျိုးပါ။ ထိုင်းနိုင်ငံက ကျောင်းတိုင်းမှာ ဒီလိုသတင်းအချက်အလက်တွေကို ရုပ်ပုံကားချပ်တွေ ဆွဲထား ကြပါတယ်။





နောက်တခုကတော့ လက်ဆေးဖို့ ရေဘုံဘိုင်ခေါင်းတွေ နေရာအများအပြားမှာ ထားပေးပါတယ်။ သူတို့ ကျောင်းက သူငယ်တန်းစာသင်ခန်းမှာ လေအေးစက် (အဲယားကွန်း) တပ်ထားပါတယ်။ လျှပ်စစ်ဖိုး ကုန်ကျစရိတ်ကိုတော့ မိဘတွေ မျှခံရပါတယ်။ မပေးမနေရတော့ မဟုတ်ပါဘူး။ တတ်နိုင်သလောက် မျှဝေပေးဆိုတဲ့စနစ်ပါ။ နေ့လည်စာ ကျွေးပါတယ်။ နေ့လည်စာဖိုးကိုလည်း မိဘတွေက တတ်နိုင်သလောက်မျှဝေပေးပါ။ မပေးမနေရတော့ မဟုတ်ပါဘူး။ ထူးထူးခြားခြား သတိထားမိတာက ကျောင်းမှာ မွတ်ဆလင်ကလေးကလည်း ရာဂဏန်းကျော်ရှိတော့ သူတို့အတွက် သီးသန့်ချက်ပြုတ်သူ တယောက်ထားပေးပါတယ်။

ကျွန်တော် လေ့လာတွေ့ရှိရသလောက် ကလေးတဦး အကောင်းဘက်ကို ပြောင်းလဲဖွံ့ဖြိုးလာစေဖို့ လုပ်ဆောင်ပေးမှုတွေ ရှိပါတယ်။ သမီးတို့ စာသင်ခန်းမှာ ကလေးတွေ ထီးချိတ်ဖို့နေရာ၊ ဖိနပ်စင်၊ သောက်ရေခွက် ကိုယ်စီ၊ သွားတိုက်တံ ကိုယ်စီ ထားတဲ့စင်ကလေးတွေ ရှိကြပါတယ်။ သူတို့ က ကျောင်းစာသင်ခန်း အပြင်မှာလည်း ကလေးတွေအတွက် အချိန် ဇယား (ဘယ်အချိန် ဘာလုပ်မယ်ဆိုတာ) မိဘတွေ ကြိုတင်သိထားနိုင်အောင် ကပ်ထားပေးကြပါတယ်။ ကျောင်းတက် ချိန်ကတော့ သူငယ်တန်းမှာ နံနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ တက်ကြရပါတယ်။ မနက် ၈ နာရီမှာ နိုင်ငံတော် အလံတင်သီချင်းဆို၊ ပြီးရင် ဘုရားရှိခိုးကြရပါတယ်။ ဒီကိစ္စကတော့ အငြင်းပွားဖွယ်ပါ။ အခြားဘာသာဝင်ကလေးတွေ လည်း စိတ်ပါပါ၊ မပါပါ လိုက်ဆိုကြရပါတယ်။ တခါတလေ ဆရာမက အလုပ်မရှိရင် ကလေးတွေကို တရားထိုင်ခိုင်း တယ်ဆိုပြီး၊ မျက်စေ့မှိတ် ငြိမ်ငြိမ်သက်သက် ထိုင်ခိုင်းတာမျိုးလည်း လုပ်တတ်ပါတယ်။ ဘာသာခြားသော ဘာသော နား မလည်ပါ။ အကုန်လိုက်လုပ်ကြရတာမျိုးတော့ ရှိတတ်ပါတယ်။

