ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ - ဗမာပြည်ရဲ့ ပထမဆုံး DDR/SSR သင်ခန်းစာ

မိုင်ဂျာယန် ညီလာခံ၊ ၂၆ ဇူလိုင်၊ ၂၀၁၆၊ ဗီအိုအေ

ဂါမဏိ - ဗမာပြည်ရဲ့ ပထမဆုံး DDR/SSR သင်ခန်းစာ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၆

၁၉၄၅ ခု ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ ဗမာပြည်မှာ အဓိကအားဖြင့် စစ်တပ်သုံးခု ရှိနေခဲ့တယ်။ တခုက မဟာမိတ်တပ်လို့ခေါ်တဲ့ ဗြိတိသျှတပ်နဲ့ အမေရိကန်တပ်တွေဖြစ်ပြီး တခုက ဗမာပြည်တပ်မတော် (Burma Army) လို့ခေါ်တဲ့ ဗြိတိသျှလက်အောက်ခံ ဗမာပြည်ကိုလိုနီစစ်တပ်၊ နောက်တခုကတော့ ဗိုလ်ချုပ်အောင် ဆန်း ခေါင်းဆောင်တဲ့ မျိုးချစ်ဗမာ့တပ် (PBF) ဖြစ်တယ်။ PBF ဟာ မူလနာမယ် ဗမာ့အမျိုးသားတပ်မတော် (BNA) ဖြစ်ပေမဲ့ အင်္ဂလိပ်က တရားဝင်အစိုးရမဟုတ်ဘဲ တပ်မတော် (Army) လို့ အမည်ခံခွင့်မရှိဘူး၊ မျိုးချစ်အင်အားစုများအဖြစ်ဘဲ အသိအမှတ်ပြုတယ်ဆိုပြီး တပ်မတော်မဟုတ်တဲ့ တပ် (Forces) နာမယ်ဘဲ ခံယူခိုင်းခဲ့တာ ဖြစ်တယ်။

ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီးမှာ မဟာမိတ်တပ်တွေက ဂျပန်ကိုတိုက်ရင်း ဗမာပြည်ကိုသိမ်းတော့ ဗမာ ပြည် သုံးပုံတပုံလောက်မှာ တစိတ်တပိုင်းစစ်ကူတိုက်ပေးခဲ့တဲ့ PBF ဟာ တရားဝင်နေရာရဖို့ အသဲအသန် ကြိုးပမ်းခဲ့ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အင်္ဂလိပ်ကိုလိုနီဘဝမှာ ၆ လက္မ ဓားတောင် ကိုင်ခွင့်မရှိခဲ့ရာက ဗိုလ်ချုပ်အောင်ဆန်းကြောင့် ဗမာအမျိုးသားလက်နက်ကိုင်တပ်တခု ဖြစ်လာတဲ့အတွက် BIA-BDA-BNA-PBF တို့ဟာ ဗမာလူထုထောက်ခံမှု သိမ်းကြုံးရယူနိုင်ခဲ့တယ်။ ဒါကြောင့် PBF ကို အမြဲတမ်း ဗမာ့တပ် မတော်ထဲ ပေါင်းစည်းထည့်သွင်းနိုင်ဖို့ ၁၉၄၅ ခု စက်တင်ဘာ ၇ ရက်မှာ ဒီနေ့ သီရိလင်္ကာ လို့ခေါ်တဲ့ သီဟိုဠ်ကျွန်း ကန္ဒီမြို့မှာ ကန္ဒီစာချုပ် ချုပ်ခဲ့ကြတယ်။

ဗမာပြည်ရဲ့ ပထမဆုံး DDR (လက်နက်ဖြုတ်ရေး၊ အင်အားလျှော့ရေး၊ အရပ်သားပြန်လုပ်ရေး) အစီအစဉ် မှာ ဗမာဘက်က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ စတဲ့ PBF တပ်မှူး ၇ ယောက်၊ ကရင်ခေါင်းဆောင် စော ဘဦးကြီး၊ ရခိုင်ခေါင်းဆောင် ကိုညိုထွန်းနဲ့ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းတို့ တက်ရောက်ခဲ့ တယ်။ အင်္ဂလိပ်ဘက်က အရှေ့တောင်အာရှတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်၊ ဗမာပြည် စစ်မြေပြင်တပ်မှူး ဗိုလ်ချုပ်ကြီးစလင်းမ် နဲ့ ဗမာပြည်ဘုရင်ခံ ဒေါ်မန်စမစ်တို့ တက်ရောက်ခဲ့တယ်။

