ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၅)

 မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၅)
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၆

● စာအုပ်များ
မိမိသည် ငယ်စဉ်ကပင် ကျောင်းစာအပြင် ကာတွန်း မဂ္ဂဇင်း ဝတ္ထု များဖတ်ရသည်မှာ ဝါသနာ ထုံပါသည်။ မိမိဖခင်၏ စာဖတ်ဝါသနာပါခြင်းနှင့် အားပေးခြင်းတို့က မိမိ စာပိုဖတ်ဖြစ်သည်ဟု ဆိုရပါမည်။ ငယ်စဉ် မိမိဖခင်ဝယ်လေ့ရှိသော မြဝတီ၊ ငွေတာရီ၊ ရှုမဝစသည့်မဂ္ဂဇင်းများမှ ကဗျာများ ဝတ္ထုများသည် မိမိစတင်ထိတွေ့ခဲ့ရသောစာများ ဖြစ်သည်။ သို့သော် ကွမ်းခြံကုန်းသို့ ၁၉၆၆ ခုနှစ် ပြောင်းမလာခင်အထိ မိမိဖခင် အလုပ်အကိုင်အဆင်မပြေသေးသဖြင့် စာအုပ် သိပ်မဝယ်နိုင်ပါ။ ငယ်စဉ်က ပြား ၆၀ တန် ဦးရှံစား ဦးဒိန်းဒေါင်ပါသည့် မော်ဒန်ကာတွန်းတအုပ် မိမိအားဝယ်ပေးရန် ခက်ခဲခဲ့သည်။

တော်ကူးသို့ရောက်ပြီးနောက်မှသာ အလုပ်အကိုင်အဆင်ပြေပြီး စာအုပ်ပုံမှန် ဝယ်နိုင်ပြီး အိမ်မှာ စာအုပ်စင် ရှိလာပေတော့သည်။

မိမိဝတ္ထု စတင်ဖတ်ရှုမိသည့် စာရေးဆရာများမှာ မိုးဝေ၊ ရဲစိုး၊ ပုဂံသူရ၊ ဓူဝံ၊ ဒဂုန်ရွှေမျှား စသူတို့ ဖြစ်သည်။ မိုးဝေ၏ အလွတ်စုံထောက်တင်မောင်ဆွေနှင့် သူ၏စက္ကတေရီမလေး မေစီတို့သည် မိမိအသည်းစွဲဖြစ်ခဲ့သည်။ ရဲစိုး၊ ပုဂံသူရတို့၏ဇာတ်ကောင်များ၏စွန့်စားခန်းများ ဓူဝံ၏ ရာဇဝင်ဝတ္ထုများသည် စွဲမက်ဖွယ်ဖြစ်သည်။ ကွမ်းခြံကုန်းရောက်တော့ စာအုပ်အငှားဆိုင်သို့သွား၍ စာအုပ်ငှားဖတ်ပြီဟု ဆိုရမည်။ မိမိကစာအုပ်တအုပ်ဖတ်လျှင် ထိုစဉ်က မပြီးမချင်း မထတန်း ထမင်းမစားဟင်းမစားပေ၍ ဖတ်လေ့ရှိသည်။ ထမင်းမစား ဟင်းမစားသည်က ပြဿနာ မရှိသော်လည်း ညနေကျောင်းမှ အပြန်ဝတ္ထုဖတ်လေ့ရှိရာ ညနေ နေဝင်ရိုးရီ မှောင်စပျိုးချိန်တွင်လည်း မျက်စေ့ကိုအတင်းပြူး စာအုပ်ကို မျက်နှာနားကပ်၍ ဖတ်ရာမှ မျက်စေ့မှုန်လာတော့သည်။ အလင်းရောင်မလုံလောက်သည့် နေရာတွင် စာဖတ်ခဲ့ဒဏ်ဟု ဆိုရမည်။

