ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ - အပိုင်း (၂)

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ - အပိုင်း (၂)
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆

ဒီအချိန်မှာပဲ ကျောင်းသားရဲဘော်အချို့ရောက်လာပြီး ထိပ်တိုက်မှာကျည်ဆန်လိုနေလို့ သွားပို့ရမယ်ပြောတာနဲ့ ကျည်ဆန်အချို့ပေးလိုက်တယ်။

မကြာပါဘူး ကျောင်းသားတချို့ထပ်ရောက်လာပြီး ကျည်တောင်းပြန်လို့ ပေးလိုက်ပြန်ရော…။

ဒီလို တောင်းလိုက် ပေးလိုက်နဲ့ နေလာလိုက်တာ နေ့လည်လောက်ရောက်တော့ ကျည်က ကုန်သွားပြီ။ ဘယ်သူမှလည်း လာမတောင်းတော့ဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင် ကြည့်လိုက်တော့ လည်း လက်နက်ကြီးကျည်ကျကွဲသံတွေကလွဲပြီး ဘာသံ၊ ဘာလှုပ်ရှားမှုမှ မတွေ့ရတော့ဘူး။ ဒါနဲ့ မသင်္ကာဖြစ်လာလို့ ကျောင်းသားရဲဘော်တွေရှိတဲ့ ဆက်သွယ်ရေး မြောင်းတွေရှိရာ ဘန်ကာတွေထဲ ဆင်းကြည့်လိုက်တော့ ..လား…လား… တယောက်မှမရှိတော့ဘူး။

(နောက်မှ သိရတာက တိုက်ပွဲဖြစ်တဲ့နေရာမှာ သွားတိုက်ချင်လို့ ကျည်ဆန်လိုတဲ့လို့ လာလိမ် တောင်းပြီး ထိပ်တိုက်နေရာ တွေမှာ သွားတိုက်နေကြတာ)

ကိုယ်လည်း ခေါင်းမွေးထောင်သွားတယ်။ ဒီကောင်တွေ ဘယ်ရောက်နေကြလဲပေါ့။ နောက်တော့ မထူးပါဘူး၊ ငါလည်း ဒီကောင်တွေနောက် လိုက်မယ်ဆိုပြီး ထိပ်တိုက်ဘက် လိုက်တက်သွားတာ.. ထိပ်တိုက်ရဲ့ ညာတောင်ပန်မှာ ကိုစောထူး (KNU)နဲ့ သွားတွေ့တယ်။

(ကျနော်တို့နဲ့တွဲတိုက်နေတဲ့ KNU ရဲ့ အထူးတပ်ရင်း(၁၀၁)က ရဲဘော်တွေဟာ အင်းစိန်နဲ့ မြစ်ဝကျွန်းပေါ်သားတွေများလို့လားမသိ ကျနောတို့ဗမာ့တွေအပေါ်နားလည်းပြီး ပေါင်းသင်းလို့ ကောင်းတယ်..။ ကျနော်တာဝန်ထမ်းဖူးခဲ့တဲ့ မာနယ်ပလော တပ်မဟာ(၄) တပ်မဟာ(၃)က ကရင်ရဲဘော်တွေထက် ပိုကောင်းတယ်)

ကျနော်က ဘယ်နေရာမှာ တာဝန်ယူပေးရမလဲ မေးတော့..ကျနော့်ရဲ့ M.16 သေနတ်ကိုယူလိုက်ပြီး သူရဲ့ AK.47 သေနတ်ကို ကျနော့်ကို ပေးတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ညာတောင်ပန်.. သောင်ရင်းမြစ်ကမ်းဘေးကနေ ကပ်တက်လာမဲ့ ရန်သူကိုစောင့်ကြည့်ခိုင်းတယ်။ မသင်္ကာရင် ပစ်လို့လည်း အမိန့်ပေးထားတော့..မသင်္ကာတိုင်း တဖုန်းဖုန်းနဲ့ ပစ်နေတော့တာပဲ..။

