မင်းကိုနိုင် ● နို့ဖြတ်ခံရတဲ့ ကြောင်ကလေး

မင်းကိုနိုင် ● နို့ဖြတ်ခံရတဲ့ ကြောင်ကလေး
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

အင်းစိန်ကနေ စစ်တွေကိုပြောင်းခါစ သားအငမ်းမရလိုက်ရှာတာ ကြောင်တကောင်ပါပဲ အမေ။ လူအဖော်မရှိတာ အကျင့်ရ နေပြီမို့ သားအတွက် ပြဿနာမဟုတ်ပေမယ့် ကြောင်မရှိရင်တော့ အဖော်မဲ့ဘ၀ကို သိသာစေတယ်။ အဖော်မဲ့တာထက် လူသူမဲ့တာက တော်သေးတယ်ပဲ ပြောပါတော့။

မကြာခင်ပဲ ကြောင်တကောင် သားဆီရောက်လာတယ်။ “အမ” ကလေးဖြစ်ပါစေ ဆုတောင်းတာတော်သေးတာပေါ့ ဆု တောင်းပြည့်တယ်။ သားအခန်းထဲ သူအရွယ်ရောက်လာတော့ ထုံးစံအတိုင်းအပြင်နယ် တခါတရံပျောက်၊ အကြာကြီးနေမှပြန် လာ။ နောက်ဆုံး လိုရင်းပြောရရင် ခိုရာလိုက်ပြေးသွားပါရော။ အခန်းရှေ့က ရိုးခနဲ ရိပ်ခနဲ ဖြတ်ပြေးပြီး သားကို မမြင်ချင် ယောင်ဆောင်သွားတဲ့အခါသားက ကြောင်အပျိုမအဖေ အတွေ့အကြုံတွေများနေပြီဆိုတော့ “နင် အချိန်တန်ရင် ပြန်လာရ မှာပဲ” လို့ လှမ်းပြောလိုက်တာပေါ့။

ပြောတဲ့အတိုင်း တနေ့ပြန်ရောက်လာတာပဲ။ သူ့ကိုယ်ဝန်ကြီးနဲ့ ဟိုပေါ် ခုန်တက်လိုက်၊ ခုန်ချလိုက် လုပ်နေလို့ “တ ဟဲ့..ဟဲ့ ” ငေါက်ရသေးတယ်။ “နင်ငြိမ်ငြိမ်နေ ..အထဲက ကလေးတွေရှိသေးတယ်။ ဘာအတွေ့ အကြုံမှလည်း မရှိပဲနဲ့” စသဖြင့် မြည် တွန် တောက်တီးရင်း ကြောင်မီးနေသည်စောင့် ၀ါရင့်ပီပီ ပုဆိုးဟောင်းလေး၊ စောင်စုတ်လေး သန့်စင်ပြီး အခန်းထောင့်မှာ အသင့်လုပ်ထားရတာပေါ့။ အရင်လို ဘယ်မှ မသွားဘဲ စားသောက်ပြီးတိုင်း ဗိုက်ကြီးတကားကားနဲ့ စိတ်ချ လက်ချ အိပ်နေပုံ များ အဖေ့အိမ် ပြန်ရောက်ပြီ။ လုံခြုံပြီဆိုတဲ့စိတ်နဲ့ တူပါရဲ့။

အရင်ကြောင်သမီးတွေ အတွေ့အကြုံအရ ကလေးတွေအများကြီးမွေးမယ်အောက်မေ့တာ သူကျမှ တကောင်တည်းဆိုတော့ ဒီတခါ နာမည်ပေးတာ ဘာမှမခက်ဘူး။ တကောင်ဖွားပဲပေါ့။
.....*-*-*.......

“ကြောင်ကလေးတကောင်ရဲ့ဘ၀မှာ နို့ဖြတ်ချိန်ဟာ သနားစရာ အကောင်းဆုံးပဲလို့ ထင်ပါတယ်”
.....*-*-*.......

သူ့ရဲ့သားဦးလည်းဖြစ်တဲ့ တကောင်ထဲသောသားကိုဘယ်လောက် ချစ်တယ်ဆိုတာ သားပြောပြဦးမယ်။ ဒီကောင်လေးကို မွေးတဲ့ညမှာပဲ လက်နှစ်လုံးလောက်ဟနေတဲ့ ကြမ်းကြားကို ပြုတ်ကျသွားသေးတယ်။ (ကွပ်ပြစ်က သမံတလင်းနဲ့ လက်တ၀ါး ပဲ မြင့်တာပါ) ကျပြီဆိုတာနဲ့ အာပြဲအောင် အော်တာပဲ။ သူ့အမေခမျာပြာယာခပ်ပြီး ယူမရ၊ ကယ်မရ အယောင်ယောင်အမှားမှားနဲ့ ကြမ်းပေါက်ကြားကို လူတွေလို လက်နဲ့ နှိုက်ကြည့်သေးတယ်။ သူတို့လက်က လူလို ကိုင်ဆုပ်ယူမရတာ သူမေ့သွားပုံပဲ။