တရက် ဖခင်နှင့် ရန်ကုန်လိုက်သွား၍ ပြခန်းတခုဝင်ကြည့်ရာ နံရံတွင် ကပ်ထားသောစာများကို မိမိမမြင်သည်ကို ဖခင်သိရှိသွားရာမှ မျက်စေ့ဆရာဝန်ထံရောက်၍ မျက်မှန် စတပ်ရပေတော့သည်။ အသက် ၁၂ နှစ်သား မျက်မှန်နှင့် ကျနော် ဖြစ်ခဲ့တော့သည်။ သို့သော် စာဖတ်ကတော့မပျက် စုံထောက်ဝတ္တုများ အလန်ကွာတာမိန်း၏တောတွင်းစွန့်စားခန်းများသည် ထိုစဉ်ကမိမိအကြိုက် များ ဖြစ်သည်။

ကွမ်းခြံကုန်းအထက်တန်းကျောင်းတွင် စာပေနှင့်ပတ်သက်၍ စိတ်ပါဝင်စားသည့် ကျောင်းဆရာ တဦးရှိသည်။ ဆရာဦးထွန်းမြင့်ဟုခေါ်ပါသည်။

ကွမ်းခြံကုန်းဇာတိဖြစ်ပြီး စာသင်အပြကောင်းသကဲ့သို့ ကျောင်းလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်သည့် ဆရာတဦးဖြစ်သည်။ ကျောင်းနံရံစာစောင် စကားရည်လုပွဲ ကျပမ်းစကားပြောပွဲများကို အမြဲစီစဉ်ပေးလေ့ရှိသည်။ မိမိလည်းစာတိုစာစများရေး၍ ကျောင်းနံရံကပ်စာစောင်သို့ ပို့ခဲ့ဖူးသည်။ ကြွားပြောရလျှင်တော့ တခါမှ မပါဘူးပါ။

ကျောင်းက ကျပမ်းစကားပြောပွဲများတွင်လည်း ပါဝင်ခဲ့ဖူးသည်။ မိမိကား စကားပြောမကောင်းသည့် အပြင် စင်ပေါ်ရောက်လျှင် စဉ်းစားထားသည်များလည်း ပျောက်ပြီး ဘာပြောရမှန်းမသိဖြစ်တော့သည်။ တခါကတော့ စကားပြောရင်း တွံတေးသိန်းတန် သီချင်းတပုဒ်ဟဲလိုက်ရာ အသံပျောက်သွား၍ ကျောင်းသား ပရိတ်သတ်၏ ရယ်ပွဲဖွဲ့ခြင်းခံလိုက်ရသည်။ နောက်တကြိမ်ကတော့ ကျပမ်းပြောရမည့် အကြောင်းအရာက ကျနော်သိန်းထီပေါက်လျှင်ဟူသော အကြောင်းအရာဖြစ်သည်။ ခပ်တည်တည်နှင့် စင်ပေါ်ရောက်ပြီးမှ အောက်မှ ကျောင်းသားထုကိုကြည့်ပြီး ဒူးတုန်ကာ ဘာပြောရမှန်းမသိ ဖြစ်တော့သည်။ ပါးစပ်ထဲတွေ့ရာ စွပ်ပြောလိုက်သည်။ သိန်းထီပေါက်လျှင် မိန်းမအများကြီးယူမည် ဟူ၍ ဖြစ်သည်။ ကျောင်းသာတွေက တအုံးအုံးပွဲကျသည်။

ပြီးတော့ ဆရာမတွေကကောင်းကောင်းဆူခြင်းခံလိုက်ရသည်။ ထို့ပြင် မိုးနတ်မင်းက ဒဏ်ခတ် လိုက်သည်ထင်သည်။ ယနေ့ထိ ထီဆုကြီးမပေါက်ဘူးခဲ့တော့ချေ ။

