ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ

  ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

သင်၏စိတ်ကောက်နေသော နိုင်ငံတော်က
သတင်း ထုတ်ပြန်ခွင့်တွေကို ပိတ်လိုက်ပြီ
အထိအခိုက်မခံနိုင်တဲ့
သင့်ရဲ့နိုင်ငံတော်အတွက်
သင့်ရဲ့ပါးစပ်ကိုပိတ်
သင့်ရဲ့အတွေးကိုသတ်
သင့်ရဲ့နားကိုဆို့
လူ့အခွင့်အရေး ကြေညာစာတမ်းကို
ခဏမေ့ထားလိုက်ကြမယ်
သင့်ရဲ့နိုင်ငံတော်ဟာ
စိတ်ဆိုးသွာနိုင်တယ်
သင်ဟာဉာဏ်နည်းပေမဲ့
သင်ရဲ့နိုင်ငံတော်ကဉာဏ်ကြီးတယ်
ဉာဏ်နည်းတဲ့သူက
ဉာဏ်ကြီးတဲ့သူကို သည်းခံဖို့လိုတယ်
အနာဂတ်ဟာ သင့်လက်ထဲမှာမရှိဘူး
နိုင်ငံတော်က စီမံလိမ့်မယ်
နိုင်ငံသားကောင်းပီသမှုဟာ
အရာရာထက် အရေးပါတယ်
မီးပုံထဲကပြေးအထွက်
မီးတွင်းထဲပြုတ်ကျတာဟာလည်း
ဖြစ်တတ်တဲ့သဘောပဲဖြစ်တယ်
သင်၏နိုင်ငံတော် ကျန်းမာပါစေ။     ။

ကမ်လူဝေး