စမ်းစမ်းတင် - နံရံကပေးတဲ့ အတွေး

Aung Htet

စမ်းစမ်းတင် - နံရံကပေးတဲ့ အတွေး
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၆

နံရံကို သူငယ်ချင်းတွေနဲ့ ကျောင်းမှာ ငယ်ငယ်က သိခဲ့တာ Humpty Dumpty sat on a wall ဆိုပြီးတော့ပေါ့ နံရံပေါ်မှာ ဟမ်ပတီးဒမ်ပတီးထိုင်ခဲ့ ဆိုတဲ့ကလေးလင်္ကာ ...အင်္ဂလိပ်ကိုလိုနီုဖြစ်ခဲ့တဲ့ ဗမာပြည်ဟာ အင်္ဂလိပ်စကားပြောနိုင်ငံဖြစ်ခဲ့ပြီး ခရစ်ယာန် သာသနာပြု ကျောင်းတွေလည်းထွန်းကားခဲ့ချိန်မှာ အင်္ဂလန်မှာ ရွတ်တဲ့ ကလေးကဗျာ ကျောင်းမှာ ရွတ်ရ သီချင်းလုပ်ဆိုရတာပါပဲ

Humpty Dumpty sat on a wall Humpty Dumpty had a great fall All the king's horses and the king's men Couldn't put Humpty together again ငယ်ငယ်ကသင်ရတဲ့ ကျောင်းစာအုပ်မှာ ဘဲဥကိုယ်လုံးနဲ့ Humpty Dumpty အနီရောင် အုတ်နံရံမှာ ထိုင်နေတဲ့ပုံတော့ မြင်ယောင်လာတယ်။ ကဗျာမှာ Humpty Dumpty နံရံတခုပေါ်ထိုင်ခဲ့တယ် Humpty Dumpty အကြီးအကျယ် လိမ့်ကျခဲ့တယ် ဘုရင့်မြင်းတွေအားလုံးနဲ့ ဘုရင့်မောင်းမတွေ Humpty ကို အတူပြန်မတင်နိုင်ခဲ့တော့ဘူးတဲ့ ငယ်ငယ်တုန်းကဆိုလို့သာဆိုကောင်းကောင်းနဲ့ဆိုတာ ဘာမှန်းမသိ ခုစဉ်းစားကြည့်တော့ တွေးစရာတွေ အမျိုးမျိုးထွက်လာတယ်။

ဗိုက်ဖောင်းဖောင်းနဲ့ Humpty Dumpty က နံရံအထက်မှာ -အမြင့်မှာ ရှိခဲ့တာ၊ နံရံမြင့်ကကျတော့ အလူးအလိမ့် အကြီးအကျယ်ကျသွားတာပဲ။ အကျနာတယ်ပေါ့။ အင်္ဂလန်ဆိုတာက ခုထိ ဘုရင်စနစ်ကျင့်သုံးတုန်း။ ဒီလင်္ကာ ၁၇၉၇ ခုနှစ်မှာပေါ်တုန်းက ဘုရင်အုပ်ချုပ်တဲ့ကာလ။ ခု... အယ်လစ်ဇဘက်ဘုရင်မခေတ်မှာ တွေ့တဲ့ မြင်းသည်တော်တွေအတိုင်း မြင်းတွေနဲ့ ဘုရင့်မောင်းမတွေက Humpty Dumpty ကို ပြန်မထူနိုင်- သူ့နေရာ သူပြန်မထား နိုင်ဘူးတဲ့။ ဘုရင့်အမိန့်နဲ့မှ သူ့ကို ထူရဲမှာပေါ့နော်- ဘုရင်က Humpty Dumpty ကို သူ့နေရာသူအမြင့်ပြန်စံဖို့ ရှိသမျှ မြင်းကောင်ရေအားသုံးပြီး ထူကြလို့ အမိန့်တော်ချတာဖြစ်မှာပေါ့- ဒါပေမဲ့ မင်းဧကရာဇ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာဘူး။ တကယ်တော့ Humpty Dumpty ဟာ အမြင့်စံဘဝမှာ ဗိုက်က ဖောင်းကားနေတာလေ အမြင့်ကအနိမ့်ကျတော့ ဒီဗိုက်ကြီးကြောင့် ထူမပေးဖို့ မနိုင်နိုင်တာလား ..