သားကို အကူညီတောင်းတဲ့ အကြည့်နဲ့ တောင်းပန်နေပုံများ အမေရာl သားကလဲ သူ့ကလေးကို ၀ါးခြမ်းပြားကလေးနဲ့ မ နည်းကော်ပြီး ထုတ်ပေးရတယ်။ ရလဲရရော ကြောင်မက အဲဒီအနားမှာ မထားဝံ့တော့ဘူး။

ကြောင်မတွေမှာ ထူးဆန်းတဲ့အသံ အကြောင်းဆုံမှပေါ်လာတတ်တာ သားသတိထားမိတယ်။ ဒီကြောင်မဟာ အရင်က သားကို ဆိုးနွဲ့ဂျီတိုက်သံ၊ အလိုမကျရင်ရန်တွေ့သံတွေပဲ လုပ်တတ်တာ။ အခုတော့ အပြင်ခဏထွက် အခန်းဝပြန်ရောက်တာနဲ့ ကရုဏာသံလို့ခေါ်ရမလား ညင်သာတဲ့ အသံတမျိုးနဲ့ ခေါ်တတ်တာသတိထားမိတယ်။ သူ့တသက်အရင်က တခါမှ မထွက်
ဖူးတဲ့ အသံမျိုးပဲ။ ကြောင်ပေါက်လေးကလည်း သားနဲ့ဆော့နေရင်းတန်းလန်းတောင် သူ့အမေ့ဆီက အဲဒီအသံကြားရင် သားဘယ်လိုမှ ဖြားယောင်းလို့မရ သူ့အမေ့ဆီ တန်းပြီးပြေးတာပဲ။

ကြောင်ပေါက်လေး တကောင်အတွက် မိခင်နို့ထက်သာတဲ့ သွေးဆောင်စရာ သားဖြင့် မတွေ့ဘူး အမေ။

ညဘက်တွေဆိုရင် သားက အခန်းထောင့်ကွယ်ရာနံရံမှာ စာအတိုအစတွေ ခိုးကြောင် ခိုးဝှက် ရေးနေရင်သူတို့သားအမိက သားနံဘေး ကွေးကွေးလေးတွေအိပ်နေကြ။ ခိုးကြောင်ခိုးဝှက်ဆိုတာ ကြောင်တွေရဲ့အမူအကျင့်က လာတဲ့စကားပဲလို့ အခုမှ သတိပြုမိတယ်။ဒီကြောင်မ ငယ်ငယ်က အပြစ်တခုခုလုပ်ပြီး အခန်းထဲပြန်ဝင်လာတဲ့ပုံရိပ်တွေ ပြန်မြင်ယောင်မိပါတယ်။
.....*-*-*.......

ကြောင်လေးကို နို့ဖြတ်တဲ့နေ့ ရောက်လာပြီ။

သူ့သားက ခါတိုင်းလို အမေတွေ့တာနဲ့ ခေါင်းပြေးထိုးပြီး နို့စို့ဖို့ကြံတယ်။သူ့အမေက ခွီးကနဲ မာန်ပြီးလက်နဲ့ ပုတ်ထုတ်ပစ် လိုက်တာ။ ဟာ…ကြောင်ကလေး သိပ်အံ့သြသွားတယ်။ တခါမှ သူ့တသက် မကြုံဖူးတဲ့အဖြစ်ဆိုး။ သူအမြဲစိတ်ချထားတဲ့ သူ့အမေရဲ့ စိမ်းကားမှုကို သူမယုံသလို၊ အရိပ်အခြေကြည့်ပြီးမှ အမေက ဆော့ကစားကျီစယ်သလားလို့ သူတွေးပုံရပါရဲ့။ နောက်တခါ ထပ်ပြီး အနားကပ်ဖို့ ကြိုးစားတယ်။ ဒီတခါ သူ့အမေ တုန့်ပြန်ပုံက ပိုတောင်ပြတ်သားသေးတယ်။ အသံကျယ် ကျယ်နဲ့ သုံးလေးချက်တီးထည့်လိုက်တာပေါ့။