အတန်းငယ် ကလေးတွေက မနက်စောစော ကျောင်းရောက်ရင် ဆော့ကစား၊ စာသင် လုပ်ကြပြီးရင် အိပ်ကြရပါတယ်။ စာသင်တယ်ဆိုတဲ့နေရာမှာတော့ မြန်မာပြည်နဲ့ သိပ်မထူးလှပါဘူး။ ကကြီးကနေ- အအထိ ကျက်ခိုင်းတာမျိုး၊ လက်ရေးလှ ရေးခိုင်းတာမျိုး၊ က-ကလေးငယ် ချစ်စဖွယ်ဆိုတဲ့ဟာမျိုး သူတို့ ထိုင်းဗျည်းတွေကို ကဗျာလိုစပ်ဆိုထားတာကို အလွတ် ရွတ်ဖတ်ကြရပါတယ်။ အိပ်ချိန်ပေးတဲ့အခါမှာတော့ သူတို့ကလေးတွေ ကိုယ်စီအိပ်ယာကလေးတွေ ရှိပါတယ်။ သောကြာ နေ့ဆိုရင် အိပ်ရာတွေကို အိမ်ပြန်ပေးလိုက်ပြီး လျှော်ခိုင်းပါတယ်။ နေ့လည် ၁၂ လောက်ကျတော့ ပြန်ထရပါတယ်။ ဒီအချိန်မှာ နေ့လည်စာ စားကြရတာပါ။ ကျွန်တော်သတိထားမိလာတာ သမီးငယ်က လက်ဆေးရင်စနစ်တကျ ဆေးပါ တယ်။ သွားတိုက်တာလည်း အတော်စနစ်တကျ တိုက်ပါတယ်။ ကျောင်းကသင်လွှတ်လိုက်တာပါ။



ကျောင်းဝတ်စုံ ကတော့ ၄-စုံလောက် ရှိပါတယ်။ ပုံမှန်ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံ၊ အရောင်အလိုက် ဝတ်စုံ..  စသည်ဖြင့်ပါ။ သောကြာနေ့မှာတော့ ကလေးတွေက မိရိုးဖလာကြိုက်တာဝတ်ဆင်ခွင့် ရှိပါတယ်။ ကရင်သင်တိုင်း၊ မွန်ဝတ်စုံ စသည်ဖြင့် ဝတ်ဆင်လာကြရပါတယ်။ ကျောင်းမှာ ဘွတ်ဖိနပ်စီးရပါတယ်။ သူတို့အနေနဲ့ အသားကျနေတော့ မြန်မာပြည်မှာလို "ဘွတ် ဖိနပ်စီးလို့ ပူတယ်။ အပူငုတ်တယ်" ဆိုတာမျိုး မရှိတော့ပါဘူး။ ငယ်ငယ်ကတည်းက ခြေအိတ်နဲ့၊ ဘွတ်ဖိနပ်နဲ့ အသားကျ သွားတော့တာပါပဲ။



ထိုင်းနိုင်ငံ မူလတန်းကျောင်းသား၊ ကျောင်းသူများ
ဓာတ်ပုံ Anthony Hartman from Meizhou, China ;
Credit: Wikimedia Commons, Source: https://www.flickr.com
အဆိုးဘက်ကိစ္စတွေ ပြောရရင် ကလေးတွေကို ဆရာမတွေက ရိုက်တဲ့ကိစ္စ ရှိနေပါသေးတယ်။ ထိုင်းနိုင်ငံမှာက ကျောင်း သားတွေကို ရိုက်နှက်အပစ်ပေးတာ (Corporal Punishment) ကို ၂၀၁၂ ခုနှစ်ကတည်းက ဥပဒေထုတ် တားမြစ်ထားပြီး ပါပြီ။