ထို့ပြင် ရံဖန်ရံခါ စာရေးဆရာများ၏ ဟောပြောပွဲများလည်း လုပ်ပေး၍ နားထောင်ရသည်။ အဆိုပါ ကျောင်းနံရံကပ်စာစောင် စကားရည်လုပွဲကျပမ်းစကားပြောပွဲ စာပေဟောပြောပွဲစသည့် ကွမ်းခြံကုန်း အထက်တန်းကျောင်း၏ ကျောင်းတွင်းလှုပ်ရှားမှုများကမိမိကျောင်းသားတသိုက်ကြားတွင် စာဖတ် ဝါသနာပါသူများ မွေးထုတ်ပေးခဲ့သည်ဟုထင်သည်။ ထိုစဉ်က နံမည်ကြီးကဗျာတပုဒ်ဖြစ်သည့် " ကျနော် ဂျော်နီသရီးဒီကြောင့် MC ကို ရောက်ခဲ့တယ် Maths Physics English မှာ ဒစ်စတေးရှင်း တွေ ဖြိုင်ဖြိုင်ဝေတော့ ILA ကောင်းခဲ့တယ်။ ကျမနံမည် မော်လီတဲ့လေ ဒယ်ဒီတို့က MC သွားပါဆိုလို့ သာပဲ ဝါသနာဆိုမပါလိုက်တာ စိတ်ကုန်ပါရော " ဆိုသည့် ဂျော်နီနှင့်မော်လီ ကဗျာလေးသည် ထိုစဉ် ကတည်း အလွတ်ရွတ်ဆိုခဲ့ကြပြီး ယခုတိုင် မှတ်ဉာဏ်ထဲတွင် တစွန်းတစ ကျန်နေဆဲဖြစ်သည်။

● ဖခင်၏စာအုပ်စင်
စာဖတ်သည့်အရှိန်လေးရတော့ ရွာရောက်လျင် ဖခင်စာအုပ်စင်အား မွှေနှောက်ဖတ်ရှုစပြုသည်။ တကယ်တော့ ဖခင်စာအုပ်စင်က နိုင်ငံရေးစာ အုပ်များသည်။ လက်ဝဲသဘောတရားစာအုပ်များ များပြားသည်။ အလယ်တန်းကျောင်းသားဖြစ်သော မိမိအဖို့ စဖတ်သောစာအုပ်ကား လက်ဝဲ သဘောတရားစာအုပ်များတော့မဟုတ်။ ပုဂံစာအုပ်တိုက်ထုတ်စာအုပ်များ ဖြစ်သည်။

စာအုပ်စင်တွင် ပုဂံတိုက်ထုတ်စာအုပ်စာအုပ်များက ထူးခြားသည်။ စာအုပ်အနှောင့်များက အမဲနှင့် ဖြစ်သည်။ ဖခင်ဖြစ်သူက ပုဂံစာအုပ်တိုက်ထွက် စာအုပ်တိုင်းလိုလို ဝယ်သူဖြစ်၍ စာအုပ်စင်တွင် အနှောင့်အမဲနှင့် စာအုပ်များတန်းစီနေသည်။

ထိုပြင် ပုဂံစာအုပ်တိုက်ကနှစ်လည်အထူးအဖြစ် မြန်မာဝတ္ထုရှည်ကြီးများ ထုတ်လေ့ရှိသည်။ ကိုကို၏ “ခရုအိမ်” မင်းကျော်၏ ”မဟာ”နှင့် “ငါတို့ခေတ်နှင့်အပြို င်” နတ်နွယ်၏ “ မြန်မာပြည်မြောက်ပိုင်း” ကျော်အောင်၏ “အရေးကြီးပြီ သွေးစည်းကြစို့” မောင်နေဝင်း၏”ရေရိုင်းမြေရိုင်း” စသည်တို့သည် ပုဂံ၏နှစ်လည်မြန်မာဝတ္ထုရှည်များဖြစ်သည်ဟု မှတ်မိခဲ့သည်။ အဆိုပါဝတ္ထုများမှစ၍ ဝတ္ထု တအုပ်ပြီး တအုပ် စဖတ်မိသည်။ အလယ်တန်းကျောင်းသားအရွယ်ဖြစ်၍ နားလည်သည်လည်းရှိ နားမလည်သည်လည်း ရှိသည်။ ထိုမှစ၍ နတ်နွယ်၏အပြာနှင့်အဝါ သခင်မြသန်း၏တနေ့တွေ့မယ် မောင်သာရ၏ကျဉ်တုတ်ခံဝံ့မခံဝံ့ နောက်တော့ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် သိန်းဖေမြင့်၏ “အရှေ့က နေဝန်းထွက်သည့်ပမာ” စသဖြင့် များပြားလှသည့်စာအုပ်များအား ဖတ်ရှုပျော်မွေ့ခဲ့သည်။ ဇာတ်ကောင်များ၏နေရာတွင် ဝင်ရောက်ခံစားခဲ့သည်။

