ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) - ကျော်သွားခဲ့သော အပိုင်းများ



ကျော်မောင်(တိုင်းတာရေး) - ကျော်သွားခဲ့သော အပိုင်းများ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆

ဖတ်ပြီးသား စာအုပ်တစ်အုပ်ကို ပြန်လည်ဖတ်ရှုမိသောအခါမှ သတိထားမိလေသည်။ ထိုအရာမှာ ယခင်ဖတ်တုန်းက သေသေချာချာမဖတ်ဖြစ်ခဲ့ဘဲ ကျော်သွားခဲ့သော အပိုင်းများ ဖြစ်သည်။ ထိုတစ်ခေါက်တုန်းက အဘယ်အကြောင်းကြောင့် မဖတ်ဘဲ ကျော်လွှားသွားခဲ့ရပါသနည်း။ ဆန်းစစ်ကြည့်ရာမှ အဖြေတစ်ခုထွက်လာသည်။ ပထမတစ်ခါဖတ်စဉ်က နားမလည်သောကြောင့် ရှည်ရှည်ဝေးဝေး မတွေးတောတော့ဘဲ ကျော်ကာ ဖတ်ရှုခဲ့ခြင်းဖြစ်ကြောင်း တွေ့လာရခြင်းပင်။ ယခု ဖတ်သောအခါ ကျော်ခဲ့သော ထိုအပိုင်းသည် အရေးပါသော အပိုင်းဖြစ်နေကြောင်းတွေ့ရသည်။

ရုပ်ရှင်ကားဟောင်းတစ်ကားကို အပျင်းပြေပြန်ကြည့်မိသည်။ ကြည့်ဖူးသည့်အတွက် ဘယ်အပိုင်းပြီးလျှင် ဘယ်အပိုင်း၊ ဘယ်ဇာတ်ကွက်ပြီးလျှင် ဘယ်ဇာတ်ကွက်လာမည်ဆိုသည်ကို ကြိုသိနေသည်။ ပြန်ကြည့်နေရင်းမှာပင် ဇာတ်ကောင်တစ်ယောက်ပြောသော စကားက အသစ်အဆန်းကဲ့သို့ဖြစ်နေပြန်သည်။ ကြည့်ခဲ့တုန်းကလည်း ထိုစကားပြောခန်းကို နားထောင်ခဲ့ဖူးသည်။ သို့သော် ထိုအခါက ယခုလိုမျိုး အမြင်မရခဲ့။

စွဲခဲ့ဖူးသော ကဗျာတစ်ပုဒ်ကို အခေါက်ခေါက်အခါခါ ပြန်ဖတ်မိပြန်သည်။ ရရှိလာသော စာပေအရသာသည် မပြောင်းလဲ။ သို့သော် ထိုကဗျာဖတ်ရင်း ဖြစ်ပေါ်လာသော အတွေးအမြင်အယူအဆများကား ပြောင်းလဲသွားခဲ့ပေသည်။

အခေါက်ခေါက်အခါခါ သီဆိုခဲ့ဖူးသော သီချင်းတစ်ပုဒ်ကို ဂစ်တာဟောင်းလေးဖြင့် ပြန်လည်တီးခတ်မိသည်။ ထိုသီချင်းဖြစ်ပေါ်လာပုံအကြောင်းနှင့် သီချင်းစာသားပါ အကြောင်းအရာများအား ရှင်းပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို မကြာမီကာလက ဖတ်လိုက်ရသည်။ ယခုတစ်ဖန် ပြန်လည်သီဆိုချိန်တွင် သီချင်းနောက်ခံအကြောင်းအရာနှင့် စာသားအဓိပ္ပါယ်တို့၏ နက်ရှိုင်းလေးနက်မှုတို့ကို သိရှိသွားခဲ့ပြီဖြစ်သည့်အတွက် သီဆိုတီးခတ်ရသည်မှာ အရင်အခါများနှင့်မတူဘဲ တစ်မူထူးခြားသွားခဲ့ပြန်သည်။

