မောင်ရင်ငတေ ● ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များ

မောင်ရင်ငတေ ● ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

ရိုမန်တစ်လှေကားထိပ်က မောင်ရင်ငတေရဲ့ မဟာဟော်တယ် (ဓါတ်ပုံ မရငတ)
ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ ဘဝအကြောင်း ဆိုတာက မောင်ရင်ငတေရဲ့ ပါရီကို ဖြတ်သန်းခဲ့တဲ့ ဘဝသမိုင်း အပိုင်းအစ တခုပါ၊ မေ့ထားခဲ့တာတော့ ကြာပါပြီ။
မောင်ရင်ငတေရဲ့ ပါရီဇီယမ်သားအဖြစ် ဘဝအစပိုင်းမှာ ဒီနေရာ ဒီရပ်ကွက်မှာ တနှစ်နီးပါး ဆယ်လ
လောက် ဖြတ်သန်းခဲ့ဖူး ပါတယ်၊ နေရာကတော့ ပါရီမြို့ရဲ့ တကယ့် ရိုမန်တစ် ဧရိယာထဲမှာ တည်ရှိ
ပါတယ်။
 ပြောရမယ် ဆိုရင်တော့ ပါရီမြို့ရဲ့ ရိုမန်တစ် တောင်ကုန်းဖြစ်တဲ့ မွန့်မတ်ထ် တောင်ကုန်းရဲ့
 တောင်ခြေ မြောက်ဘက်အခြမ်းမှာ တည်ရှိတာပါ။
ဒါပေမယ့် မောင်ရင်ငတေ့ ဖြတ်သန်းခဲ့ရတာကတော့ ဘယ်လိုမှ ရိုမန်တစ် မဆန်လှပါဘူး။ 
မဟာဟော်တယ်မျက်နှာစာက ရိုမန်တစ်အလှ    (ဓါတ်ပုံ မရငတ)
ရိုမန်တစ်ဆန်လှတဲ့ လှေကားထိပ်မှာ တည်ရှိတဲ့ ကမ္ဘာအရပ်ရပ်က ရိုမန်တစ်သမားတွေ လာရောက် တည်းခိုလေ့ရှိတဲ့ ရိုမန်တစ်ဟော်တယ်တလုံးမှာ ရိုမန်တစ်သမားရွှေတယောက်ရဲ့ ရိုမန်မတစ်လှပါ တဲ့ ဟော်တယ်လုပ်သားဘဝအဖြစ် ရိုမန်မတစ်စွာ ဖြတ်သန်းခဲ့ရတဲ့ ရက်ပေါင်း သုံးရာကျော် ကာလ ပါ၊ ကာလတိုတခု ဖြစ်ခဲ့ပေမယ့် စိတ်ထဲထင်စွဲ ကျန်ရစ်နေရဆဲ ကာလတိုပါ။
ပါရီရိုမန်တစ် မွန့်မတ်ထ်တောင်ကုန်းဝန်းကျင်က တည်းခိုခန်းအများစုက ဝမ်းစတား အဆင့်သာသာ အများစုပါ၊ အဲသလို ဝမ်းစတားအဆင့်လောက်သာ ဆိုပေမယ့် မောင်ရင်ငတေရဲ့ မဟာဟော်တယ် စုစုပေါင်း အခန်း ၅၂ ခန်းဟာ ဘယ်နေ့မှာမှ အခန်းလွတ် မရှိ အခန်းပြည့် ဧည့်ပြည့် ရှိခဲ့တာချည်းပါ။
တခါတလေနေ့များမှာ မောင်ရင်ငတေ တယောက်တည်းရဲ့လက်ရာနဲ့ အခန်းတိုင်းဟာနေချင်စဖွယ် လှပနေတတ်ပါတယ်။
ဓါတ်လှေခါးမရှိ ခြောက်ထပ်မြင့် အဆောက်အဦးနှစ်ခုနဲ့ မဟာဟော်တယ်မှာ ရက်ပေါင်း သုံးရာလောက် အဆင်းအတက် လုပ်ခဲ့ရတဲ့ ကျေးဇူးကြောင့် ပြင်သစ်မြေ ရောက်စထဲက လွမ်းနာကျ ချူချာနေတတ်တဲ့ မောင်ရင်ငတေရဲ့ ကျန်းမာရေးကလည်း အကောင်းဘက်ကို ပြန်လို့ ရောက်လာခဲ့ တာကြောင့် ကျေးဇူးတင်ရပါတယ် မဟာဟော်တယ်ရေ။
အလုပ်ပြီးချိန် ထိုင်ခဲ့ဖူးတဲ့ ရိုမန်တစ်လှေကားထစ်များ   (ဓါတ်ပုံ မရငတ)
အလုပ်အပြီး ပြန်စရာ ကိုယ်ပိုင်အိမ် အတည်တကျမရှိခဲ့လို့ ပိုတဲ့အချိန်ပိုတွေကိုဖြုန်းရင်း ထိုင်ခဲ့ဖူးတဲ့
အဲဒီ ရိုမန်တစ် လှေကားထစ်များကိုတော့ တခါတလေ သတိယမိရပါတယ်၊ ဒါပေမယ့် အကြောင်း မတိုက်ဆိုင်လို့ရော သွားချင်စိတ် မပေါ်ပေါက်မိလို့ရော မရောက်ဖြစ်တာ အတော်ကြာခဲ့ပါပြီ။

