မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၅)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၅)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

● ဆေးကျောင်းသား
သို့နှင့် ၁၉၇၃ ခုနှစ် အောက်တိုဘာခန့်ကစ၍ မိမိလည်း ဆေးတက္ကသိုလ် ၂ သို့ တက်ရောက်သင်ကြားရသော ဆေးကျောင်း သားဖြစ်ခဲ့တော့သည်။ ထိုစဉ်က ဆေး ၂ သည် မင်္ဂလာဒုံ၌ရှိသည်။ ဆယ်မိုင်ကုန်းဘက်မှ ပြည်လမ်းအတိုင်းသွားလျှင် လေ ယာဉ်ကွင်းခြံစည်းရိုးအဆုံးရှိ ဓါတ်ဆီဆိုင်ကို ကျော်လျှင်ဆေး ၂ သို့ရောက်သည်။ ပြည်လမ်းမဘေး၌ ဆေးတက္ကသိုလ် ၂ ဟူ သော ဆိုင်းဘုတ်ကလေး ထောင်ထားသည်မှအပ ဘာမှထယ်ထယ်ဝါဝါ မရှိလှ။

ကျောင်းဝင်းအတွင်း ကန့်ကော်ပင်အုပ်အုပ်ကလေးရှိသည်။ ထိုကန့်ကော်ပင်အုပ်နောက်ရှိ ရှေးဟောင်း အုတ်တိုက်နီနီ အ ဆောက်အဦးလေးမှာ ပါမေက္ခချုပ်ရုံးဖြစ်သည်။ ထိုစဉ်က ပါချုပ်မှာ ဒေါက်တာဦးခင်မောင်ညိမ်းဖြစ်သည်။ စကားစပ်၍ပြော ရလျှင် မိမိတို့သားအဖ ၂ ဦးစလုံး ဆရာညိမ်းတပည့်များဖြစ်ခဲ့သည်ဟု ဆိုရမည်။ မိမိ ဆေး ၂ မရောက်မှီ ၁၀ နှစ်လောက်က အောင်ဆန်းရှိ ၂ နှစ်ကျော်တက်ရသည့် လက်ထောက်ကျန်းမာရေးမှူးသင်တန်းကျောင်းသို့ မိမိဖခင်တက်ရောက်စဉ်က ဆရာညိမ်းသည် ထိုသင်တန်းကျောင်း၏ကျောင်းအုပ်ဖြစ်သည်။ မောင်မယ်သစ်လွင်များကို ပါချုပ်ကတဦးချင်း ခေါ်တွေ့ဆုံ စဉ်က ဆရာညိမ်းအား ထိုအကြောင်းပြောဖြစ်ခဲ့သေးသည်။

ထိုပါချုပ်ရုံးနောက်တွင် ပထမနှစ်ဆေး စာသင်ခန်း ၂ ခန်းနှင့် လက်တွေ့ဆောင် ၂ ခုရှိသည်။ ထိုနောက်ဖက်ကို ဆက်ဆင်း သွားပါက ရှေးဟောင်းအုတ်တိုက်နီနီ ၂ ဆောင်ရှိသည်။ တခုက ခန္ဓာဗေဒဌာန၊ နောက်တခုက ဇီဝကမ္မဗေဒဌာနဖြစ်သည်။ ထိုအဆောင် ၂ ခု နောက်ဖက်သို့ ဆက်ဆင်းသွားပါက ဆေးကျောင်းသားများအတွက် လူနေဆောင်ရှိသည်။ အသစ်ဆောက် လုပ်ထားသော စီပုံသဏ္ဌာန် ၃ ထပ်ဆောင်ဖြစ်ပြီး ထမင်းစားဆောင်က သီးသန့် ဖြစ်သည်။ ဆေးကျောင်းသားဆောင်အား National Hall အမျိုးသားဆောင်ဟု နာမည်ပေးထားသည်။ ဆေးကျောင်းသူဆောင်ကတော့ ပြည်လမ်းမပေါ်ရှိ ပါချုပ်ရုံး၏မျက်စောင်ထိုးတွင်ရှိသော သစ်သား ၂ ထပ်ဆောင်လေးဖြစ်ပြီး သီတာဆောင်ဟု ခေါ်ဝေါ်ပါသည်။