[ထိုင်းနိုင်ငံက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကာလအပိုင်းအခြားအလိုက် ပြန်လည်စိစစ် အစီရင်ခံစာတင်ရတဲ့ အချိန် (Universal Periodic Review) ၂၀၁၂ ခုနှစ်ကစတင်လို့ ကလေးတွေကို ရိုက်နှက်မဆုံးမဘူးဆိုတာ ကတိကဝတ်ပြု ထားခဲ့ပါတယ်။ ဒီလို တားမြစ်ချက်ကို ဥပဒေထုတ်ပြန်ပြီး သူနာပြုဌာနများ၊ မူကြိုကျောင်းများ၊ ကလေးစောင့်ရှောက်ရေး ဌာနများ အားလုံး အကြုံးဝင် လိုက်နာစေခဲ့ပါတယ်။]

ဒါပေမယ့် သူတို့ လူမှုအသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့လို လူမှုအသိုင်း အဝိုင်းက မကွာလှတော့၊ ယခုတိုင် အိမ်မှာ ရိုက်နှက်ဆုံးမတာ ရှိနေသေးသလို၊ ကျောင်းအချို့မှာလည်း ရှိနေပါသေးတယ်။

ဥပဒေစည်းကြပ်မှု တင်းတင်းကျပ်ကျပ်မရှိတော့ ဆရာ/ဆရာမတွေက တခါတလေ ကြိမ်သုံးပါတယ်။ ရိုက်ပါတယ်။ အကယ်၍ မိဘက တိုင်မယ်၊ စောဒကတက်မယ်ဆိုရင်တော့ ရိုက်တဲ့ ဆရာဘက်က ပြဿနာရှိပါတယ်။

အဲဒါအပြင် လူမှုကျင့်ဝတ်လေးတွေလည်း သင်ပါသေးတယ်။ ကျွန်တော့်သမီးအကြီး ခပ်ငယ်ငယ်က တရက်မှာ ကျွန်တော်က ခိုးကူးဒီဗွီဒီ ရုပ်ရှင်တချပ်ဝယ်ဖို့ ရွေးနေတော့ သူက မျက်ရိပ်မျက်နှာကဲနဲ့ ကျွန်တော့်ကို မဝယ်ဖို့ တားနေပါ တယ်။ ကျွန်တော်လည်း သူမကြိုက်တာနဲ့ မဝယ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ.. သမီးလို့ မေးတော့ သူက "ကျွန်တော်ဟာ ဥပဒေကို ချိုးဖောက်နေတယ်" လို့ ပြန်ပြောပါတယ်။ ဒီလိုကျင့်ဝတ်ပိုင်း သင်ပေးလိုက်တာလေးတွေလည်း ရှိပါတယ်။

သူတို့ ကလေးတွေဆိုတဲ့ သီချင်းကလေးလည်း ရှိပါတယ်။ မြန်မာလို ပြန်ရရင်.. "ပျော်တယ်။ ကျောင်းသွားရမှာ ပျော်တယ်။ ကလေးတွေကလည်း မဆိုးဘူး။ ဆရာမကလည်း ကလေးတိုင်းအပေါ် စိတ်ကောင်းတယ်။ ပျော်တယ်… ကျောင်းသွားရမှာ ပျော်တယ်" ဆိုတဲ့ သီချင်းကလေးပါ။ ပြောရရင်တော့ ကလေးတွေက စာမေးပွဲ၊ ကျောင်းစာ၊ ကျူရှင် တွေနဲ့ ဖိစီးမှု သိပ်မရှိလှပါဘူး။

■ အထွေထွေ အခြေအနေ
ထိုင်းနိုင်ငံရဲ့ ပညာရေးအတွက် အသုံးစားရိတ် ဘတ်ဂျက်က များပါတယ်။ ထိုင်းနိုင်ငံ စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၄% လောက် သုံးပါတယ်။ စင်ကာပူနိုင်ငံကဆိုရင် သူ့ ဂျီဒီပီရဲ့၃% လောက်ပဲ သုံးပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံ ပညာရေးအတွက် ဘတ်သန်း ၅၂၁,၅၈၀ သုံးမယ်လို့ လျာထားခဲ့ပါတယ်။ [ဒေါ်လာ ၁၄. ၉ ဘီလီယံလောက် ရှိနိုင်ပါတယ်။]

