ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို - “၁၉ ဇူလိုင်” နဲ့ “၇ ရက် ဇူလိုင်”



တူမောင်ညို - “၁၉ ဇူလိုင်” နဲ့ “၇ ရက် ဇူလိုင်”
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆


မတ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ဆိုတာဟာ မြန်မာ့နိုင်ငံရေးပြက္ခဒိန်မှာ လူထုလှုပ်ရှားမှုတွေနဲ့ တလက်လက်တောက်ပနေတဲ့ လတွေ ပဲဖြစ်ပါတယ်။ ဇူလိုင်အကြောင်းပဲကွက်ပြီးပြောချင်ပါတယ်။ ဇူလိုင် မှာ အထင်ကရ နေ့ရက် နှစ်ခု( ဖြစ်ရပ်နှစ်ခု) ရှိပါတယ်။

“၁၉ ဇူလိုင်” နဲ့ “၇ ရက် ဇူလိုင်” တို့ပဲဖြစ်ပါတယ်။

“ ၁၉ ဇူလိုင် အာဇာနည်နေ့” သမိုင်းကြောင်းကို အများသူငါ သိရှိကြပြီးသားပါ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝဖြတ်သန်းမှုတွေမှာ နှစ်စဉ်မပျက် ဒီနေ့ရောက်တိုင်း အခမ်းအနားတွေဟောပြောပွဲတွေနဲ့ ကြုံခဲ့၊ ကြားခဲ့ကြရစမြဲပါ။

ကြေကွဲစရာဒီသမိုင်းဖြစ်ရပ်ရဲ့နောက်ခံအကြောင်းရင်းကို ဖော်ပြပြောဆိုကြရာမှာ ဂဠုန်ဦးစောရဲ့ “အာဏာအတ္တ၊ အာဏာ လောဘနဲ့အငြှိုးအမျက်၊အာဃာတကြီးမှု”တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့လုပ်ဖော်ကိုင်ဖက်တွေ ရေတိမ်နစ်ကြရရှာတယ်လို့ပဲ ပုဂ္ဂိုလ် ရေး ဆန်ဆန်ဟော၊ ပြော၊ ရေးသားကြတာတွေပဲ အတွေ့ရများပါတယ်။ သမိုင်းဖြစ်ရပ်ကို ကြည့်ရှုတဲ့အခါမှာ၊ လေ့လာသုံးသပ်တဲ့နေရာမှာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မပါဝင်သင့်ဘူး လို့ မပြောလိုပါဘူး။

“ဟစ်တလာ” ရဲ့ စိတ်နေသဘောထားနဲ့အမူအကျင့်တွေကို လေ့လာတာနဲ့ တပြိုင်နက် “ဟစ်တလာ” ကို မွေးထုတ်ပေးလိုက် တဲ့ ထိုစဉ်က ဂျာမန်လူ့အဖွဲ့အစည်းရဲ့အရပ်ရပ်အခြေအနေတွေကိုလည်း ထည့်သွင်းလေ့လာသုံးသပ်မှသာ ပြည့်စုံနိုင်မှာပါ။ “ဟစ်တလာ” မွေးဖွားကြီးပြင်းလာတဲ့ (ဂျာမန်) လူ့အဖွဲ့အစည်းသမိုင်းခေတ်နဲ့ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မှာ “ဟစ်တလာ” ဆိုတဲ့လူပုဂ္ဂိုလ်ဟာ ဘယ်လိုပြစ်မှုတွေကို ပြုမူ ကျူးလွန်ခဲ့သလဲဆိုတာကို လေ့လာသုံးသပ်ရမှာပါ။ ဟစ်တလာ ကို မွေးထုတ်ပေးတဲ့ လူ့အဖွဲ့အစည်းကိုရော၊ ဟစ်တလာရဲ့အပြုအမူနဲ့လုပ်ရပ်တွေကိုပါထည့်သွင်း စီရင်ချက်ချမှသာ ပြည့်စုံနိုင်မှာပါ။

ထိုနည်းတူပါပဲ။ ဂဠုန်ဦးစောနဲ့ ဗိုလ်နေဝင်းကိုလည်း သူတို့ကြီးပြင်းရာ လူ့အဖွဲ့အစည်းနဲ့သမိုင်းခေတ်ကိုပါ ခြုံငုံပြီး လေ့လာသုံး သပ်ကြရမှာပါ။ ဒီလို ခြုံငုံသုံးသပ်နိုင်မှသာ ဘယ်လိုလူ့အဖွဲ့အစည်းနဲ့ သမိုင်းခေတ်ဟာ ဒီလို လူယုတ်မာတွေ၊ လူဆိုးတွေ၊ လူညစ်ပတ် တွေ ချိုပေါက်လာသလဲ၊ အစွယ်ထွက်လာသလဲဆိုတာကို သမိုင်းသင်ခန်းစာအဖြစ် ထုတ်ယူနိုင်မှာပါ။ ပြန်ဆက်ပါ့မယ်။