ဆေး ၂ ၏ပတ်လည်တွင်တော့ မင်္ဂလာဒုံစစ်ဆေးရုံ ဆေးတပ် စစ်သူနာပြု ကဒက်ဆောင်များ ပတ်လည်ဝိုင်းရံထားသည်။ ထိုစဉ်ကတော့ မင်္ဂလာဒုံစစ်ဆေးရုံတွင် လက်တွေ့ဆင်းရန်လွယ်ကူဖို့ နီးနီးကပ်ကပ်ဆောက်ခဲ့ပုံရသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆေး ၂ အား မြောက်ဥက္ကာလာပသို့ ပြောင်းရွှေ့ခဲ့ပြီး မင်္ဂလာဒုံရှိ ဆေး ၂ အဆောက်အအုံများအား တပ်ကသိမ်းပိုက် လိုက်တော့သည်။ စစ်ဖက်၏ အသိမ်းပိုက်ခံလိုက်ရသော တခုတည်းသော အရပ်ဖက်တက္ကသိုလ် အဆောက်အအုံများဟု ဆိုရမည်။

ထိုစဉ်က ဆေး ၁ တွင် ကျောင်းသား ၃၀၀ ဆေး ၂ တွင် ကျောင်းသား ၁၀၀၊ မန်းဆေးတွင် ကျောင်းသား ၁၅၀ သာ လက်ခံ သည့်ကာလဖြစ်သည်။ ဆေး ၂ ကျောင်းသား အနည်းဆုံးဖြစ်သည်။ တတန်းလျှင် ၁၀၀ မျှသာရှိသည်။ ပါချုပ်ရုံးနားက စာသင်ဆောင်တွင် ပထမနှစ်ဆေးက ကျောင်းသား ၁၀၀ ခန့်ရှိသည်။ ပနှစ်ဆေးက တနှစ်ခွဲဆိုတော့ ၆ လခန့်တော့ အကြီး တန်းနှင့်အငယ်တန်းပေါင်း ၂၀၀ ခန့်ရှိတတ်သည်။ အလားတူ ဒုတိယနှစ်ဆေးကတော့ ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ အုတ် တိုက်နီ ၂ ဆောင်တွင်ရှိသည်။ တတိယနှစ်ဆေးကတော့ တခါတရံ ပါချုပ်ရုံးနားက စာသင်ဆောင်မှာသင်တတ်သကဲ့သို့ ဆေးရုံမှာလည်းသင်သည်။ နောက်ဆုံးနှစ် အပိုင်း (က) နှင့် အပိုင်း (ခ) ကတော့ ဆေးရုံမှသင်သည်။ လက်တွေ့ဆင်းကြသည်။ မင်္ဂလာဒုံစစ်ဆေးရုံနှင့်မြောက်ဥက္ကလာပ ဆေးရုံတို့တွင် စာသင်ခန်းများထားပေးသည်။

