ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သျှင်မျိုးငယ် ● အိမ်ပြန်လမ်းကလေး

သျှင်မျိုးငယ် ● အိမ်ပြန်လမ်းကလေး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆
 
လွမ်းမောရပါလား။ အချိန်တွေဟာ အပြောင်းအလဲတွေကို သယ်ဆောင်လာခဲ့သတဲ့လား။ ကျွန်တော်ဟာ အခုဆိုရင် အိမ်ပြန်လမ်းကလေးပေါ်မှာ ခြေလှမ်းတွေကို လွှင့်တင်လို့။

အိမ်ပြန်လမ်းအဆုံးမှာ အမေ့အပြုံးကလေး ရှိနေမှာ သေချာတယ်။ မျှော်နေတဲ့ ရီဝေဝေ မျက်ဝန်းတွေနဲ့ပေါ့။

ငယ်စဉ်က ကျောင်းပြန်တိုင်း ဒီလမ်းမအတိုင်း လျှောက်လှမ်းခဲ့ရတယ်။ ကျွန်တော်တို့ ရွာကလေးမှာ စာသင်ကျောင်းမရှိ။ ဒါကြောင့် အရှေ့ဘက် (၂) မိုင်ခန့်အကွာက မင်းတိုင်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပညာ သင်ယူခဲ့ရတယ်။ မနက်ကျောင်းတက်အသွားမှာလည်း အဖွဲ့လိုက်။ ညနေကျောင်းပြန်လည်း အဖွဲ့လိုက်။ ကျွန်တော်ကတော့ တယောက်တည်းနေတတ်သူပီပီ ကိုယ့်အတွေးနဲ့ကိုယ် ခြေလျှင်လျှောက်တတ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက် က ဆိုတော့ စက်ဘီးစီးနိုင်သူဟာ သူဌေးပဲ။

ကျွန်တော်ကတော့ ကျောင်းသွားကျောင်းပြန် ခြေလျှင်ခရီးသည်။ ဒီလိုဆိုတော့ ကျွန်တော့်အိမ်ပြန်လမ်းကလေးဟာ အတွေးထဲမှာ လှလိုက်၊ ငြီးငွေ့လိုက်၊ ပျင်းရိလေးတွဲ့စွာ လျှောက်လှမ်းလိုက်။ ကိုယ့်အတွေးနဲ့ကိုယ် ခြေလှမ်းများကို ရွက်လွှင့်ခဲ့ ရတယ်။

ညနေခင်းတွေဟာ သာယာလှပခဲ့တာပေါ့။

ကျောင်းဆင်းခေါင်းလောင်းသံထိုးလိုက်တာနဲ့ စာသင်ခန်းတွေဆီကနေ ထွက်ပြေးချင်ကြဖူးတယ်။ ပြန်ချင်စိတ်တွေထိန်းမရ၊ လည်တဆန့်ဆန့်၊ နေစဉ်ဖြစ်တည်တဲ့ ခံစားမှုတွေပဲဖြစ်တယ်။ ဆရာ/ဆရာမတွေကို နှုတ်ဆက်ပြီးတာနဲ့ လွယ်အိတ်ကိုယ်စီဆွဲ လို့ ကျောင်းရှေ့လမ်းမကြီးပေါ်မှာ ဒလဟောထွက်လာကြလေရဲ့။ ထို့နောက် ဦးတည်ဘက် အမျိုးမျိုးခွဲခွာလာကြလေရဲ့။ ရှုပ်ထွေးနေသော လူအုပ်ကြီးက တဖြေးဖြေး ပြိုကွဲသွားလေပြီ။ သူတို့လည်း သူတို့အိမ်ပြန်လမ်းအတိုင်း။ ကျွန်တော်လည်း ကျွန်တော့်အိမ်ပြန်လမ်းအတိုင်း။

ညနေခင်းနဲ့အိမ်ပြန်လမ်းဟာ ကျောင်းတက်ရာသီတိုင်း ကျွန်တော့်ဆီကို ရောက်လာတတ်မြဲ။ နေမင်းက သူ့အရှိန်အဝါကို လျော့ချထားပြီး လျော့ရဲရဲအလင်းနဲ့ ညနေခင်းကို ဖြည့်ဆည်းနေလေရဲ့။ သိပ်လှတဲ့အရောင်အသွေးများပင်။