ဆိုရလျှင် နိုင်ငံရေးနောက်ခံ ဝတ္ထု များဖြင့် စတင်ရင်းနှီးသည်။ မိမိနားမလည်သည်များကို ဖခင်က ရှင်းပြခဲ့သည်။ ထို့နောက်တော့ ကျော်အောင်၏ မတ်ဝါဒလမ်းညွှန်မှစ၍ နိုင်ငံရေးသဘောတရားများကို စဖတ်ကြည့်သည်။ နားမလည်နိုင်၍ ပြန်ချထားရသည်။

ထိုစဉ်စောင့်ဖတ်ရသည့် ဘာသာပြန်ဝတ္ထု တပုဒ်မှာ ဆရာမြသန်းတင့် ဘာသာပြန်သည့် စစ်နှင့် ငြိမ်းချမ်းရေး ဖြစ်သည်။ ဆရာမြသန်းတင့်အား ထိုစာအုပ်မှ၍ လေးစားခဲ့သည်။ သူ၏ဘာသာပြန်စာအုပ်များသည် ဘာသာပြန်နှင့် မြန်မာစကားပြေချောမွေ့နေသည်။ စစ်နှင့်ငြိမ်းချမ်းရေးအဖွင့်စာကြောင်းဖြစ်သည့် " ကဲ ကောင်းကြသေးရဲ့လား " ဆိုသည့်စာသားကို ယနေ့တိုင်မှတ်မိနေသည်။ အဆိုပါ စစ်နှင့်ငြိမ်းချမ်းရေးသည် ထိုစဉ်က ရောင်းအကောင်ဆုံးစာအုပ် လည်း ဖြစ်ခဲ့သည်။ လစဉ်တလတအုပ်ထွက်သည်။ စာအုပ်မျက်နှာဖုံးပန်းချီတွေကလည်း ကောင်း သည်။ တလကို ပန်းချီ ဆရာတစ်ဦးသုံး၍ လက်ရာစုံတွေရသည်။ သို့သော် စစ်နှင့်ငြိမ်းချမ်းရေး အုပ် ၉ အရောက်တွင် ဆရာမြသန်းတင့် ဗိုလ်နေဝင်းအစိုးရ၏ဖမ်းဆီးထိမ်းသိမ်းခြင်းခံရသည်။ ဆိုင်ပေါ်ရောက်နေသည့် စာအုပ်လည်း လိုက်အသိမ်းခံရသည်။

ဆန်ပြဿနာနှင့် တရုတ်ဗမာအရေးအခင်းအပြီး စာရေးဆရာများ သတင်းစာဆရာများ တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရသည်။ လူတင် မကစာအုပ်ပါ အပိတ်ခံရသည့်ကာလဖြစ်သည်။ ထိုစဉ်က ဆရာမြသန်းတင့် အပါဖမ်းဆီးခံရသူများသည် အင်းစိန်ထောင်မှ ကိုးကိုးကျွန်းသို့ အပို့ခံခဲ့ရ သည်။ ၁၉၇၀ ခုနှစ်ခန့် ဆရာမြသန်းတင့်တို့ ပြန်လွှတ်မှသာ စစ်နှင့်ငြိမ်းချမ်းရေးလည်း ပြန်လည်ထုတ်ဝေခွင့် ရတော့သည်။

နိုင်ငံရေးနောက်ခံဝတ္ထု စာအုပ်များဖတ်လျင် စိတ်ဝင်စားဘွယ်ကောင်းသည်မှာ ခေတ်ကာလ သမိုင်း နောက်ခံများအဖြစ်အပျက်များကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ဝတ္ထုဇာတ်ကြောင်းအရသာမက မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုများ မတူသည့်အမြင်များ မတူသည့် ဘဝများစွာကို ထိတွေ့ရသည်။

