ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ

 
ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ
ဇူလိုင် ၃၀၊ ၂၀၁၆
 

ကျုပ်စိတ်ထဲ လူတွေရဲ့အကြောင်း တွေးမိလေလေ ... စိတ်ထဲမှာ တနုံ့နုံ့နဲ့ဗျာ ...။ ဒါလည်း ကျုပ် ငယ်နုစဉ်ကာလများ တုန်း စားပြီး စားမြုံ့ပြန်ဖို့အချိန်တောင်မရှိလို့ လူတွေအိပ်မောကျနေချိန်တွေကျမှ စားမြုံ့ပြန်ခဲ့ရတာဆိုတော့ အတွေးဆိုတာ တွေး ချိန်တောင် မရခဲ့ပါဘူးဗျာ ...။ ခုတော့ ကျုပ် အိုနေပြီလေဗျာ ...။ အချိန်တွေနည်းနည်းပိုလာတဲ့ နွားအိုကြီးပေါ့ဗျာ ...။

ကျုပ်တို့ နွားဘ၀က မလွယ်ပါဘူးဗျာ ...။ ငယ်တုန်းကကြတော့လည်း ခိုင်းလိုက်ကြတာ ရက်ရက်စက်စက်။ အိုလာလို့ ယိုင်နဲ့ နဲ့ သွားတွေနဲ့ မြက်ရင့် မြက်ခြောက်တွေ မ၀ါးနိုင်တော့လို့ မြက်နုလေးတွေ ရွေးစားမိပြန်တော့ ပြောလိုက်ကြတာ ပက်ပက် စက်စက် ...။ ဘာတဲ့ .. နွားအို မြက်နုကြိုက်တဲ့ ...။

နှစ် ၂၀ ၀န်းကျင်လောက်ရှိတဲ့ ကျုပ်တို့ နွားတွေ သက်တမ်းပြည့်နေရတယ်တို့ ဘယ်တုန်းကများ ကြားဖူးလဲ ...။ နွားသင်္ချိုင်းဆို တာရော တွေ့ဘူးလား ...။ ကျုပ် ဘိုးဘေး ဘီဘင်တွေကို တခါမှ သွားဂါရ၀ မပြုဘူးဖူး ...။ မြင်လည်း မမြင်ဘူးဖူး ...။ တခု တော့ တွေ့ဖူးတယ် ... လူတွေ နိဗ္ဗာန်ဆိုလား .. နတ်ပြည်ဆိုလား .. အဲ့ဒီရောက်ချင်လို့ ဘုန်းကြီးကျောင်းတွေ ကထိန်ပွဲတွေ မှာတော့ ကျုပ်တို့သားရေတွေကို စည်ကျက်ပြီး ဗုံတီးနေတာတော့တွေ့ဖူးတယ် ...။ နွားသားရေက ကောင်းသလေး တောင် ဆိုသေး ...။

ကျုပ်မြင်တာတော့ လူသတ္တ၀ါတွေက ကျုပ်တို့ကို ခိုင်းမယ်။ ၀အောင် ခိုင်းမယ်။

မိုးဆိုတော့လည်း လယ်။ တံခေါက်ခွက်ကျော မြှုပ်တဲ့ ရွံ့ထဲ ရေထဲ ရုန်းရ ...။ နောက်က ထပ်ပိုးထားတဲ့ ထွန်းသွားကို ဆွဲရ ...။ ဒီလူတွေ အတ္တကြီးချက်က သူများသာ ခိုင်း ချင်တာ ကိုယ်ကိုယ်တိုင်ကျ ရေသာခို အချောင်လိုက်ပြီး ထွန်းတုံးပေါ်ကတောင် တက်လိုက်လိုက်သေး ...။ အခပ်မသင့်ရင် နှင်တံနဲ့ပါ ရိုက်ချင်သေးတာ ...။

မိုးပြီးလို့ နွေဘက်ကျ နားရပြီထင်နေလား ...။ မထင်နဲ့ဗျ ...။ ထင်းမရှိလို့ဆိုပြီး ထမ်းပိုးကျောပေါ်တင်ပြီး သူတို့ထင်းရှာတဲ့နောက် တကောက်ကောက် ...။ ဟော ... ရေမရှိလို့ဆိုတော့လည်း ရေစည်တင်ပြီး လှည်းဆွဲရသေး ...။