ဂဠုန်စောမှာ အာဏာလောဘတွေရှိမှာ မုချပဲ။ ဒါကို ကိုလိုနီနယ်ချဲ့သမားရဲ့ခြေလှမ်းတွေနဲ့မပျက်မကွက် ဆက်စပ်ကြည့်ရမှာ ပါ။ ဂဠုန်ဦးစောဟာနောက်ဆုံးအချိန်အထိ ဗြိတိသျှကိုလိုနီအစိုးရရဲ့ကယ်တင်မှုကို မျှော်လင့်သွားခဲ့သူဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့သမား ဟာ တစ်တရားခံ၊ အကြံသမားဂဠုန်ဦးစောဟာ ကိုယ်ထိလက်ရောက်ကျူးလွန်သူ (နယ်ချဲ့လက်ကိုင်တုတ်) ဖြစ်တယ်။

နယ်ချဲ့သမားလက်အောက်က လွတ်လပ်ရေးရဖို့ဆိုတာမှာ အမျိုးသားသွေးစည်းညီညွတ်ရေးဟာ မရှိမဖြစ်အရေးကြီးတယ်။ ဒါကိုသိတဲ့နယ်ချဲ့သမားက မရ ရတဲ့နည်းနဲ့ ဖျက်တယ်။ နယ်ချဲ့ခြေလှမ်းပထမအဆင့်က အမျိုးသားညီညွတ်ရေးတပ်ဦးဖြစ်တဲ့ (ဖဆပလ) ကို ဖြိုခွဲထားခဲ့ပြီးပြီ။ (၁၀-၁၀-၁၉၄၆ မှာ ကွန်မြူနစ် ပါတီကို ထုတ်ပယ်)။

နယ်ချဲ့ခြေလှမ်းဒုတိယအဆင့်က အမျိုးသားခေါင်းဆောင်ရှိနေရင် အမျိုးသားသွေးစည်းညီညွတ်မှုကို အချိန်မရွေးပြန်တည် ဆောက်လာနိုင်စရာရှိတယ်။ ဒီတော့ အမျိုးသားခေါင်းဆောင်ကို အပြတ်ရှင်းပစ်ဖို့ လုပ်တာပဲ။ ဘရင်းဂန်းအလက် ၂၀၀ ထုတ်ပေးတယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ လုပ်ကြံသတ်ဖြတ်ရေးသက်သက်လောက်အတွက်မဖြစ်နိုင်ဘူး။ ဒီလက်နက်တွေဟာ အဲဒီကာလမှာ ခေတ်အမီ ဆုံး လက်နက်တွေဖြစ်တယ်။နယ်ချဲ့သမားရဲ့ပက်စက်တဲ့ ဒီအကြံအစည်ကြောင့် “ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် ” ဆိုတဲ့ အဖြစ်ဆိုး ပေါ်ပေါက်လာရတာပါ။

ဒီလိုနဲ့ “အမျိုးသားသွေးစည်းညီညွတ်မှုကိုဖြိုခွဲ၊ အမျိုးသားခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်၊ ပြည်တွင်းစစ်” ဆိုတဲ့လမ်း ကြောင်းပေါ်တင်ပေးခဲ့တာဟာ နယ်ချဲ့သမားရဲ့လုပ်ရပ်ပဲ။ ထိုစဉ်က မျိုးနဲ့ရိုးနဲ့နယ်ချဲ့ထိပ်သီးတဦးဖြစ်တဲ့ ချာချီက မြန်မာပြည်ဟာ လွတ်လပ်ရေးရရင် ပြည်တွင်းစစ်ဖြစ်မှာပဲလို့ နိမိတ်ဖတ်ခဲ့တာဟာ အကြောင်းအချက်မဲ့ မဟုတ်ဘူး။

