ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၆

ကျနော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် (၁၉၈၈-၁၉၉၄) ရဲ့ စစ်အာဏရှင်စနစ် တိုက်ဖျက်ရေး တော်လှန်း ရေးကာလတွေအတွင်း..ကျနော်ပါဝင်ခံစားခဲ့ရတဲ့ ပုံရိပ်တချို့ကို စစ်အာဏရှင်စနစ်ပြိုလဲ ပျက်သုဉ်းရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းတွေကို အမှတ်ရ ဂုဏ်ပြုခြင်းဖြစ်သော်လည်းကောင်း၊ နောင် လူငယ်မျိုးဆက် သစ်များ လေ့လာသိရှိနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင် အွန်လိုင်းမှတဆင့် ရေးသားတင်ဆက်လိုက်ပါသည်။
စိုးလွင်
(၂၁၁) (၀မ်ခ)

(၁)
DAB စစ်ကြောင်းမဖွဲ့ဖြစ်လို့ တပ်ဖွဲ့အသီးသီးမိခင်တပ်ရင်းပြန်ရတော့ ကျနောတို့တပ်စိတ်လည်း ရေကျော်စခန်း (တပ်ရင်း-၂၀၇)ကနေ မိခင်တပ်ရင်းရှိရာ ၀မ်ခ (သစ်)ကို ပြန်ခဲ့ရတယ်။ ရန်သူကို လက်နက်ကိုင်တိုက်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်ပျက်ပြယ်ပြီး စိတ်ပျက်လက်ပျက်ပြန်ခဲ့ရတဲ့ ကျနော်တို့ တတွေ တပ်ရင်းကိုပြန်ရောက်တော့လည်း ကျန်ခဲ့တဲ့ရဲဘော်တွေနဲ့ပြန်တွေ့ရလို့ စိတ်ပျက်သမျှကိုမေ့ပြီး ပျော်ရတာပါပဲ။ စခန်းမှာ နှစ်ရက်လောက်နေတော့ ထုံစံအတိုင်း နှိပ်စက် နေကျ ငှက်ဖျားက၀င်လာ…ကွီနင်တွေသောက်….လူနာဆိုပြီးရွေးချယ်စရာမရှိတဲ့ စားနေကြ ငါးပိစိမ်း ဖျော်ရည်နဲ့ ထမင်းစား။ ပြီးတော့ အန်…။

ဒီလိုနဲ့လုံးချာလည်လိုက်နေတုန်း တနေ့ ညနေ ၄း၀၀ နာရီမှာ ကျောင်းသား ရဲဘော်အားလုံး တန်းစီရမယ်လို့ ဗိုလ်လှဝေ (K.N.U) (ကျောင်းသားရေးရာ တာဝန်ခံ) ရဲ့အမိန့်ကို ကြားရတော့ ဘာသတင်းများကြားရမလဲဆိုပြီ အဖျားမပျောက်သေး တဲ့ကြားက ချိန်းထားတဲ့ အချိန်မှာ သွားတန်းစီ လိုက်တယ်။ ရောက်လာတဲ့ရဲဘော်တွေလည်း ဘာသတင်းများထူးမလဲ တ ယောက်နဲ့ တယောက် မေးကြ၊ ဘယ်သူမှလည်း မသိကြဘူး။ ဒီအချိန်မှာပဲ ဗိုလ်လှဝေရောက်လာပြီး “၀မ်ခ (ဟောင်း) ရှေ့တန်းစခန်းကိုသွားရမယ်။ အားလုံးကိုလက်နက်မတပ်ဆင်နိင်တဲ့အတွက် လူရွေးပြီး ခေါ်သွားမယ်။ လိုက်ချင်တဲ့သူ လက်ထောင်ပါဆိုတော့ တန်းစီသူအားလုံး လက်ထောင်တာ မြင်လိုက်ရတာ စိတ်ထဲမှာပျော်ပြီး ကြက်သီးတောင်ထမိတယ်။ ကိုယ် ကိုယ်တိုင်လည်း လိုက်ချင်လွန်းလို့ အဖျားတောင် ပျောက်ချင်ချင်။  ဗိုလ်လှဝေလည်း (ပြုံးပြုံးကြီးနဲ့) အားလုံး လိုက် မယ်ဆိုတဲ့အတွက် ၀မ်းသာပါတယ်။ အခြေအနေအရ ရဲဘော်တချို့သာ ခေါ်သွားနိုင်မှာမို့ ကိုယ်တိုင်ပဲ လူရွေးတော့မယ် ပြောပြီးရွေးပါလေရော။ သူ့ခေါ်နိုး ငါခေါ်နိုးနဲ့မျှော်ကြပေါ့။