ကြောင်ပေါက်လေး နေစရာမရှိအောင် လန့်သွားပြီ။ ပြီးတော့ သိပ်စိတ်ထိခိုက်သွားတဲ့ပုံနဲ့ အသာလေးကုပ်နေတာ သား တောင် သနားသွားလို့ ကြောင်မကို “နင်ကလဲဟာ…ကလေးစိတ်ထိခိုက်သွားပြီ” လို့ ဆူမိလိုက်သေးတယ်။

ကြောင်မကတော့ ဂရုမစိုက်ဘူး အမေ။ သူ့သားမဟုတ်သလိုလိုနဲ့  နောက်ကျောတောင် ခိုင်းထိုင်နေ လိုက်သေး။ နင်တို့က လည်း သည်းချင်တုန်းကတမျိုး၊ ဖြတ်ချင်တော့တမျိုး၊ တတ်လဲတတ်နိုင်တယ်လို့ သားဝေဖန်တာတောင် မှုပုံမရဘူး။ တနေ့ လုံး အကပ်မခံပဲနေလာတာ ကြောင်ကလေးလဲ သားကျွေးတဲ့ ထမင်းဟင်းကိုပဲ မျက်နှာလေးငယ်ငယ်နဲ့ စားပြီး ညကျတော့ အခန်းဝထွက်ထိုင် မှိုင်နေရှာတယ်။ သူ့အမေ ကြောင်မကတော့ ခပ်လှမ်းလှမ်းမှာလဲလျောင်းရင်း ပိုးကောင်တွေ ဖမ်းစားဖို့ပဲ အာရုံရောက်နေလေရဲ့။

တော်ကြာမှ ကြောင်ကလေးက မသိမသာ သူ့အမေအနားကပ်ကြည့်ဖို့ ကြိုးစားပြန်တော့ ဒေါသတကြီးမောင်းထုတ်သံပဲ ကြားလိုက်ပါတယ်။ ကြောင်ကလေးပုပြီး သားအခန်းဝပြန်ပြေးလာ၊ လုံးဝ ၀မ်းပန်းတနဲ မှိုင်နေတော့တာပဲ။ သားက ချော့ဖို့ ဆော့ဖို့ ခေါ်တောင်မလာတော့ဘူး။

ညလဲရောက်ရော ကြောင်ကလေး… စူးခနဲ အော်သံကြားတယ်။ သားခေါင်းထောင်ကြည့်တော့ အပြင်က ကြောင်ထီးကြီး တကောင်ရောက်နေပြီး ကြောင်ပေါက်လေးကို ရန်ရှာဖို့ မာန်ဖီနေတာ တွေ့လိုက်ရတာပဲ။ ဒီမှာတင် ကြောင်မကြီး လွှားကနဲ ရောက်လာပြီး ကြောင်ထီးကြီးကို တဝေါင်းဝေါင်းမြည်အောင် တိုက်လွှတ်လိုက်တာပေါ့။

ကြောင်ပေါက်လေးကတော့ ကြောက်လွန်းလို့ ရေအိုးစင်အောက်ထဲ ၀င်ပုပြီး တုန်နေပြီ။ ကြောင်ထီးကြီးလဲထွက်ပြေးရော ကြောင်မက ကြောက်လွန်းလို့ တုန်နေတဲ့သူ့သားကို “ဘာမှ မကြောက်နဲ့သား… အမေရှိတယ်” လို့ အားပါးတရ ပြောလိုက်ပါ တယ်။

ပါးစပ်နဲ့တော့ စကားဘယ်ပြောမလဲ အမေရာ။ ကြောင်ကလေးမွေးခါစက ကြောင်မကြီးက နို့တိုက်ဖို့ခေါ်သလို အသံပြုတာ ပေါ့။ ကရုဏာသံအပြည့်ပါတဲ့ စုပ်သပ်ချော့မော့သံနဲ့ သူ့သားကို အကြောက်ပြေအောင် လျှာနဲ့လျက်ပေးနေတာပေါ့။

ကြောင်ကလေးလဲ ခုမှလုံခြုံမှုရပြီး သူ့အမေရင်ခွင်ထဲခေါင်းလေးတိုးလို့။ အဲဒါပါပဲ အမေရာ…ကြောင်ကလေးနို့ဖြတ်တဲ့နေ့မှာ အမေ့ကို သတိအရဆုံးဆိုတာ သားပြောချင်တာပါပဲ။

“တကယ်တော့ မင်းကို မင်းအမေဟာ နို့သာဖြတ်တာပါကွာ၊ မေတ္တာတော့ ဘယ်တော့မှမဖြတ်ပါဘူး” လို့ သားက၀င်ပြောလိုက် ချင်တာပဲ အမေရာ။

- ‪#‎မင်းကိုနိုင်‬
[ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၄ ဆောင်းပါးမှ]