နယ်ချဲ့သမားခင်းပေးလိုက်တဲ့ “အမျိုးသားသွေးစည်းညီညွတ်မှုကို ဖြိုခွဲ၊ အမျိုးသားခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်၊ ပြည်တွင်းစစ်” ဆိုတဲ့ လမ်းက တကယ်တော့ မစားရဲအမဲ သဲနဲ့ပတ်တာလို့ဆိုရင်လည်း မှန်ကန်သလို နယ်ချဲ့သမားကို ထာဝစဉ်မှီခိုနေရ အောင် လုပ်လိုက်တာ လို့ပြောမယ်ဆိုရင်လည်း ဟုတ်နေတာပါပဲ။ အဲဒီပြည်တွင်းစစ်အခုထိ မရပ်စဲနိုင်သေးဘူး။ အခုအဲဒီ ပြည်တွင်းစစ် နွံအိုင်ထဲကနေ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရားကို မွေးထုတ်လည်ပတ်ခုတ်မောင်းစေခဲ့တာပဲ ရာစုနှစ်ဝက် ကျော်ခဲ့ပြီမဟုတ်လား။ တိုင်းပြည်နဲ့ပြည်သူတွေရဲ့ဘဝကတော့ ဆင်းရဲတွင်းမှာ နစ်သထက်နစ်ခဲ့ပြီ။

လွတ်လပ်ရေးရတော့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းခဲ့ကြတာပဲ။ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့ တယ်။ ဒီပြည်တွင်းစစ်ကို ပါလီမန်ဒီမိုကရေစီအစိုးရက မရပ်စဲနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ပြည်တွင်းစစ်က ဗိုလ်နေဝင်းကြီးမှူးတဲ့စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို သန္ဓေတည်မွေးဖွားစေခဲ့ပြန်တယ်။

ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းတော့ “မှိုင်း နှစ်ခု” တိုက်ပြီး အာဏာသိမ်းတာပဲ။

တစ်ခုက “အတုအယောင် ဆိုရှယ်လစ်မှိုင်း” ဖြစ်ပြီး၊ နောက်တစ်ခုက “ဖက်ဒရယ်မူ (ဝါ) ခွဲထွက်ရေးမှိုင်း” ဖြစ်တယ်။ ဒီမှိုင်း နှစ်ခု အတော်အတန်အလုပ်ဖြစ်တယ်လို့ပြောရမှာပါ။ “ဆိုရှယ်လစ်- ကွန်မြူနစ် ပဂေး” ဆိုသူတွေ ဗိုလ်နေဝင်းရဲ့(မဆလ) လှေခါးထစ်မှာ ဝမ်းလျားထိုးကုန်ကြတယ်။ ဒီမှိုင်းတိုက်မှုတွေကို ရှင်းလင်းကြည်လင်သွားအောင် ဖွင့်ချပေးလိုက်တာကတော့ “ ၇ ရက်ဇူလိုင်” အရေး အခင်း ပဲဖြစ်ပါတယ်။

ဒီအရေးအခင်းက အတုအယောင်ဆိုရှယ်လစ်မှိုင်းနဲ့ ဖက်ဒရယ်မူ (ဝါ) ခွဲထွက်ရေးမှိုင်းတွေ ဖယ်ရှားရှင်းလင်းပစ်ပြီး စစ်အုပ်စု ရဲ့အာဏာသိမ်းမှုသရုပ်မှန်ကို ထုတ်ဖော်ပြသခဲ့တယ်။ ရိုးရိုးထုတ်ဖော်ပြသခဲ့ရတာ မဟုတ်ဘူး။ တက္ကသိုလ်ကျောင်းသားတွေရဲ့အသက် သွေးတွေ အကျခံပြီးဖွင့်ချပြခဲ့တာဖြစ်တယ်။ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ ဘီလူးစွယ်ဟာ (တကသ) အဆောက်အအုံကို ဖြိုခွဲတဲ့ ဒိုင်းနမိုက်သံ နဲ့ အတူ ပြူးပြူးပြဲပြဲ ပေါ်ထွက်လာခဲ့တယ်။ “ ဓါး - ဓါးချင်း လှံ - လှံချင်း” တဲ့လေ။

“ အတုအယောင်ဆိုရှယ်လစ်ဖြစ်တယ်/ စစ်အာဏာရှင်စနစ်ဖြစ်တယ်” ဆိုပြီး စစ်အုပ်စုရဲ့မျက်နှာဖုံးကို ခွာချပြခဲ့တဲ့ “ ၇ ရက် ဇူလိုင်” ဖြစ်ရပ်ဟာ သမိုင်းတန်ဖိုး အလွန့်အလွန်ကို ကြီးမားပါတယ်။