အလုပ်ပြီးချိန် ထိုင်ခဲ့ဖူးတဲ့ ရိုမန်တစ်လှေကားထစ်များ  (ဓါတ်ပုံ မရငတ)
ဒီတခါတော့ အကြောင်းတိုက်ဆိုင် လာတာရော မှတ်တမ်းရေးချင်စိတ်ရော ပေါ်လာတာနဲ့ မရောက် ဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ အဲဒီလမ်းနဲ့ အဲဒီလှေကားထစ်တွေ ရှိရာကို ရောက်ခဲ့မိပါတယ်၊
ဟို အရင်နှစ်များဆီလောက် နာကျင်မှုတွေ သိပ်များများ မခံစားရတော့ပေမယ့်လည်း
ဒါတွေဟာ ဘဝတွေပါ။
ဒါတွေဟာ ဘဝထဲက အစိတ်အပိုင်းတွေပါ။
ဒါတွေဟာ ဘဝထဲက အတိတ်တွေသာပါ၊ ကျန်ခဲ့ပါပြီ၊ ပြီးခဲ့ပါပြီ၊ ထားခဲ့လို့တော့ မရသေးပါ။
ဒီနေရာ ဒီအလုပ်ကနေ ဘာကြောင့် ထွက်ပြေးခဲ့ရသလဲ ဆိုတာကတော့ အလုပ်လုပ်တယ်၊
ပြီးရင် မကျေနပ်ရင် ထွက်ပြေးနေကြ မောင်ရင်ငတေအတွက်ကတော့ အထူး ပြောစရာ မရှိပါဘူး။
မကျေနပ်ခဲ့လေတိုင်း (အထူးသဖြင့်ကတော့ ဘော့စ်ဆိုတဲ့ လူတန်းစားတွေကို ပေါ့၊) ထွက်ပြေးခဲ့တဲ့
အကြိမ်ပေါင်းက သောင်းခြောက်ထောင် ရှိခဲ့ပါပြီလို့သာ ဆိုပါရစေ။ 
အလုပ်ပေါင်းစုံ ဘဝပေါင်းစုံကို ဖြတ်သန်းကျင်လည်ခဲ့ဖူးတဲ့ မောင်ရင်ငတေ့အတွက်က အလုပ်ကြမ်း
အလုပ်နု မရွေး ဘာလာလာ လာထား ရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့ပြီးသားပါ။
အလုပ်အတူ လုပ်ခဲ့ကြတဲ့ ဘရာဇီး မက္ကစီကို အာဖဂန် အယ်ဂျီးရီးယား တူနီးရှား သီရိလင်္ကာ 
ကိုလံဘီယာ ဗီယက်နမ် ဆီနီဂေါ အီတလီ အစ္စရေး ပါလက်စတိုင်း ၁၂ ယောက်သော အမျိုးမတူ သူတွေရဲ့ စရိုက်ဆိုးကောင်း ပေါင်းစုံ ကို ထိတွေ့သိရှိခွင့် ရခဲ့တာကတော့ ကြီးစွာသော အမြတ်တခုပါ။
 ပြင်သစ်ရောက်ရောက်ချင်းကာလ ကမ္ဘာ့လူမျိုးပေါင်းစုံကို ထိတွေ့ခွင့်ရခဲ့တာပါ။
လာရောက်တည်းခိုသူတွေကလည်း လူမျိုးတရာ့တပါး မကပါ၊ လူလူချင်း မတူမတန်ဆက်ဆံသူ လူမျိုးရေးအမြင် ကျဉ်းမြောင်းသူ အမျိုးမျိုးတွေ့ခဲ့ရပါတယ်။

