ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရစ် ● အမေရိကန်ရွေးကောက်ပွဲအကြို ပါတီညီလာခံ ၂ ခုနဲ့ ဆက်စပ်အတွေး (အယ်ဒီတာ့လက်ရေး)


မောင်ရစ် ●  အမေရိကန်ရွေးကောက်ပွဲအကြို ပါတီညီလာခံ ၂ ခုနဲ့ ဆက်စပ်အတွေး
(အယ်ဒီတာ့လက်ရေး)
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆
 
ဇူလိုင် ၁၈ ပတ်နဲ့ ၂၅ ပတ် အသီးသီးမှာ အမေရိကန်ပြည်ထောင်စုက အဓိကပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမို ကရက်ပါတီတို့က ပါတီညီလာခံတွေ ၀ှဲချီးပြီး ကျင်းပခဲ့ကြပါတယ်။ ပါတီအသီးသီးရဲ့ သမ္မတလောင်းတဦးစီကို တခဲနက်စီ ထုတ်ပြန်အတည်ပြုခဲ့ကြပါတယ်။ တနိုင်ငံလုံးက ရုပ်မြင်သံကြားအစီအစဉ်တွေကနေ ပါတီညီလာခံကို တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့် တာကြောင့် စိတ်ဝင်စားသူ ပြည်သူတွေအားလုံး ကြည့်ရှု သုံးသပ်ခွင့်တွေ ရကြတယ်။ မြန်မာပြည်မှာကတော့ သူတို့လောက် ခေတ်မီဆန်းသစ်တာ မရှိသေးလို့ မြန်မာတွေရဲ့ပါတီ ညီလာခံတွေ တိုက်ရိုက်မကြည့်ကြရပါ။ ဗဟိုကော်မီတီ တွေက ထုတ်ပြန်တာလောက်ကို သတင်းစာရှင်းလင်းပွဲတွေကတဆင့် သိကြရတာပေါ့။

ပါတီညီလာခံတွေမှာ ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရနဲ့ ပြည်နယ်ခေါင်းဆောင်တွေ၊ နိုင်ငံရေး သမားတွေ၊ အထူးရွေးချယ်ခံ ပြည်သူတွေကနေ ပါတီက ရွေးချယ်တဲ့ သမ္မတလောင်းကို ဘယ်သို့ဘယ်ပုံ ထောက်ခံကြောင်း၊ သူတို့တွေရဲ့ ဖြတ်သန်းမှုတွေ အောင်မြင်မှုတွေကို ဘယ်လိုမျိုးတွေ့ကြုံသိရှိကြောင်း မိန့်ခွန်းတွေပြော၊ ဟောပြောချီးမွမ်း တာတွေ လုပ်ကြပါတယ်။ လူထုနဲ့ မိတ်ဆက်ပေးကြပါတယ်။ ညီလာခံတက်ရောက်တဲ့ ပါတီပရိသတ် ကလည်း လွတ်လွတ် လပ်လပ် ထောက်ခံတာ၊ ကန့်ကွက်တာ၊ အော်ဟစ်တာတွေ လုပ်ကြပါတယ်။ သတင်းမီဒီယာတွေက မိန့်ခွန်းတွေ ဟောပြော ချက်တွေထုတ်ပြန်တာအပြင် ဟောပြောသူတွေ၊ ပရိသတ်တွေနဲ့ အင်တာဗျူးတာ၊ သုံးသပ်သူတွေရဲ့သဘောထားဆွေးနွေးတာတွေကို အချိန်မလပ် ထုတ်လုပ် ဖြန့်ချိကြပါတယ်။ မြန်မာပြည်မှာကတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ခေါင်းဆောင်ရဲ့ မိန့်ခွန်းနဲ့သဘောထားကိုသာ လူတွေက ကြားနာကြရတာများပြီး နောက်လိုက်ပုဂ္ဂိုလ်ကြီးတွေ နိုင်ငံရေးသမားတွေရဲ့ သ ဘောထားတွေ မိတ်ဆက်တာတွေတော့ ညီလာခံမှာ မကြားနာကြရ သေးပါဘူး။