“၇ ရက်ဇူလိုင် ” သာမရှိခဲ့ရင် “၇၄၊ ၇၅၊ ၇၆ ဦးသန့်၊ မှိုင်းရာပြည့်၊ အလုပ်သမားအရေးအခင်း ” စတဲ့ ကျောင်းသား၊ အလုပ် သမားလှုပ်ရှားတွေမရှိနိုင်ပါဘူး၊ ယုတ်စွအဆုံး “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ” တောင်ပေါ် ပေါက်စရာ အကြောင်းမရှိဘူးလို့ ပြောလို့ ရနိုင်ပါတယ်။ “၇ ရက်ဇူလိုင် ” အရေးအခင်းနဲ့ စစ်အုပ်စုရဲ့ ဇာတိရုပ်ကိုဖွင့်ပြခဲ့ပြီး - “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ဆိုရှယ်လစ်(မဆလ)ကို တဇာတ်သိမ်းပစ်နိုင်ခဲ့တဲ့ ဂုဏ်ယူဖွယ်ရာဖြစ်ရပ်မျိုး တခြားဘယ်နိုင်ငံမှာများရှိပါသလဲ။

အာဏာပလ္လင်ပေါ်က ဘယ်လိုမှ မတတ်သာလို့ ဆင်းသွားရတဲ့ စစ်အုပ်စုထိပ်သီးဗိုလ်နေဝင်းပြောစကားက “သေနတ်ဆိုတာ ပစ်ရင် မိုးပေါ်တောင်ဖောက်တာမပါဘူး - တည့်တည့်ပစ် ” တယ်တဲ့။

ကျောင်းသားလူငယ်တွေနဲ့ပြည်သူတွေဟာ သမိုင်းပေးတာဝန်ကို ပီပီပြင်ပြင်၊ ထိထိရောက်ရောက်ထမ်းဆောင်ခဲ့ကြပါတယ်။ အခုထိလည်း ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်းလျှောက်နေကြတုန်းပါ။

အခုတော့ “၇ ရက် ဇူလိုင်” ရဲ့ တော်လှန်တဲ့စိတ်ဓါတ်ဟာ မတ်လ ၁၀ရက်(လက်ပံတန်း) ကျောင်းသားသပိတ်၊ စစ်ကိုင်း အလုပ်သမားသပိတ်ဆိုတဲ့ ဒီကနေ့ကာလလှုပ်ရှားမှုတွေနဲ့တသွေးထဲတသားထဲ ပေါင်းစပ်ပြီး ဧရာဝတီမြစ်မရေလို အရှိန်အဟုန်နဲ့စီးဆင်း နေကြပြီ မဟုတ်ပါလား။

ဒါကြောင့် ဇူလိုင် ထဲက အထင်ကရ သမိုင်းဖြစ်ရပ် နှစ်ခုဖြစ်တဲ့ “၁၉ ဇူလိုင်” နဲ့ “ ၇ ရက်ဇူလိုင်” ကို တန်းတူ အလေးမထားနိုင်၊ အရေးမပေးနိုင်ဘူးဆိုရင်တောင်မှ ခွဲခြား၊ ခွဲခြား သဘောမထားမိဖို့ နဲ့ ခွဲခြား၊ ခွဲခြား မလုပ်ဖို့တော့ လိုပါတယ်။

သမိုင်းဖြစ်ရပ်တွေ၊ သမိုင်းအချက်အလက်တွေကို ဘယ်လို ရပ်တည်ချက်နဲ့ ဘယ်လိုသဘောထား၊ ဘယ်လိုအမြင်နဲ့ကြည့် မြင်ပြီး ဘယ်လိုသုံးသပ်အကဲဖြတ်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ အဓိကကျပါတယ်။ အဲဒီမှာတင် လူ့စည်း၊ ဘီလူးစည်း အထင် အရှားကွဲကြတာပါ။

ဖောက်ပြန်တဲ့အုပ်စိုးသူအဆက်ဆက်ကတော့ ကျောင်းသားပြည်သူတွေရဲ့လှုပ်ရှားမှုမှန်သမျှကို “ မင်းမဲ့စရိုက်၊ ဆူပူသောင်း ကျန်းမှု” တွေလို့သာသဘောထားကြပါတယ်။ ကြည့်မြင်ကြပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အကြမ်းဖက်ဖြိုခွဲပါတယ်။

ဒီကနေ့ ကျောင်းသားလူငယ်များရဲ့ ခေတ်ကာလသမိုင်းပေးတာဝန်ကတော့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစည်းဝိုင်းထဲမှာ သင့်မြတ်ရေးမူနဲ့ ဘာမဆိုဖြစ်နိုင်လောက်တယ်” ဆိုတဲ့ “မှိုင်း” ကို ပြတ်ပြတ်သားသား တိုက်ဖျက်ကြဖို့သာဖြစ်မယ်လို့ ယူဆပါတယ်။