ဒါဆို ဆောင်းတော့ နားရမှာပေါ့ဗျာ ...။ မထင်နဲ့ ဆရာ ...။ ဆောင်းကြ စပါးတွေ ရင့်မှည့်ကုန်ပြီဆိုတော့ သူတို့ရိပ်သိမ်းတော့ ကျုပ်တို့က ကောက်လှိုင်းတွေတင်ပြီး လှည်းဆွဲရသေးတာ ...။ ကောက်လှိုင်းတွေရပြန်တော့ စပါးစေ့တွေ ကြွေအောင် ကောက်ပင်တွေပေါ် ခေါင်းမူးအောင် လှည့်ပတ်နေရသေးတာ ...။ လူတွေက ကျုပ်တို့ကို ကျွေးတော့ ဒီအစေ့မပါတဲ့ ရိုးပြတ် တွေ။ သူတို့စားတာကြ အဆီအနှစ်တွေပါတဲ့ အဆံအစေ့တွေ ...။

သတ်မှတ်ပြီးသား ဘ၀မို့ နွားနဲ့လယ်ဆိုတာ ကျုပ်နားလည်ပါသေးတယ်ဗျာ ...။ တခါတလေ ဘာမဆိုင် ညာမဆိုင် ဆီဆုံ လှည့်ခိုင်းတာလည်း ရှိသေး ...။ ကျုပ်တို့နွားတွေ ဆီမပါလည်း မြက်စားတတ်ပါတယ်ဗျာ ...။ ဆီမပါလည်း ကောက်ရိုးဝါး တတ်ပါတယ်။ တခါတလေကျတော့လည်း ဆီမဖြစ်သေးတဲ့ မြေပဲပင်နုနုလေးတွေ စားချင်တာပေါ့ဗျာ ...။

လူဆိုတဲ့သတ္တ၀ါတွေက အတော်ဆိုးသပဲဗျ ...။ ကျုပ်တို့မျိုးနွယ် နွားတွေမှာ နွားထီး နွားပျိုလေးတွေဆို ခိုင်းကောင်းအောင်၊ အားရှိအောင်ဆိုပြီး မျိုးသင်းပစ်ကြတယ် ...။ လူတွေကျတော့ အဲ့လို ခိုင်းကောင်း၊ အားရှိအောင် မျိုးသင်းတယ်ဆိုတာ တခါ ဖူးမှ မရှိဘူး။ သူတို့ကျ အားမရှိရင်တော့ ဟိုဆေး ဒီဆေးတွေ မှီဝဲကြချင်သေးတာ ...။

ကျုပ်တောင် ကံကောင်းလို့ ခိုင်းစရာ နွားမျိုးပြုတ်မှာစိုးလို့ထင်တယ်။ ဒါတောင် စိတ်မချမ်းသာပါဘူး။ လူဆိုတဲ့သတ္တ၀ါတွေက ဟိရိသြတပ္ပတရား လက်ကိုင်ထားတယ်သာပြောတာ။ မနက်မိုးမလင်းသေးဘူး အစာအိမ်နုနယ်သေးတဲ့ ကျုပ်သားသမီးလေး တွေ အဟာရခွန်အားအတွက် ကျုပ်မိန်းမ သားမြက်တွေ တင်းဖောင်းနေတာကို ဒင်းတို့က ပယ်ပယ်နယ်နယ် ညှစ်နယ်ပြီး ကျုပ်သားသမီးလေးတွေ အစာကို လုကြသေးတယ် ...။ သွေးကဖြစ်တဲ့ နို့ရည်ကြည်တွေ ကျုပ်သားသမီးတွေ မသောက် မစို့ရတာ ကျုပ်စိတ်မကောင်းဘူးဗျာ ...။ ဒါပေမယ့်လည်း မတတ်နိုင်ပါဘူးဗျာ ...။ အဝေးကနေပဲ လှမ်းကြည့်ပြီး ဆွံ့အနေရ တာပါ။

ခုတော့ ကျုပ်လည်း အိုနေပြီဗျာ ...။ နွားအိုဆိုတော့ မ၀ါးနိုင်တော့လို့ မြက်နုကြိုက်တာလည်း မပြောချင်တော့ပါဘူး။ ကျုပ် အိုနေပြီဆိုတော့ ကျုပ်သေရင် သရနဂုံတင်ပြီး နွားသင်္ချိုင်းသွား ခေါင်းချရမယ်များ ခင်ဗျားထင်နေလား ...။

ကျုပ်သခင်ကဖြင့် ဈေးစကားတောင် ပြောနေပြီ။

ဇူလိုင် ၂၉၊ ၂၀၁၆