မိမိအရွယ်နှင့် နက်နက်နဲနဲ နားမလည်နိုင်ခဲ့သေးသော်လည်း အကျွမ်းတဝင်ရှိခဲ့သည်ဟု ဆိုရပေမည်။

ဤသို့ ကွမ်းခြံကုန်းတွင် နိုင်ငံရေးစာပေများ စတင်ဖတ်ရှုသည့်ကာလက မိမိကဲ့စာဖတ်ဝါသနာပါသူ တဦးနှင့် စတင်သိကျွမ်းခဲ့သည်။ သူအမည်ထွန်းဝေဟုခေါ်သည်။ သူကစာဖတ်ဝါသနာပါသည့်အပြင် ကဗျာကိုပို၍ အားသန်သည်။ ထို့ပြင်သူသည် ကွမ်းခြံကုန်းမြို့ပေါ်မှမဟုတ်ဘဲ ကျေးရွာ လယ်သမား မိသားစုမှဖြစ်ရာ မိမိထက်ပိုဘဝဆန်သည်ဟုဆိုရမည်။ ထိုစဉ်က တောင်တွင်းဦးကိုကိုကြီး၏ ဂေါ်ကီ ဆိုသည့်စာအုပ်ထွက်သည်။ ဦးကိုကိုကြီးက ဂေါ်ကီဆိုသည်မှာ မောင်ခါး ဟုမြန်မာလို အဓိပ္ပာယ်ရ သည်ဟု ဖော်ပြထားရာ ထွန်းဝေလည်း သူ့ကလောင်နံမည်ကို ငခါး ( ကွမ်းခြံကုန်း ) အမည်ပေး
ကာ ကဗျာတွေ ဝတ္ထုတိုတွေရေးသည်။ တိုးမြစ်ဝှမ်းရှိ လယ်သမားများကို ကိုယ်စားပြုသည် ကဗျာများ စာများစတင်ရေးခဲ့သည်။ ယခုတော့ ကိုခါး ( ကွမ်းခြံကုန်း ) ဟူသော ကလောင်နံမည်နှင့် စာပေနယ် တွင် ရပ်တည်နေသည်။ လွန်ခဲ့သော ၄၇ နှစ်ခန့်က ငယ်အိပ်မက်ကို စိုက်လိုက်မတ်တပ် အကောင် အထည်ဖော်နိုင်ခဲ့သည်ဟုဆိုရပါမည်။

အဲဒီတုန်းက ကိုခါးတို့ မိမိတို့က ၁၃/၁၄ နှစ်ခန့်သာရှိသေးသည်။ စာအုပ်ကြီးတွေဖတ်စကားလုံး ကြီးတွေပြောတော့ အချို့၏နှာခေါင်းရှုတ်မှုတော့ခံရသည်။ စကားလုံးနှင့်အရွယ်နှင့်မမျှဟု ယူဆကြ ပုံရသည်။ မိမိတို့ကတော့ ကိုယ့်ဝါသနာနှင့် ကိုယ်ဖြစ်ခဲ့သည်။ တကယ်တော့ မိမိနှင့် ကိုခါးလည်း အဆိုပါ ရှစ်တန်းကျောင်းသားဘဝမှ ကင်းကွာသွားခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်နီးပါးခန့်မှ ပြန်တွေ့ခြင်း ဖြစ် သည်။ ငယ်ဘဝ အတူဖြတ်သန်းခဲ့ကြသော်လည်းအများနည်း အရွယ်ရောက်လာတော့ ကိုယ့်လမ်းကိုယ်လျှောက်ကြသည်သာဖြစ်ပေတော့သည်။

မိမိငယ်ဘဝက စတင်ဖတ်ရှုခဲ့သော နိုင်ငံရေးနောက်ခံ ဝတ္ထုများသည်လည်း မိမိဘဝအခြေခံအတွေး အမြင်များ၏ အစပင်ဖြစ်ခဲ့သည်ဟုဆိုရမည်။

လူသားများစုဝေးနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတခုတွင် လူသားတိုင်းတန်းတူအခွင့်အရေး ရှိသင့်သည်ဆိုသည်မှာ ငြင်းပယ်၍ မရသည့်အချက်ဖြစ်သည်။

လူသားတိုင်းညီမျှသည့်အခွင့်အရေးရှိသည့် လူအဖွဲ့အစည်းတရပ်သည် မိမိ၏ငယ်အိပ်မက်ဖြစ်ခဲ့သည် ဟု ဆိုရပါမည်။ လူတချို့က အခွင့်အာဏာကို ဆုပ်ကိုင်ပြီး လူအများစု၏ အခွင့်အလမ်းများကို ပိတ်ပင် ထားခြင်းသည်၎င်း၊ လူအများ လွတ်လပ်ခွင့်အား ပိတ်ပင်တားဆီးခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းသည်၎င်း၊ လက်သင့်ခံနိုင်စရာမရှိသည့် အချင်းအရာများအဖြစ် မိမိစိတ်တွင်စွဲမှတ်ခဲ့ပေသည်။

● စာတွေ့နှင့်လက်တွေ့
အလယ်တန်းကျောင်းသားဘဝဖြစ်၍ မိမိဖတ်နေသောစာနှင့် လူမှုလက်တွေ့က တခြားစီ ဖြစ်နေသေးသည်။ တကယ့်ဘဝကို မိမိနားမလည်နိုင်သေးပါ။ ထိုခေတ်ကာလက ကုန်ဈေးနှုန်းများ မည်မျှရှိသည်ပင် ရေရေရာရာ မသိပါ။ မှတ်မိသလောက် ဘဲဥ ကြက်ဥ တစ်ကျပ်ဖိုး ၁၀ လုံး၊ ပုစွန်ထုပ်ခပ်တန်တန်တပိသာ ၄ ကျပ်ခန့် ရှိမည်။ မိမိကြိုက်နှစ်သက်သော ဈေးလောက်သာ
မှတ်မိ သည်။ အလယ်တန်းကျောင်းသားဘဝ မုန့်ဖိုး တမတ်ရသည်။ ယခုခေတ်နှင့်ဆိုလျှင် ထိုစဉ်က ၅ ပြားခန့်ပေးရသောမုန့်သည် ယခုအခါ ၁၀၀ ကျပ်ခန့်ရှိသဖြင့် လုံလောက်သည့်မုန့်ဖိုးဟု ဆိုရပေမည်။