တချက်တချက် ကိုယ့်ဘေးနဲ့ အနောက်ဘက်တွေကြည့်မိတော့ လက်နက်ငယ်သံတွေ ဆူညံနေပြီး ရန်သူရဲ့လက်နက်ကြီးဒဏ်ကြောင့် ဖုန်လုံးတွေထ၊ သစ်ပင်တွေလဲ၊ ကိုင်းတွေပြတ်ကျနဲ့ တယောက်နဲ့ တယောက် နှစ်လံကွာလောက်ဆို ဖုန်လုံးတွေကြောင့် လူလုံးမကွဲတော့ဘူး..။

ဒီလိုနဲ့ ပစ်လိုက်ကြည့်လိုက်လုပ်ရင်း တချက်ချက် လက်နက်ကြီးကွဲသံကြားရင် ကိုယ့်သေနတ်နဲ့ ကိုယ့်နောက်စေ့ကို ကာကာမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ KNU ရဲဘော်လို နောက်စေ့ကို လက်နက်ကြီးစ ထိမှာကြောက်လို့ပဲ။ ဒီလိုပြောလို့ ခင်ဗျားက ကြောက်တတ်ရန်ကောလို့ မပြောနဲ့. ဒါဟာ စိတ်ပဲ…။ လက်နက်ကြီးရန်ကြောင့် ဘန်ကာထိအောင်မပြေးချင်လို့ ဆက်သွယ်မြောင်းမှာပဲ ၀ပ်တဲ့အခါမျိုးမှာ ပက်လက်နေတာနဲ့စာရင် မှောက်ရက်နေတာက ပိုစိတ်လုံခြုံတယ်။ ဒါက တိုက်ပွဲ အတွေ့အကြုံရှိမှ ခံစားနိုင်မှာပါ။

ညနေ ၄ နာရီလောက်ကျတော့ ကိုယ့်ဘက်က လက်နက်ငယ်ပစ်သံ တချက်တလေးကလွဲပြီး ရန်သူရဲ့ ပစ်ခတ်သံကိုမကြားရတော့ဘူး..။ ဒါနဲ့ ကိုစောထူးကိုမေးကြည့်တော့ ရန်သူက ဆုတ်သွားပြီ၊ မနက်ဖန်ပြန်တက်လိမ့်မယ်တဲ့…။ ဟာ…၀မ်းသာတယ်..ဒီတနေ့တော့ တို့နိုင်ပြီ..။

ကျနော်လည်း တိုက်ပွဲနားတော့ ကိုယ့်ရဲဘော်တွေလိုက်ရှာတော့…တွေ့ပါပြီ။ …ကိုစောထူးတို့နဲ့ပေါင်းပြီး တိုက်နေကြတာကိုး။ ကိုစောထူးလည်း ကျနော်နဲ့ ချစ်ပိုကိုတွဲပြီး ရန်သူ့ရဲ့အဓိက၀င်လမ်း ကားလမ်းမထိပ်မှာ နေရာပေးပါတော့တယ်…...။

KNU တွေလည်း ကျနော်တို့ကို ယုံသွားပြီလေ။  အရင်တုန်းက သူတို့က ကျနော်တို့ကို တိုက်ပွဲ အတွေ့အကြုံမရှိလို့ထွက်ပြေး မှာကြောက်နေတာ…။ မူလရည်ရွယ်ချက် က ၀မ်ခ(ဟောင်း) ကို နှစ်ရက်ပဲ ခံတိုက်ဖို့ 101 KNU တပ်ရင်းမှူးဗိုလ်မှူးတောလှက စစ်ကြောင်းမှူး ဗိုလ်ဖောတိုကို အမိန့်ပေးထားတာ၊ အခုတော့ ကျောင်းသားတွေကို စိတ်ချရပြီဖြစ်တဲ့အတွက် နှစ်ရက်မက ဆက်တိုက်စေတဲ့ဗျာ။