ထိုင်းနိုင်ငံက ၂၀၀၃ ခုနှစ်တုန်းက ပညာရေးအတွက်သုံးတာ ၁၄၀ ဘီလီယံဘတ်ပဲ ရှိရာကနေ၊ ၂၀၀၉ ခုနှစ်မှာ ၃၅၀ ဘီလီယံဘတ်၊ ၂၀၁၂ ခုနှစ်မှာ ၄၆၀ ဘီလီယံဘတ်အထိ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ အခု ၂၀၁၅ ခုနှစ်မှာတော့ ၅၂၁ ဘီလီယံ ဘတ် ဖြစ်လာခဲ့ပါပြီ။

ထိုင်းနိုင်ငံ အစိုးရဘတ်ဂျက်ရဲ့ ပျမ်းမျှ ၃၀% လောက်ကို ပညာရေးအတွက် သုံးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံက ကျောင်းအခြေခံအဆောက်အအုံတွေက ကောင်းပါတယ်။ အပျံစားလို့တောင် ဆိုနိုင်ပါတယ်။ တက္ကသိုလ်တွေမှာ အဆောက်အအုံ အသစ်တွေ အပြိုင်းအယိုင်း ပေါ်ပေါက်ခဲ့ပါတယ်။ တက္ကသိုလ်တွေမှာကျတော့ တက္ကသိုလ်လည်ပတ်စရိတ် ကို အစိုးရက တဝက်ကျခံပြီး၊ ကျန်တဝက်ကို ကျောင်းသားတွေရဲ့ ကျောင်းလခ (Tution fee) နဲ့ အသုံးချ လည်ပတ်စေပါတယ်။

၂၀၁၅ ပညာရေးနှစ်မှာတော့ အခြေခံပညာရေးအတွက် ဘတ်သန်း ၈,၇၆၈၊ သက်မွေးဝမ်းကျောင်း ပညာရေးဌာနအတွက် ၂၃၇၅ ဘတ်သန်း၊ အဆင့်မြင့် (တက္ကသိုလ်) ပညာရေးဌာနအတွက် ၁,၇၈၂ ဘတ်သန်း ခွဲဝေချထားပေးခဲ့ပါတယ်။[1]  ပြီးခဲ့ တဲ့နှစ် မြန်မာနိုင်ငံမှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး သပိတ်မှောက်ကျောင်းသားတွေက မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂၀% သုံးစွဲဖို့ တောင်းဆိုတာ သတိရမိပါသေးတယ်။ ဘတ်ဂျက်အသေးစိတ်ကို သိရတော့ စီးပွား ရေးပညာသဘောနဲ့ ဆိုရင် သက်ရောက်အကျိုးရှိမှုကို ပုံသေနည်းကားတွေနဲ့ ပြန်လည်တွက်ချက်လို့ ရပါတယ်။ သီအိုရီ သဘောပြောရရင် မူလတန်းပညာရေးမှာ ပိုမိုအကျိုးရှိအောင် မြှုပ်နှံသင့်ပါတယ်။ မသင်မနေရ ပညာရေး (လူတိုင်းစာတတ် အောင်) လုပ်ပေးဖို့က ပိုအရေးကြီးပါတယ်။

 မြန်မာနိုင်ငံမှာတော့ ဒီလိုတွက်ချက်နိုင်အောင် ပညာရေးဘတ်ဂျက်ရဲ့ အသေး စိတ် သုံးစွဲငွေတွေကို ကျွန်တော်တို့ မသိရပါဘူး။ နောက်တချက်က ပညာရေးအသုံးစရိတ်တွေက ဝန်ကြီးဌာနအများ အောက်မှာ ရောက်နေပါတယ်။ (ဥပမာ- စက်မှုနည်းပညာ၊ ကျန်းမာရေး၊ နယ်စပ်ရေးရာ… စသည်ဖြင့် ဝန်ကြီးဌာန အသီး သီး အောက်မှာ ဘတ်ဂျက်တွေရောက်နေတော့ ခုနလို သက်ရောက်မှုအပေါ် ပြန်လည်တွက်ချက်ထုတ်ပြနိုင်ဖို့လည်း ခက် ပါတယ်။ ပွင့်လင်းမြင်သာလည်း မရှိလှပါဘူး။)