ထို့ကြောင့် တကယ်ကျောင်းတက်ရချိန်တွင် ဆေး ၂ ပင်မကျောင်းတွင် ကျောင်းသားများများစားမရှိ။ ၂၀၀ ခန့်သာရှိတတ်ရာ မူလတန်းကျောင်းလောက်ပင် ကျောင်းသားမများ။ စည်စည်ကားကားမရှိ။ တနေကုန် ကိုယ်အတန်းက ကျောင်းသား ၁၀၀ ခန့်ကလွဲ၍ အခြားတန်းလူများ မတွေ့ရတတ်။ အတော်ခြောက်တီးခြောက်ကပ်နိုင်သော တက္ကသိုလ်ကြီးဟု ဆိုရမည်။ ညနေ
အတန်းဆင်းချိန် အဆောင်တွင်တော့ အတန်းပေါင်းစုံမှကျောင်းသားများနှင့် စည်ကားတတ်သည်။ အထူးသဖြင့် လကုန် ရက်နီးလျှင် အဆောင်၌ ကျောင်းသားများ လူစုံတက်စုံရှိတတ်သည်။ ပိုက်ဆံပြတ်ချိန်ဆိုတော့ အဆောင်၌မြဲကာ အဆောင် ထမင်း အဆောင်ဟင်းကို ကြိတ်မိတ်စားရင်း ခြေချုပ်မိနေကြ၍ ဖြစ်ပေသည်။ လဆန်းစ အိမ်ကငွေပို့ချိန်ဆိုလျှင်တော့ ငွေစ လေးရွှင်ကြသဖြင့် လတ်ယားလတ်ယား အပြင်ထွက်သူများတတ်သည်။

● အဆောင်နေကျောင်းသား
အဆောင်တွင် မိမိတို့ အငယ်တန်း ၃ တန်းက ၂ ယောက်တခန်းနေရသည်။ အကြီးတန်း ၄ တန်းက တယောက် တခန်းနေရ သည်။ မိမိကျသည့်အခန်းက အခန်းနံပတ် ၇ ဖြစ်ပြီး အခန်းဖေါ်က မိမိအောင်ခဲ့သည့် အုတ်ဖိုနှင့်ကပ်ရက် ကြို့ပင်ကောက်က ဝင်းမြင့်ဖြစ်သည်။ ဆေး ၂ ကိုဝင်ခဲ့သည့် ခုံနံပါတ်ကလည်း မိမိက ၄၉ သူက ၅၀ ရှေ့ဆင့်နောက်ဆင့်ဖြစ်သည်။ မိမိနှင့် အခန်းကပ်ရက် အခန်း ၅ တွင် ပဲခူးကအောင်လာသူ သိန်းမြင့်နှင့် ဝင်းရီရှိသည်။

မြောင်းမြကအောင်လာသော သန်းဝင်းနှင့်ကျော်ဝင်းက အခန်း ၃ ကထင်သည်။ အခန်း ၂ တွင် ဒင်းနစ်ခေါ် မျိုးမင်းနှင့် မောင် လှ ၂ ယောက်နေကြသည်။ အခန်း ၃ မျက်နှာချင်းဆိုင် အခန်း ၄ မှာတော့ ပုသိမ်ကအောင်လာသူ ကိုစိုးအောင်နှင့်ပြည်မှ မောင်မောင်ထွေးရှိသည်။ သူတို့ ၂ ဦးက မိမိတို့ထက် တနှစ်စောသည်။ ၁၉၇၂ ရောက်သူများဖြစ်ပြီး ပထမနှစ်ဆေးအကြီးတန်း မှဖြစ်သည်။ အခန်း ၆ တွင် မြောင်းမြကအောင်လာသူ စောသိန်းဝင်းနှင့်ဖေကြိုင်ရှိသည်။ ထို ၂ ယောက်ကား ကံတူအကျိုး ပေးများဖြစ်ပုံရသည်။ ယနေ့တိုင် ၂ ဦးစလုံးအိမ်ထောင်မကျ ဘဲ လူပျိုကြီးများဖြစ်နေကြသည်။ မိမိတို့နှင့် မျက်နှာချင်းဆိုင် အခန်း ၈ ၌ တောင်ငူက ကိုသိန်းထွန်းခေါ် မောင်သတ္တိရှိသည်။ သူက ၁၉၇၁ ကျောင်းရောက်သူဖြစ်ပြီး ဒုတိယနှစ်ဆေး မှဖြစ်သည်။