(၄)
တိုက်ပွဲရဲ့ဒုတိယမြောက်နေ့…။
မနက် ၄ နာရီထိုးပြီဖြစ်တဲ့အတွက် စခန်းတွင်းမှာရှိတဲ့ ရဲဘော်အားလုံး အဆင့်သင့် ဖြစ်နေပါပြီ။ ရန်သူကလည်း လက်နက်ကြီးကို တလုံးချင်း ပစ်နေပါပြီ. စခန်းထဲမှာ တလုံးကျကွဲသံကြားတာနဲ့ နောက်တလုံး ပစ်ပါတယ်။ ဒါက ပုံမှန်ပစ်နေကျပုံစံ။ တခါတလေ အချောင်ဖမ်းပြီး ကွဲသံနဲ့ရောပြီး တလုံးပစ်လွှတ်တတ်ပါတယ်။ တခါတလေ တလုံးထဲပစ်သလိုနဲ့ နှစ်လုံး သုံးလုံး တပြိုင်တည်း ပစ်တတ်ပါတယ်။

ကျနော်တို့လည်း နားကိုအမြဲစွင့်ထားတဲ့အတွက် ရန်သူ့အထားကို နောကျေနေပါပြီ။ ကျနော်တို့အားလုံး မနက် ၄ နာရီထိုးတာနဲ့ စလုပ်တဲ့အလုပ်က မျက်နှာသစ်ခြင်းပါ..။ မျက်နှာသုတ်ပုဝါယူ၊ သွားပွတ်တံထဲ သွားတိုက်ဆေးထည့်၊ . ..ပြီးတော့ ရေဘုံဘိုင်သွား..။ ဟဲ…ဟဲ…။

ဒီလိုထင်ရင်မှားသွားမှာပေါ့..ရေဘုံဘိုင်လည်း မရှိပါဘူး။ သွားတိုက်တံနဲ့ သွားတိုက်ဆေးလည်း မရှိပါဘူး။ ကျနော်အပါအ၀င် တော်တော်များများရဲဘော်တွေလုပ်ကြတာတော့..ရေဗူးထဲကရေကို တငုံသောက် … ။ တငုံကိုပလုပ်ကျင်း၊ ထွေးထုတ်..။ လက်ထဲကို ရေနည်းနည်းထည့်၊ မျက်နှာကို သပ်ချ… ။ ဒါဆိုရင် မျက်နှာသစ် သွားတိုက်ခြင်း ပြီးမြောက်ပြီလို့ ပြောရမယ်ဖြစ်ပါတယ်…။

တချို့ဆို မျက်နှာမသစ်ဘဲ မနက်စားကို နိုးတာနဲ့ စားတာပါပဲ။ တယောက်ကင်းစောင့်နေတဲ့အချိန်မှာ တယောက်က ဘန်ကာထဲမှာ လက်နှိပ်မီးကို အုပ်ထွန်းပြီး စားရပါတယ်..။ အော်..ပြောဖို့မေ့လို့..။ တိုက်ပွဲဖြစ်နေတာ ထမင်းဘယ်ချက်နိုင်မလဲ…။

စခန်းအနောက်ဘက် သောင်းရင်းမြစ်ကမ်းခြေမှာ ရွာသားအချို့ကချက်ပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေစီ ထမင်းထုပ်လိုက်ဝေတာပါ။ တယောက်ကို မနက်စာ ညစာအပြီး နှစ်ထုပ် သုံးထုပ်ပေါ့..။ ထမင်းထုပ်ထဲမှာ အများဆုံးပါတတ်တာက ငပိထောင်းပါ.။ တခါတလေ ကံကောင်းရင် ငါးခြောက်နဲ့ ငါးသေတ္တာ ပါတတ်ပါတယ်..။ ဒီအထဲမှာ ရဲဘော်တွေအမျှော်ဆုံးက ထမင်းထုပ်ထဲမှာ ပါတတ်တဲ့ စာတွေပဲ..။ ဒီစာတွေကို ကရင်ရွာတွေက ကရင်အမျိုးသမီးလေတွေ ငပိထုပ်တွေနဲ့ ရောပို့လိုက်တယ် ထင်ပါတယ်…။ ကံကောင်းစွာရရှိတဲ့ မောင်ကျောင်းသားတွေလည်း ကံဆိုးတယ်ပြောရမလားမသိ..၊ ရေးလာတဲ့စာတွေက ကရင်စာဖြစ်နေတော့ ဖတ်မတတ်..။ ဒီတော့ ဖတ်တတ်တဲ့ ကရင်ရဲဘော်လေး တွေကို ဖတ်ခိုင်းရတော့တာပေါ့။