မဟာရိုမန်တစ် ဟော်တယ်   (ဓါတ်ပုံ မရငတ)
မင်းသမီးဂိုက်ဖမ်းပြီး စီးကရက်တောင်းသောက်တတ်တဲ့ မြင်းမြှီးရောင်ဆံပင်နဲ့ ယူရိုပီယမ် ချွတ်တား မလေးတွေကို တွေ့ဖူးခဲ့ရသလို ကော့ညှက်လေး ရှန်ပိန်လေး တခွက်နှစ်ခွက်သောက်ပြီး ဖရန့်ကစ်စ်
ပေးချင်ကြတဲ့ စင်ကာပူရီယမ်မလေးတွေ နိပွန်မနုနုပျိုပျိုလေးတွေကိုလည်း တွေ့ကြုံခဲ့ရဖူးပါတယ်။ 
မဟာရိုမန်တစ် ဟော်တယ်အဝင်လမ်း      (ဓါတ်ပုံ မရငတ)
အခုလို နွေကာလကျောင်းပိတ်ရက်တွေမှာ အဲဒီမဟာဟော်တယ် အခန်း ၅၂ ခန်းရဲ့ လေးပုံသုံးပုံက Dortoir ခေါ်တဲ့ ကျားကျားမမ ပျိုပျိုအိုအို စုပေါင်းစပ်ပေါင်း စုပြုံတည်းခိုကြတဲ့ စနစ်ကို ပြောင်းလိုက်ပါတယ်။
အဲဒီမှာမှ လူစုံစရိုက်စုံကို တွေ့ရှိရပါတော့တယ်၊ လူငယ်လူရွယ်တွေ ပိုမိုများပေမယ့် လူကြီး တွေလည်း ပါပါတယ်။
ဒီလို အားလပ်ရက် အပန်းပြေခရီးချိန်မှာ သူတို့တတွေရဲ့ အမှတ်အကန် ဘဝ တွေကို ထားရစ်ခဲ့ကြပြီး ကျောင်းမေ့ရုံးမေ့ အိမ်မေ့ မေ့ထားနိုင်ကြတဲ့ စိတ်မျိုးတွေကို အမှန်တကယ် သိရှိ ခွင့်ရခဲ့ပါတယ်၊ မူးကြရူးကြပေမယ့် ပြဿနာကြီးငယ် တက်တာကိုတော့ မကြုံတွေ့ခဲ့ရပါဘူး။
ဒါပေမယ့် ဒီအလုပ်ကတော့ မောင်ရင်ငတေ့ ဘဝတလျှောက် လုပ်ခဲ့ဖူးတဲ့ အောက်ခြေသိမ်း အလုပ်
တွေထဲမှာ ရိုမန်တစ် ရပ်ကွက်ထဲက မလွမ်းလောက်စရာ အလုပ်တခုအဖြစ်သာ မှတ်တမ်းတင်ချင်မိ ရကြောင်းပါ ခင်ဗျားးးးးးးးးး ၊ ရိုမန်တစ်သမား မောင်ရင်ငတေရဲ့ ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များပါ။
ကျေးဇူးအထူးတင်ပါတယ်၊
မောင်ရင်ငတေ ၂၈၀၇၂၀၁၆
 

ဤကဲ့သို့ ရိုမန်တစ်ကြသူများ   (ဓါတ်ပုံ မရငတ)