ကွန်မြူနစ်တပ်တွေဟာ PBF ထဲပါနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းတို့သဘောထားအတိုင်း သခင် သန်းထွန်းက သဘောတူခဲ့ပေမဲ့ အင်အား ၁၀၀၀၀ နီးပါးရှိတဲ့ ကရင်ပျောက်ကျားတပ်တွေအတွက် စောဘဦးကြီးက သီးခြားမတောင်းဆိုခဲ့ဘဲ ကန္ဒီစာချုပ်ကို လက်ခံခဲ့တယ်။ အလားတူဘဲ ရခိုင်ပျောက် ကျားတပ်တွေအတွက်လဲ ကိုညိုထွန်းက သီးခြားမတောင်းဆိုခဲ့ဘဲ ကန္ဒီစာချုပ်ကို လက်ခံခဲ့ပါတယ်။

ဂျပန်ကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့ အင်အား ၁၀၀၀၀ ကျော် ကချင်ရိန်းဂျားတွေနဲ့ ချင်းလဲဗီး ကချင်လဲဗီးတွေ ကတော့ ကန္ဒီအစည်းအဝေးမှာ သီးခြားကိုယ်စားပြုမခံခဲ့ရဘဲ အင်္ဂလိပ်တပ်ကဘဲ ကိုယ်စားပြုသွားခဲ့တယ်။ အင်္ဂလိပ်လက်အောက်ခံ ဗမာပြည်တပ်မတော်ထဲက ကရင်တပ်၊ ကချင်တပ်၊ ချင်းတပ်တွေအဖြစ် အင်္ဂလိပ် က စဉ်းစားစီစဉ်တာကိုဘဲ တိုင်းရင်းသားတွေက လက်ခံလိုက်ပုံရတယ်။

တဖက်ကကြည့်ရင်တော့ အဲ့ဒီအချိန်က တိုင်းရင်းသားတွေ နိုင်ငံရေးနိုးကြားမှု အားနည်းတာကတကြောင်း၊ အင်္ဂလိပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးတာကတကြောင်းမို့လို့ ကာလတခု အဆင်ပြေငြိမ် သက်နေပေမဲ့ နောင်မှာမီးထတောက်မယ့် ပြဿနာမီးခဲတွေ ကျန်နေခဲ့တယ်။ ကန္ဒီစာချုပ်ထဲ ထည့်မခံရတဲ့ ရခိုင်ပျောက်ကျားတွေဆိုရင် လက်နက်မအပ်ဘဲ ၁၉၄၅ နိုဝင်ဘာလမှာ အင်္ဂလိပ်ကို ဆက်တော်လှန်ခဲ့ကြ တယ်။

ဒီလိုနဲ့ PBF အင်အား ၅၇၀၀ ကို ဗမာပြည်တပ်မတော်ထဲသွင်းပြီး အင်အား ၃၀၀၀ ကျော်ကို သေနတ်ကိုင် တပ်ရင်း ၃၊ တပ်ရင်း ၄၊ တပ်ရင်း ၅ နဲ့ အမြောက်တပ်ရင်း ၁ (နောင်မှာ တပ်ရင်း ၆) အဖြစ် အဓိကဖွဲ့စည်းခဲ့ တယ်။ ကျန်တဲ့ ၂၀၀၀ ကိုတော့ တခြားလက်ရုံးတပ်၊ ဝန်ထမ်းတပ်တွေထဲ သွင်းလိုက်တယ်။ တပ်အသစ်ထဲ ဝင်ခွင့်မရတဲ့ PBF ၂-၃ သောင်းလောက်ကတော့ အများစု အရပ်သားပြန်ဖြစ်ကြပြီး အတော်များများကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်နဲ့ တချိန်ချိန်မှာလိုအပ်လာရင် အင်္ဂလိပ်ကို ပြန်တိုက်နိုင်ဖို့ ပြည်သူ့ ရဲဘော် ဆိုတဲ့ တရားမဝင် လက်နက်မဲ့ပြည်သူ့စစ်အဖွဲ့ ထူထောင်ခဲ့ကြတယ်။ နိုင်ငံရေးလုပ်ချင်တဲ့ ဗိုလ်ချုပ် အောင်ဆန်းလဲ တပ်ကထွက်လိုက်ရတယ်။