ဒီလိုနဲ့ ၁၀ ယောက် ၁၅ ယောက်လောက် ရွေး၊ ရွေးပြီးတဲ့သူတွေ ကားပေါ်တင်ပြီး ၀မ်ခ (ဟောင်း) ခေါ်သွား…။ ကျနော့်လိုပဲ အရွေးမခံရတဲ့သူတွေလည်း ပူညံပူညံပြောပြီးကျန်ခဲ့။ ပါသွားတဲ့ဟိုကောင်က သုံးမရပါဘူးတို့၊ ဗိုလ်လှဝေက မျက်နှာလိုက်ပြီး ခေါ်သွားတာလို့ ပြောတဲ့သူက ပြောသေး။ တိုက်ပွဲဖြစ်ပြီး သေနိုင်တဲ့ရှေ့တန်းစခန်းကို အလုအယက် လိုက်ချင်လောက် အောင် ဘယ်လိုစိတ်ဓာတ်တွေက တွန်းအားပေးနေခဲ့သလဲ…။

လူရွေးပွဲအပြီးနှစ်ရက်လောက်နေတော့ ၀မ်ခ (ဟောင်း) မှာလူလိုသေးတယ်ဆိုပြီး ထပ်ရွေးပြန်ရော။ ဒီတခါလည်း ကိုယ်မပါ။ စိတ်တိုတိုနဲ့ ဗိုလ်လှဝေမျက်နှာလိုက်တယ်လို့ ကိုယ်လည်း ပြောချင်နေပြီ။ စိတ်ပျက်ပျက်နဲ့ ပြန်လာတဲ့ကျနော့်ကို အတူနေ နေတဲ့ အဘဗိုလ်မန်းပို (K.N.U) က…ဟေ့ကောင် ရန်သူက ၀မ်ခ (သစ်) နဲ့ ၀မ်ခ (ဟောင်း) ကို တပြိုင်တည်းတိုက်မှာ။ ဒီမှာ ပဲနေ အချိန်တန်ရင် မင်းတို့ လက်နက်ရစေမယ်လို့ပြောတယ်။ ကိုယ့်စိတ်ထဲမှာတော့ ဒီမှာက လက်နက်ဘယ်အချိန်ရမှန်း မသိဘူး။ ဟိုမှာက ရောက်တာနဲ့ရမှာလို့ တွေးနေမိတယ်။

လာပြန်ပြီနောက်တခါ။ လူရွေးဦးမယ်တဲ့…။ အရင်အခေါက်တွေက လူတွေကြားမှာ မျက်စိရှန်းပြီး ငါကိုများ မရွေးဖြစ်လိုက်တာလားဆိုတဲ့အတွေးနဲ့တန်းစီတဲ့အခါ ရှေ့ဆုံးက တန်းစီလိုက်တယ်။ ဒါလည်း အရွေးမခံရဘူး။ တပ်ရင်းမှာလည်း သက်ကြီး ပိုင်းနဲ့ ကျန်းမာရေးမကောင်းတဲ့သူပဲ ကျန်တော့တယ်။ ကိုယ့်ကိုကိုယ်လည်း ငါအသုံးမတည့်တော့ဘူးလားလို့ ထင်မိလာပြီ။
စိတ်ပျက်ပျက်နဲ့ နေတဲ့နေရာပြန်လာ၊ မျောက်မှိုင်မှိုင်ပြီး ထိုင်နေတာကို အမြင်ကပ်လို့လား မသိဘူး။ အဘဗိုလ်မန်းပိုက.. “ဟေ့ကောင် ဒီမှာငါသေနတ် ”ဆိုပြီး သူကိုင်နေကျ M.16 သေနတ်ကို ထုတ်ပေးတယ်။ ကျနောလည်း သူ့ကိုကျေးဇူးတင်တဲ့အကြည့်နဲ့တချက်ကြည့်၊ ကိုယ့်ကျောပိုးအိတ်ကလေးလွယ် သေနတ်ကိုင်ပြီး ဗိုလ်လှဝေအိမ်ရှိရာ ပြေးတော့တာပဲ။ မပြေးလို့ လည်းမရဘူး..။ ၀မ်ခ (ဟောင်း) သွားမယ့်ကားက ဗိုလ်လှဝေအိမ်ရှေ့မှာရှိနေတာ။ နေတိုင်းသွားတာမဟုတ်။ ရဲဘော်တွေပို့မှ ထွက်တာဆိုတော့ ..ကားလွတ်သွားရင် ဘယ်နှစ်ရက် စောင့်ရမှန်းမသိ ဖြစ်သွားမယ်…။ ကံကောင်းခဲ့ပါတယ် ကားကမထွက် သေး…။ ဗိုလ်လှဝေကို သေနတ်ရခဲ့ ကြောင်းသတင်းပို့တော့..ရီပြီး ကားပေါ် တင်ပေးလိုက်တယ်။