ဆယ်ကျော်သက်ကာလများဆီကို အမှတ်ရမိသည်။ အသစ်အဆန်းဟူသမျှကို သိချင်သည်၊ စူးစမ်းချင်သည်။ ထိုအရွယ်တွင် နာမည်ကျော်စာရေးဆရာကြီးတစ်ယောက်ဘာသာပြန်သော တက်ကျမ်းစာအုပ်တစ်အုပ်ကို လက်ကမချဘဲ စွဲစွဲမြဲမြဲဖတ်ရှုခဲ့သည်။ ကြိုက်နှစ်သက်သော စာသားများကို မျဉ်းသားကာ မှတ်သားသည်။ ထိုဘာသာပြန်တက်ကျမ်းတွင် တစ်ချို့သော အပိုင်းများကို မည်သို့ပင်ဖတ်ဖတ်၊ အထပ်ထပ်အခါခါဖတ်သော်လည်း နားမလည်ခဲ့သောကြောင့် ကျော်လွှားခဲ့ရသည်များလည်း ရှိသည်။

လူလတ်ပိုင်းအရွယ်ရောက်လာသည့်အခါ ထိုစာအုပ်အား ပြန်လှန်ဖတ်ရှုကြည့်ပြန်သည်။ ယခင်ကလောက် တက်တက်ကြွကြွဖြင့်ဖတ်ချင်စိတ် မရှိတော့။ သို့သော် စိတ်မပါတပါဖြင့် ဖတ်နေရင်းမှာပင် ယခင်က နားမလည်ခဲ့သောအပိုင်းများကို ကွက်ကွက်ကွင်းကွင်း ပြတ်ပြတ်သားသား နားလည်လာကြောင်း တွေ့ရသည်။

ပညာရပ်တစ်ရပ်ကို လေ့လာနေစအခါတွင် ထိုပညာရပ်နှင့် သက်ဆိုင်သောဂျာနယ်ဆိုသည်ကို စတင်မြည်းစမ်းဖတ်ရှုကြည့်မိသည်။ ပါဝင်သော ဆောင်းပါးအားလုံးနီးပါးသည် ကိုယ်နှင့်မဆိုင်သလိုဖြစ်နေလေသည်။ အကြောင်းအရာတွေမှာ သုတများဖြစ်နေသည့်အပြင် ဖတ်သောအခါ ထိုထိုဘာသာရပ်များနှင့် အတော်အလှမ်းဝေးနေကြောင်း အကဲခတ်မိသည်။ ကျော်သွားရင်း ကျော်သွားရင်းဖြင့် ပေါ့ပေါ့ပါးပါးပြန်ရေးထားသော အင်တာဗျူးဆောင်းပါးမျိုးကိုသာ ဖတ်နိုင်ခဲ့သည်။ ထိုအထဲတွင်ပင် ပညာရပ်ဆိုင်ရာအမေးအဖြေတွေပါလာသောအခါ တွေးရခက်သောကြောင့်၊ လိုက်မမီသောကြောင့် ကျော်သွားခဲ့ရပေသည်။

နှစ်နှစ်ကျော် သုံးနှစ်နီးပါးကြာသောအခါ ထိုဂျာနယ်မျိုးအား ပြန်လည်ဖတ်ကြည့်မိသည်။ ထိုအခါမှ မည်သည့်ဆောင်းပါးက မည်သည်ကို ဆိုလိုကြောင်းမြင်တွေ့နားလည်သွားသည်။

စာပေဖတ်ရှုရာတွင် တချို့၏ စွဲနေသော အယူအဆများကို လေ့လာမိသည်။ ဒီအရွယ်နှင့် ဒီကလေး ဒီစာကို ဖတ်ရင် နားမလည်နိုင်ဘူးဆိုသည့် အစွဲဖြစ်သည်။ ထိုထိုစာတွေက အလွန်မြင့်သည့်အတွက် မဖတ်သင့်သေးဟု တားဆီးပိတ်ပင်မှုတွေရှိသည်။ ဆယ်ကျော်သက်ပိုင်း မရောက်သေးသော ကလေးသူငယ်တစ်ယောက် ဂန္ထ၀င်စာအုပ်တစ်အုပ်ကို ဖတ်နေလျှင် စာကြီးပေကြီးတွေဖတ်လှချည်လားဟု ပြောကြဆိုကြသည်။ ထိုကလေး၏ လူကြီးသူမတွေကို သတိပေးကြသည်။