အချိန်တိုအတွင်း မိမိနှင့် တနှစ်ထဲအောင်လာသူများရော အတန်းကြီးသူများရော အခန်းနီးချင်းများ ခဏအတွင်း ကိုယ်ကို ကိုယ်မိတ်ဆက်၍ ခင်မင်သွားကြသည်။ ထိုမှစ၍လည်းနှစ်ပေါင်းများစွာခင်မင်ခဲ့ကြပြီး ဆဲမနာ ဆိုမနာများဖြစ်ခဲ့ကြသည်။ မိမိလည်းထိုချိန်မှစ၍ လွတ်လပ်ပေါ့ပါးသော မိမိစိတ်တိုင်းကျ ထင်တိုင်းကျဲနိုင်သော အဆောင်နေကျောင်းသားဘဝကို ရရှိ ခဲ့သည်ဟု ဆိုရမည်။ ထိုစဉ်က မိန်းကလေးဆောင်များကိုသာ ညဝင်ချိန်ထွက်ချိန် ကန့်သတ်တင်းကြပ်ထားသော်လည်း ယောက်ျားလေးဆောင်များမှာ အကန့်အသတ်မရှိ ဝင်ချိန်ထွက်ချိန် သတ်မှတ်ထားခြင်းမရှိ။ တက္ကသိုလ်ကျောင်းသားများဖြစ် ပြီမို့ မိမိဘာသာ အထိမ်းအကွပ်ရှိရန်သာ လိုအပ်သည်။

ထိုစဉ်အဆောင်လခ ထမင်းဖိုးနှင့်ကျောင်းလခမှ တလလျှင် ၅၇ ကျပ်ဖြစ်သည်။ ထမင်းစားဆောင်တွင် မနက်စာ လဘက် ရည်နှင့် မုန့်တမျိုးနှင့် နေ့လယ်စာ ညနေစာတို့ကတော့ ထမင်းနှင့်ဟင်း အသားငါးတလှည့်စီချက်ကြွေးသည်။ ဝက်သားမစား အမဲသားမစားတို့က ကြိုစာရင်းပေး၍ရသည်။ ထိုသူတို့အတွက် ဘဲဥ တလုံးနှင့်တခြမ်း ရသည်။ ထမင်းစားပွဲကိုယ်စီနှင့် ဇွန်းနှင့်ခရင်းနှင့် အကျအနထိုင်စားခွင့်ရသည်။ စားပြီး ပန်းကန်ဆေးရန် သိမ်းရန်မလို စားပွဲထိုးရှိသည်။ အခါကြီးနေ့ကြီး ပိတ် ရက် အချို့တွင် အလုပ်သမားများအနားပေး၍ တနေ့စာ ထမင်းဖိုး ၁ ကျပ် ပြား ၄၀ ပြန်အပ်သည်။ မနက်စာက ပြား ၂၀ ထမင်းတနပ် ပြား ၆၀ နှုန်းဖြစ်သည်။

