ခိုင်ကြည်သစ် ● စံ


 ခိုင်ကြည်သစ် ● စံ
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၆

သမီးရေ
ပရိုကရေးတီးစ် တဲ့
သူခိုးကြီး တယောက်ရှိတယ်
ရှေးခေတ်ဒဏ္ဍာရီ ဂရိပြည်မှာ။

သမီးရေ
သူခိုးကအင်အားကြီးတော့
အစိုးရလာတယ်။
ည ည ဆို လူတွေဖမ်းတယ်။

သမီးရေ
အဲဒီ ပရိုကရေးတီးစ်ရဲ့ စံ
အဖမ်းခံရသူတွေ
ခုတင်ပေါ်တက်စေပြီး
ပိုရှည်တဲ့ခြေထောက် ဖြတ်တောက်
ပိုနိမ့်တဲ့သူ ဆွဲယူ
သူ သတ်မှတ်ခဲ့တဲ့
လူ့အရပ်ဟာ
ခုတင် ကြမ်းတခင်းစာ။

သမီးရေ
စံ ဆိုတာ ပေတံမဟုတ်
စံ ဆိုတာ အဖြေမှန်မဟုတ်
စံ ဆိုတာ
"ကာလံ ဒေသံရဲ့
အမှန်ကန်ဆုံး အခြေအနေ။"
"ငါ၊ သူ၊ အများ အတွက်
အကျိုးအပွားဆုံး အဖြေ။"
ပြီးတော့
"သဘာဝနဲ့ လိုက်လျောညီထွေ။"
ဖေဖေ့သမီးလေး
စံ ပြည့်မီပါစေ။

ခိုင်ကြည်သစ်