ဝမ်ခ (ဟောင်း) နဲ့ (သစ်) က ထိုင်းဘက်ကမ်းကသွားရင်နီးပေမဲ့ မြန်မာဘက်ကသွားရင် နည်းနည်းလှမ်းတယ်…။ ဘယ်လို ပဲဖြစ်ဖြစ် ၀မ်ခဟောင်းရောက်ဖို့က အဓိက….၂ နာရီ ၃ နာရီလောက်ကားစီးလိုက်တော့ … ကဲ ရောက်ချင်လွန်းတဲ့ ၀မ်ခ (ဟောင်း) ရောက်ပါပြီ…..။

(၂)
နောက်တနေ့မိုးလင်းတော့ နှစ်ယောက်ကို ဘန်ကာတလုံးနှုန်းဆောက်ရမယ်ဆိုလို့ ရဲဘော် တယောက်နဲ့အတူ မြေကြီးတူး၊ သစ်ပင်ဖြတ်၊ သဲအိတ်တင်ကို မနက်ကထဲကလုပ်လိုက်တာ ညနေမှပဲပြီးတော့တယ်…။ ဒီမှာလည်း သစ်ပင်ကို မဖြတ်တတ် ဖြတ်တတ်နဲ့ ဖြတ်လိုက်တာ သစ်ပင်က ကိုယ့်ဘက် လဲကျလာလို့ ပြေးလိုက်ရတာ၊ ကံကောင်းလို့မသေတာပေါ့။ နောက်တော့ အတွေ့အကြုံရှိတဲ့ KNU က ရဲဘော်တွေပြပေးမှ အဆင်ပြေတော့တယ်။ တနေ့လုံးလုပ်ရလို့ ပင်ပမ်းပေမဲ့လည်း ကိုယ့်လုပ် အားနဲ့ ပထမဆုံးရလာတဲ့ အဆောက်အဦးမို့ ၀မ်းသာတယ်။ ပိုဝမ်းသာရတာက နက်ဖြန်မှာ ရန်သူ လက်နက်ကြီးစပစ် တော့မယ်လို့ KNU က သတင်းပေး လာပြီ။ ကိုယ်ကလည်း ဘန်ကာအပြီး ရန်သူကလည်း စအပစ်နဲ့ဆိုတော့ ဟန်ကိုကျလို့..ဒီမှာ စကားစပ်လို့ ထမင်းစားတဲ့အကြောင်း ပြောရအုံးမယ်…။ KNU က ရဲဘော်တွေက နံက် ၅ နာရီ ၆ နာရီလောက်ဆို မနက်စာ..၊ ညနေ ၄ နာရီ ၅ နာရီလောက်ဆို ညနေစာ စားပြီးနေပြီး… ကိုယ်တွေ မြန်မာပြည်မှာနေတုန်းက မနက် ၅ နာရီ ၆ နာရီဆိုတာ အိပ်ရာကတောင်ထသေးတာမဟုတ်တော့ အတော်ကို ဒုက္ခဖြစ်တယ်။ နောက်တော့လည်း …ရောမရောက်.. ရောမလို့ ကျင့်တတ်လာတာပေါ့။

နောက်နေ့မနက်မိုးလင်းတော မနေ့က မြေတူး သစ်ခုတ်တဲ့ဒဏ်တွေနဲ့ ကိုယ်လက်က ကိုင်ရိုက် ထားသလို ဖြစ်နေပြီ။ ဒီတော့မှ အမေအိမ်မှာနေတုန်းက လက်ကျောမတင်းခဲ့တာကို ပြန်တွေးမိပြီး အမေ့ကို သတိရမိခဲ့တယ်….။ ပြောရရင်တော့ဗျာ အမေနဲ့ရွာကိုလွမ်းပြီပေါ့။ ကိုယ်ကလည်း ဆိုးတယ်လို့ပြောရမယ်။ အမေ့မှာ ကင်ဆာဖြစ်နေလို့ ၃ လ (သို့) ၆ လပဲ အသက် ရှင်မယ်လို့ ဆရာဝန်ပြောတာကို သေတဲ့အထိမစောင့်နိုင်ဘဲ တောခိုလာခဲ့တော့..လွမ်း လွမ်း သေအောင် လွမ်းပေါ့………။

