ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဉာဏ်ရှင်း ● ရောက်တတ်ရာရာ ခေတ်မီအပြုံးအရယ်များ (သရော်စာ)

ဉာဏ်ရှင်း ● ရောက်တတ်ရာရာ ခေတ်မီအပြုံးအရယ်များ (သရော်စာ)
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

ဘာရယ်မဟုတ်၊ လုပ်နေကျထုံးစံအတိုင်း သတင်းတွေလှည့်ပတ်နားထောင်ရင်း VOA ရဲ့ ဘလော့ဂါအစီအစဉ်ကို အလည် အပတ်ရောက်သွားခဲ့တယ်။

စိတ်ဝင်စားစရာလေးပါ။ In-car Technology တဲ့။ အိမ်က မီးအလင်းအမှောင်၊ တံခါးအဖွင့်အပိတ်တွေကို ကားပေါ်မှ အလ ဟဿအချိန်ကုန်နေမယ့်အစား အင်တာနက်ထဲဝင်ပြီး လုပ်စရာရှိတာ လုပ်နိုင်အောင်လို့ တီထွင်လာတဲ့နည်းပညာ တွေအကြောင်း မစုမြတ်မွန်က ဘလော့ဂါတွေပြောသမျှ အစီအစဉ်ကိုပြောသွားပါတယ်။

ကျနော်ကလည်း ဖြန့်ကျက်တွေးတတ်သူတယောက်လေ။ ၂၁ ရာစုတို့၊ နည်းပညာတို့၊ မ အ လ၊ မ ဘ သ၊ မ ဟ န၊ တူရကီ၊ ဟီလာရီမချန် စင်္ကြာဝဠာလုံးဆိုင်ရာ သမဂ္ဂကို န က သ နဲ့အပြိုင် သြခက်စတျာကြီးနဲ့ ခမ်းခမ်းနားနားရံပုံငွေရှာချင်နေတဲ့လူဆိုတော့ အခမ်းအနား အပြင်အဆင်တွေအပြင် တင်ဆက်မှုကိုလည်း ထူးခြားချင်တော့ စိတ်ကူးတွေက ကွန့်မြူးတယ်။

ဒါဖြင့်ရင် လူတွေဘ၀မှာ ခေတ်မီနည်းပညာတွေထဲ အရေးကြီးတာ ဘာတွေလိုအပ်သလဲပေါ့။ သေချာတာက သူတို့ရဲ့ရာခိုင်နှုန်းအတော်များများဟာ အင်တာနက်ကို လက်လွှတ်လို့မရဘူး။ သတင်းခေတ်လေ၊ သတင်းခေတ်။ အသက်ရှူလိုက်တိုင်း သတင်းရဲ့မှိုင်းတွေ တိုက်ခတ်နေခဲ့ရပြီ။

လေလည်တာတောင် သတင်းဖြစ်ချင်ဖြစ်သွားတယ်။ ကြို့(ဂျို့) တက်တာလည်း နေညိုလို့ လေပြိုတာလား အမြင်ခံရတယ်။ ဒါ့ထက်အရေးကြီးတာက အိပ်ချိန်နဲ့ အိမ်သာတက်ချိန်ဗျ။ နည်းပညာကို လိုက်တွေးတဲ့ကျနော် တွေးပြီပေါ့လေ။ မဖြစ်နိုင်ဘူး မပြောနိုင်ဘူး။

ကျနော်လည်း လေ့လာစမ်းသပ်မှုအတွက် ငွေကုန်ကြေးကျခံရတာတွေကို တောင်းမယ်။ နာမည်ကြီးလည်း ဒေါက်တာဘွဲ့တွေ ရ မနည်းဘူး။ ကျွဲကူးရေပါပေါ့။ လှူစရာတန်းစရာတွေက မနည်းလား။ ချဉ်ပေါင်တစည်း ကျပ်ငွေ ၁၅၀၊ ကြက်တပိဿာ ၁၁၀၀၀၊ ဟိုနေ့က အမေပြောတာ မှတ်ထားတာပေါ့။ ကျနော်တို့နိုင်ငံရဲ့အောက်ခြေတန်းစား (ဒီလိုပြောမထွက်ချင်ပါဘူးဗျာ) အခြေခံလူတန်းစားတွေအတွက် တ၀မ်းတခါးစိုဖို့ ကျနော်လည်း လုပ်ပေးချင်တာပေါ့။