အများအားဖြင့် ရေးထားတာက..တိုက်ပွဲတရာ အောင်ပါစေ..တရားသောစစ် အောင်ပါစေ..လို့ အဓိပ္ပာယ်ရှိတဲ့ စာမျိုးတွေပါ…။ ဒါပေမဲ့ ရန်ကုန်အင်းစိန်မှာမွေးပြီးကြီးခဲ့တဲ့ ကရင်ရဲဘော် ခင်မောင်ဦးလို လူမျိုးကိုသွားမေးမိရင်တော့ ..ကိုကို ပြန်လာမှာကို နော်စေးဖော့ မျှော်နေမယ်တို့ ဘာတို့ဆိုပြီး ချွန်းတွန်းလုပ်တာခံရရော…။

ကဲ..ထမင်းစားတဲ့ကိစ္စတော့ပြီးပြီ။ ..ရန်သူမတက်ခင် အီးအီးပါတဲ့ကိစ္စကို လုပ်ရအုံးမည်။

အိမ်သာတက်ဖို့ ပြင်ဆင်ရမှာတော့ ပထမဆုံး ခင်ဗျာဘာနဲ့ အီးအီးကို စခန်းသိမ်းမယ် ဆိုတာပါပဲ။ စက္ကူလား …တုတ်လား…ရေလား…။ ရေက ရဖို့မလွယ်တဲ့အတွက် စဉ်းစားစရာမလို။ ကဲ…တုတ်(သို့)စက္ကူရပြီဆိုပါစို့….။

အီကွိမင့်ကို ဆက်သွယ်ရေးမြောင်းမှာ ချွတ်ထား..။ ဘောင်ဘီးကျယ်သီးကိုဖြုတ်။ ဘောင်ဘီးနဲ့ စက္ကူကိုတဖက်ကကိုင်။ တဖက်က သေနတ်ကိုင်ပြီး ဘန်ကာနဲ့မနီးလွန်း မဝေးလွန်းကို ပြေးရပါတယ်။ နီးလွန်ရင် အနံ့ရမှာ စိုးလိုပါ. ဝေးလွန်းရင်လည်း ရန်သူ့လက်နက်ကြီးရန် ကြောက်ရပါတယ်။ လက်နက်ကြီးဟာ တလုံးချင်း မှန်မှန်ပစ်နေတဲ့အတွက် တလုံးနဲ့တလုံးကြားမှာ စက္ကန့် ၂၀ အချိန်ရပါတယ်။ ဒီ စက္ကန့် ၂၀ အချိန်အတွင်းမှာ အီးပါးတဲ့နေရာကိုပြေး၊ အီးပါ…၊ သန့်ရှင်းရေးလုပ်။ ပြီးတော့ ကိုယ့်ဘန်ကာဆီ အရောက်ပြေးပေတော့..။ စက္ကန့် ၂၀ အတွင်း ပြီးချင်ရင် ဒီလိုလုပ်ရပါတယ်။ အခုနကပြောခဲ့သလို ကြယ်သီးဖြုတ်ထားတဲ့ဘောင်ဘီးကိုတဖက်ကကိုင်၊ တဖက်ကသေနတ်ကိုင်ပြီး ရန်သူ့လက်နက်ကြီးကျည်အထွက်ကို စောင့်ရပါတယ်။ ထွက်ပြီးလို့ ကိုယ်စခန်းမှာကွဲပြီဆိုတာနဲ့ အီးပါးမဲ့ နေရာကိုပြေးပေးတော့။ ဒီအချိန်မှာ နောက်လက်နတ်ကြီးတလုံးက ထွက်လာပါပြီ်။ အီးပါးမည့်နေရာရောက်ပြီဆိုတာနဲ့ ဘောင်းဘီးချွတ် ထိုင်ချလိုက်တာနဲ့ အီးပါခြင်းအမှု ပြီးဆုံးရပါမယ်။ ဆိုလိုရင်းက ထိုင်ချနေစဉ်အတွင်း အီးပါးနေရမည်ဖြစ်ပြီး..ဖင်ထိုင်အကျမှာ ကိစ္စပြီးဆုံးပြီး ဖြစ်ရပါမယ်။ ၀မ်းချုပ်နေလို့မရ၊ ညှစ်နေလို့မရ၊ ဒါ့အပြင် သန့်ရှင်းရေးလုပ်ရမှာလည်း စိန်ပြေနပြေလုပ်ဖို့ အချိန်မရပါ..။ စက္ကူ (သို့) တုတ်ဖြင့် ခပ်သွက်သွက်(ရှောင်လင်ကျောင်းထွက်တွေဆို ပိုမြန်မယ်ထင်တယ်) သန့်ရှင်းရေးလုပ်ပြီး ဆက်သွယ်ရေမြောင်းရှိရာသို့ အလျှင်အမြန် ပြေးပေတော့..။

