ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● အခြေခံမူ ၁၀၄ နဲ့ ငြိမ်း ၁၃ ဖွဲ့

ဂါမဏိ ● အခြေခံမူ ၁၀၄ နဲ့ ငြိမ်း ၁၃ ဖွဲ့
(၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် - ၁ ၃ )
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၆

နဝတဟာ အမျိုးသားညီလာခံဆိုတာကို ၁၉၉၃ ခု ဇန်န၀ါရီလမှာ စလုပ်ခဲ့ပြီး “ဦးတည်ချက် (၆)ရပ်” ပေါ်ကနေ အခြေခံဥပဒေဆွဲဖို့ အခြေခံမူတွေချမယ်လို့ ဆိုခဲ့ပါတယ်။ ၁၉၉၆ မတ်လမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိကတိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပြတ်ပြတ်သားသားတောင်းဆိုလာတဲ့အခါ နဝတရဲ့အမျိုးသားညီလာခံဆိုတာကြီးဟာ ရုပ်ပျက်ဆင်း ပျက် သွက်ချာပါဒလိုက် လေဖြတ်သွားပါတော့တယ်။

ဒီလိုနဲ့ ဥပဒေမဲ့ဆက်အုပ်ချုပ်ရင်း ဒီပဲယင်းမင်းမဲ့ဝါဒအဆင့်ထိရောက်လာတဲ့နောက် စစ်အုပ်စုဟာ ပြည် တွင်း ပြည်ပဖိအား တွေ လျော့ပါးအောင် အာရုံလွှဲတဲ့အနေနဲ့လမ်းပျက်မြေပုံ ၇ ဆင့်ကို ၂၀၀၃ ခု သြ ဂုတ်လမှာ ကြော်ငြာထုတ်ပြီး ၂၀၀၄ မေလမှာ အမျိုးသားညီလာခံဆိုတာကို ပြန်ဖုတ်သွင်းခဲ့ပါတယ်။ ဒီညီလာခံဟာ နအဖစိတ်တိုင်းကျ ဆွဲထားတဲ့အခြေခံမူ (၁၀၄)ချက်ကိုပဲ ကြက်မွှေးသပ် ဖုံသုတ်ပေးဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၀၄ ဇွန်လမှာတော့ နအဖနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၃)ဖွဲ့ဟာ သမိုင်းတွင်တဲ့ “ဆွေးနွေးအကြံပြုချက်စာတမ်း” ကို ညီလာခံမှာ တင်ခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ မှာတခါ၊ ၁၉၆၁-၁၉၆၂ မှာတခါ၊ ဗမာပြည်တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး တောင်းဆို လှုပ်ရှားခဲ့ကြတဲ့ သမိုင်းမှတ်တိုင်တွေနောက်ပိုင်း တတိယမြောက်မှတ်တိုင်ကြီးဖြစ်ပါတယ်။ ဒီ (၁၃)ဖွဲ့ အပြင် အင်အားအကြီးဆုံးအပစ်ရပ်အဖွဲ့ဖြစ်တဲ့ ဝ အဖွဲ့အပါအဝင် (၃)ဖွဲ့ကလည်း (၁၃)ဖွဲ့နဲ့ သိပ်မကွာတဲ့ အကြံပြုချက်စာတမ်းကို အမျိုးသားညီလာခံသို့ တင်ခဲ့ပါသေးတယ်။

မြေအောက် (သို့မဟုတ်) ပြည်ပရောက်အတိုက်အခံလောကမှာလည်း ၁၉၉၂ ဇူလိုင်လ မာနယ်ပလော စာချုပ်၊ ၁၉၉၇ ဇန်နဝါရီ မယ်သရောထကြေညာချက်၊ ၁၉၉၈ ဒီဇင်ဘာ သူမွဲကလိုး သဘောတူညီချက် ဆိုတဲ့ သမိုင်းဝင်သဘောတူညီချက်တွေရှိပေမယ့် စောစောကပြောတဲ့ မြေပေါ်ဥပဒေတွင်းက အတိ အလင်းချမှတ်တောင်းဆိုတာတွေနဲ့တော့ အရေးပါမှုချင်း ယှဉ်လို့မရပါဘူး။ ဒီထဲမှာ မယ်သရောထ ကြေညာချက်ကတော့ တရားဝင်ဥပဒေတွင်းက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါ ဗြောင်ထောက်ခံလိုက်လို့ ပင်လုံနီးနီး အဆင့်ရသွားခဲ့ပါတယ်။

(၁၃)ဖွဲ့စာတမ်းနဲ့ (၃)ဖွဲ့စာတမ်းတွေဟာ တိုင်းရင်းသားအခွင့်အရေးအတွက် ပြတ်ပြတ်သားသား လက် နက်ကိုင်တော်လှန်ရေးနည်းနဲ့ နှစ်ပေါင်း သုံး-လေးဆယ် တိုက်ပွဲဝင်ခဲ့ရာက ပျော့ပျောင်းမှု၊ ခေါင်းမမာမှု ပြတဲ့အနေနဲ့ လက်နက်ကိုင်မတိုက်တော့ဘဲ မဟာပညာကျော်တွေပြောနေသလို တိုင်းရင်းသားအခွင့် အရေးတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အပေးအယူလုပ်စေ့စပ်ညှိနှိုင်းယူဖို့ လမ်းဖောက်ခဲ့ကြတဲ့၊ တိုင်းရင်း သားအဖွဲ့တွေရဲ့ “အလွန့်အလွန်ပျော့ပျောင်းတဲ့” တင်ပြချက်တွေ ဖြစ်ပါတယ်။