မြန်မာပြည်က တပါတီအာဏာရှင်တွေ၊ စစ်အုပ်စုကျောထောက်နောက်ခံ အစိုးရတွေလက်ထက်မှာက သူတို့လို လူတိုင်းစင် ပေါ်တက် ပြောချင်တိုင်းပြောဟောတာထက် ညီလာခံဆိုတာ အဆင်သင့်ပြင်ထားပြီးသား မိန့်ခွန်းတွေဖတ်တာ၊ ထောက်ခံ တာ လုပ်ရုံနဲ့ပြီးကြရတာကိုး။ ၂၀၁၂ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲပြီးတော့မှသာ လူထုနဲ့တွေ့ဆုံပွဲ၊ ဟောပြောပွဲ၊ မဲဆွယ်ပွဲတွေ ဖြိုင်ဖြိုင် ကျင်းပနိုင်ကြရတာ။ သမ္မတလောင်း ရွေးချယ် မိတ်ဆက် အတည်ပြုတဲ့ ညီလာခံလိုဆိုတာမျိုး ကို တော့ နောက်လာမယ့် ရွေးကောက်ပွဲများမှာ မြန်မာပြည်လည်း လုပ်နိုင်မယ်ထင်မိပါရဲ့။

ရီပတ်ဘလစ်ကန်ညီလာခံကတော့ သူတို့သမ္မတလောင်း လုပ်ငန်းရှင်ကြီးထရန့်ကို ချီးမွမ်းခန်းဖွင့်၊ တဖက်ပါတီက သမ္မတ လောင်းကို ပုတ်ခတ်ဝေဖန်၊ သူတို့ရဲ့ပေါ်လစီတွေ လုပ်ငန်းစဉ်တွေ အလွန်ကောင်းမွန်ကြောင်း ပြောဆိုဝါဒဖြန့်တာတွေ မိုးမွှန်နေတာပါ။ သို့သော် မီဒီယာတွေနဲ့ သုံးသပ်သူတွေ အဓိကကောက်ချက်ကတော့ အလွန်ရှင်းပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဟာ လူတွေကို အကြောက်တရား၊ အမုန်းတရားတွေ ဖြန့်ချိ အသုံးချပြီး မဲဆွယ်နေတယ်ဆိုတာပါပဲ။ အစွန်းရောက်လွန်း တယ်၊ ပါတီဝင်တွေကိုယ်တိုင်ကလည်း ခါးသီးတဲ့အမြင်တွေ သဘောထားတွေပြောလွန်းတယ်လို့ ဝေဖန်ကြပါတယ်။ အမေ ရိကန်ရုပ်မြင်သံကြားက နာမည်ကျော် လူရွှင်တော်တွေကိုယ်တိုင်က ရီပတ်ဘလစ်ကန်ညီလာခံကို အကြီးအကျယ် ပြက်လုံး ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းတွေ ပြောပုံ ဆိုပေါက်တွေဟာ လူထုကြားမှာ စိတ်ပျက်စရာ၊ စိတ်ဆိုးစရာ၊ ဟာသလုပ်စရာဖြစ်ခဲ့ကြရတာနဲ့ နှိုင်းယှဉ်ပြီး တွေးနိုင်ပါတယ်။

ဒီမိုကရက်ညီလာခံကတော့ မြန်မာပြည်က အကယ်ဒမီပွဲတက်ရသလိုမျိုးပြောနိုင်တယ်။ အမေရိကန်က ဒီမိုကရက်နိုင်ငံရေး သမားတွေ ခေါင်းဆောင်တွေဆိုတာက နိုင်ငံတကာ ပရိသတ်ကြား ရေပန်းစားသမို့ အမေရိကန်တွေမပြောနဲ့ ပြည်ပကတောင် ထိုင်ကြည့်ကြရတယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း မာဒရင်းသြဘရိုက်တို့ ပြော ကြ ဆိုကြတာအပြင် လက်ရှိသမ္မတအိုဘားမားနဲ့ သမ္မတကတော် မစ်ချယ်အိုဘားမားတို့တွေ စကားပြောတာကို ပရိသတ်က သောင်းသောင်းဖျဖျအားပေးကြတာကိုး။