ဆက်သွယ်ရေးမြောင်းအတွင်းသို့ ခုန်ဆင်းလိုက်သည့်အချိန်နှင့်တပြိုင်တည်း လက်နက်ကြီးကျကွဲသံ ကို ခင်ဗျားကြာရပါလိမ့်မယ်..။ တချို့ရဲဘော်တွေ အိမ်သာတက်တာကို ဇိမ်ခံပြီး တက်ကြတယ်…။ ဒီလိုလူမျိုးတွေကတော့ အသက်နှင့်ရင်းပြီး တက်ပေတော့..။ ကဲ..စားလို့လည်း ပြီးပြီ၊ အိမ်သာတက်လို့လည်း ပြီးပြီ။ ..အလင်းရောင်မလာသေးတဲ့အတွက် ရန်သူကမတက်သေး..။ ရန်သူလက်နက်ကြီးကတော့ တလုံးချင်းမှန်မှန် အဆက်မပြတ်ပစ်နေပါတယ်။

ကျနော်တို့ရဲဘော်တွေရဲ့မျက်နှာကိုကြည့်လိုက်တော့ မနေ့ကတိုက်ပွဲမှာ နိုင်ထားတဲ့အရှိန်နဲ့ အားလုံးဟာ ပျော်ရွင်တက်ကြွနေတာကို တွေ့ရတယ်။

မကြာပါဘူး၊ မနက် ၅ နာရီခွဲ အလင်းရောင် ပျိုးတာနဲ့ ရန်သူ့ရဲ့လက်နက်ကြီးဟာ ကျနော်တို့ရဲ့ ရှေ့တန်းဘန်ကာတွေဆီကို မိုးပြိုသလို ရွာချလာပါတော့တယ်။

ရန်သူရဲ့တိုက်နည်းက သူ့ရဲ့လက်နက်ကြီးနဲ့ ကျနော်တို့တွေကို ခေါင်းမဖော်နိုင်အောင် ဖိပစ်ထားချိန်မှာ သူ့ရဲ့ချေမှုန်းရေးတပ်တွေက ကျနော်တို့နဲ့လက်တကမ်းအကွာ ခြံစည်းရိုးနားကို ကပ်ထားရမှာပါ။ လက်နက်ကြီးပစ်တာရပ်တာနဲ့တပြိုင်တည်း သူ့ရဲ့တပ်တွေက ပစ်တက်တက်ပြီး ကျနော်တို့ကို ချေမှုန်းရမှာပါ။ ရန်သူနဲ့ ကျနော်တို့ဟာ ကိုက် ၅၀ အကွာအဝေးလောက်ပဲ ရှိတဲ့အတွက် တခါတရံမှာ ရန်သူ့ရဲ့လက်နက်ကြီးကျည်ဟာ လွဲချော်ပြီး သူ့လူဘက် ပြန်ကျကာ ကိုယ်ကျည်နဲ့ကိုယ် သေကြေ ဒဏ်ရာရတတ်ပါတယ်။