အလွန့်အလွန်ပျော့ပျောင်းတယ်လို့ ဆိုရတဲ့အကြောင်းကတော့ နဝတ-နအဖရဲ့ညီလာခံဦးတည်ချက် (၆)ရပ်၊ တနည်းအားဖြင့် တပ်မတော်ဆိုတဲ့ဟာရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း ငြင်းချက်မထုတ်၊ အစိမ်းဝတ် အစိတ်သားပါလီမန်ကိုလည်းမကန့်ကွက်၊ စစ်သမတ-စစ်ဝန်ကြီးသတ်မှတ်ချက်နဲ့ စစ်တပ် က အချိန်မရွေး မာရှယ်လောထုတ်ခွင့်တွေကိုပါ အားလုံးလက်ခံထားပြီး တိုင်းရင်းသားဒေသအခွင့် အရေးသန့်သန့်ကိုသာ တင်ပြထားတာဖြစ်ပါတယ်။ ဒီကနေ့ပညာကျော် တွေ၊ တချို့သောတိုင်းရင်းသား ပညာယှိကြီးတွေ၊ တတိယအင်အားစုဆိုတာတွေ ဟောပြောညွှန်ကြားနေတာ တွေနဲ့ ယှဉ်ကြည့်ရင် တထပ်တည်းလို့တောင် ပြောလို့ရပါတယ်။ အေးလွင်တို့၊ ဒေါက်တာစိုးလင်းတို့၊ ပတ္တမြားကြည်ဝင်း (မင်္ဂလာဒုံ)တို့၊ ငှားမင်းဆွေတို့ပြောနေတဲ့အတိုင်း၊ ဒီ့အရင် ဒေါက်တာဇာနည်တို့၊ အပြင်ဘက်က တခြား ငါးဘတ် ကျောင်းတော်ကြီး ဆင်းပညာရှင်တွေ ပို့ချတဲ့အတိုင်း ချော့မြှူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး (၁၃) ဖွဲ့စာတမ်းမှာ (၈) ပြည်နယ်ကိုလဲ မတောင်းဆို၊ ဗမာပြည်နယ်ဖွဲ့စည်းရေး လည်း မပါ၊ ဖက်ဒရယ်လည်း တခွန်းမပြော။ “ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ” မစစ်တဲ့ “ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ စီရင်စု” နာမည်ကိုပဲ လက်ခံထားပါတယ်။ ၁၉၄၇၊ ၁၉၆၁-၆၂ တို့မှာ တိုင်းရင်းသားတွေ တင် ခဲ့တာနဲ့ယှဉ်ကြည့်ရင်တော့ ဘယ်လိုမှမမှီဘဲ ရေအများကြီးရောထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ နအဖဥပဒေဘောင်ထဲက အပစ်ရပ်လက်နက်ကိုင်တိုင်းရင်းသားတွေ စုပေါင်းပြီး လက်ရှိအစိုးရရဲ့ ‘တရားဝင်’ အခြေခံဥပဒေဆိုင်ရာညီလာခံကို တရားဝင်တင်တာဖြစ်လို့ သမိုင်းမှတ်တိုင် ဖြစ်သွားခဲ့ပါ တယ်။

၂၀၀၆ ခု ဖေဖော်ဝါရီ (၁၂)ရက်တုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကမ်းလှမ်းခဲ့တဲ့၊ လွှတ်တော်ခေါ် ပေးရင် ဒီဂျူရီအစိုးရ အဖြစ် ကာလတခုအသိအမှတ်ပြုပေးမယ်ဆိုတဲ့အဆင့်တောင်မဟုတ်ဘဲ (၁၃)ဖွဲ့ ဟာ ၉၀ ခုရွေးကောက်ပွဲ ရလဒ်တွေကို လုံးဝဘေးဖယ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခန်း ကဏ္ဍကိုလည်း လုံးဝလျစ်လျူပြု၊ ဒီမိုကရေစီစစ်,မစစ်လည်း နှာစီးထားပေးတယ်။ လမ်းပြမြေပုံကို လည်း (၇)ဆင့်စလုံး ဘာမှအငြင်းပွားမထားပါဘူး။

နအဖစစ်အုပ်စုကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ အသိအမှတ်ပြုဆက်ဆံပြီး တောင်းခံခဲ့တဲ့ (၁၃)ဖွဲ့ရဲ့ အခြေခံဥပဒေမူတွေကို အတိုချုပ်ကြည့်ရင်-
(က) ထပ်တူဥပဒေပြုခွင့်
(ခ) ကြွင်းကျန်အာဏာကို ဥပဒေပြုခွင့်
(ဂ) ကာကွယ်ရေးနှင့်လုံခြုံရေး ဥပဒေပြုခွင့်
(ဃ) “တိုင်းရင်းသားရေးရာကဏ္ဍ” ကို သီးခြားကဏ္ဍအဖြစ် ထပ်မံ ထည့်သွင်းပေးရေး
(င) တိုင်းရင်းသားစာပေကို ပြည်နယ်အလိုက် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ခွင့်
(စ) တိုင်းရင်းသားဓလေ့ထုံးစံများကို ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ခွင့်
(ဆ) ပြည်နယ်-တိုင်းအလိုက် သီးခြားအခြေခံဥပဒေ ရေးဆွဲဆောင်ရွက်ခွင့်
တို့ဖြစ်ပြီး တောင်းသမျှ တခုမှ မရခဲ့ပါဘူး။

ဂါမဏိ (၂၀၀၇)