မြန်မာပြည်မှာဆိုရင်တော့ မဲဆွယ်ပွဲတွေမှာ အဆိုတော်တွေ ရုပ်ရှင်မင်းသား မင်းသမီးတွေ စင်ပေါ်တက် ပြောကြဆိုကြ သီဆို ဖျော်ဖြေကြတာလောက်နဲ့ ပြီးခဲ့ကြတာမို့လားနော်။

မနှိုင်းကောင်းနှိုင်းကောင်းတွေ မဆိုင်ရာတွေ ပြောနေတယ်လို့ ဆိုကြမယ်။ စိတ်ထဲခံစားမိတာ ပြောမိတာပါ။ သူတို့ဆီမှာက နိုင်ငံရေးအုတ်မြစ်ကခိုင်လေတော့ ဆိုင်ရာနယ်ပယ်မှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက အသုံးတော်ခံကြတယ်။ သမ္မတလောင်း ရွေးချယ်တဲ့ ပါတီညီလာခံမှာ နိုင်ငံရေး သမားတွေကထွက်ပြီး လှုံဆော်စည်းရုံး ဟောပြောပညာပေးကြရတာပေါ့။ မနှစ်က ရီပတ်ဘလစ် ကန်ညီလာခံမှာ ကလင့်အိစ၀ုဒ် မင်းသားအိုကြီး ထွက်မဲဆွယ်တာကို အမေရိကန်တွေက ဟား ကြဖူးပါတယ်။ မြန်မာပြည်က အင်န်အယ်ဒီ ပါတီညီလာခံမှာဆိုရင် ၀ါရင့်နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးကြည်မောင် (ကွယ်လွန်)၊ သခင်အုန်းမြင့် (ကွယ်လွန်)၊ ဦးဝင်းတင် (ကွယ်လွန်) နဲ့ ဘဘဦးတင်ဦး (သက်တော်ရှည် သံမဏိနိုင်ငံရေးသမားကြီး) တို့ ထွက်ပြီး စကားပြောကြမှာလို့ မြင်ယောင်ခံစားကြည့်မိပါရဲ့။

ဒီမိုကရက်ပါတီရဲ့သမ္မလောင်း ဟီလာရီကလင်တန်ကို အတည်ပြုကြဖို့ မိတ်ဆက်ပေးကြတာလည်း စိတ်ဝင်စားဖွယ်ပါ။ သူမနဲ့အပြိုင် သမ္မတလောင်းအဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်တွေ အချစ်တော်၊ ၀ါရင့်နိုင်ငံရေးသမားကြီး ဘာနီဆင်းဒါးကိုယ်တိုင်က အရှုံးကိုလက်ခံပြီး ကလင်တန်ကို ထောက်ခံပါကြောင်း ၀န်ခံမိန့်ခွန်းပေးပါတယ်။ တိုင်းပြည်မှာ တိုးတက်တဲ့အတွေးအခေါ်တွေ ဆန်းသစ်တဲ့ပေါ်လစီတွေ ဆက်လက်ထွန်းကားဖို့ ရှေးရိုးစွဲတွေရဲ့ အဟောင်းအမြင်း အယူအဆတွေက ရုန်းထွက်ကြဖို့ တိုက်ပွဲဆက်ဝင်ကြဖို့၊ ကလင်တန်နောက်က ထောက်ခံလိုက်ပါ ဆက်ချီတက်ဖို့ တိုက်တွန်းဟောပြောခဲ့ပါတယ်။ နည်းနာ အသေးစိတ်ချင်းမတူသော်လည်း ခံယူချက်တူညီတာကြောင့် တပါတီတည်းအမိုးတခုအောက်မှာ ခေါင်းဆောင်တွေ အတူ တကွ နေထိုင်ရုန်းကန်နေကြတာကို သင်ခန်းစာယူချင်စဖွယ် တွေ့ရပါတယ်။ အမေရိကန်က ဘာနီဆင်းဒါးကိုမြင်တော့ မြန်မာပြည်က ဦးဝင်းတင်ကို အောက်မေ့သတိရမိပါတယ်။ ဘဘဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န် အယ်ဒီပါတီနဲ့အတူ ရပ်တည်ခဲ့သော်လည်း မတူညီတဲ့နည်းနာ အယူအဆတွေကို ပွင့်လင်းစွာ ထုတ်ဖော်ဝေဖန် ပြောဆိုခဲ့တာ တွေ ပြန်မြင်ယောင်မိပါတယ်။