ကွမ်းခြံကုန်း တော်ကူးပတ်လည်ချောင်းများတွင် လှေတစီးနှင့် သွားရသည်မှာ ပျော်စရာကောင်းသည်။ မိုးရွာလျင် မိမိတယောက်ထဲလှေလှော်ထွက်တတ်သည်။ လှေကောင်းကောင်း မလှော်တတ်တော့ လှေဦးက ညာဘက်ထိုးလိုက် ဘယ်ဘက်ထိုးလိုက်ဖြင့် မိုးရေထဲ ချောင်းရေထဲတွင် တဝဲလည်လည်ဖြစ်နေတတ်သည်။ ခရာဆူးခြုံထဲက မျော့နက်မဲကြီးလည်း အတွယ်ခံဖူးသည်။ မိုးတွင်း လှေဖြင့် ဝါဆိုပန်းခူးထွက်ကြသည်မှလည်း တမျိုးပျော်စရာကောင်းသည်။ ဝါဆို ရေတက်နှင့် ဖောင်စီး ဂဏန်းတွေ အုပ်လိုက်တက်လာသည်မှာ ချောင်းတခုလုံး ရဲရဲနီနေတတ်သည်။ ဖေါင်စီးဂဏန်းတွေကို စကာနှင့်သဲ့၍ အလွယ်တကူဖမ်းနိုင်သည်။ လယ်သမားတွေအတွက် လယ်ဖျက် ဂဏန်း ဖြစ်သည်။
မြို့ကြီး ပြကြီးမဟုတ် လျှပ်စစ်မီးမရှိသော်လည်း သူ့အရပ်နှင့်သူ ပျော်စရာကောင်းသည်။ တော်ကူးရှိ အများစုရွာသားများအိမ်တွင် မီးအိမ်မီးခွက်ဖြင့် ခပ်မှိန်မှိန်နေရချိန် မိမိတို့အိမ်က အောက်လင်း ဓာတ်မီး တထိန်ထိန်နှင့်ဆိုတော့ အဆင်ပြေနေသေးသည်။ အောက်လင်းဓာတ်မီးဆိုသည်မှာ ယခုခေတ်တော့ ရှေးဟောင်းပစ္စည်း ဖြစ်သွားချေပြီ။ လျပ်စစ်မီးလို ခလုတ်ကလေးဖွင့်ရုံနှင့်တော့မရ။ မီးဇာလဲရ၊ ဆီဖြည့်ရ လေပေါင်ထိုးရနှင့် အလုပ်တော့အနည်းငယ်ရှုပ်သည်။ သို့သော် သာမန်မီးအိမ် မီးခွက်ထက်တော့ ထိန်ထိန်လင်းသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် လက်ခုတ်ကုန်းကမ်းခြေရှိသည်။ ထိုစဉ်က ကားလမ်းမပေါက်၍ လှေနှင့်သွား ရသည်။ လက်ခုတ်ကုန်းရောက်ခါနီး ပင်လယ်ဝအနီး၌ ချောင်းကို ကန့်လန့်ဖြတ်ရသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကိုကြည့်၍ လှိုင်းပေါ်၌ လူးလွန့်နေသောလှေငယ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ရင်း ကြောက်ရွံနေခဲ့မိသည်။ ထိုစဉ်က ပင်လယ်ကမ်းခြေ၌ အပမ်းဖြေအနားယူသည့် အဆင့်မရှိ ကြသေး။ မရောက်ဘူး၍ လာလည်ကြသူတချို့သာ ရှိသေးသည်။ လက်ခုပ်ကုန်းကမ်းခြေရေကား မကြည်လင်ပေ။

နောက်ကျိနေသည်။ ကမ်းခြေအနီး၌ ရေနက်စီးကြောင်းတခုရှိ၍ရေဆင်းကူးရသည်မှာလည်း အဆင်မပြေလှချေ ။

လက်ခုပ်ကုန်းတွင် အစိုးရအုန်းခြံကြီးတခုနှင့် ဘိုတဲ ရှိသည်။ အရပ်သားများကတော့ ဦးနုအုန်းခြံဟု ခေါ်ကြသည်။ လက်ခုတ်ကုန်းရွာသားများက အဓိကရေလုပ်ငန်းလုပ်ကြသည်။ ပင်လယ်ကမ်းခြေတလျှောက် ငါးဆားနယ်နေသူများ ငါးခြောက်ခွဲကြ လှမ်းကြသူများနှင့် ငါးညှီနံ့ လှိုင်လှိုင်ထနေသည်။ မိန်းမများက ပင်လယ်ကမ်းခြေတွင် အလုပ်လုပ်ကြပြီး ယောကျာ်းများက ပင်လယ်ထဲထွက် ငါးဖမ်းကြရသည်။ တရက်နှင့် ပြန်လာသူလည်း ရှိသည်။ ရက်ဆယ်နှင့်ချီ ကြာသူလည်း ရှိသည်။ လနှင့်ချီ ကြာသူလည်းရှိသူဟုဆိုသည်။

ပင်လယ်ပြင်သည် မာယာများသည်။ မိုးနှင့် လေနှင့် မုန်တိုင်းနှင့် ဖြစ်သည်။
တံငါသည်တို့ အိမ်အပြန်သည် တခါတရံ အလွမ်းဇတ်ဖြစ်တတ်သည်။

ဆက်လက်ဖော်ပြပါမည်။
Mg Mg Soe ( မောင်မောင်စိုး )
photo credit Nae Myo Zaw