စဉ်းစားကြည့်တာပါနော်… နံရံအကြောင်းဆက်တွေးတော့ အရွယ်လေးရောက်လာလို့ မနူးမနပ် စိတ်ကစားတတ်ချိန်မှာ သူငယ်ချင်းအချင်းချင်း အမှတ်တရ စာစုလေးတွေ ရေးတဲ့အော်တိုစာအုပ်တွေ ထားလာကြပြီး ရေးတတ်လာတာတွေ ကတော့တမျိုး။ stick no bills kiss no boy (s) behind the wall တဲ့ နံရံမှာ ကြော်ငြာမကပ်နဲ့ နံရံ နောက်ကွယ်မှာ ကောင်လေးတွေ မနမ်းနဲ့တဲ့ အဲဒိ ကြော်ငြာမကပ်ရဆိုတဲ့ အစွဲက ခုထိအကျင့်ပါလာလေသလား မသိ၊ အဲ.. ကောင်လေးတွေလား.. ဘယ်ကောင်လေးကိုမှ စိတ်မကစားခဲ့ဖူးတော့ နံရံနောက်ကွယ်လည်း မရောက်ခဲ့။ ပြောရရင် ဘာတခုအတွက်မှ ခုထိလည်း နံရံနောက်မကွယ်တတ်ပြန်။

ဒိနောက် ဖြူစင်သန့်ရှင်းတဲ့ကလေးဘဝလွန်လာတော့ ထွေကာလီကာတွေရှိလာပြီလေ.. ဆရာမတွေ မသိအောင်.. မိဘတွေ မသိအောင် သူတို့မကြိုက်တာတွေကို ဘာရယ်မဟုတ် ခိုးလုပ်တတ်လာကြတော့ မိဘ ဆရာတွေက ဆုံးမတတ်ပါတယ်.. ဘာပဲခိုးလုပ်လုပ် လူသိမှာပဲတဲ့ .. ဘာတဲံ... wall has ears နံရံမှာ နားရှိတယ်တဲ့ ..


ဒီဆုံးမစကားဟာ ဘယ်ထိတာသွားသလဲဆို ခုထိဘာမှ ခိုးဝှက်မလုပ်တတ်တော့တဲ့အထိ၊ ဒါပေမဲ့ အချိန်တော့ ခိုးတတ်တယ်။ အထူးသဖြင့် မနက်အစောကြီး တာဝန်ကျချိန်မှာ အိပ်ယာက မထချင်ဘဲထ- နိးလာချိန် ကွေးပြီး နှပ်ချင်လည်း အိပ်ယာထဲမနှပ်နိုင် အချိန်ကိုက်လုပ်ပေမဲ့ အိမ်ကထွက်တဲ့အချိန် ဓာတ်လှေခါးက အခန်းရှိတဲ့ ငါးထပ် အပေါ်ကို တော်တော်နဲ့ တက်မလာ- အလုပ်ရောက်တော့လည်း လေးထပ်တက်ရမယ့် ဓာတ်လှေကားက တော်တော်နဲ့ဆင်းမလာတဲ့ အခါမျိုးဆို ၄-၅ မိနစ်လောက် အချိန်ခိုးလိုက်သလို။ ဒါကို နံရံက သိတယ်လေ.. လုံခြုံရေး အစီအစဉ်အရ မသက်ဆိုင်သူတွေ ဝင်လို့မရအောင် အီလက်ထရွန်းနစ်နည်းသုံး သော့ပြားဝိုင်းပါမှ အလုပ်စားပွဲကို သွားနိုင်တာ။ သော့ပြားဝိုင်းကို နံရံကပ်ကိရိယာမှာထိလိုက်မှ တံခါးပွင့်ပြီး ဝင်လိုက်တဲ့အချိန်ကို နံရံက မှတ်လိုက်တော့ နံရံက သိပြီ.. ဘယ်အချိန်အလုပ်ရောက်သလဲဆိုတာ။