အကြောင်းတိုက်ဆိုက်လို့ ဘာနီဆင်းဒါးနဲ့ ဦးဝင်းတင်တို့တတွေ သူတို့ပါတီအလံတော်အောက်မှာ လိုက်နာရပ်တည်မှု တွေကြည့်ရင်း ရီပတ်ဘလစ်ကန်ပါတီကြီးကို ပြန်ကြည့်လိုက်တော့ ဖြစ်ပုံက ပြောင်းပြန်ဖြစ်နေပါတယ်။ သူတို့ရီပတ်ဘလစ်ကန်ပါတီကိုဦးဆောင်ပြီး သမ္မတလောင်း အရွေးခံ လိုက်သူက ပါတီအပြင်ဘက်က နိုင်ငံရေးလူစိမ်း၊ စီးပွားရေးလုပ်ငန်းရှင် ထရန့် ဖြစ်ပါတယ်။ ပါတီက အစဉ်အလာရှိသူခေါင်းဆောင်တွေကို နောက်ကောက်ချပြီး ခေါင်းဆောင်နေရာကို တက်လာ တာပါ။ ပါတီခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ တော်တော်များများဟာ ထရန့်ရဲ့ နိုင်ငံရေးခံယူချက်တွေ သဘောထား တွေကို မနှစ်သက်ကြသော်လည်း ပါတီဝင်တွေ မဲဆန္ဒရှင်တွေ က ထရန့်နောက်ကနေ တခဲနက် သဲသဲလှုပ်နေကြတာကြောင့် ပါတီရဲ့ မူလအစဉ်အလာတွေ လမ်းစဉ်တွေကနေ ဖြစ်ညှစ်ပြီးတော့ အပြင်လူကို သမ္မတလောင်းအဖြစ် အတည်ပြုပေးခဲ့ ကြရတာပါ။ ထရန့်နောက်မလိုက်ကြရင် ပါတီလည်း မထွေးနိုင် မမြိုနိုင်နဲ့ ပါတီပြိုကွဲကိန်း မြင်နေရတာကြောင့် မျက်စီမှိတ်ပြီး ပါတီခေါင်းဆောင်တွေက ခေါင်းညိတ်လိုက်ကြတာမို့ ပါတီအလံတော်နောက်သို့လား ထရန့်၏တကိုယ်တော်အလံတော် နောက်သို့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ကြရပါတယ်။

၂၀၁၅ တုန်းကလည်း မြန်မာပြည်က ပြည်ခိုင်ဖြိုးပါတီက တပ်မတော် စေလွှတ်လိုက်တဲ့ မိုးကျရွှေကိုယ် စစ်ဗိုလ်ကြီးများကိုငြင်းပယ်ဖို့ ကြိုးစားခဲ့ဖူးတယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ပြည်ခိုင်ဖြိုးဟာ သန်းကောင်ယံပါတီတွင်း အင်အားသုံးသန့်စင်ရေးလှုပ်ရှားမှုနဲ့ အားနည်းထိခိုက်မှုတွေ ဖြစ်ခဲ့ဖူးတာကို သတိရမိပါသေးတယ်။

