ကိုသန်းလွင် ● နှုတ်ထွက်ခြင်းနှင့် နှုတ်ထွက်စကား

ကိုသန်းလွင် ● နှုတ်ထွက်ခြင်းနှင့် နှုတ်ထွက်စကား
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၆

(၁)
ဗြိတိန်နိုင်ငံ ရေဒီယိုတိုင်း(မ) မှ ပဟေဠိ ဗဟုသုတ ဉာဏ်စမ်းပွဲတခုတွင်မေးသံ ကြားလိုက်ရပါသည်။ ရာထူးမှ နှုတ်ထွက်သွားသောအဘယ်သူသည် အောက်ပါနှုတ်ဆက်စကားကိုပြောခဲ့ပါသနည်း။

“ကျွန်တော်တို့ဟာ ခရီးအရှည်ကြီးသွားခဲ့ပြီးပြီ၊ ဘယ်နေရာမှာမှ လွယ်လွယ်ကူကူ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အလုပ် လုပ်ရတာ အလွန်ပျော်စရာကောင်းခဲ့ပါတယ်”

မေးခွန်းမေးသူက သဲလွန်စပေးရာတွင်  (၁) နိုက်ဂျယ်ဖရပ် (၂) ဒေးဗစ်ကင်မရွန် (၃) ဘောရစ် ဂျွန်ဆင် နှင့် (၄) ဖရန်စစ် အီဗင်တို့ဖြစ်ပါသည်။

ကျွန်တော့်အဖို့ အဖြေကို ဘယ်လိုမှမသိနိုင်ပါ၊ ဇွန်လ ၂၃ ရက်နေ့က ဗြိတိန်နိုင်ငံသည်  အီးယူ ခေါ် ဥရောပကောင်စီမှ ခွဲထွက်သင့်၊ မထွက်သင့် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါသည်။ ခွဲကြမည့်ဘက်က နိုင်သွား သောအခါ၊ ပထမ၀န်ကြီးချုပ်လုပ်သူ ဒေးဗစ်ကင်မရွန်က သူ၏မှုဝါဒမှာ ခွဲမထွက်ရေးဖြစ်သည်။ ယခု တိုင်းပြည်က ခွဲထွက်ဖို့ဆုံးဖြတ်သောအခါ သူ့အနေဖြင့် ၀န်ကြီးချုပ်ရာထူးကို ဆက်လက်လုပ်ကိုင်ရန် မသင့်တော့ဟုယူဆသဖြင့် ရာထူးမှနှုတ်ထွက်ပါသည် ဟုကြေညာခဲ့သည်။

ဘောရစ်ဂျွန်ဆင်မှာ ၀န်ကြီးချုပ်၏ပါတီမှ ခွဲထွက်ရေးဘက်က ဖြစ်သည်။ သူ့ဝန်ကြီးချုပ်နှုတ်ထွက်သွားလျှင် သူ့နေရာဆက်ခံဖို့ အတွက် ပါတီခေါင်းဆောင်နေရာကို ရွေးချယ် ရာတွင်အခြေအနေအရပ်ရပ်ကြောင့် လက်မခံသင့်ဟုယူဆသဖြင့် ခေါင်းဆောင် ရွေးပွဲတွင် မပါဝင်သင့်တော့ပါ၊ မဲရွေးမခံတော့ပါ ဟုဆိုသည်။

နိုက်ဂျယ်ဖရပ်မှာ အင်ဒီပင်းဒင့်ပါတီမှ ခေါင်းဆောင်တဦးဖြစ်သည်။ သူသည်စီးပွားရေးသမားဖြစ်သည်။ ဗြိတိန်သည် အီးယူတွင် ဆက်မနေသင့်ပါဟုထင်မြင်ယူဆသဖြင့် နိုင်ငံရေးလောကတွင်းသို့ဝင်ခါ ပါတီထောင်ပြီး ခွဲထွက်ရေးကို ဆော်သြခဲ့သည်။ အခု သူ့ရည်ရွယ်ချက်အောင်မြင်ပြီ။ သူ့လုပ်ငန်းပြီးပြီ။ သူဘာမှ ဆက်လုပ်ရန် မလိုတော့ပါ။ သူသည်ပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်တော့မည်ဟု ဆိုသည်။