ပုလဲ-ဂန့်ဂေါလမ်းဆိုတဲ့ ကတ္တရာလမ်းမကြီးရဲ့တနေရာမှာ ကျွန်တော့်ခြေလှမ်းတွေ ရှိခဲ့တယ်။ ကလေးဘဝပီပီ လမ်းမပေါ်မှာ ဆော့ကစားရင်း အိမ်ပြန်ခဲ့တဲ့ရက်တွေ များပြီ။ ကျောင်းအပြန်မှာ လွယ်အိပ်ဟာ ကျောပိုးအိတ်အဖြစ် အသွင်ပြောင်းသွားတယ်။ ဒါဟာ ဖန်တီးမှုတခုဆိုရင် မမှားဘူး။ လက်ထဲမှာ ထမင်းချိုင့်ကိုဆွဲလို့  ဟိုတွေး ဒီတွေး ဟိုငေး ဒီငေး အိမ်ပြန်လမ်းကလေးပင်။ တခါတခါ စာဖတ်လိုဖတ်။ တခါတခါကဗျာရွတ်လိုရွတ်။ တခါတခါ ကောင်းကင်ကြီးကို ငေးလို့။

ညနေခင်းရဲ့လေပြေဟာ တိုးဝှေ့တိုက်ခတ်လာ တတ်တယ်။ ညနေခင်းရဲ့နေခြည်အောက်မှာ လမ်းဘေးမှာရှိနေတဲ့ ထနောင်း ပင်တန်းကြီးကလှ။ တမာပင်တန်းကြီးကလည်းလှ။ တိမ်ရောင်စုံတောက်ပနေတဲ့အခါ ကျွန်တော့်အိမ်ပြန်လမ်း ကလေးပေါ်က ပန်းချီကားလေးဟာ အသက်ဝင်လှပလို့။ ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ဆူညံပြီး အိမ်ပြန်နေတဲ့ ကျောင်းသား/သူတွေရဲ့အဖြူအစိမ်းကလေးတွေဟာ  လမ်းမတလျှောက်ပြည့်လို့။ တယောက်နဲ့တယောက်တို့ ဆိတ်ဆော့ ကစား နေရင်း ခြေလှမ်းတွေက တရွေ့ရွေ့။ မင်းတိုင်ပင်ရွာကအထွက် ကျွန်တော့်ရွာကလေးဆီကို လှမ်းမျှော်ကြည့်လိုက်တော့ ကားလမ်း မကြီးဟာ ဖြောင့်တန်းလို့။ လမ်းဘေးက ထနောင်း၊ တမာတန်းတွေက ညီညီညာညာ။ အဖြူအစိမ်း ကလေးတွေက ပြေး လွှားလို့။

ပုံတောင်ပုံညာတောင်တန်းကြီးက စိမ်းစိုအုံ့မှိုင်းကာနောက်ခံအနေအထားနဲ့ တင့်တယ်လို့။ ရောင်စုံတိမ်တို့က တောင်တန်းကြီးပေါ်မှာ မေးတင်ရွေ့လျားနေတဲ့အပြင်နေမင်းကြီး တဖြေးဖြေး ဆုတ်ခွာနေလေပြီ။ ဘယ်လောက်လှပ သက်ဝင်နေတဲ့ အချိန်ကလေးတွေပါလဲ။ အို...အိပ်တန်းပြန်ငှက်ကလေးတချို့လည်း ပျံသန်းလာလေပြီ။ ညနေခင်းရဲ့ကောင်း ကင်မှာ ဝဲလို့။ လူးလွန့်လို့။ ငှက်တေးသီသံကလေးတွေကလည်း ချိုမြိန်လှပလို့။ ဒီလို ညနေခင်းတွေနဲ့အတူ အိမ်ပြန်လမ်း ကလေးပေါ်မှာ ကျွန်တော်ဟာ လျှောက်လှမ်းနေခဲ့ဖူးတယ်။

မိုးရာသီဆိုရင် ရွာအဝင်က လယ်ကန်သင်းရိုးပေါ်မှာ ရေတွေလျှံနေပြီ။ ကတ္တရာလမ်းမကြီးကိုလည်း ရေလျံတော့မည့်ဆဲဆဲ။ လမ်းအောက်က ပြွန်လုံးကြီး  (၂) ခုစလုံးနဲ့အပြည့်နီးပါး ရေစီးနေတတ်ပြီ။ ရွာအဝင်လယ်ကွင်းများပေါ်မှာ ရေတွေ ဖွေးလို့။ ကျွန်တော်တို့ ပျော်ကြလေပြီ။ မကူးဖြတ်ရဲသဖြင့် အိမ်မှလူကြီးများက လာကြိုကြတယ်။ လာမကြိုတဲ့သူတွေကတော့ လက်ချင်းချိတ်ပြီး ရေပြင်ကျယ်ကို ကူးဖြတ်ကြရတယ်။ ချော်လဲလိုက်၊ ရေပါလိုက်၊ ဆွဲထူလိုက်နဲ့ပျော်စရာ။ ထမင်းချိုင့်တွေလည်း ရေပါလိုပါ၊ စာအုပ်တွေလည်း ရေစိုလိုစို။ အိမ်ပြန်လမ်းကလေးဟာ ရာသီဥတုအလိုက် ပျော်စရာပေါ့။