ဒီမိုကရက်ပါတီရဲ့သမ္မတလောင်းအဖြစ် ခေါင်းဆောင်မှုပေးမယ့်သူကတော့ အားလုံးသိကြတဲ့ ဟီလာရီကလင်တန်ပါ။ တစိုက်မတ်မတ် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနှစ် ၃၀၊ အနှစ် ၄၀ ရှိတဲ့ အမျိုးသမီးခေါင်းဆောင်ကြီး ရင်ဆိုင်နေရတဲ့ ပြဿနာက ဟီလာရီကို ဘယ်သူကမှ အတွင်းကျကျ မသိကြလို့ပါ ဆိုသတဲ့။ ဒေါ်ကလင်တန်ဟာ တက်ကြွလှုပ်ရှား နိုင်ငံရေး သမား၊ သမ္မတကတော်၊ အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်များ တစိုက်မတ်မတ် ဆောင်ရွက်ရုန်းကန် ခဲ့သော်လည်း သူ့အတွင်းစိတ်ကို လူအများက မသိကြ၊ အကဲမစမ်းမိကြ၊ မယုံကြည်နိုင်ကြ ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးတွေတန်းတူညီမျှရေး၊ ကလေးသူယ်များအရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးတွေမှာ အမျိုးသားတွေကြား ရင်ဘောင်တန်း ရုန်းကန်ခဲ့သူ၊ ၂၀၀၈ တုန်းက လူမည်းသမ္မတလောင်း အိုဘားမားက သူ့ကိုဖြတ်ကျော်သွားချိန်မှာ အရှုံးကို အပြုံးနဲ့ ရင်ဆိုင်ပြီး ပါတီသမ္မတလောင်း အနိုင်ရရေး ဆောင်ရွက်ခဲ့သူ ဒေါင်ဒေါင်မြည် “မ” တဦးကို အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေက “အကြောင်းမသိကြသေး” ဆိုတာ စိတ်ဝင်စားစရာပါ။ စိတ်ဓာတ်ခိုင်မာလွန်းသူ၊ အကြိမ်ကြိမ်ရှုံးနိမ့် သော်လည်း အကြိမ်ကြိမ် ကုန်းရုန်းထပြီး နိုင်ငံရေးရည်မှန်းချက်ကြီးမားလွန်းသော “မတို့၏သြဇာ” ကို ရွံ့ကြ တွန့်ကြတာက အဓိကအကြောင်း ဖြစ်ပါလိမ့်မယ်။ သည်အတွက် ဒီမိုကရက်ညီလာခံကြီးကနေ သူတို့ပါတီရဲ့ ပထမဦးဆုံးသော အမျိုးသမီး သမ္မလောင်း ဒေါ်ကလင်တန်ကို ထောက်ခံအတည်ပြုကြချိန်မှာ သူ့မိတ်ဆွေ နိုင်ငံရေးခေါင်းဆောင်များ၊ မိသားစုဝင်များက အများသိဖို့ ဟီလာရင်ကလင်တန်ကို ၀ိုင်းပြီး “မိတ်ဆက်” ပေးခဲ့ကြတာဖြစ်ပါတယ်။ အလွန်စိတ်လှုပ်ရှား ၀မ်းမြောက်စရာ မြင်ကွင်း ဖြစ်ပါတော့တယ်။