KNU ရဲ့ ကြားဖြတ်သတင်းအတိုင်း ရန်သူက 81mm..120mm အမြှောက်တွေနဲ့ ကျနော်တို့ကို စက်ပစ်ကွင်းအလား မှတ်ပြီး ပစ်ပါပြီ။ ကျနောတို့ကလည်း ရန်သူရဲ့လက်နက်ကြီးထွက်သံကြားရင် ဘန်ကာထဲပြေးဝင်…၊ ကိုယ်ဆီမှာကျကွဲသံကြားရင် ဘန်ကာထဲက ပြန်ထွက်နဲ့ ယိမ်တိုက်သလိုမျိုးပေါ့။ ပထမ တရက်နှစ်ရက်ကတော့ ထွက်သံကြားကြားချင် ပြေးဝင်ကြတယ်….။ နောင် အတွေ့အကြုံ ရလာလို့ ထွက်သံကြားပြီး စက္ကန့် ၂၀ ကြာမှာ ကိုယ့်နေရာကို ဗုံးသီးရောက်မှန်း သိလာတော့.. ချက်ချင်းမ၀င်ကြတောဘူး…။ ဆေးလိပ်မီးညှိနေတဲ့သူနဲ့ ပြောလက်စ စကားကို အဆုံးသတ်နေတဲ့သူနဲ့၊ ဗုံးသီးကျကွဲခါနီးမှ ဘန်ကာထဲ ၀င်ကြတော့တယ်။ ထွက်လာတဲ့ဗုံးသီးရဲ့အသံကိုနားထောင်းပြီး ဘယ်နေရာဘက်ကို ကျနိုင်တယ်ဆိုတာကိုပါ ခန့်မှန်းတတ်လာတယ်။ ကိုယ့်ဘက်ကိုမကျနိင်ဘူးလို့ ထင်ရင် ဘန်ကာထဲတောင် မ၀င်တော့ဘူး။ မောင်ကျောင်းသားတွေက တရက်နှစ်ရက်အတွင်း ၀ါရင့် စစ်သားကြီးတွေ ဖြစ်သွားပြီလေ…။

ဒီနေရာမှာ ရီစရာတခုပြောရရင်..ကျနော့်ဘေးနားဘန်ကာမှာ ကိုလှရွှေ (ဘားအံ) ဆိုတဲ့သူ တယောက်နေတယ်…။ တနေ့ ဗုံးသီးထွက်သံကြားလို့ ကျနော် ဘန်ကာထဲဝင်ချိန်မှာ ကိုလှရွှေကို သူ့ဘန်ကာပေါ်မှာ ထိုင်နေတာကိုတွေ့ရတယ်။ ဒီဘက်ကို မကျနိင်ဘူးထင်လို့ မ၀င်တာနဲ့တူတယ်လို့ ထင်ပြီး သူ့ကို ကျနော် ဘာမှမပြောဘဲ ဘန်ကာထဲဝင်လိုက်တယ်…။ ကျကွဲ သံကြားလို့ ကျနော်ပြန် ထွက်လာတဲ့အချိန်မှာ ကိုလှရွှေက ကျနော့်ကို “ ဟေ့လူ လက်နက်ကြီးထွက်တယ်.. ၀င်.. ၀င်” လို့ပြောပြီး ဘန်ကာထဲ ပြေးဝင်သွားရော.. ။ ကျနော်လည်း ဒီလူ နောက်နေသလားပေါ့…ခဏနေတော့ ပြန်ထွက်လာပြီး “ဒီတခါ ကွဲသံလည်း မကြားဘူးနော်” ပြောလို့ သူကို ပြန်ကြည့်နေမိတယ်..။ သူ့အကြောင်းသိတဲ့သူတွေ ပြောပြမှာ သူနားထိုင်းတယ်ဆိုတဲ့အကြောင်း.လက်နက်ကြီးထွက်သံကို မကြားရဘဲ ကွဲသံကို ထွက်သံလောက်ပဲကြားရလို့ အမြဲတမ်းသူ့ကို သတိပေးရကြောင်း သိရတော့ တယ်..။