စတိုင်ကျ သည့် အဆောင်ကျောင်းသားဘဝကိုနောက်ဆုံးပိုင်းမှီလိုက်သည်ဟု ဆိုရမည်။ ထို့ပြင် အဆောင်တွင်လည်း ရေ မီးပူစရာမလိုဘဲ ဖေါဖေါ သီသီသုံးခွင့်ရသည်။ ယခုခေတ်ကျောင်းသားများကတော့ အဆောင်နေကျောင်းသားဘဝ ဆုံးရှုံး သွားသည်။ ရပ်ကွက်များတွင် ကြပ်ကြပ်တည်းတည်း ဖြစ်သလိုနေစား၍ ကျောင်းတက်နေရသည်။ ပညာရေးလောက ဆုတ် ကပ်ဟုဆိုရမည်။ တက္ကသိုလ်ကျောင်းသည် အသိပညာ အတတ်ပညာ ဆည်းပူးရာသက်သက်သာမက နေမှု ထိုင်မှု ဘဝ အဆင့်အတန်းကိုပါ သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သော်လည်း အဆိုပါ လေ့ကျင့်သင်ကြားပေးသည့် အဆောင်နေကျောင်း သားဘဝသည် ၁၉၈၈ နောက်ပိုင်း အဖျက်ဆီးခံလိုက်ရသည်။ စစ်ဖက်ကဖွင့်သော တက္ကသိုလ်များတွင် ဤအခွင့်အရေးရပြီး အရပ်ဖက်တက္ကသိုလ်အားလုံးတွင် ထိုအခွင့်အရေးဆုံးရှုံးသွားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နယ်မြေမှ ဒုနှင့်ဒယ်နှင့် ဆောက်ထားသော အဆောက်အအုံများပစ်ထား၍ တောခေါင်ခေါင်တွင် တက္က သိုလ်များဖွင့်သည်။ အနယ်နယ်အရပ်ရပ်တွင် ခွဲခြားပစ်သည်။ လိုအပ်သည့် အဆောက်အအုံများ ပံ့ပိုးနိုင်ခြင်းမရှိခဲ့။ ကျောင်း သားများ မစုစည်းဖို့ စုမိလျှင်ဆူပူမည်ကို စိုးရိမ်ကြောင့်ကျခြင်းကို ရှေ့တန်းတင် စဉ်းစားခဲ့ပုံရသည်။ ထို့ပြင် ပညာရေးဆိုသည် မှာ ပြန်မရနိုင်သော ရင်းနှီးမြှုပ်နှံမှုဆိုသည့် နလပိန်းတုံးအချို့လည်း ရှိခဲ့ပုံရသည်။ အရှေ့တောင်အာရှတွင် သက်တမ်းအရင့် ဆုံး ရန်ကုန်တက္ကသိုလ်ကြီးလည်း တန်းမဝင်ဖြစ်ခဲ့ရသလို ကျောင်းသားများ၏ အခွင့်အရေးများလည်းဆုံးရှုံးခဲ့သည်။

● အဆောင်ကြို ဆိုပွဲ
တက္ကသိုလ်ကျောင်းသားသစ်တွေရောက်လာည်နှင့် တက္ကသိုလ်တိုင်းတွင် မောင်မယ်သစ်လွင်ကြို ဆိုပွဲပြု လုပ်ပေးကြသည်။ ပါမေက္ခချုပ်ဆရာများက ဆုံးမသြဝါဒစကားပြောကြားကြသည်။ နေထိုင်မှုဘဝ စာသင်ကြားရေးတို့နှင့်ပတ်သက်၍ လမ်းညွှန် ကြသည်။ မိမိတို့ဆေး ၂ တွင် အလားတူ မောင်မယ်သစ်လွင်ကြိုဆိုပွဲလုပ်သည်။ တက္ကသိုလ်ကြိုဆိုပွဲပြီးတော့ အဆောင် ကလည်း အဆောင်ကြို ဆိုပွဲလုပ်ပွဲလုပ်သည်။

ထိုစဉ်က မိမိတို့ ဆေး ၂ အမျိုးသားဆောင် အဆောင်မှူးက ဒေါက်တာမောင်မောင်ညို ဖြစ်သည်။ သူကဆေးတပ်တွင် ဗိုလ်မှူးအဖြစ်မှ အငြိမ်းစားယူပြီး အရပ်ဖက်ပြောင်းလာသူဖြစ်ပြီး ခန္ဓာဗေဒဌာနမှူး ပါမောက္ခလည်းဖြစ်သည်။ ဆေးပညာစာအုပ်များရေးသားခြင်းဖြင့် လူသိများသူဖြစ်သည်။ ပညာရပ်ဆိုင်ရာတွင် လူတော်တစ်ဦးဖြစ်သည်ဟု ဆိုရပါမည်။ သို့သော် ထိုစဉ်က အဆောင်နေကျောင်းသားများနှင့် သိပ်အဆင်မပြေလှပေ။