မြန်မာပြည်နဲ့ဆက်စပ်တွေးမိပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သူမအကျယ်ချုပ်ကာလအတွင်းနဲ့ တောက်လျှောက် အနှစ် ၂၀ ကျော်  ပြည်သူလူထုတရပ်လုံးက  ထောက်ခံ ရပ်တည်ခဲ့ ကြတာပါ။ လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအမွေကို ဆက်ခံသူအဖြစ် လူထုက အပ်နှင်းရွေးချယ်ခဲ့ ရွေးကောက်တင်မြှောက်ခဲ့ကြတာပါ။ ဒေါ်စုကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် ကမ္ဘာကိုပါ သြဇာလွှမ်းခဲ့သူ။ ဒေါ်စုကိုယ်တိုင် စင်တော်ကောက် မိတ်ဆက် ပေးမှသာ နိုင်ငံရေးမှာ လူလားမြောက်ရသလို “ကျမတို့ ပါတီကိုရွေးပါ၊ လူကို ရွေးမနေပါနဲ့” ဆိုတော့လည်း လူထုက “ဟုတ်ကဲ့ပါ မေ မေ” ဆိုခဲ့ကြတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စန်းနဲ့ လမ်းဟာ ထူးခြားတယ်ဆိုရမှာ။ အဲသည်အတွက်လည်း ဒေါ်ကလင်တန်က ဒေါ်စုကို တွေ့ဆုံတဲ့အခါ  “အဝေးကြီးက လာခဲ့ရတဲ့” အမေရိကန်က အမျိုးသမီးခေါင်းဆောင်က ဒေါ်စုကို နိုင်ငံရေး သမား တဦးလို အရေထူထူခံနိုင်ရည်ရှိရှိနဲ့ ပြောင်းလဲရပ်တည်ဖို့ တိုက်တွန်းခဲ့တာ၊ လူစွမ်းကောင်းလို သူရဲကောင်းလိုမျိုးထက် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်စေလိုကြောင်း ဆန္ဒပြုပေးခဲ့တာ ပြန်ပြောင်းသတိရမိကြောင်းပါခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်က အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးအဖြစ် ရပ်တည်နေချိန်မှာ ဒေါ်ကလင်တန်ဟာ အမေရိ ကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံနိုင်ဖို့အရေး နိုဝင်ဘာရွေးကောက်ပွဲမှာ ပြိုင်ဖက်ပါတီက ရှေးရိုးစွဲဗိုလ်ကျသူ ကျား ၀ါဒီတဦးနဲ့ ယှဉ်ပြိုင် တိုက်ပွဲဝင်ရပါဦးမယ်။

နားလည်ရခက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လူတွေမသိတဲ့ ဒေါ်ကလင်တန်တို့နဲ့ ကျနော်တို့တတွေ အခုလို စိန်ခေါ်မှုတွေ ပြည့်လျှမ်းနေတဲ့ မျက်မှောက်ခေတ်ကာလမှာ ဆုံရကြုံရတာဟာ ကံထူးတယ်လို့ပဲ ဆိုချင်ပါတယ်။ အမေရိကန်ပါတီ ၂ ရပ်ရဲ့ သမ္မတလောင်း ရွေးချယ်တဲ့ ပါတီညီလာခံတွေနောက် သတင်းလိုက်နားထောင် ဖတ်ရှုရင်း တွေးမိ ဆုံမိ မြင်မိသမျှကို တင်ပြ လိုက်ရပါတယ်ခင်ဗျား။

အော် မေ့တော့မလိုဗျာ။ အမေရိကန် အခြေခံဥပဒေကြီးမှာက ၂၅ ရာခိုင်နှုန်း အမွေရ တပ်မတော် ကိုယ်စားလှယ်ကြီးတွေမပါဘူးခင်ဗျ။ ဆိုတော့ သူတို့ အမေရိကန်တပ်မတော်ကြီးရဲ့ တပ်မတော်ညီလာခံဆိုတာကြီးကိုတော့ Live မကြည့်ရတော့တာ နာသကွာပေါ့ဗျာ။ မြန်မာပြည်မှာဆိုရင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်ကိုယ်စားလှယ်ကြီးများနဲ့ တပ်မတော် စစ်ခေါင်း ဆောင်ကြီးများဦးဆောင်သော ညီလာခံဆိုတာ Live ကြည့်ချင် ကြည့်နေကြရဦးမှာ မဟုတ်ပါလားခင်ဗျား။