မြတ်လှိုင်း - ဒီမိုး



မြတ်လှိုင်း - ဒီမိုး

(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၆
ဒီမိုးဟာ
မုန်တိုင်းနဲ့ကပ်ပြီးဝင်ရောက်လာခဲ့တယ်
သည်းမလိုလိုနဲ့ဖွဲဖွဲရွာခဲ့
စဲတော့မလိုလိုနဲ့သည်းသည်းမည်းမည်းရွာခဲ့။

မာယာများတဲ့ကောင်းကင်
ခုတော့ပုံပြင်ဖြစ်သွားသယောင်ယောင်
တောင်ပံမခတ်ပဲဆင်းလာတဲ့မိုးခြိမ်းသံ
အဆံမပါဘူးထင်နေကြ
သဘာဝဟာ သဘာဝပါပဲ
မိုးခါးရည်မသောက်တဲ့နေ့ရောက်မလာသေးဘူး။

ဒီမိုးဟာ
ကွက်ကျားရွာတတ်တာ စသိလာတယ်
မိုးပြေးမှာ စိတ်တွေထွက်မပြေးဘူး
အတိတ်နဲ့အတူပါလာတာက
မြို့ပြတွေရေနစ်တုန်းပဲ။

ဒီမိုးမှာ
ပြိုကျနေတဲ့ကမ်းပါးတွေ
ပြိုကျမြဲပြိုကျနေခဲ့
တဖက်ခြမ်းမှာ သောင်ထွန်းရင်းထွန်းနေကြ
ဘဝတွေကမညီမျှတာ
အတွေးကအတွေးကိုတွေးပြီး
ဒီအတိုင်း မြစ်ဟာစီးမျောသွားတယ်။

စီးမျောသွားတဲ့မြစ်နောက်လိုက်ပြီး မိုးရွာနေတာလား
ဒီမိုးကြောင့်မြစ်ဟာ စီးမျောနေတာလား
ကောင်းကင်ကို ကိုးကွယ်ပသနေကြတဲ့
အစွဲတွေဟာ အလင်းမပြနိုင်သေးသရွေ့
မနေ့ကရွာတဲ့မိုးဟာ
ဒီမိုးအဖြစ်ရွာနေဦးမယ်။


(ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့်ကဗျာအင်အားစုမှပေးပို့သည့်ကဗျာ)