ရာသက်ပန်ရဲ့"မြန်မာဝတ္ထုတိုလမ်းကြောင်း" (မိုးမခစာအုပ်စင်)

ရာသက်ပန်ရဲ့"မြန်မာဝတ္ထုတိုလမ်းကြောင်း"  (မိုးမခစာအုပ်စင်)
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆

စာအုပ်မှာ အပိုင်း၂၃  ပိုင်း ပါဝင်ပါတယ်။ စာမျက်နှာ ၂၅၄ ရှိပါတယ်။ မြန်မာသစ်ရသစုံမဂ္ဂဇင်း အမှတ်၁၀ ဒီဇင်ဘာ(၂၀၀၉) မှစပြီး အမှတ် ၂၁ ဖေဖော်ဝါရီ (၂၀၁၁) ထိ လစဉ်ရေးသားခဲ့တာတွေကို စုစည်းထုတ်ဝေထားခြင်းဖြစ်ပါတယ်။

ဝတ္ထုတိုအယူအဆများ၊ ဘဝသရုပ်ဖော်ဝတ္ထုတိုများ၊ ခေတ်ပြိုင်ခံစားမှုဝတ္ထုတိုများ၊ ဘဝဒဿနကိုဖော်ပြသောဝတ္ထုတိုများ၊ သိစိတ်စီးကြောင်းရေးနည်းနှင့်၊ ဂျူး၏"ချစ်သူဖတ်ဖို့စာ"၊ တာရာမင်းဝေ၏ "လိပ်ပြာ" ဝတ္ထုတိုမှ အတွေးအမြင်၊ ဝင်းစည်သူ၏ "ရေသည်ယောက်ျားနဲ့ ဆဒ္ဒန်ဆင်မင်း" ဝတ္ထုတိုမှအယူအဆနှင့် ယုတ္တိတန်မှု၊ ဇော်ဇော်အောင်ရဲ့"ရူပကဝတ္ထုတို"၊ နီကိုရဲ ၏ "တစ်သုံးခုနစ်ရှစ်"၊ ရဲသျှမ်း၏ အပြဝတ္ထုတို "ဘယ်-ညာ" အသေးစိတ်ခြယ်မှုန်းနည်းနှင့်၊ ဂျူလိုင်မိုး၏ "ချိတ်နှစ်ချောင်း"၊ လူမျိုးနော်၏ "မအိုမီ မနာမီ မသေမီ""၊ "အကြွင်းမဲ့ချစ်ခြင်းမချစ်ခြင်း" နှင့် လူ့သဘာဝအဖွဲ့ ဇာတ်ကြောင်းပြန်သူနှင့်၊ မခင် လေးရေးသော "အဖေ၏ချစ်သူ"၊ မင်းလူ၏ ဇာတ်ဆောင်ဖန်တီးမှုနှင့် "မောင်ဟင်နရီချစ်ဖွယ်" ဖန်တီးသူ၏လောက အမြင် နှင့်၊ မကြာညို (စီးပွားရေး) ၏ "ပက်ကင်ပိတ်ဦးနှောက်များ" နုနုရည် (အင်းဝ) ၏ "နမ်းမှာလားမောင်ရဲ့မွှေးတယ်ရှင်" (စာ ပေစိစစ်ရေးက မြန်မာသစ်မဂ္ဂဇင်းမှာတုန်းက ဖော်ပြခွင့်ပိတ်ခဲ့ပါသည်) နှင့် မင်းသစ်၏ "ဂျွန်အီတန်မသိသေးသော သီဝရီ" ဝတ္ထုတို့ကို ခွဲခြမ်းစိတ်ဖြာခြင်းဆိုတဲ့ ခေါင်းစဉ်တွေအပြင် မြန်မာဝတ္ထုတိုလမ်းကြောင်းကို မြန်မာဝတ္ထုတိုအစလို့ ပညာရှင်တွေ သတ်မှတ်ထားတဲ့ ၁၉၁၇ မှ ၁၉၇၀ အထိ တစ်ပိုင်း၊ ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ထိ မြန်မာ တ္ထုတိုလမ်းကြောင်းကို အပိုင်း (၁) (၂) (၃) (၄) ခွဲပြီး တောအုပ်တခုလုံးကိုအပေါ်က ခြုံငုံကြည့်တဲ့နည်းကို အသုံးပြုလေ့လာထားပါတယ်။ လိုအပ်တယ် လို့ ယူဆတဲ့အခါမျိုးမှာ နည်းနည်းအသေးစိတ် ကြည့်ထားပါတယ်။

တပုဒ်ချင်းလေ့လာထားတဲ့ဝတ္ထုတွေမှာ "စာသည် ရှေ့ဆောင်၊ နည်းသည်နောက်လိုက်" ဆိုတဲ့အတိုင်း ဝတ္ထုတပုဒ်ချင်း အပေါ်မှာ ထင်ရှားမြင်သာနေတဲ့ အတတ်ပညာသဘောကို ဇောင်းပေးလေ့လာထားပါတယ်။ မြန်မာဝတ္ထုတိုလမ်းကြောင်း (၄) မှာတော့ ရတနာပုံမန္တလေးရွှေမြို့တော်ကြီးကို အီကြာကွေးတွေ (ဆရာညီပုလေးအသုံး) တစတစလွှမ်းလာလို့ ခံစားရတဲ့ စာရေးဆရာတို့ရဲ့ခေတ်ပြိုင်ခံစားမှုမှ ပေါက်ဖွားလာတဲ့ "ဝသုန္ဓရေလက်ရေး"ဝတ္ထုတိုများ အကြောင်းကို အသေးစိတ်လေ့လာ သုံးသပ်ထားပါတယ်။

ကမ္ဘာ့ပညာရှင်၊ မြန်မာ့ပညာရှင်တို့ယူဆကြတဲ့ ဝတ္ထုတိုအယူအဆများကိုလည်း ရှာဖွေဖော်ထုတ်လေ့လာထားပါတယ်။ ဇော် ဇော်အောင်ရဲ့ ရူပကဝတ္ထုတိုက ဝတ္ထုတိုအယူအဆကို ဝတ္ထုတိုရေးပြထားတာဖြစ်ပြီး မင်းသစ်ဝတ္ထုတိုကတော့ သုတေသနစာ တမ်းပုံစံ ရေးထားတာဖြစ်ပါတယ်။ အဲဒီ့စာတမ်းက ဒဂုံတက္ကသိုလ် (၂၂) နှစ် မြောက်မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဝိဇ္ဇာဘာသာရပ်အားလုံးထဲမှာ ဒုတိယဆု ရခဲ့ပါတယ်။

ဒါကြောင့် ဒီစာအုပ်လေးဟာ ရာသက်ပန် (တောင်ငူဆောင်) ဆိုတဲ့ကလောင်တချောင်းနဲ့ ဒေါက်တာဇင်မာသန်းဆိုတဲ့ သု တေသနပြုသူတဦးတို့ရဲ့ အနုပညာဘဝနဲ့ စာပေလေ့လာမှုတို့ ပေါင်းစပ်ဖွဲ့စည်းမှု ဖြစ်ပါတယ်။ ကိုယ်တိုင်လည်းတန်ဖိုးထားလို့မို့ profile အဖြစ် အသုံုးပြုထားခြင်း ဖြစ်ပါတယ်။