ဒါပေမယ့်လည်း ထိုင်းနိုင်ငံမှာ ပညာရေးအတွက် ငွေကုန်၊ အသုံးအစွဲများသလောက် မျှော်မှန်းထားတဲ့ ရလဒ်က မထွက် ပေါ်လာဘူးလို့လည်း ဝေဖန်ပြောဆိုမှု တွေရှိနေပါသေးတယ်။

■ ထိုင်းပညာရေးစနစ် ကျရှုံးနေပြီလား
ထိုင်းနိုင်ငံမှာ အမျိုးသားပညာရေးစနစ်တွေရဲ့ ဦးတည်ချက်တွေရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ထင်ရှားတဲ့ ပညာရှင် ကင် ရော်ဘင်ဆန် (Sir Ken Robinson) ကတော့ အစိုးရတွေ ကမကထပြုတဲ့ပညာရေးစနစ် (Public Education) တွေ ပြုပြင်ပြောင်းလဲရေး လုပ်နေကြတဲ့အခါမှာ ဦးတည်ချက် ၂-ခု ရှိတယ်လို့ ဆိုပါတယ်။ ပထမတခုက ၂၁ ရာစု စီးပွားရေး စနစ်ထဲမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ကလေးတွေကို ဘယ်လိုပညာပေးကြမလဲ။ ဒုတိယတချက်ကတော့ ဂလိုဘယ်လိုက်ဇေးရှင်း (ကမ္ဘာလွှမ်းခြုံ ပြောင်းလဲမှု) အတွင်းမှာ ကျွန်တော်တို့ရဲ့ ကလေးတွေကို ယဉ်ကျေးမှုကြန်အင် လက္ခဏာ (တနည်းပြောရရင် ယဉ်ကျေးမှုဆိုင်ရာ မျိုးရိုးဗီဇ) တွေကို ဘယ်လို လွှဲပြောင်းလက်ခံစေမလဲ ဆိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ သူက Ted.com ဟောပြောပွဲတခုမှာ "ပညာရေးကဏ္ဍ ပါရာဒိုင်း အပြောင်းအလဲများ" ဆိုပြီး ပြောခဲ့ပါတယ်။[2]