အဆောင်ကြိုဆိုပွဲက အခန်းအနားကြီးကြီးကျယ်ကျယ်တော့မလုပ်ပါ။ ပုံမှန်ထမင်းကြွေးရာမှ ဒန်ပေါက်နှင့်အအေးတိုက် မည်ဟု ကြေငြာထားသည်။ ထိုညနေ ပုံမှန် ၄ နာရီထမင်းစားဆောင်ဖွင့်ချိန်လည်း မဖွင့်နိုင်။ တဖြေးဖြေးအချိန်ကြာလာတော့ ကျောင်းသားများလည်း အော်ကြ ဟစ်ကြပါသည်။ ၄ နာရီခွဲကျော် ၅ နာရီခန့်မှ ထမင်းစားဆောင်ဖွင့်သည်။ ကျောင်းသားများ လည်း ဝုန်းဒိုင်းကြဲဝင်ရောက်သွားကြသည်။

ဖရက်ရှာဟုခေါ်သည့် မောင်မယ်သစ်လွင် မိမိတို့ကား ဖရက်ရှာပီသသည်။ နောက်ဆုံးမှ ခပ်အေးအေးဝင်သွားကြသည်။ ဒန်ပေါက်ရောက်လာမလား စောင့်ကြရာ အတန်းကြီးများစားသောက်၍ ထသွားကြသည့် ညနေ ၆ နာရီအထိ မိမိတို့ ဖရက် ရှာများ ဒန်ပေါက်မစားရ။ မလောက်လို့ သွားပြန်ယူနေသည်ဟု ဆိုသည်။ ဖရက်ရှာပီပီ ခံရချေပြီ။ ဖရက်ရှာကြိုဆိုပွဲမှာ ဖရက်ရှာ ဦးစားပေးမခံရ။ အဆောင်မှူးဆိုသူလည်း ဘယ်ရောက်နေသည်မသိ။ အတန်းကြီးသမားများအဆိုအရ ညနေဆေး ခန်းသွားထိုင်နေသည်ဟု ဆိုသည်။

မိမိတို့က ဒေါသအလိပ်လိုက်ထွက်နေချေပြီ။ တုန့်ပြန်ဖို့လည်း ဆုံးဖြတ်လိုက်ကြသည်။ အားလုံးကလည်းသဘောတူကြ သည်။ သို့နှင့် ခပ်အေးအေးနေတတ်သူ ကျောင်းသားများကို မင်္ဂလာဒုံဈေးတွင် ထမင်းသွားစားရန်လှုံ့ဆော်လိုက်သည်။ လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲ ဒေါသ ငယ်ထိပ်ရောက်နေသော ကျောင်းသား ၁၅ ယောက်ခန့်သာ ကျန်နေခဲ့ကြသည်။ ည ၇ နာရီထိုးလောက်ကျမှ ဒန်ပေါက်ရောက်ပြီဆိုပြီး မိမိတို့ကိုလာခေါ်သည်။ မိမိတို့တသိုက်လည်း ထမင်းစားဆောင်ကိုသွား၍ အားလုံးတိုင်ပင်ထားသည့်အတိုင်း တစ်ယောက်လျှင် ဒန်ပေါက် ၂ ပွဲစီယူ၍ ထမင်းစားဆောင်အပြင်သို့ သယ်ပြီးသွန် ပစ် လိုက်ကြသည်။ ထမင်းစားဆောင်တခုလုံး တိတ်ဆိတ်နေသည်။ ထမင်းစားဆောင်တာဝန်ယူသူများလည်း တခွန်းမှ မဟကြ။ အခြေအနေတင်းမာနေသည်ကို သဘောပေါက်သကဲ့သို့ သူတို့စီစဉ်မှု ပေါ့လျော့မှုကြောင့်ဆိုသည်ကိုလည်း သ ဘောပေါက်ပုံရသည်။