ဖရန်စစ်အီဗင်မှာ ဘီဘီစီတီဗွီအစီအစဉ် Top Gear မှအစီအစဉ်မှူးဖြစ်သည်။ ယခင်က ဤအစီအစဉ်ကို ကြည့်ရှုသူ ၅ သန်း ကျော်မျှ ရှိခဲ့သည်၊။ သူတာဝန်ယူချိန်မှ စ၍ပရိတ်သတ်လျော့နည်းလာသည်မှာ ယခုအခါကြည့်သူ ၁.၉ သန်းသာ ရှိတော့သည်။ သူသည် ဆက်ပြီးလုပ်ရန်မသင့်သောကြောင့် နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်၊၊

ကျွန်တော်သည် ဘယ်သူတွေဘာပြောခဲ့သည်ဆိုသော အဖြေကိုသိရန်အတွက် ယူကျူ (You Tube) မှာထို ပုဂ္ဂိုလ်များ၏မိန့်ခွန်းတွေကိုရှာကြည့်ရပါသည်။ နိုက်ဂျယ်ဖရပ်က သူ့ရာထူးမှ နှုတ်ထွက်ကြောင်း စကားပြောရာမှာ အထက်ပါစာသားတွေကိုထည့်သွင်းပြောသွားခြင်းဖြစ်ပါသည်။

အဆိုပါလူ ၄ ယောက်တွင် တယောက်မှာ ဗြိတိန်နိုင်ငံကို ၆ နှစ်ခန့်အုပ်ချုပ်ခဲ့သူ၊ မဲရှုံးနိမ့်သူဟု ဆိုနိုင်ပါသည်။ သို့သော် သူကိုဘယ်သူကမှ တောင်းဆိုရခြင်းမရှိဘဲ နှုတ်ထွက်သွားခဲ့သည်။ နောက်တယောက်မှာလည်း မဲက နိုင်နေပြီဖြစ်ရာ သူတို့ပါတီ၏ ဥက္ကဋ္ဌရာထူးကို ရယူနိုင်သူဖြစ်ပါသည်။ သို့ပါသော်လည်း ဤနည်းကို သူမနှစ်သက်ပါဟုဆိုသည်။ နိုက်ဂျယ်ဖရပ်မှာမဲနိုင်ခဲ့သူ၊ ပါတီဥက္ကဋ္ဌ လည်း ဖြစ်သည်။ သူထွက်ရခြင်းကိုဘယ်သူမှ ရုတ်တရက်နားမလည်နိုင်၊ နောက်ဆုံးတယောက်က တီဗွီအစီအစဉ်မူးမှာအလုပ်ခွင်တွင် တလခွဲသာ လုပ်ရသေးသည်၊ ထွက်တော့မည်၊ ပို၍တိုက်ဆိုင် နေသည်မှာ သူတို့အားလုံးသည် အချိန်တပတ်အတွင်းတွင် နှုတ်ထွက်သွားကြခြင်းဖြစ်သည်။

မည်သို့ဆိုစေ အလုပ်မှနူတ်ထွက်ပါသည်ဆိုတော့ သူတို့အားလုံးသည် အထက်ကဖော်ပြခဲ့ သောစကား (သို့မဟုတ်)  ဆင်ဆင်တူသောစကားတွေကိုသာ ပြောကြရသည်။

 ထိုအချိန် တပတ်အတွင်းမှာပင် နှုတ်ထွက်သွားသူရှိသေးသည်။ ဘောလုံးသင်းမန်နေဂျာ ရွိုင်ဟော့ဆန် (Roy Hodgsan) မှာ နိုင်ငံရှစ်ခုမှဘောလုံးသင်း ၁၆ သင်းတွင် မန်နေဂျာလုပ်ဖူးသည်။ ခဏခဏအလုပ်မှ နှုတ်ထွက်စကားပြောနေရသည်။ စကားအတွက် ကြိုကြိုတင်တင် ပြင်ဆင်ချိန်မရှိ။ တခါက ကားစီးရင်း ရသမျှ ငါးမိနစ်အချိန်တွင်းမှာ မိန့်ခွန်းကိုရေးရသည်ဟု ပြောဖူးသည်။

ခရီးရှည်ကြီးဆိုတာပါရသည်။ တခြားလုပ်စရာလေးတွေရှိတဲ့အကြောင်း၊ အဖွဲ့တွင်အလုပ်လုပ်ရသည် မှာ အလွန် စိတ်အားတက်ကြွဖွယ်ကောင်းကြောင်း၊ ကျေးဇူးတင်စရာကောင်းသောလုပ်ဖော်ကိုင်ဖက် များ စသည်ဖြင့် ဘယ်သူ့ကိုမှ ပုတ်ခတ်တာမပါစေရ။ နားထောင်၍ ကောင်းရာကောင်းကြောင်း အပိုကလေးတွေ ထည့်ပေးရသည်။