အလားတူပဲ ထိုင်းနိုင်ငံ ပညာရေးစနစ်မှာလည်း ရည်ရွယ်ချက်တွေ ရှိပါတယ်။ တခုကတော့ ပြောင်းလဲလာတဲ့ ကမ္ဘာမှာ ခုပညာရေးစနစ်က မွေးထုတ်လာတဲ့ ပညာတတ်များရဲ့ ပြိုင်ဆိုင်နိုင်မှု (Competitiveness) တိုးတက်လာအောင်ပါ။ ဒုတိယ တစ်ချက်ကတော့ စဉ်းစားတွေးခေါ်တတ်တဲ့ ကျောင်းသားများ (Thinking Students) ဖြစ်အောင် ဖြစ်ပါတယ်။ အခု ရည်ရွယ်ချက်ကလည်း ၂၀၁၅ ခုနှစ်မှာ စတင်သက်ဝင်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community) အတွက် ရည်ရွယ်ပြီး ပြင်ဆင်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ သတိပြုစရာက ဘုရင်လက်ထက် ၁၉၂၁ ခုနှစ်မှာပဲ မသင်မနေရ မူလတန်းပညာရေးကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ အကျုံးဝင် တယ်ဆိုတာ မသိနိုင်ပါဘူး။ ၁၉၃၂ မှာတော့ သွေးမထွက်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ဘုရင်ကိုစည်းမျဉ်းခံနေစေပြီး ပရီဒီ ဘန်နုံယုံက ဦးဆောင်လို့ ဒီမိုကရေစီအစိုးရဆိုပြီး အပြောင်းအလဲ လုပ်ခဲ့တာပါ။ အဲဒီကာလမှာ ပထမဦးဆုံး အမျိုးသားပညာရေးစနစ်ဆိုတာ မိတ်ဆက်လုပ်ဆောင်ခဲ့ပါတယ်။ စွမ်းဆောင်နိုင်မှု၊ ကျား-မ၊ လူမှုအဆင့်အတန်း မခွဲခြား ဘဲ ပညာရေးစနစ်ကို ရရှိခံစားနိုင်ဖို့ လုပ်ခဲ့တာပါ။ ၁၉၆၀ ခုနှစ်များမှာတော့ မသင်မနေရ ပညာရေးကို ၇-တန်းအထိ တိုးချဲ့ ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ အခုထိတိုင်ကျင့်သုံးနေတဲ့ ၁၂-တန်း စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ (၆-၃-၃ ခွဲပါတယ်။ မူလတန်း ၆ နှစ်၊ အလယ်တန်း (Lower Intermediate) ၃ နှစ်၊ အထက်တန်း (Upper Intermediate) ၃ နှစ် ခွဲခြားခဲ့တာ ပါ။ နောက်ပိုင်းမှာလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။




ဝေဖန်ကြတာကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေက တသမတ်တည်း မဟုတ်ဘူး။ ရှေ့နောက်မညီဘူး။ ဦးတည်ချက်မဲ့နေတယ်။ ရေရှည်အမြင် မရှိဘူးလို့ ဝေဖန်ကြပါတယ်။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေး သုတေသန အင်စတိကျု (TDRI) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆုမ်ကိယက် တန်ကစ် ဝါနစ်ခ်ျ (Somkiat Tankitwanitch) က ဝေဖန်တာကတော့ တာဝန်ယူတာဝန်ခံမှု စနစ် (Accountability System) ရှိမနေဘူး။ ကလေးတွေကို ခေတ်ပေါ်လူနေမှုစနစ် (Modern Living) အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အသွေးများကို ပြင်ဆင်ပေးခြင်း မရှိဘူးလို့ ဝေဖန်ပါတယ်။[3]

တခါ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ်စကားပြောနှစ် (English speaking year 2012) စီမံကိန်းကို ပညာရေးဝန်ကြီး ဝိုရာဝုတ် အွေးပင်ရာကူးလ် (Woravat Auapinyakul) လက်ထက်မှာ စခဲ့ပါတယ်။ တနိုင်ငံလုံးက အစိုးရကျောင်း ၃၄,၀၀၀ မှာ ကျောင်းသား ၁၄ သန်းအတွက် ဦးတည်အကောင်အထည် ဖော်တာပါ။ တပတ်မှာ အနည်းဆုံးတရက် ဆရာတွေရော၊ ကျောင်းသားတွေပါ အင်္ဂလိပ်လို ပြောဆိုကြဖို့ စတင်လုပ်ခဲ့ပါတယ်။ မူရင်းမိခင်ဘာသာစကားပြော ဆရာများ (Native Speakers) များကို ထိုင်းကျောင်းတွေကို ငှားရမ်းပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံဟာ တချိန်မှာအာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အဖွဲ့ဝင်ဖြစ်လာမယ်။ အေအီးစီရဲ့ ဘာသာစကားဟာ အင်္ဂလိပ်စကားနဲ့ပဲ ပြောဆိုဆက်ဆံ ရမယ်။ သည့်အတွက်ကြောင့် ကျောင်းပြီးသူတွေရဲ့ ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်တာပါ။ သိပ်တော့ အလုပ်မဖြစ်လှဘူးလို့ သုံးသပ်ကြပါတယ်။