ဒီလိုနဲ့ ရန်သူ့ရဲ့လက်နက်ကြီးဒဏ်ကိုခံရင် တပတ်လောက်နေတော့ ၀မ်ခ (ဟောင်း) ထဲမှာ နေရာအနှံ့ ရောက်နေတဲ့ ကျနော်တို့ကျောင်းသားတွေကိုစုပြီး ထိုင်းဘက်ကမ်းကို စောင့်ကြည့်ရတဲ့ အနောက် ဘက်လုံခြုံရေးကိုယူရတဲ့ နေရာမှာချထား လိုက်တယ်…။ ဒီလိုအရေးမကြီးတဲ့နေရာမှာ ကျနော်တို့ကို ဘာလို့ချထားရသလဲဆိုတော့ ရန်သူဟာ ၀မ်ခ (ဟောင်း) ကို အကြီးအကျယ်ထိုးစစ်ဆင်မှာမို့ စစ်ရေး အတွေ့အကြုံမရှိသေးတဲ့ ကျနော်တို့ကို စိတ်မချသေးလို့ အရေးကြီးတဲ့ ထိပ်တိုက် လိုနေရာမျိုးမှာ နေရာမပေးရဲသေးတာပါ။ ကြားညှပ်ပြောရရင် ၀မ်ခ (ဟောင်း) နဲ့ ၀မ်ခ (သစ်) စခန်းနှစ်ခုလုံးဟာ အိုမီဂါကွေ့ ပုံစံမျိုးပါ။ သောင်းရင်မြစ်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာ စီးဆင်းနေပါတယ်…။ ၀မ်ခ (သစ်) က သတ်ကွင်းကျဉ်းပြီး ဘန်ကာတွေ ကောင်းပါတယ်။ ၀မ်ခ (ဟောင်း) က သတ်ကွင်းကျယ် ပြီး ဘန်ကာတွေမကောင်းပါ။

ကျနော်တို့နေရာချလို့ပြီးတော့ ဆရာအက်ကလေး(KNU)က သူနဲ့နေဖို့ ကျနော့်ကို ခေါ်ထားတယ်။ နှစ်ရက်လောက်နေတော့ နက်ဖန်ရန်သူတက်မယ်လို့ သတင်းရပြီ။

(၃)
KNU ရဲ့ကြားဖြတ်သတင်းကြောင့် ဒီနေ့ ကျနော်တို့စခန်းကို ရန်သူတိုက်မှာကို သိနေတဲ့ကျနော်တို့ တတွေ မနက် ၄ နာရီကထဲက စိတ်လှုပ်ရှားစွာနဲ့ အဆင်သင့်ဖြစ်နေကြပါပြီ။ သူများတွေတော့မသိဘူး ကျနော်ဆို ဆေးလိပ်သောက်လိုက်၊ တဲပေါ်တက်လိုက် ဆင်းလိုက်၊ သေသွားတဲ့ဆေးလိပ် မီးပြန်ညှိလိုက်နဲ့ တယောက်ထဲအလုပ်ရှုပ်နေတာ၊ သေးပေါက်ချင်သလို အီးအီးပါချင်သလိုလိုတောင် ဖြစ်လိုက်သေး။ ကိုယ်တွေကသာစောင့်ရင်း ရင်မောနေရတယ်၊ ရန်သူက မနက် ၆ နာရီထိုးနေပြီ မတိုက် ၏သေးဘူး။ကျနော်မြန်မာပြည်မှာ တက္ကသိုလ်တက်တုန်းက U.T.C (တက္ကသိုလ်အရံတပ်ရင်း) ၂ နှစ်တက်ဖူးတဲ့ အတွေ့အကြုံအရ ရန်သူဟာ အမှောင်ပျောက် အလင်းပေါ်စအချိန်မှာ တက်တိုက်ရ မှာပါ။ အခုတော့ ၇ နာရီတောင်ထိုးပြီ၊ မိုးလည်း တော်တော်လင်းနေပြီ၊ ရန်သူက တုတ်တုတ်တောင် မလှုပ်တော့ သတင်းများမှားနေလား…ဂနာမငြိမ်ရင်း ဆေးလိမ်ဖွာလိုက်ပေါ့လေ…။ ဒီအချိန်မှာပဲ မိုးသက်မုန်းတိုင်းကျသလို ရန်သူလက်နက်ကြီးကျည်တွေဟာ ကျနောတို့စခန်း တခုလုံးကို ကျရောက်ပေါက်ကွဲလာပါတော့တယ်။ ဆရာအက်ကလေးနဲ့ သူ့အဖွဲ့လည်း သေနတ်တွေဆွဲပြီး သူတို့ တာဝန်ကျရာ ထိပ်တိုက်ဘက်ကို ပြေးတက်သွားပါတယ်။ ကျနော့်ကိုတော့ တဲပေါ်မှာရှိတဲ့ ကျည်တွေနဲ့ ရိက္ခာစောင့်ဖို့ ထားခဲ့ပါတယ်။ လက်နက်ကြီးကျည် တ၀ုန်းဝုန်းကျနေတဲ့အချိန် တဲပေါ်မှာတယောက်ထဲ ကျန်ခဲ့တဲ့ကျနော် ဘယ်လိုများဖြစ် နေမလဲ မမေးနဲ့။ ကြောက်တာပေါ့ဗျာ၊ ပထမဆုံး တိုက်ပွဲအတွေ့ အကြုံလည်း ဖြစ်ပြန်၊ လူပဲဗျာ သေမှာကြောက်တာပေါ့။ လူတယောက်မှာ နှစ်သက်ပါတာလည်း မဟုတ်…၊ ကားတွေလို တဘီးပေါက်လို့ တဘီးလဲတပ်လို့ ရတာလည်းမဟုတ်…။ ဒါပေမဲ့ ရန်သူစစ် အစိုးရကို တိုက်ရအုံးမယ်ဆိုတဲ့အတွေးတွေဝင်လာရင် ကြောက်စိတ်တွေ ပျောက်ဆုံးပြီး ဒေါသနဲ့ ရဲရင့်စိတ်တွေဝင်လာတယ်။