အမှန်မှာ ထိုကလေးများသည် စာကြီးပေကြီးများကို ဖတ်ရာတွင် သူတို့အတွက် အလွန်အမင်းမြင့်နေခြင်းမှာ မှန်နိုင်ပါသည်။ အကောင်းဆုံးမှာ သူ့အရွယ်နှင့်သူ့စာ အံဝင်ခွင်ကျ ဖတ်ရှုစေလျှင် သင့်တော်ပါသည်။ အကယ်၍ စာကြီးပေကြီးများကို မြည်းစမ်းဖတ်ရှုနေသည်ကို တွေ့ပါကလည်း ပူပင်စရာမလိုပါ။ သူတို့နားလည်သမျှလောက်ကိုသာ သူတို့ဖတ်သွားမည်ဖြစ်ပါသည်။ နားမလည်သောအပိုင်းများကို ထိုကလေးမှ ကျော်ဖတ်သွားသည်ကို လူကြီးတွေ မသိနိုင်။ ကျော်သွားသော အပိုင်းများကို နားလည်နိုင်သည့်အရွယ်တွင် နားလည်သွားပါလိမ့်မည်။

မှတ်မှတ်ရရ ကြုံဖူးသည့် အတွေ့အကြုံတစ်ခုရှိသည်။ စာမေးပွဲတစ်ခုအတွက် သူငယ်ချင်းများနှင့်စုပေါင်းကာ တွက်ကြချက်ကြသော အခါကဖြစ်သည်။ ပုစ္ဆာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ်တွက်လိုက်၊ ရှင်းလိုက်၊ ငြင်းလိုက် ခုံလိုက်နှင့် အတော်ပျော်စရာကောင်းသောအချိန်။ ပျော်စရာနှင့်အတူ စိုးရိမ်စိတ်က ကပ်ခိုလျက် ပါနေကြောင်း တွက်ရင်းတွက်ရင်းနှင့် သတိထားလာမိသော ကာလလည်း ဖြစ်သည်။ အချိန်က တစ်ညပဲရသည်။ ဒီတစ်ညမှာ ပြန်လည်လေ့ကျင့်စရာများ၊ ပြန်လည်နွှေးလိုသည်များ ပြီးမှ ပြီးပြတ်နိုင်ပါ့မလား ဟူသော စိုးရိမ်စိတ်ဖြစ်သည်။

သင်ခန်းစာ အခန်းနှစ်ခန်းလောက် တွက်အပြီးတွင် အနည်းငယ်ပင်ပန်းသွားသောကြောင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ တခဏ အနားယူလိုက်သည်။ စာကြည့်ဖော်ဖြစ်သော ကျန်သုံးယောက်က ဇွဲကြီးကြသည်။ ဆက်လက်တွက်ချက်နေကြသည်။ ပုစ္ဆာတစ်ပုဒ်ကိုတွက်နေကြရာ အဖြေက ရှိသော်လည်း ဘယ်သို့ဘယ်ပုံ ထိုအဖြေရသည်ကို သုံးယောက်စလုံးရှာလို့မရကြ။ အကူအညီပေးနိုင်လို ပေးနိုင်ငြား ထကာကြည့်သောအခါ ကိုယ်တိုင်လည်း မဖြေရှင်းနိုင်ခဲ့။