ဒါနဲ့ ကျနော်စဉ်းစားတယ်။ လူမှာခွန်အားပြည့်ဖို့အိပ်ချိန် အမှန်တကယ်လိုအပ်တယ်။ ဦးနှောက်မှာ ဘတ်သီးတချက် လင်းခ နဲပွင့်သွားတယ်။ ဟုတ်တယ် .. ငါတို့မှာ လုပ်အားနဲ့တိုင်းပြည်ကို တည်ဆောက်မှ ရတော့မယ်။ ဒါဆို သူတို့ခွန်အားပြည့်ဖို့ ငါ တို့ အင်တာနက်အွန်လိုင်းက အိပ်ချိန်တွေ ဖြည့်ဆည်းရတော့မယ်။ ဒါက ထမင်းတနပ်လျှော့စားခိုင်းတာထက် ခွန်အားဖြည့် ပေးရာ ရောက်သေး တယ်လေ။

ဒါနဲ့ပဲ ကျနော်ထပ်စဉ်းစားတယ်။ ဗိုလ်ချုပ်ရဲ့စကားလေးပါ။ သူပြောတာက မာန်ပါတယ်ဗျ။ သူများခြေတလှမ်းလှမ်းရင် ကိုယ် က အလှမ်းနှစ်ဆယ်လှမ်း ရမယ်ဆိုတာ။ လေးနက်တယ်နော်။ ကျနော်လည်း သေချာတွေးပါတယ်။ အွန်လိုင်း လမ်းလျှောက် စက်များထွင်ရင် ကောင်းမလားပေါ့။ ဒါပေမဲ့ စက်ကိုပဲ လူတိုင်းအားကိုးသွားရင် လူဟာတန်ဖိုးမဲ့မှာလည်း မလိုလားဘူး။

ထပ်စဉ်းစားတော့ လူတွေရဲ့နောက်ထပ်အသုံးချချိန်ကို သွားတွေ့တယ်၊ အပေါ့၊ အပါးနဲ့ အလေးအပင် စွန့်ချိန်။

ဟား .. တကယ်လို့များ အင်တာနက်အွန်လိုင်းက ကိစ္စ၀ိစ္စရှင်းနိုင်ရင် ပွဲသိမ်းပဲ။ ဒါဆို ကျနော်တို့ လုပ်အားတွေပိုရမယ်။ အင် တာနက်အွန်လိုင်းမှာ အိပ်မယ်။ အင်တာနက်အွန်လိုင်းမှာပဲ အိမ်သာတက်မယ်။ ကုန်ထုတ်စွမ်းအားပိုမြင့်လာမယ်။ နိုင်ငံ တော်ဘဏ္ဍာအတွက်လည်း အခွန်အကောက်အပြင် စွန့်ပစ်ပစ္စည်းကစွမ်းအင်လည်း ရမယ်ပေါ့။

ဒါနဲ့ပဲ www.ebed.com တို့ www.etoilet.com တို့လုပ်ဖို့ အကြံရတော့ သုတေသန အသေအချာ လုပ်ရတော့မယ်လေ။ ပရိုမိုးရှင်းတွေလည်း ပေးရတော့မယ်။ သူတို့စိတ်ချယုံကြည်ဖို့ ကျနော်က ကြော်ငြာရတော့မယ်။

ပရိုမိုးရှင်းကာလမှာ အွန်လိုင်းမှာ သူတို့အိပ်တာ ဘယ်လောက် သက်သောင့်သက်သာရှိတယ်ဆိုတာ ပြောရမှာဖြစ်သလို၊ အိမ်သာတက်တာလည်း ဘယ်လောက် အဆင်ပြေတယ်ဆိုတာ ဖော်ပြရမယ်။ ခက်တာက အိပ်ချိန်ကို နာရီနဲ့သတ်မှတ်လို့ရ တယ်။ အိမ်သာတက်တာကျ နိုင်ငံတကာစံချိန်မီ ကီလိုနဲ့သတ်မှတ်မှဖြစ်မယ်နော်။ ဒါမှ နိုင်ငံခြားငွေလည်းရမှာကိုး။