လက်နက်ကြီးအပစ်ရပ်သွားတာနဲ့ တပြိုင်တည်း ရန်သူ့ရဲ့ G3,G4,M.79 နဲ့ ခွင်းဗုံးပစ်သံတွေ ဆူညံစွာ ပေါ်ထွက်လာသလို ကျနော်တို့ဘက်ကလည်း AK.47,M.16,R.P.G နဲ့ ဘဇူးကာ လက်နက်သံတွေ ပေါက်ကွဲထွက်လာပါတော့တယ်။ ပတ်ဝန်းကျင်တခုလုံးလည်း လက်နက်ငယ်သံ၊ ယမ်းခိုး၊ ဖုန်လုံး၊ သစ်ကိုင်းကျိုး အစတွေနဲ့ ဆူညံရှုပ်ထွေသွားတော့တာပဲ။
ကျနော်လည်း တိုက်ပွဲစဖြစ်ဖြစ်ချင်းမှာ မနေ့ကလောက် စိုးရိမ်စိတ်မဖြစ်ပေမဲ့ နည်းနည်းတော့ စိတ်လှုပ်ရှားနေတုန်းပဲ။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပြီး ၅ မိနစ်လောက်နေတော့ ဒီပစ်ခတ်သံတွေကို ဂီတသံများ ထင်လာသလားမသိ မြူးကြွသလို ခံစားလာရတယ်..။ ဒီလိုခံစားရတာကို ကိုယ် တယောက်ထဲလားလို့ မသင်္ကာလို့ ကျနော်နဲ့တွဲဘက် ချစ်ပိုကိုကြည့်လိုက်တော့.သူလည်း ကိုယ့်အတိုင်းပဲ မြူးကြွနေတယ်။ သူပစ်နေတဲ့အချိန် ကိုယ်က ဘန်ကာဘေးနားမှာ ကနေ.. ကိုယ်ပစ်နေတဲ့အချိန် သူက ဘန်ကာဘေးနားမှာ ကနေ..၊ စည်းချက်ကိုကျလို့..။ ဒီမှာမေးစရာရှိတာက မင်းတို့က ရုပ်ရှင်ထဲမှာလို သေနတ်ကြီးကိုပိုက်ပြီး မတ်တပ်ရပ်ပစ်သလားလို့မေးလာခဲ့ရင်.. မဟုတ်ဘူးလို့ ဖြေရမှာဖြစ်သလို..ရန်သူစစ်သားတွေဟာလည်း ရန်ကုန်မှာ အရေးအခင်းနှိမ်နင်းသလို သေနတ်ကြီးပိုက်ပြီး ပစ်တက်တက်မလာပါဘူး။ မြေပြင်ကို ရေပြင်မှတ်ပြီး ကုတ်ကပ်ပြီး တက်ရတာပေါ့ဗျာ...။

ကျနော်တို့ကလည်း ပစ်ကျင်းကနေ ခေါင်းဖော်ရုံလေးဖော်ပြီး ပစ်ရတာပေါ့… ။ တချက် တချက် ကျနော်တို့ကျောင်းသားတွေထဲက ရန်သူကို “ဟေ့ကောင်တွေ ရန်ကုန်မှာပစ်သလို ပစ်တက် တက်လာလေ..ဘာလဲ ခုမှကြောက်နေပြီလား” လို့ အော်ကြတယ်…။ ဒီလိုအော်နေတာကို ကိုစောထူး(ကေအန်ယူ) ကြားတော့.မအော်ဖို့ လာသတိပေးတယ်..။ ရန်သူက အသံကြားတဲ့နေရာကို ခွင်းဗုံးလို လက်နက်တွေနဲ့ ပစ်တတ်တယ်တဲ့..။ ကျနော်တို့လည်း ဆက်အော်ချင်ပေမဲ့ ရပ်လိုက်ကြတယ်..။ အလကားသက်သက်တော့ ရန်သူ့အသတ် မခံနိုင်ဘူးလေး..၊ သင်ခန်းစားတခုလည်း ရလိုက်ပါတယ်..။ အသံပေးရင် ရန်သူ့ကို ပစ်မှတ်ပေးသလို ဖြစ်သွားမယ်ဆိုတာ..။

ဆက်လက်ဖော်ပြပါမည်