လေးယောက်တွင် သုံးယောက်က မရသောထိုအပုဒ်ကို ချန်ကာ ကျော်သွားကြမည်၊ ရှေ့ဆက်သွားကြမည်ဟု အကြံပေးသည်။ တစ်ယောက်သောသူက ဒီပုစ္ဆာကိုပဲ မရမက ရအောင်တွက်ကြမည်ဟု ဆိုလာသည်။ ကျော်မသွားချင်။ ကျန်သူများက ဖျောင်းဖျသည်။ ဒီပုစ္ဆာကြောင့် အချိန်ကုန်မည်၊ စာမေးပွဲကလည်း နီးနေပြီ၊ အချိန်တိုအတွင်းမှာ ကျန်အပိုင်းများကို ပြီးအောင်လုပ်နိုင်ဖို့ လိုသည်။ ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကြောင့် တစ်ခြားကြည့်ရမည့်အပိုင်းတွေ လွတ်သွားနိုင်သည်။ ထို့အပြင် မရသောဤအပုဒ်လိုမျိုးက စာမေးပွဲမှာ မေးမည် မမေးမည်က မသေချာ။

ထိုအခါ ကျော်မသွားချင်သောသူက ယခုလို အကြောင်းပြသည်။ သူ့တွင် အစွဲတစ်ခုရှိကြောင်း၊ ထိုအစွဲမှာ တစ်ခုခုလေ့လာသည့်အခါ ဘယ်အရာကိုမှ ကျော်မသွားချင်သည့် အစွဲဖြစ်ကြောင်း၊ ငယ်စဉ် အတန်းကျောင်းဘ၀မှာကတည်းက နားမလည်သည်ကို နားလည်အောင်လုပ်ရင်းဖြင့် တစ်တန်းပြီး တစ်တန်းဖြတ်ကျော်ခဲ့သူဖြစ်ကြောင်း၊ ယခုလည်း အခက်အခဲတွေ့နေသောပုစ္ဆာကို မဖြစ်ဖြစ်အောင် ဖြေရှင်းပြီးမှသာ ရှေ့ဆက်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

နောက်အကြောင်းပြချက်တစ်ခုမှာ အကယ်၍ မေးခွန်းတွင် ယခုမဖြေရှင်းနိုင်သော ပုစ္ဆာပါလာပါက မည်သို့လုပ်ကြမည်နည်းဟု ဖြစ်သည်။ ဤသို့ဖြင့် ကျော်သွားပြီးရှေ့ဆက်သွားမည်ဟု ပြောဆိုသူနှင့် ဒီပုစ္ဆာကိုပဲ မရရအောင်တွက်မည်ဟု တောင်းဆိုသူတို့ အချေအတင်ဆွေးနွေးညှိနှိုင်းနေကြသည်။ နောက်ပိုင်းဘယ်လိုဖြစ်သွားသည်မသိ၊ ထိုညတွင် အိပ်ရေးကောင်းကောင်းဝသွားသည်က အမှန်ပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်ကာလများဆီက ကျော်သွားခဲ့သော အပိုင်းများကို ပြန်လည်သုံးသပ်ကြည့်မိသောအခါ တစ်ချို့ကို လွယ်ကူသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို ခက်ခဲသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို စိတ်မ၀င်စားသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို နောက်မှ ရှင်းထုတ်မည်ဟု တေးမှတ်ထားသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို တတ်သိနားလည်သူများထံ မေးမည်ဟု ကြံသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို တတ်သိနားလည်သူများမှ ဖြေကြားသော်လည်း နားမလည်နိုင်သေးသောကြောင့် ကျော်ခဲ့သည်။

ဤသို့ ကျော်ခဲ့သည်များသည် တန်ဖိုးရှိသည်လည်း ဖြစ်သည်၊ တန်ဖိုးမဲ့သည်လည်း ဖြစ်သည်၊ တန်ဖိုးမသိသည်လည်း ရှိသည်၊ တန်ဖိုးသိသည်လည်း ရှိသည်။

ကျော်သွားခဲ့သောအပိုင်းများသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးဝင်လာကောင်း ၀င်လာနိုင်သည် မ၀င်လာနိုင်သည်ဆိုသည်ကိုမူ မည်သူမျှ တပ်အပ်သေချာ ပြောပြနိုင်မည်မဟုတ်ပါချေ။