တခါ ထိုင်းဝန်ကြီးချုပ် တက်ဆင်ဖြစ်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံက ၂-၃ လုံးချဲထီတွေကို တရားဝင်ဖြစ်အောင် စနစ် ကို ထွင်လိုက်ပါတယ်။ အဲသည်တော့ အစိုးရက အခွန်တိုးတက်ရလာပါတယ်။ ဒီတိုးတက်ရလာတဲ့အခွန်တွေကို နယ်ဝေး ကို ကျောင်းသွားတက်ကြရတဲ့ ကလေးတွေအတွက် စက်ဘီးတွေ ဝယ်ပေးခဲ့ပါတယ်။ လူကြိုက်များအောင် စည်းရုံးတဲ့ကိစ္စ (Populist Policy) လို့ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

နောက်တခါ တက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝတ် ဝန်ကြီးချုပ်ဖြစ်လာတော့ "၁ တန်းကျောင်းသားတွေအတွက် အခမဲ့ တက်ဘလက် ၁ လုံး" (Free tablet PCs for Grade 1 students) ပေးမယ်ဆိုတဲ့ ပြောင်းလဲမှု လုပ်ခဲ့ပါသေးတယ်။ ဆိုလိုတာက ကလေးတွေကို နည်းပညာ တက္ကနိုလိုဂျီနဲ့ ထိတွေ့စေရေး၊ ဖတ်စာအုပ်တွေအစား တက်ဘလက်ထဲမှာ တခါတည်း ဖတ်စာအုပ်တွေကို ထည့်သွင်းပေးလိုက်တဲ့စနစ်ကို အချို့နေရာတွေမှာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းပညာရေးစနစ်ရဲ့ ပြဿနာတွေက သက်တမ်းရှည်နေခဲ့ပြီ၊ မလွယ်ဘူးလို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ဆရာတွေရဲ့ အရည်အသွေး ညံ့ဖျင်းမှု၊ လစာနည်းမှုလို့ ဆိုပါတယ်။ ဆရာတွေဟာ ကြွေးတွေထဲနစ်နေပါတယ်။ ဝန်ကြီးချုပ် တက်ဆင်လက်ထက်မှာ အကြွေးဝယ်ခွင့်ကဒ်ပြား (Credit card) တွေ ဖောဖောသီသီ ဘဏ်တွေကို ထုတ်ပေးစေတော့ အများဆုံး အကြွေးတင်ကြသူတွေက ဆရာ-ဆရာမတွေပါ။ ယခင်က သူတို့ရဲ့ အကြွေးဟာ လစာရဲ့ (၃ လစာခွဲကနေ)၊ အကြွေးကဒ်တွေနဲ့ ဖောဖောသီသီ ဝယ်ယူကြပြီး သူတို့လစာရဲ့ (၈ လစာခွဲ) အထိ တက်လာနေတယ်လို့ တက်ဆင်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကြောင်းရေးတဲ့ စာအုပ်တအုပ်မှာ ဖတ်ခဲ့ရဖူးပါတယ်။