ဒီအစီအစဉ်ကို ကျနော့် မိတ်ဆွေတချို့လှမ်းပြောတော့ အထူးအဆန်းဖြစ်နေလို့ ပထမအံ့သြတယ်။ ဒါပေမဲ့ ကျနော်ကလည်း တခါမှမလိမ်တတ်လေတော့ လိမ်လိုက်တာကိုလည်း ယုံတယ်။ သူတို့ ဟိုနားသည်နားသွားရင်တောင် အိမ်သာတက်ရတာ အဆင်ပြေတယ်လို့ ထောက်ခံသူရှိသေးတယ်။

တခုပဲ ... ကီလိုချိန်မှာ အခွန်ပါထည့်ကောက်တာကိုတော့ ဘ၀င်မကျလှဘူး။

သူတို့စောဒက ကလည်း မှန်သလိုအရှိသား။ အလုပ်လုပ်တော့ ၀င်ငွေခွန်ပေးရတယ်။ ရတဲ့ငွေနဲ့ဝယ်တော့လည်း စားသောက် ခွန်ပေးရတယ်။ စွန့်ပစ်ပစ္စည်းအတွက်လည်း ပေးရမယ်ဆိုတော့ မတရားရာရောက် မနေဘူးလားတဲ့။

ကျနော်လည်း ဒါဆို နည်းဥပဒေတခုတော့ တိတိကျကျလိုပြီပေါ့။ စွန့်ပစ်ပစ္စည်းကနေ ငါတို့စွမ်းအင်ထုတ်လုပ်လို့ရနေပြီပဲ ပေါ့။ အဲဒါကို တတ်သိပညာရှင်တွေကိုချဉ်းကပ်တယ်။ သူတို့ကတော့ ဘာမှမဆိုင်တဲ့ ၂၀၀၈ ဆိုတဲ့ စာအုပ်တခုလှန်ပြီး ဖတ်ပြ တယ်။ ကျနော့်မှာ အွန်လိုင်းထဲဝင်ပြီး ပြန်အိပ်ရမလိုပေါ့။ ဒါနဲ့ အခုကိစ္စကို ဘာဆက်လုပ်ရမလဲဆိုတော့ လုပ်ငန်းကော်မတီ ဖွဲ့ရမတဲ့။ အဲဒါဆိုပြီးမလားဆိုပြန်တော့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ လိုအပ်တယ်တဲ့။ အဆိုပြုရင် အတည်ပဲလားဆို တော့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက် ဆိုလားဘာလား။

ဒါနဲ့ ခင်ဗျားတို့ဟာက ဗဟိုက ချုပ်ကိုင်ထားတာလားဆိုတော့ မဟုတ်ပြန်။ အီကွေတာက ထိန်းချုပ်တာတဲ့။

ကျနော် အူနည်းနည်းလိမ်သွားတယ်။ အိမ်သာကို အွန်လိုင်းကတောင် မတက်ရဲဘူး။ အခွန်က အရင်ဆောင်ရမှာလေ။ ကိုယ် ရှူးကိုယ်ပတ်ရင် အလုပ်သမားအရေးကလည်း ရှိသေးတာကိုး။ တစ်သျှူးလေး တပိုင်းတပြတ်ပေးရင်း ရတဲ့ဘောက်ဆူးက ကိုယ့်ဆီမှ မရောက်တာ။

ဒီလိုနဲ့ မင်းတို့လွှတ်တော်က ဘာလုပ်တာလဲလို့ ပြတ်ပြတ်မေးတဲ့အခါ လစာထုတ်တာနဲ့ ဥပဒေပြဋ္ဌာန်းတာကိုပဲ လုပ်တာပါ။ အပြင်ကအသံလည်း လွှတ်တော်ရဲ့ အသံလုံခန်းမထဲ ၀င်မလာဘူးဆိုပဲ။ အော် .. အွန်လိုင်းရေလုံအိမ်သာကို လွှတ်တော်ထဲ ပို့ရမယ်ထင်ပါရဲ့ ... ။

ဉာဏ်ရှင်း
ဇူလိုင်လ (၂၅) ရက် ၂၀၁၆ ခုနှစ်
ညနေ (၈) နာရီ (၅၀) မိနစ်