ဒီလိုနဲ့ပဲ တဲပေါ်မှာ ကုတ်ကပ်နေတုန်း လူ ၄ ယောက် လူနာတယောက်ကို ပုခက်နဲ့ထမ်းပြီး တဲရှေ့ကို ရောက်လာတယ်။ စိတ်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်။ ငါတို့ကျောင်းသား တယောက်ယောက်များ ထိလာပြီလာပေါ့။ တဲပေါ်တင်လာလို့ လူနာကိုကြည့်လိုက်တော့ ကျောင်းသားမဟုတ်ဘူး။ KNU ရဲဘော်ဖြစ်နေတယ်။ ဒီမှာ အရိုးသားဆုံးဝန်ခံရရင်တော့ ကိုယ့် သူငယ်ချင်း ကျောင်းသားရဲဘော် မဟုတ်တဲ့အတွက် နည်းနည်းတော့ စိတ်ချမ်းသာသွားတယ်လို့ ၀န်ခံပါရစေ။ ရဲဘော်ရဲဘက်စိတ်မရှိတာတော့မဟုတ်ဘူး။ မိဝေးဖဝေး တောထဲကိုရောက်ကထဲက တဘားထိုက်ထဲ တူတူအိပ် တူတူစားခဲ့တဲ့သံယောဇဉ်ပေါ်မူတည်တယ်လို့ ထင်ပါတယ်။ KNU ရဲဘော်တွေက သူတို့ ဒီလူနာကိုထားခဲ့မယ် ကျည်ဆန်တွေသယ်ပြီး ထိပ်တိုက်ကို ပြန်သွားမယ်လို့ပြောတယ်။ ကျနော်လည်း..ထားခဲ့..ကျည်ဆံတွေလည်း ယူသွားပေါ့..။ သူတို့လည်း ထွက်သွားရော ကျနော် လူနာကိုကြည့်လိုက်တော့ လူနာက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေပြီ။ ဒါနဲ့ သူ့ခေါင်းကို ဆန်အိတ်ပေါ်မှာ တင်ထားပေးလိုက်ရင် သက်သာတန်ကောင်းရဲ့လို့တွေးပြီး ..ခေါင်းကို နောက်စေ့ကနေ ဖမ်းမလိုက်တာ.. ကျနော့်လက်က သူ့ခေါင်းထဲကို ကျွံဝင်သွားတယ်။ ညအပါးပါး နောက်စေ့ကို လက်နက်ကြီးအစ ထိထားပါလား…။ လက်မှာပေနေတဲ့ သွေးတွေကိုလည်း ဆန်အိတ်နဲ့ သုတ်ပစ်လိုက်တယ်။

ဆက်လက်ဖော်ပြပါမည်။