အလုပ်မှနှုတ်ထွက်ပါသည်ဆိုသောစကားကို ရှောင်ရသည်။ လက်မြှောက်အရှုံးပေးဆိုတာဝေလားဝေး ၊ step down ခေါ် နောက်ဆုတ်ပါတယ်ဆိုတာတွေလည်း မပါစေရပါ။

နှုတ်ထွက်စာသည် အမှန်တရားကိုရှာဖွေနေခြင်းမဟုတ် ယဉ်ကျေးသိမ်မွေ့ရမည်။ အခြေအနေကို ကိုးရိုးကားရားဖြစ်စေမည့်အချက်များကို ရှောင်ကြရမည်။

(၂)
Best Resignation Letter ဆိုပြီး ဂူးဂဲမှာရိုက်ထည့်သောအခါ ပြန်လာသောအချက်အလက်ပေါင်းမှာ ၂ သန်း နီးပါးရှိပါသည်။ ကမ္ဘာကြီးတွင် မိမိရာထူးမှ နှုတ်ထွက်သွားဖူးသူပေါင်း အဘယ်မျှရှိမည်ဟုပင် မခန့်မှန်းနိုင်။

ကျွန်တော်တို့နိုင်ငံ၏သမိုင်းတွင် ဤသို့ရာထူးမှနှုတ်ထွက်ချိန်၌ ရေးသားပြောသောမိန့်ခွန်းတို့မှာ များများ စားစားရှိမည်ဟု ကျွန်တော်မထင်ပါ၊

အင်္ဂလန်နိုင်ငံ၏ဥပမာကိုကြည့်လျှင် အစိုးရ၀န်ကြီးချုပ်နှုတ်ထွက်ရုံနှင့် တိုင်းပြည်၏လူနေမှုအဖွဲ့ အစည်းနှင့် လုပ်ငန်းဆောင်တာတွေကို ဘာမှမထိခိုက်ပါ၊ ကျောင်းဆရာများကစာသင်၍၊ ဈေးသည်တွေဈေးရောင်းခါ၊ မြူနီစီပါယ်က အမှိုက်သိမ်းမည်။ ရဲတွေကလူဆိုးသူခိုးတွေကို လူ့အဖွဲ့အစည်းမှဖယ်ရှားပေးမည်။ ခိုင်မာသော လူ့အဖွဲ့အစည်းအတွင်းမှ လူများသည် မိမိကျရာ တာဝန်များကို ဆက်လက်ဆောင်ရွက်နေကြမည်သာဖြစ်ပါသည်။ ထိုသို့ စည်းကမ်းသေ၀ပ်သော လူ့အဖွဲ့အစည်းရှိထားမှသာ ဒီမိုကရေစီစနစ်သည် တာရှည်ခိုင်ခံနိုင်ပါလိမ့်မည်။

မိမိအလုပ်ကို မိမိလုပ်၍ ဥပဒေကိုညီညာဖြဖြ လေးစားလိုက်နာရခြင်းမှာ ရင့်ကျက်သော ဒီမိုကရေစီ စနစ်၏ ပြယုဂ်များပင်ဖြစ်ပါသည်။

ရာထူးနေရာ ကုလားထိုင်နှင့် လုပ်ပိုင်ခွင့်အာဏာများကိုမက်မောကြခြင်းမှာ လူ၏အသွင်လက္ခဏာများ ဟု ဆိုနိုင်ပါသည်။ ပညာတတ်ယဉ်ကျေးပြီး ကိုယ်ကျိုးကိုဦးစားမပေးသော သူများသာ ရာထူးမှ ငြိမ်းငြိမ်းချမ်းချမ်း နှုတ်ထွက်သွားကြသည်ဟုလည်း ဆိုနိုင်ပါသည်။ ဒီမိုကရေစီစနစ်ကဆိုသည်မှာ မိမိ နှုတ်ထွက်လျှင် မိမိနေရာကို ယူမည့်လူသစ်သည် အမြင်သစ်၊ အယူအဆအသစ်နှင့်ဆက်ပြီး လက်ဆင့်ကမ်း အလုပ်လုပ်ကြမည်ဟူသော အချက်ပင်ဖြစ်ပါသည်။

ကိုသန်းလွင်