ဆိုးဆိုးရွားရွားတွေလည်း ဖြစ်ခဲ့ပါတယ်။ တခေတ်မှာ ပုဂ္ဂလိကတက္ကသိုလ်တွေက ကျောင်းသားတွေကို ဘွဲ့-ဒီဂရီ ရောင်း စားတာတွေ ခွင့်ပြုပေးခဲ့ပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း (အိစန်ဒေသ) က ပုဂ္ဂလိက တက္ကသိုလ်တခုက ကျောင်းသား ၈,၀၀၀ ကျော်ကို ဘွဲ့တွေ ရောင်းစားပေးခဲ့ပါတယ်။ ပညာရေးဝန်ကြီး ဆူချတ် (Suchart Tadathamrongvej) လက်ထက် ၂၀၁၂ ခုနှစ်မှာမှ ပြန်ရုပ်သိမ်းခဲ့တာပါ။  [4] တခါက ရမ်ကမ်ဟမ်တက္ကသိုလ်က (Ramkamhaeng University) က သတင်းစာမှာ ဆရာခေါ်တဲ့ ထုတ်ပြန်ကြေညာချက် လုပ်ပါတယ်။ ဆရာရဲ့ လိုအပ်တဲ့အရည်အချင်းတွေက ဘယ်သို့ညာသို့ စသည် ဖြင့် ဖော်ပြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပိုင် ရမ်ကမ်ဟမ်တက္ကသိုလ်က ကျောင်းပြီးဘွဲ့ရသူ မဖြစ်စေရ ဆိုတာပါတော့ လူပြောစရာ ဖြစ်ကုန်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရမ်ကမ်ဟန်တက္ကသိုလ်လည်း အများကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီး ဆူချတ်လက်ထက်မှာပဲ တရုတ်စကားပြောနှစ် (Teaching of Mandarin as a third foreign language) လုပ်ဖို့ စိုင်းပြင်းခဲ့ပါသေးတယ်။

ဒါပေမယ့် ကမ္ဘာတဝန်း ကျောင်းသားတွေကို တိုင်းတာစစ်ဆေးတဲ့ (Pisa test) လေ့လာမှုအရတော့ ထိုင်းကျောင်းသား တွေက အရှေ့အာရှဒေသမှာ အမှတ်တွေနိမ့်နေပါတယ်။ ပျမ်းမျှအသက် ၁၅-ဝန်းကျင် ကျောင်းသားတွေကို စစ်ဆေးတဲ့ အခါ စင်ကာပူနိုင်ငံက အဖတ်မှာ ၅၂၆၊ သင်္ချာ ၅၆၂၊ သိပ္ပံ ၅၄၂ ရကြပါတယ်။ နှိုင်းယှဉ်ချက်အရ ထိုင်းကျောင်းသားတွေက တော့ အဖတ် ၄၂၁၊ သင်္ချာ ၄၁၉၊ သိပ္ပံ ၄၂၅ ပဲ ရကြပါတယ်။ ဒါကြောင့်ပဲ ငွေကုန်သလောက် ရလဒ်ကောင်းမထွက်လာတဲ့ အပေါ်မှာ သူတို့ပညာရေးကဏ္ဍက ဝေဖန်နေကြတာပါ။ [5] ပီဆာစာမေးပွဲ (Pisa Test) ဆိုတာကတော့ ဥရောပ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ရဲ့ နိုင်ငံတကာ ကျောင်းသားတွေကို အကဲဖြတ်စစ်ဆေးတဲ့ အစီအစဉ် တစ်ခုပါ။ အသက် ၁၅-နှစ်အရွယ် ကလေးတွေကို စစ်ဆေးပါတယ်။ ပထမပိုင်းမှာတုန်းက ၂၀၁၂ ခုနှစ်အထိ သင်္ချာကို အဓိကထား စစ်ဆေးခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြဿနာဖြေရှင်းခြင်း (Problem-Solving) စွမ်းရည်နဲ့ ငွေကြေးသဘော ကျွမ်းကျင်တတ်မြောက်မှု (Financial Literacy) ကိုပါ စစ်ဆေးပါတယ်။

(ဆက်ပါဦးမည်။)

အောင်သူငြိမ်း

[1] http://www.en.moe.go.th/index.php?option=com_content&view=article&id=2601:moe-budget-expenditure&catid=1:news&Itemid=42

[2] Ken Robinson: Changing education paradigms http://www.ted.com/talks/ken_robinson_changing_education_paradigms

[3] Dr. Somkiat Tankitvanich, "Education system ills setting up future failure", Bangkok Post, March 27, 2013. available on line at http://www.bangkokpost.com/opinion/opinion/342521/education-system-ills-setting-up-future-failure

[4] So much revision, but Thai education system still failing, The Nation, October 4, 2012.

[5] https://www.oecd.org/pisa/test/