မိမိတို့လည်း ဒန်ပေါက်သွန်ပြီးနောက် မင်္ဂလာဒုံဈေးသို့ ထမင်းစားထွက်ခဲ့ကြသည်။ မိမိတို့ထွက်ကြတော့ ၆ နာရီလောက်က ထမင်းစားထွက်သွားကြသူများ အလျှိုလျှို ပြန်လာကြသည်ကို လမ်းမှာတွေ့ရသည်။ ခပ်အေးအေးနေကြသူ သူငယ်ချင်းများ လည်း ကံတော့မကောင်းကြ။ ည ၈ နာရီခန့်တွင် အဆောင်မှူး ဒေါက်တာမောင်မောင်ညို ပြန်ရောက်လာပြီး အကြောင်းစုံသိ သွားပြီးနောက် မိမိတို့ ပထမနှစ်ဆေး အငယ်တန်းမှ အဆောင်နေကျောင်းသားသစ်များအားခေါ်တွေ့ သြဝါဒမြွက်ကြား တော့သည်။ ကံမကောင်းအကြောင်းမလှစွာပင် ထိုအချိန်တွင် ဒန်ပေါက်သွန်ခဲ့ကြသူ မိမိတို့တသိုက်ကား မင်္ဂလာဒုံဈေးတွင် ရှိနေသေး၍ မိမိတို့မပါ။ ဒန်ပေါက်သွန်ရာတွင်မပါဘဲ စောစောစီးစီး ထမင်းထွက်စားသူများက ပြန်ရောက်နေ၍ သူတို့တတွေ သြဝါဒခံယူလိုက်ကြသည်။

မိမိကာလက ရေမီးအစုံနှင့် ထမင်းစားဆောင်နှင့် အတော်အတန်ပြည့်စုံနေသည်ဖြစ်သော်လည်း အဆောင်မှူးဖြစ်သူ အ ဆောင်နေကျောင်းသားများအပေါ် တာဝန်ယူမှု ပြည့်ပြည့်ဝဝ မရှိ၍ ထိုကဲ့သို့သောအခြေအနေများပေါ်လာရခြင်းဖြစ်ပေ သည်။ ထိုအချိန်မှစ၍ ထိုအဆောင်မှူး သူဘာသာရပ်တွင်မည်မျှထူးချွန်သည်ဖြစ်စေ မိမိလေးစားသည့်စာရင်းထဲတော့ မပါတော့ချေ ။နောင်ပြန်စဉ်းစားကြည့်တော့ ထိုစဉ်က အဆောင်မှူးများကို ပါမောက္ခများကိုတာဝန်ပေးထားရာ သူတို့၏သင်ကြားရေးတာဝန်များကြောင့် လစ်ဟင်းသလားဟု စဉ်းစားမိသည်။ သို့သော် သူတို့အောက်တွင် Hall tutor ဟုခေါ်သည့် လက်ထောက်အဆောင်မှူးများရှိရာ ထိုသူများမှတဆင့် စနစ်တကျ စီစဉ်သင့်သည်။ တက္ကသိုလ်ကျောင်း အဆောင်မှူးနှင့် အဆောင်နေကျောင်းသားများကြား နားလည်မှုမရှိ ရင်းရင်းနှီးနှီး ဆက်ဆံမှုမရှိခြင်းများသည် ထိုအဆောင်၏လှုပ်ရှားမှု စည်းကမ်းထိမ်းသိမ်းမှုများတွင် အကျိုးမဲ့စေသည်ဟု ဆိုရမည်။

သို့နှင့် မိမိ၏အဆောင်နေကျောင်းသားဘဝသည် အဆောင်ကြိုဆိုပွဲ၌ ဒန်ပေါက်သွန်ခြင်းဖြင့် အစပြု ခဲ့သည်ဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )

photo credit U Hla Oo