အဲဒိနံရံတွေကာထားတဲ့ စည်းဝိုင်းကမထွက်ရဆိုတဲ့ မွန်းကျပ်တဲ့ကာလတွေလည်း ရှိခဲ့ဖူးပ။ ဝန်ထမ်းဘဝ မတက်မနေရတက်ရတဲ့ ဖောင်ကြီးသင်တန်းနံရံတွေပေါ့ ...နံရံတွေဖြိုပစ်လိုက်ချင်ပေမဲ့ သတ္တိကမရှိပြန်။ ဒိထက်ဆိုးတဲ့နံရံလေးဘက်ကာ အကျဉ်းအကျပ်ထဲ သူငယ်ချင်းတွေရောက်သွားတော့ နံရံမြင့်အပြင်ဘက်ကနေ ခဏခဏ သွားငေးပြီး ဘာအပြစ်မှလည်း မလုပ်… ရာဇ၀တ်မှုတွေလည်း မကျူးလွန်ဘဲ မ-ဆ-လ အစိုးရနဲ့ စစ်အစိုးရကို သာမန်လောက်ဆန့်ကျင်မှုနဲ့ မတန်တဆ အကျဉ်းကျနေကပါလား အတွေးနဲ့ ဝမ်းနည်းခဲ့တာ ... ဒါကို နံရံတွေလည်း မသိ သူငယ်ချင်းတွေလည်းမသိ။ အင်းစိန်ထောင်ဝင်းပေါ် ပျံသန်းနိုင်တဲ့ ဌက်ဘ၀ ခဏယူချင်မိခဲ့တဲ့ အခိုက်အတန့်တွေဆိုလည်း မမှား.. ထောင်ဝင်းထဲရောက်ရင် သူငယ်ချင်းတွေ ဘယ်လိုနေနေကြသလဲ ချောင်းကြည့်ချင်တာလေ။

တကယ်တမ်းတော့ ဒါတွေဟာ မြင်ရတဲ့နံရံတွေ၊ ထုနဲ့ထည်နဲ့ နံရံတွေ၊ မမြင်ရတဲ့ နံရံတွေကတော့ တဘဝလုံးပါလာတာလေ- မမြင်ရတဲ့ နံရံတွေကာရံခံထားတဲ့ဘဝက ပိုလို့ စောင့်ထိန်းရတာလေ နံရံပေါ်တက်ထိုင်ရာက Humpty Dumpty လို အကျမနာဖို့ - နံရံမှာ ကြော်ငြာမကပ်ရလို့ဆိုတာ အမိန့်အာဏာထက် လူ့စည်းဘီလူးစည်းရှိတယ်ဆိုတဲ့ အသိရှိဖို့ - နံရံမှာ နားရှိတယ်ဆိုတာ ဘာတွေ ဘယ်လို လျှို့ဝှက်လျှို့ဝှက်လို့မရ ဘာတွေ ကျိတ်ကျိတ် ကျိတ်ကျိတ်လုပ်လုပ် ကျိတ်လုပ်လို့မရတာမို့ ပွင်းလင်းမြင်သာဖို့ - ဘာလင်တံတိုင်းပြိုတာ မြင်သာပေမဲ့ မမြင်ရတဲ့ နံရံကထိန်းထားတဲ့ ကျင့်ဝတ် စည်းကမ်း ဂုဏ်သိက္ခာ မပြိုဖို့…

စမ်းစမ်းတင်