ဆောင်းရာသီဆိုရင် ရွှေဝါရောင်အဆင်းနဲ့ စပါးပင်တွေကို မြင်တွေ့နိုင်ပါတယ်။ နွေရာသီမှာတော့ ရိုးပြတ်တောဟာ အထီးကျန်တဲ့ အသွင်နဲ့။ လှတာပါပဲလေ။

ရွာအဝင်လမ်းကလေးပေါ်ကနေ ရွာကလေးကိလှမ်းကြည့်လိုက်တဲ့အခါ မန်းကျည်းပင်တန်း တွေက ကြိုဆိုနေလေရဲ့။ လမ်းကလေးအတိုင်းလျှောက်လှမ်းလာရင်း ရွာလယ်လမ်းမကြီး ကို ရောက်လာရင်တော့ အုန်းပင်တွေများစွာကကမ်းခြေကလေးတစ်ခုလို လှပစွာ ဆီးကြိုနေပြန်ရော။ ဒါဟာ ကျွန်တော့်အတွက် ကျောင်းတက်ရာသီမှာ တွေ့မြင်နေကျအိမ်ပြန်လမ်းကလေးပင်။ ဟုတ်တယ်....အိမ်ပြန်လမ်းအဆုံးမှာ အမေ့အပြုံးကလေးရှိပါတယ်။ မျှော်နေတဲ့ ရီဝေဝေ မျက်ဝန်းတွေနဲ့ပေါ့။

အခုတော့ အိမ်ပြန်လမ်းမကြီးဟာ ဆူညံရှုပ်ထွေးလွန်းနေလိုက်တာ။ ငယ်ငယ်က တရက်မှာ ကားတစီးပုံမှန်မလာတဲ့ ကတ္တရာလမ်းမတလျှောက်မှာ ကားတွေ ခဏခဏရှောင်နေရ။ မဆင်မခြင်မောင်းနင်လာသော ဆိုင်ကယ်တွေ ဒုနဲ့ဒေး။ စက်ဘီးတွေဟာ ရှားပါးလာပြီး ခြေလျင်လျှောက်သူတွေ မရှိတော့ဘူး။ ညနေခင်းမှာ လေပြေတွေရှိသေးတယ်။ တိမ်ရောင် တွေက တောက်ပနေဆဲ။ ဘယ်သူကများဒီအိမ်ပြန်လမ်းကလေးပေါ်မှာ ငေးမောနေရဲပါ့မလဲ။ စက်မှုတော်လှန်ရေးဟာ ညနေခင်းအလှနဲ့ အိမ်ပြန်လမ်းကလေးကို  အထီးကျန်စေခဲ့ပြီ။

အိမ်ပြန်လမ်းမတလျှောက်က ထနောင်းပင်တွေတမာပင်တွေတချို့ပျောက်ရှလို့။ နောက်ခံရှုခင်းကြီးဖြစ်တဲ့ပုံတောင် ပုံညာတောင်တန်းကြီးတွေက စိမ်းစိုအုံ့မှိုင်းမနေတော့ဘူး။ ခြောက်သွေ့လာလိုက်တာ ဘယ်လောက်ကြာပြီလဲ။ ပုံတောင်ပုံ ညာ အရိပ်အောက်မှာ ချမ်းစိမ့် အေးမြလှတဲ့ဆောင်းရာသီညတွေဟာ အခုတော့ ပြယ်ပျောက်နေပြီ။

မိုးရာသီဆိုရင် ရွာအဝင် လယ်ကန်သင်းပေါ်မှာ ရေမလျှံတော့တာကြာပြီ။ နွေရာသီဟာ အပူလှိုင်း တွေကို ခဏခဏ သယ် ဆောင်လာခဲ့လေပြီ။ ဒီလိုအခြေအနေတွေကို ကျွန်တော်တို့ပိုင်ဆိုင်နေရပြီ။ ဘယ်သူ မလွမ်းဘဲ ရှိပါ့မလဲ။ အရင်လို...ဟိုးအရင်လို အိမ်ပြန်လမ်းကလေးနဲ့ ညနေခင်းတွေကို ကျွန်တော်လွမ်းလိုက်တာ။

လျှောက်လက်စခြေလှမ်းတွေနဲ့အတူ ဆက်လက်ထွက်ခွာလာခဲ့တယ်။ အိမ်ပြန်လမ်းကလေးရဲ့အလှတွေကို နှမျောတသဖြစ် ရင်း ရွာကလေးဆီသို့ တရွေ့ရွေ့။ သေချာတယ် ... အိမ်ပြန်လမ်းအဆုံးမှာ အမေ့အပြုံးကလေးကတော့ ရှိနေပါလိမ့်မယ်။ မျှော်နေတဲ့ ရီဝေဝေမျက်ဝန်း တွေနဲ့ပေါ့။ အို....အမေ့ခေါင်းပေါ်မှာ ဆံနွယ်တွေဖြူနေပေမယ့် အမေ့အပြုံးဟာ လှနေဆဲပေါ့။ ။
                                                   
သျှင်မျိုးငယ်