ကန္ဒီစာချုပ် DDR မှာ ဗမာပြည်တပ်မတော်ထဲက တိုင်းရင်းသားခြေလျင်တပ်တွေအဖြစ် ကချင်တပ်ရင်း ၂ ရင်း (ကချင်သနက-၁ နဲ့ ကချင်သနက-၂)၊ ချင်းတပ်ရင်း ၂ ရင်း (ချင်းသနက-၁၊ ချင်းသနက-၂)၊ ကရင် တပ်ရင်း ၂ ရင်း (ကရင်သနက-၁ နဲ့ ကရင်သနက-၂)၊ PBF မဟုတ်တဲ့ လူမျိုးပေါင်းစုံဗမာတပ်ရင်း ၂ ရင်း (ဗမာ့သနက-၁၊ ဗမာ့သနက-၂)၊ ချင်းအမြောက်တပ်ရင်း ၁ ရင်း ပါဝင်တယ်။ တနည်းအားဖြင့်ပြောရင် ၄ ရင်းနဲ့ ၉ ရင်း အချိုးအစားဖြစ်တယ်။ မူလသဘောတူခဲ့တာက ဗမာ့တပ်မတော် သို့မဟုတ် ဗမာပြည်တပ်မ တော်မှာ စုစုပေါင်းတိုက်ခိုက်ရေး ၁၀ ရင်းထားမယ်၊ ဗမာ PBF ၃ ရင်း၊ တိုင်းရင်းသား ၆ ရင်း၊ လူမျိုးစုံ ၁ ရင်းလို့ သတ်မှတ်ခဲ့ပေမဲ့ အတိအကျ ဖြစ်မလာခဲ့ပါ။

တပ်ချုပ်တွေကလဲ ကရင်ဗိုလ်ချုပ် စမစ်ဒွန်း နဲ့ ဗိုလ်လက်ျာတို့ ဖြစ်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး နောက် လွတ်လပ်ရေးရတာတနှစ်မပြည့်ခင် ဖဆပလ ဦးနုနဲ့ကျော်ငြိမ်းရဲ့ အကွက်တွေအောက်မှာ ၂ ယောက်စလုံးဖြုတ်ခံရပြီး အာဏာရှင်အလောင်းအလျာ ဗိုလ်နေဝင်း က တပ်ချုပ်ဖြစ်လာတယ်။

ကန္ဒီစာချုပ်မှာမပါပေမဲ့ လိုအပ်ချက်အရဆိုပြီး ၁၉၄၇ မှာဘဲ ဖဆပလ အစိုးရက အင်အား ၁၀၀၀ စီရှိတဲ့ ရဲတိုက်ခိုက်ရေးတပ်ရင်း ၃ ရင်းလဲ ထပ်ဖွဲ့ခဲ့တယ်။ နောင်မှာ UMP ဆိုတဲ့ စစ်ရဲတပ်တွေဖြစ်လာတယ်။

တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်ပြီး အဲ့ဒီကာလက DDR အစီအစဉ်တွေကို လက်ခံခဲ့ ကြတာ ဖြစ်တယ်။ ဒါပေမဲ့ ကန္ဒီ DDR ကိုထိန်းကွပ်မယ့် SSR (လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေး) အဖြစ် ၁၉၄၇ ဖေဖော်ဝါရီမှာ ပင်လုံစာချုပ်ချုပ်၊ အဲဒါကို ၁၉၄၇ မေလ ဖဆပလ ပဏာမညီလာခံမှာ အသေးစိတ် ဖော်ထုတ်အတည်ပြုခဲ့ပြီးမှ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ ရေစုံမျောသွားလို့ လုပ်ကြံမှုဖြစ်ပြီး တနှစ် မပြည့်ခင် ပြည်တွင်းစစ်ကြီးလဲဖြစ်၊ စစ်တပ်တခုလုံးကိုလဲ မဟာလူမျိုးကြီးစစ်ဝါဒီတွေ အုပ်စီးသွားခဲ့လို့ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ် နှစ် ၅၀ ကျော် ကြာသွားခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါတော့တယ်။

ဒီကနေ့ သမိုင်းဘီးတပတ်ပြန်မလည်စေဖို့ ကိုယ့်လူမျိုးကိုချစ်သူတိုင်း၊ တိုင်းပြည်ကိုချစ်သူတိုင်း၊ ရေရှည် ငြိမ်းချမ်းရေးကို လိုလားမြတ်နိုးသူတိုင်း အသိတရားရှိရှိ ဝိုင်းဝန်းကြိုးပမ်းရမယ့်အချိန် ဖြစ်ပါကြောင်း။

ဂါမဏိ