ရဲရင့်သက်ဇွဲ ● ကြွေသွားတဲ့ ပန်းသီးအပေါ်မှာ

  ရဲရင့်သက်ဇွဲ ● ကြွေသွားတဲ့ ပန်းသီးအပေါ်မှာ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

ဖြတ်ခနဲဆို
အာရုံက
နယူတန်ရဲ့ ခေါင်းပေါ် ကြွေကျတဲ့
ပန်းသီဆီ ရောက်...ရောက်နေတယ်
ဒီမှာက နီရိုးတွေ စောင်းတီးကောင်းနေဆဲ

ငါ့ ပတ်ဝန်းကျင်ဟာ ငါ့မြို့.....ဆိုပါစို့
ဒီမြို့ကြီးလဲ
မရေရာတဲ့ သတင်းတွေ
ကမ္ဘာမကြေဆိုနေတဲ့ မီးတောက်တွေနဲ့
တမြို့လုံး ဟုန်းဟုန်းထလို့

ဖြတ်ခနဲဆို...
အဲ့ဒိ ဖြတ်ခနဲ ဆိုတာကလဲ
ခပ်ကြဲကြဲကနေ ခပ်စိပ်စိပ်
ကြွေလေတဲ့ ပန်းသီးပေါ်ပဲ
ရောက်ရောက်သွားနေတယ်

စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တယ်
အာဏာရှိသူက လက်ညှိုးကွေးနဲ့
ဓမ္မစက်ကတော့...
ပျက်နေတဲ့ အင်္ဂျင်တလုံး
အစိုးရဆိုတာ
ရပ်နေတဲ့ ကွန်ပက်စ်နဲ့ ဆင်တူတူ

အဲဒီလိုခေတ်ကြီးမှာ
ပညာရှိတွေလဲ
နီးရာဒါးကိုကြောက်ရ
ကြည့်နေရင်းနဲ့ ကွယ်သွားပါတယ် လျှောက်ထုံး
ပြည်သူ့ရင်ကို
တဝုန်းဝုန်းနဲ့ ရိုက်ပုတ်နေတော့တယ်

ပေါင်မုန့်မရှိရင်
ကိတ်မုန့်စားကြ
ကိတ်မုန့်စားကြ
ကိတ်မုန့်မရှိလဲ...
ကိတ်မုန့်ပဲစားကြ

မြစ်တခုထဲ
လူတယောက် နှစ်ခါမဆင်းနိုင်လဲ
ခေါင်းပေါ်ကျတဲ့ ပန်းသီးကျတော့
တကြိမ်ထဲ

စိတ်.......
ကြွေနေဆဲ
အဲဒီ ပန်းသီးပေါ်မှာ .....

ရဲရင့်သက်ဇွဲ
၁၃ ဇူလိုင် ၂၀၁၆